သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်သူတိုင်းသည် သိုင်းသူတော်စင်၏ အားဖြည့်ဆေး ဖြစ်လာမည်လော ။
ဤ အကြောင်းကို ကြားလျှင် လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားပြီး ကြောက်ရွံ့မှုများ တိုးဝင်လာကြသည် ။
သူတို့၏ လှုပ်ရှားမှုများ နှေးကွေးသွားသဖြင့် ဝူချင်းရှင်းအတွက် အသက်ရှူချိန် ရသွား၏ ။
သူမက ဓားပျံ ကို ထိန်းချုပ်ရင်း စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို လုပ်ဆောင်နေ၏ ။
" နင်တို့ သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်းကို စလေကျင့် ကတည်းက နင်တို့ ကံကြမ္မာက သတ်မှတ်ပြီးသွားပြီ.. "
" နင်တို့ ကမ္ဘာမြေ အဆုံးထိ ထွက်ပြေးရင်တောင် သိုင်းသူတော်က လိုက်သတ်လိမ့်မယ် .."
" အင်မော်တယ်ဂိတ်မှာ ခိုလှုံရင်တောင် နောက်ဆုံး ငါ့လိုပဲ အမှိုက်တစ်စလို စွန့်ပစ်တာ ခံရလိမ့်မယ်.. "
ဝူချင်းရှင်းက သိုင်းသမားများကို စိတ်ဓာတ်ကျအောင် ပြောနေသော်လည်း ပြောရင်းပြောရင်းဖြင့် သူမ ကိုယ်တိုင် ဝမ်းနည်းလာ၏ ။
သူမ အင်မော်တယ်ဂိတ်တွင် နှစ်သုံးဆယ်တိုင်တိုင် ခါးသီးစွာ ကျင့်ကြံ ခဲ့ရသော်လည်း နောက်ဆုံးတွင် ဤကဲ့သို့ အခြေအနေသို့သာ ရောက်ခဲ့ရပေသည် ။
သူမက ဝမ်းနည်းစွာ ပြုံးလိုက်ပြီး...
" ကျယ်ပြောလှတဲ့ ကောင်းကင်နဲ့ မြေပြင်ကြား.. မြစ်..ချောင်း..အင်းအိုင်.. နဲ့ တာအို ဘုရားကျောင်းတွေအထိ .. လူ့ပြည် လူ့လောကကနေ အင်မော်တယ် ဂိတ်တွေအထိ.. ငါတို့ လွတ်လွတ်လပ်လပ် ရှင်သန်နိုင်မယ့် နေရာဆိုတာ မရှိပါ.. "
" ဘုန်း ... ဝေါ့.. "
ဝူချင်းရှင်း၏ စကား မဆုံးလိုက် ။ ချောင်မူက အနောက်မှ နေ၍ အလစ်ဝင်ပြီး လက်သီးဖြင့် ထိုးလိုက်ရာ သူမ ခြေနှစ်လမ်းခန့် ယိုင်သွားပြီး သွေးတစ်ပွက် အန်လိုက်သည် ။
သူမ က ဒေါသတကြီး လှည့်ကြည့်လိုက်ရာ ချောင်မူက ရှက်ပြုံးကလေးဖြင့်...
