" လီမီးတောက်ကို ငြိမ်းလိုက်တာလား.. "
" အတွင်းအား ပိုကောင်းလို့လား.. တခြား စွမ်းအား တစ်မျိုးမျိုးလား.. ဒီကမ္ဘာမှာ ကျင့်ကြံသူတွေရဲ့ လီမီးတောက်ကို ကိုင်တွယ်နိုင်တဲ့ သိုင်းပညာရှင် ရှိနေတာပဲ.. "
ကျောက်စိမ်းမျက်နှာနဂါး သည် အချိန်ကြာကြာ အံ့သြချိန်မရလိုက် ။ အလွန်ပြင်းထန်သော အန္တရာယ်ခံစားချက် ရလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ အသက်ရှူရန်ပင် ခက်ခဲလာသည် ။
ချောင်မူက သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်၏ ။ မီးမလောင်သည့်နေရာများရှိ မွေးညှင်းများမှာ ထောင်နေပြီး ဆံပင်များပင် ထောင်နေလေသည် ။ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းစာကြောင့် ဖြစ်ပေါ်လာသော အာရုံခံစားချက်မှာ အရူးအမူး သတိပေးနေ၏ ။
' သေမင်း..သေမင်း..သေမင်း..'
ဤ သတိပေးချက်က ဝူချင်းရှင်း၏ လီမီးတောက်ထက်ပင် များစွာ ကျော်လွန်နေလေသည် ။ အသက်ရှူရသည်ပင် မလွယ်တော့ချေ ။
သို့သော်လည်း သူတို့တင် တုန်ရီနေခြင်းမဟုတ် ။ ဓားထိုးခံရပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသော ဝူချင်းရှင်း၏ ခန္ဓာကိုယ်သည်ပင် တုန်ရီနေသည် ။
သူမ၏ ခန္ဓာကိုယ်က လှုပ်ရှားလာပြီး မျက်လုံးဖွင့်ကာ ဓားသမားဟူ ကို ကြည့်လိုက်သည် ။
သူတို့ သတိမထားမိလိုက်ခင်မှာပင် ငွေစန္ဒာလမင်းက မိုးတိမ်အကြားမှ ထွက်ပေါ်လာပြီး လောကတစ်ခွင်လုံးကို ငွေရောင်အလင်းများ ဖြန့်ကျဲပေးလျက်ရှိသည် ။
ဝူချင်းရှင်း၏ မျက်လုံးထဲတွင် ဓားသမားဟူ၏ ပုံရိပ်က တစ်လှမ်းပြီး တစ်လှမ်း ပို၍နီးကပ်လာ၏ ။
ဓားသမားဟူ ခြေလှမ်း လှမ်းလိုက်သည့် အခါတိုင်း ပတ်ဝန်းကျင်တွင် တောက်လောင်နေသော လီမီးတောက်များက တဖြည်းဖြည်း ငြိမ်း၍ သွားသည် ။
သာမန်သိုင်းပညာရှင်များ သေမင်းဖြစ်သော လီမီးတောက်သည် ဤလူ၏ ရှေ့တွင်မူ ဦးညွှတ်ပေးနေ သကဲ့သို့ပင် ။
ဓားသမားဟူ၏ မျက်နှာက တွန့်လိမ်လာပြီး တခြားလူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွား၏ ။
အသက်အရွယ်ကို တိတိကျကျ ခန့်မှန်းရန် ခက်ခဲသော မျက်နှာတစ်ခု ။ သူ၏ နက်ရှိုင်းသော မျက်လုံးများသည် ကမ္ဘာကြီး၏ ဝမ်းနည်းမှုများကို မြင်တွေ့ခဲ့ရသော အဘိုးကြီးတစ်ဦးနှင့် တူသော်လည်း သူ့မျက်နှာတွင် အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသော အစက်အပြောက်များ သို့မဟုတ် အရေးအကြောင်းများ မရှိ ။ သူ့မျက်နှာသည် ကျယ်ပြန့်ပြီး ပြတ်သားဟန်ရကာ တည်ငြိမ်နေသော်လည်း သူ့မျက်ခုံးများသည် အနည်းငယ် တွန့်ကွေးနေသည် ။
သူ၏ ရှည်လျားသည့် ဆံပင်များက ပုခုံးပေါ်တွင် ဝဲကျနေပြီး သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏ ဆံပင်ကဲ့သို့ မီးခိုးရောင်ဖျော့ဖျော့ သန်းနေသော်လည်း လူငယ်တစ်ယောက်၏ ဆံပင်ကဲ့သို့ ထူထဲနေဆဲပင် ။
" ချင်းရှင်း.. ငါ မင်းကို ရွှမ်ထျန်းဂိုဏ်းမှာ လေ့ကျင့်ဖို့ အချိန် နှစ်နှစ်ဆယ် သုံးဆယ် ပေးခဲ့တယ်နော်.. "
ထိုလူက သူ့ခြေထောက်အောက်ရှိ သေလုမျောပါးဖြစ်နေသော ဝူချင်းရှင်းကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီး...