" စောတီး..စောတီး...ဆက်ပြော.. ကျုပ်လည်း နားထောင်နေပါတယ်.. "
ချောင်မူ၏ အမူအရာက တည်ငြိမ်နေ၏ ။ မီးလောင်နေသည်က သူ မဟုတ်သလိုပင် တည်ငြိမ်နေသည် ။
ဤကမ္ဘာတွင် အဆင့် ၄ သိုင်းပညာရှင် အဆင့်သို့ ရောက်ရန် ဂူအောင်းပြီး လေ့ကျင့်နေ၍ မရပေ ။ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းရ၏ ။
သို့ရာတွင်လည်း တိုက်ပွဲ အတွေ့အကြုံ များစေကာမူ အသက်အန္တရာယ်ရှိသော အခြေအနေ ထဲတွင် လုံးဝ စိတ်တည်ငြိမ်စေရန် မဖြစ်နိုင်ပေ ။
ကျောက်စိမ်းမျက်နှာ နဂါးနှင့် တစ်ခြားသူများသည် မီးလောင်ကျွမ်းခံရသည့် ဝေဒနါကို အတွင်းအားဖြင့် ဖိနှိပ်ရင်း ကြံ့ကြံ့ခံကာ ဝူချင်းရှင်းနှင့် တိုက်ခိုက်နေရ၏ ။ သူတို့၏ နှလုံးသားထဲတွင်မတော့ မျှော်လင့်ချက် မရှိတော့၍ လမ်းပျောက်နေလေပြီ ။
ချောင်မူသည်တော့ ကွဲပြား၏ ။ ပြန်ရှင်နိုင်မည်မှန်း သိသဖြင့် နာကျင်နေသော်လည်း စိတ်အေးလက်အေး ရှိနေဆဲပင် ။
ဝူချင်းရှင်း မည်သို့ပင် ပြောနေပါစေ သူ၏ တိုက်ခိုက်မှု အရှိန်ကို မထိခိုက်ပေ ။
လှိုင်းဆင့် ခွန်အားသည် ပထမ လက်သီးချက်တွင် ချောင်မူ ပိုင်ဆိုင်သော ခွန်အား၏ ၆၀ % ပါဝင်ပြီး နောက်ဆက်တွဲရိုက်ခတ်လာသော အားက ၇၀ % ပါဝင်သဖြင့် ပိုင်ဆိုင်သော ခွန်အားထက် ကျော်လွန်အောင် အသုံးချနိုင်ပေသည် ။
သို့သော်လည်း ဝူချင်းရှင်းက သတိထားနေ၍ အတွင်းအားဖြင့် ခုခံနိုင်လိုက်ပြီး ခြေနှစ်လှမ်းသာ ယိုင်သွားသည် ။
" ပေါက်ကွဲအား ပါတဲ့ သိုင်းလား.. နင်က ဒါကို အားကိုးနေတာလား.. နွားခြေရာခွက်ထဲက ဖားပဲ.. "
ဝူချင်းရှင်းက လှောင်လိုက်၏ ။ သူမသည် သိုင်းသူတော်စင်၏ တပည့်ဖြစ်၍ ထိပ်တန်းသိုင်းကျမ်း များစွကို မြင်ခဲ့ဖူးချေသည် ။
ချောင်မူက လက်သီးနှစ်လုံး ထပ်ထိုးလိုက်၏ ။
ဝူချင်းရှင်းက မရှောင်တိမ်းဘဲ လက်ဝါးနှစ်ဖက်ဖြင့် ခုခံလိုက်သည် ။ သို့ရာတွင် သူမ၏ ဓားပျံသည် ကွေ့ကောက်ကာ ပျံသန်းသွားပြီး ချောင်မူ နောက်ဘက်မှနေ၍ ခေါင်းကို ဝင်ပိုင်းလိုက်သည် ။
ချောင်မူက ဓားပျံကို သတိထားမိသော်လည်း ဂရုမစိုက် ။ မီးအကြာကြီး လောင်ပြီး သေသည်ထက် ဓားပျံဖြင့် ခေါင်းဖြတ်ခံရသည်က ပိုသက်သာ၏ ။
ဝူချင်းရှင်းအား ကြီးကြီးမားမား ဒဏ်ရာပေးနိုင်လျှင် တန်လေပြီ ။
" ဟူးကြီးနဲ့ နဂါး.. ငါ အရင်သွားတော့မယ်.. "
ချောင်မူက ရုတ်တရက် သူ၏ လျှို့ဝှက်ထားသော ခွန်အားကို အမြင့်ဆုံးအထိ ထုတ်လိုက်၏ ။
" ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်း... နှစ်ထပ်လှိုင်း.. "
သူ၏ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများ အားလုံးမှ အတွင်းအားများ စုပုံထွက်လာ၍ လက်မောင်းရှိ သွေးကြောများ စုတ်ပြတ်သတ် သွားပြီး သွေးများစီးကျလာလေသည် ။
" ဘုန်းး..ဘုန်းး.."