" ဒီလောက်ပဲလား .."
" သိုင်း..သူ..တော်..စင်..."
ဝူချင်းရှင်းက ခေါင်းမော့ကာ အံကိုတင်းတင်းကြိတ်ပြီး ခေါ်လိုက်၏ ။ သူမ၏ လှပနုနယ်သော မျက်နှာသည်ခက်ထန်နေလေ၏ ။
" သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းက နှစ်လမ်းသွား အာရုံခံနိုင်တယ်လေ.. ဒီ ကျမ်းကို ရှင်ဖန်တီးခဲ့ပေမဲ့ ရှင်ထိန်းချုပ်နိုင်တာမှ မဟုတ်တာ.. "
" ခု ဘာလို့လဲ.. "
" ဘာလို့လဲ ဆိုတော့.. ငါက သိုင်းသူတော်စင် ဖြစ်နေလို့ပေါ့.. "
သိုင်းသူတော်စင်က ခပ်ပေါ့ပေါ့သာ ပြန်ဖြေလိုက်သည် ။
" လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် သုံးဆယ်က သိုင်းသူတော်စင် မလုပ်နိုင်ခဲ့ရုံနဲ့ လက်ရှိ သိုင်းသူတော်စင်က မလုပ်နိုင်ရဘူးလို့ မင်းကို ဘယ်သူပြောလဲ.. "
" ဆက်ပြီး တိုးတက်အောင် မဖန်တီးနိုင်ရင် ငါ့နာမည်ကို ဘာလို့ သိုင်းသူတော်စင်လို့ ခေါ်နေဦးမှာလဲ.. သိုင်းလမ်းစဥ်က အင်မော်တယ်လမ်းစဥ်ကို ဘယ်လိုလုပ်ပြီး ယှဥ်ပြိုင်နိုင်ပါတော့မလဲ.. "
" သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းရဲ့ သံမဏိစည်းမျဥ်းကို ပြောင်းလဲလို့ မရရင် ငါ့ကိုငါ ပြောင်းလဲလို့ရတာပဲ.. "
" အခုငါ ရွှမ်မင်းအသက်ရှူကျင့်စဥ်လို့ ခေါ်တဲ့ ကျင့်စဥ်တစ်ခု ဖန်တီးထားတယ်.. ဒီ ကျင့်စဥ်မှာ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းရဲ့ လေ့ကျင့်တဲ့အဆင့်ပဲ ပါပြီး အာရုံခံနိုင်တဲ့ အပိုင်းကို ဖျောက်ထားလိုက်တယ်.."
ဝူချင်းရှင်းက မျက်မှောင်ကြုတ်လိုက်၏ ။ သူမ တစ်ခုခု ပြန်ပြောချင်သော်လည်း စကားလုံး ရှာမရချေ ။
အင်မော်တယ် လမ်းစဥ်သည် ကြာချိန်ဟူ၍ မရှိပေ ။ သူမ နေ့တိုင်း ခါးသီးစွာ လေ့ကျင့်နေပြီး သေမျိုးနှင့် မသေမျိုးကြားရှိ ကွာခြားချက်ကို ကျော်လွန်နိုင်စေရန် မျှော်လင့်ကာ ကျင့်ကြံခဲ့သော်လည်း ဆယ်စုနှစ် နှစ်ခုသုံးခုက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည် ။
သို့သော်လည်း သိုင်းသူတော်စင် အတွက်မူ ကွဲပြားနေ၏ ။
သိုင်းသူတော်စင်က...
" မင်းရဲ့ စိတ်ကို ကြည်လင်ပြီး အာရုံစူးစိုက်မှု ရှိအောင်လို့ မင်းရဲ့နာမည်ကို ချင်းရှင်းလို့ ပေးခဲ့တာ.. ဒါပေမဲ့ မင်းရဲ့ စိတ်က ငါမျှော်လင့်သလို ဖြစ်မလာခဲ့ဘူး.. "
" မင်းရဲ့ ပါရမီက မဆိုးပါဘူး.. မင်းရဲ့ နှလုံးသားကပဲ တည်ငြိမ်ဖို့ လိုအပ်နေတာ.. ငါ့အပေါ်မှာ ကြောက်စိတ် မဖယ်ရှားနိုင်ရင် မင်းဘယ်လိုလုပ်ပြီး အဆင့်တက်နိုင်တော့မှာလဲ.. "
" မင်းရဲ့ နှလုံးသားက တုန်လှုပ်နေပြီး သိုင်းလမ်းစဥ်နဲ့ အင်မော်တယ်လမ်းစဥ်မှာ အဆင့်မတက်ရဲဘူး ..အဆင့်တက်ပြီးနောက် ငါ့လက်ချက်နဲ့ သေရမှာ.. မင်း ရွေးချယ်ခဲ့တဲ့ လမ်းကို ယုံကြည်မှု ပျောက်ဆုံးသွားပြီး တာအိုနှလုံးသားပြိုကွဲ သွားမှာကို ကြောက်နေတာလား.. "
ယခုအချိန်တွင် လီမီးတောက်အားလုံး ငြိမ်းသွားလေပြီ ။ မီးတောက်များအား ဝူချင်းရှင်း ထိန်းချုပ်ထားခြင်း ဖြစ်သော်လည်း အလိုလို ပျောက်ကွယ်သွားသဖြင့် ဝူချင်းရှင်း မထိန်းချုပ်နိုင်တော့မှန်း သိသာလှ၏ ။
လီမီးတောက် ပျောက်ကွယ်ပြီးနောက် မှိန်ဖျော့ဖျော့ ငွေလရောင်သာ ကျန်ရှိတော့သည် ။
လရောင်အောက်တွင် သိုင်းသူတော်စင်က သူ၏ လက်ကို ဆန့်ထုတ်လိုက်လျှင် မယုံနိုင်စရာပင် လျင်မြန်စွာ ကြီးထွားလာသည် ။
သူ၏ လက်ဖဝါးမှ အရိုးကျိုးသံများကို ချောင်မူတို့ အတိုင်းသား ကြားနေရ၏ ။
သိုင်းသူတော်စင်၏ လက်ဖဝါးသည် သာမန်အရွယ်မှ လူတစ်ဦး၏ ဦးခေါင်း အရွယ်ထက်ပင် ပိုကြီးလာသည် ။
" ဒီနှစ်တွေ တလျှောက် အင်မော်တယ်လမ်းစဥ်ကို မင်း ဘယ်လိုများ ကျင့်ကြံနေတာလဲ .."
သိုင်းသူတော်စင်က စကားပြောရင်း လက်မနှင့် လက်ညိုးကို အသုံးပြု၍ ဝူချင်းရှင်း၏ မျက်နှာကို ညှစ်ကာ ဆွဲမလိုက်သည် ။
" စကားနားမထောင်တဲ့ ကလေးတွေနဲ့ အသုံးမကျတဲ့ ကလေးတွေက သေဖို့ ထိုက်တန်တယ်နော်.. "
" ဒါကြောင့် နောက်ဆုံး အနေနဲ့ ငါ မင်းကို မေးမယ်.. "
သိုင်းသူတော်စင်၏ အမူအရာက ရက်စက်ကြမ်းကြုတ်ဟန် ပေါက်လာ၏ ။
" သိုင်းပညာဆိုတာ ဘာလဲ.. "
သိုင်းသူတော်စင်၏ အသံက တောင်တန်းများကြားတွင် ပဲ့တင် ထပ်သွား၏ ။
ဝူချင်းရှင်းသည် သူမ၏ ငယ်ဘဝကို ပြန်ရောက်သွားသည်ဟုပင် ခံစားမိပြီး တစ်ကိုယ်လုံး တုန်ရီနေသည် ။
သူမက မဖြေဘဲ မနေရဲဘဲ...
" သိုင်းပညာဆိုတာက ရုပ်ပိုင်းဆိုင်ရာ ကို အလေးပေးတာ.. စွမ်းအင်တွေကို အတွင်းအား အဖြစ်ပြောင်းလဲပီး ခန္ဓာကိုယ်ကို သန်မာစေတာ.. ဒန်တျန်မှာ အတွင်းအား ပြည့်သွားရင် စိတ်ဝိညာဥ် သန့်စင်ခြင်း လုပ်လို့ရပြီ.."