ချောင်မူ၏ ခွန်အားက ဝူချင်းရှင်း မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေသဖြင့် ကြီးမားသည့် ခွန်အား၏ အောက်တွင် သူမ၏ လက်နှစ်ဖက် လိမ်ကောက်၍ ကျိုးသွားကာ သူမ၏ ရင်ဘက်တွင် စိုက်ဝင်သွားသည် ။
သူမ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး သွေးများစီးကျလာ၏ ။
ကျောက်စိမ်းမျက်နှာနဂါး နှင့် ကျန်လူများက ရပ်ကြည့်မနေကြ ။
" ထန်..."
ကျောက်စိမ်းမျက်နှာနဂါးက ကိုယ်ဖော့သိုင်းဖြင့် ချောင်မူ၏ အနောက်သို့ ရောက်လာပြီး ဓားပျံကို ခပ်ထုတ်လိုက်သည် ။
ကျန်လူနှစ်ဦးက ဝူချင်းရှင်း ဟန်ချက်ပျက်သွားသည်နှင့် သူမ၏ နောက်ကျောကို ဓားဖြင့် ထိုးစိုက်လိုက်သည် ။
ဝူချင်းရှင်း၏ မျက်လုံးများပြူးကျယ်နေပြီး မြေပြင်ပေါ်သို့ လဲကျသွား၏ ။ သူမ၏ ရင်ဘက်ကလည်း မလှုပ်ရှားတော့ဘဲ အသက်မရှုတော့ချေ ။
ပတ်ဝန်းကျင်ရွာမှ ရွာသားများသည် အစပိုင်းတွင် ကြောက်ရွံ့ထိတ်လန့်နေခဲ့သော်လည်း နောက်ပိုင်းတွင် ဆူညံသံများနှင့် ရုန်းရင်းဆန်ခတ်မှုများ စတင်ပြုလုပ်လာကြသည် ။
" ပြီးသွားပြီ..ဟူးးးး..."
ကျောက်စိမ်းမျက်နှာ နဂါးက သူ၏ လက်နှင့် ခြေထောက်များတွင် လောင်ကျွမ်းနေသော လီမီးတောက်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည် ။
မီးရှိန်က အားနည်းသွားသော်လည်း ပျောက်ကွယ် မသွားပေ ။
" အဲ့တာဆို ဘာလို့ ငါ့ကို ကယ်တာလဲ.. "
ချောင်မူက မျက်နှာရှုံ့မဲ့ကာ မေးလိုက်၏ ။ သူ ကောင်းကောင်းမွန်မွန် အသက်ထွက်ချင်သော်လည်း သေခွင့်မရ ။ ယခု မီးလောင်သည့် နာကျင်မှုကို ဆက်လက် ခံစားနေရ၏ ။ ထို့အပြင် ဝူကျိအသင်းနှင့် အများကြီး မပက်သက်ချင်သဖြင့် အေးအေးဆေးဆေး သေရန် စိတ်ကူးထားခဲ့လေသည် ။
ကျောင်စိမ်းမျက်နှာနဂါးက ချောင်မူပြောလိုက်သည်ကို နားမလည်သော်လည်း သေခံနီးဖြစ်သဖြင့် မတွေးနိုင်တော့ချေ ။
ယခု ဝူချင်းရှင်း သေသွားသော်လည်း သူတို့အားလုံး အသက်မရှင်နိုင်တော့သဖြင့် နိုင်သည်ဟု ဆိုရမည်လော ရှုံးသည်ဟု ဆိုရမည်လောကိုပင် မသိတော့ ။
" ဝူချင်းရှင်း သေသွားပေမဲ့ လီမီးတောက် က ပျောက်မသွားဘူး နဲနဲ နှေးသွားရုံပဲ.. "
သူ၏ အသံက မောပန်းနွမ်းနယ်နေသည် ။
" ဒီ မီးတောက်က သိုင်းပညာရှင်တွေကို ရင်ဆိုင်ဖို့ ကျင့်ကြံသူတွေက ဖန်တီးထားတာလို့ ကြားဖူးတယ်.. အဆင့် ၃ သိုင်းပညာရှင်တွေတောင် ဆဋ္ဌမအာရုံကို အားကိုးပြီး ရှောင်ရုံပဲ တက်နိုင်တာ.. "
" ဝူချင်းရှင်းက ကျင့်ကြံတာ မကြာသေးဘူးဆိုပြီး ကျုပ် လျော့တွက်မိတာပဲ.."