သိုင်းသူတော်စင်၏ မျက်နှာအမူအရာက မပြောင်းလဲဘဲ ထပ်မေးလိုက်၏ ။
ဝူချင်းရှင်းက သေချာစဥ်းစားပြီး ပြန်ဖြေသည် ။
" သိုင်းပညာဆိုတာ အဓိကအားဖြင့် တိုက်ခိုက်ရေးနည်းလမ်းကို ရှာဖွေခြင်းပဲ .."
သိုင်းသူတော်စင်က နေက်တစ်ကြိမ်မေးလိုက်၏ ။
ဝူချင်းရှင်းက တုန်ရီစွာဖြင့်...
" သိုင်းပညာဆိုတာ လက်နက်ကို မကိုင်စွဲခင်မှာ အရင်ဆုံး စွန့်လွှတ်တတ်ဖို့ပါပဲ.. ဒါဟာ ရန်လိုမှုကို ကျော်လွန်တဲ့ စိတ်ဓာတ်ခွန်အားတစ်ခုပါ .. တကယ့်သိုင်းပညာရှင်အစစ်အမှန်ဆိုတာ ကြောက်ရွံ့ခြင်းကင်းပြီး အနိုင်မခံအရှုံးမပေးတတ်ရုံတင်မကဘဲ... အကြမ်းဖက်မှုကို တောင့်တတာထက်စာရင် ကရုဏာတရားကိုပဲ လက်ကိုင်အဖြစ် ထားရှိရမှာပါ.."
သိုင်းသူတော်စင်က တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏ ။ သူ၏ မျက်နှာထက်တွင် စိတ်မရှည်မှုများ ပေါ်လွင်လာကာ သူ၏ ရေအိုးတစ်လုံးနီးပါး ကြီးမားသည့် လက်သီးကို ဆုပ်ပြလိုက်ပြီး...
" သိုင်းပညာဆိုတာ လက်သီးတစ်လုံးပဲ.. "
" ကြီးမားပြီး မာကျောတဲ့ လက်သီးဆိုတာ သိုင်းပညာပဲ.. "
" သိုင်းပညာဆိုတာ ရန်သူကို အနိုင်ယူပြီး သတ်နိုင်တယ့် ကွန်ဖူးပညာပဲ.. "
" ဒီလောကမှာ အားနည်းနေရင် အပြစ်ရှိတယ်.. နောက်ကျ ကျန်ခဲ့ရင် အနိုင်ယူခံရမယ်.. ငါတို့ သိုင်းပညာရှင်တွေက ကိုယ့်ကိုကိုယ် တိုးတက်အောင် ကြိုးစားသင့်တယ်.. ကိုယ့်ကိုကိုယ် အဆင်မပြတ် အားကောင်းအောင် လုပ်ရမယ်.. ငါတို့ လက်သီးတွေကို သန်မာသထက် သန်မာလာအောင် လေ့ကျင့်နေရမယ်.. "
သိုင်းသူတော်စင်က လက်သီး တင်းတင်းဆုပ်လိုက်သဖြင့် သွေးကြောများက တီကောင်များသဖွယ် တွန့်လိမ်နေသည် ။
" ဒါဆို ငါမင်းကို ထပ်မေးမယ် ဝူကျိ ဆိုတာ ဘာလဲ.. "
သိုင်းသူတော်စင်က မေးလိုက်သည် ။
ယခုအခါတွင်တော့ ဝူချင်းရှင်းက သေချာစဥ်းစားပြီးမှ ပြန်ဖြေလိုက်၏ ။
" ဝူကျိ ဆိုတာ အဆုံးမဲ့ခြင်းပါ .. ရှေးခေတ်သိုင်းလောကရဲ့ အမြင်ကျဉ်းမြောင်းတဲ့ အစွဲအလမ်းတွေကို ရိုက်ချိုးပစ်ဖို့.. တစ်လောကလုံးမှာရှိတဲ့ ထိပ်တန်းသိုင်းပညာရပ် လျှို့ဝှက်ချက်တွေကို စုစည်းဖို့.. ပြီးတော့... သိုင်းပညာကို အဆက်မပြတ် မြှင့်တင်နိုင်ဖို့..အဲ့ဒီလိုမှသာ အင်မော်တယ်တွေနဲ့ မျိုးနွယ်ခြားတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မယ် .."