ကျောက်စိမ်းမျက်နှာနဂါးသည် နာမည်တစ်လုံးနှင့် နေခဲ့သူ ဖြစ်သော်လည်း ယခုအခါတွင် မတော့ စိတ်ပျက်အားငယ် နေလေပြီ ။
ကျန်သူများက ခြေချိတ်ထိုင်ကာ အတွင်းအားဖြင့် လီမီးတောက်ကို တွန်းလှန်နေ၏ ။ ကောက်ရိုးတစ်မျှင် ဖြစ်ပါစေ သူတို့ဖမ်းဆုပ်နေအုံးမည်ဖြစ်သည် ။
" ဘုတ်..ဘုတ်..ဘုတ်.."
ခြေသံများနှင့်အတူ အားလုံးမေ့နေကြသည့် ဓားသမားဟူက မီးပင်လယ်ထဲမှ ထွက်လာ၏ ။
သူ၏ အမူအရာက တည်ငြိမ်နေရုံသာမက မီးတောက်လောင်နေခြင်း မရှိပေ ။
" ဟူးကြီး.. ခင်ဗျား.. "
ယခုအချိန်တွင် တစ်ခုခုမှားယွင်းနေသည်ကို လူတိုင်း သဘောပေါက်လိုက်ကြသည် ။
ဓားသမားဟူက စကားတစ်ခွန်းမှာ မပြောဘဲ သူ့လက်က ဓားအိမ်ကို ကိုင်လိုက်ပြီး မှုန်ဝါးဝါး ဖြစ်သွားသည်ကိုသာ မြင်လိုက်ရ၏ ။
ဓားအလင်း ဆယ်ခုကျော်တောက်ပလာပြီး လေထဲတွင် သွေးများပန်းထွက်လာကာ အသားစများ လွင့်မျောနေသည် ။
ချောင်မူအပါအဝင် သူတို့လေးဦးစလုံး သွေးများရွှဲနစ် သွားကြ၏ ။ အဆင့် ၅ သိုင်းပညာရှင် တစ်ယောက်ဆိုလျှင် လက်တစ်ဖက် ပြတ်ကျသွားသည် ။
" ခ...."
လူတိုင်းက ဒေါသတကြီး တုန့်ပြန်ရန် ပြင်လိုက်သော်လည်း လီမီးတောက် ပျောက်ကွယ်သွားသဖြင့် အံ့အားသင့်ကုန်ကြသည် ။
" အရိုးစား လီမီးတောက်က ငြိမ်းသွားတာလား.. "
ကျောက်စိမ်းမျက်နှာနဂါး၏ နှလုံးသား တစ်ခုလုံး စစ်တပ်ကြီး ချီလာသလို တဒိန်းဒိန်း ခုန်နေလေသည် ။
ဓားပညာဆိုသည်က မည်မျှပင် အစွမ်းထက်စေကာမူ အရိုးနှင့်အသားကိုသာ လှီးဖြတ်နိုင်သည့် ကျွမ်းကျင်မှု သာဖြစ်သည် ။
ယခုအခါတွင် လီမီးတောက်သည် သူတို့၏ အရိုးများအထိပါ လောက်မြိုက်နေသဖြင့် ဓားပညာဖြင့် လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ ။
***