သိုင်းသူတော်စင်၏ စိတ်မရှည်မှုကို မြင်လျှင် သူမက အမြန်ဆက်ပြောလိုက်သည် ။
" သိုင်းပညာကို အဆုံးမရှိ မြှင့်တင်နိုင်ဖို့ပါ.. "
" အင်မော်တယ် လမ်းစဥ်က စိတ်ဝိညာဥ်ကို အလေးပေးပင်မဲ့ သိုင်းလမ်းစဥ်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အလေးပေးပါတယ်.. လမ်းစဥ် နှစ်ခုလုံးက ကွဲပြားပြီး သာလွန်တာနဲ့ နိမ့်ကျတယ်ဆိုတာ မရှိပါဘူး.. သိုင်းလမ်းစဥ်ရဲ့ အဓိက ရည်မှန်း ချက်က အင်မော်တယ်လမ်းစဥ်ကို အနိုင်ယူနိုင်ဖို့ပဲ.. "
" မဟုတ်ဘူး.. ကျွန်မတို့ လက်သီးတွေကို မျိုးနွယ်ခြားတွေထက် သန်မာအောင် လေ့ကျင့်တာကမှ သိုင်းလမ်းစဥ်ရဲ့ အနှစ်သာရပါ.. "
ဝူချင်းရှင်းသည် ရွေးချယ်မှု မေးခွန်းကို ဖြေနေသကဲ့သို့ ယောက်ယက်ခက် နေ၏ ။ သူမ၏ စိတ်သည် အလွန်လှုပ်ရှားနေသဖြင့် တည်တည်ငြိမ်ငြိမ် မစဥ်းစားနိုင်တော့ပေ ။ အဖြေအားလုံး ကမောက်ကမ ဖြစ်ကုန်၏ ။
တစ်ချိန်တည်းမှာပင် သိုင်းသူတော်စင်က ညင်သာစွာ ခေါင်းခါလိုက်ပြီး...
" ငါတို့ သိုင်းပညာရှင်တွေက ငါတို့ကို ငါတို့ ပိုသန်မာအောင်လုပ်ပြီး အားနည်းသူကို အနိုင်ကျင့်ရင် ငါတို့က မျိုနွယ်ခြားတွေနဲ့ အတူတူ ဖြစ်သွားမှာပေါ့..
" သိုင်းပညာလေ့ကျင့်တယ်ဆိုတာ စစ်ပွဲကို ကာကွယ်နိုင်ဖို့ပဲ .. စစ်ပွဲကို ကာကွယ်နိုင်ဖို့က သိုင်းလမ်းစဥ်ရဲ့ အနှစ်သာရပဲ.. "
သိုင်းသူတော်စင်က ကျယ်လောင်စွာ ပြောလိုက်၏ ။
ဝူချင်းရှင်းသည် သူမဖြေသည်နှင့် သဘောတရားခြင်း အတူတူဟု ငြင်းချင်သော်လည်း မငြင်းရဲပေ ။
" ဒါဆို အစွမ်းရောက် သိုင်းပညာ ဆိုတာကရော.. "
သိုင်းသူတော်စင်က ခေါင်းမော့ပြီး ကျဆင်းနေသော လရောင်ကို ခံစားကြည့်လိုက်၏ ။
သူ၏ ကြွက်သားများသည် လရောင်အောက်တွင် လှပသည့် စကျင်ရုပ်ထုပမာ အချိုးအစား ကျနနေသည် ။
" သိုင်းပညာရဲ့ အထွတ်အထိပ်ဆိုတာ မျိုးနွယ်ခြားအားလုံးကို အောင်နိုင်ပြီး ဒီကမ္ဘာကြီးကို ထာဝရ ငြိမ်းချမ်းရေး ယူဆောင်ပေးနိုင်တဲ့ အဆုံးစွန်သော ခွန်အားကို ခေါ်တာ.. "
" ဒါ သိုင်းပညာရှင်တွေရဲ့ လမ်းစဥ်ပဲ.. "
ထိုသို့ ပြောပြီးနောက် သိုင်းသူတော်စင်က တိတ်ဆိတ်ငြိမ်သက် သွား၏ ။
ရုတ်တရက် ဝူချင်းရှင်း၏ မျက်စိသူငယ်အိမ်များမှာ အနည်းငယ် ကျယ်သွားသည် ။ သူမ၏ နုပျိုချောမွေ့သော မျက်နှာသည် ကျုံ့ဝင်လာကာ အရေးအကြောင်းများ ပေါ်လာပြီး အဝါရောင်သစ်ရွက်ခြောက်သဖွယ် ရှုံ့တွလာ၏ ။
ထို့နောက် သူမ၏ ခေါင်းက တဖြည်းဖြည်းငုံ့သွားပြီး အသက်စွမ်းအင် ပျောက်ကွယ်သွားတော့သည် ။
***