သိုင်းသူတော်စင်၏ လက်မှ ဝူချင်းရှင်း၏ ခြောက်ကပ်နေသော ခန္ဓာကိုယ်သည် ကြွေကျလာသော သစ်ရွက်သဖွယ် လျောကျသွား၏ ။
ကျောက်စိမ်းမျက်နှာ နဂါးနှင့် ကျန်သူများ၏ နှလုံးသားသည်လည်း ဝူချင်းရှင်းနှင့်မခြား တုန်ခါနေပေသည် ။
မကြာသေးမီက သိုင်းလောက၏ အတိတ်ကို သူတို့ဆွေးနွေးမိကြ၏ ။ ယခုတော့ ထိုရှေးဟောင်းသိုင်းလောကကို တစ်ဦးတည်း ခွန်အားဖြင့် ပြောင်းလဲခဲ့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ကြီးမှာ သူတို့၏ ရှေ့တွင် ရောက်ရှိနေလေပြီ ။
သိုင်းသူတော်စင်... ဤကမ္ဘာကြီး၏ အဆင့် ၂ သိုင်းပညာရှင် ( သိုင်းအဆင့်ကို ပြောတာ မဟုတ်ဘူးဗျ သူ့ထက် စွမ်းတဲ့ တကောင်ရှိသေးတယ် နောက်မှ ပါလာမှာ..) ၊ သိုင်းလောကကြီးကို နှစ်ပေါင်းများစွာ ဦးဆောင်လာခဲ့သူလည်း ဖြစ်ပေသည် ။ သိုင်းလောက၏ သွေးစွန်းနေသော ပုံရိပ်တစ်ခုလည်း ဖြစ်၏ ။
သူ သိုင်းလောကအတွင်း ပေါ်ထွက်လာပြီးနောက် သိုင်းလောက၏ ခေတ်သစ်ကို စတင်ခဲ့သည် ။ သိုင်းသူတော်စင်နှင့် ရင်ဆိုင်တွေ့ရသည်က ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်၏ ရှေ့တွင် ရောက်နေသော သိုးငယ်လေးတစ်ကောင်သဖွယ် ခံစားနေမိကြပေသည် ။
ဤ ကမ္ဘာပေါ်တွင်ရှိသော သိုင်းပညာရှင်တိုင်းက သိုင်းသူတော်စင်အား ကြောက်ရွံ့ကြ၏ ။ ဆယ်စုနှစ် များစွာအတွင်း သိုင်းသူတော်စင်ကြောင့် သိုင်းလောကသည် သွေးချောင်းစီးခဲ့ရပေသည် ။
တဖက်တွင် သိုင်းလောကသားများသည် သိုင်းသူတော်စင်က မျိုးနွယ်ခြားများအား အနိုင်ယူနိုင်မည် ဟု မျှော်လင့်နေကြပြီး တဖက်တွင်မူ နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာမှပင် ကြောက်ရွံ့မိကြ၏ ။
သိုင်းသူတော်စင် ဟူသည်ကား ရှေးခေတ်သိုင်းလောက၏ ကန့်သတ်ချက်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ချင်းဖြင့် ချိုးဖျက်ခဲ့သူ ဖြစ်ချေသည် ။
ချောင်မူက အသက်ပြင်းပြင်း ရှူလိုက်၏ ။
လူတစ်ယောက်သည် အလွန်အမင်းကြောက်လန့်သောအခါ ရင်ဘက်တင်းကြပ်လာခြင်း ၊ အသက်ရှုမဝခြင်းနှင့် နှလုံးခုန်နှုန်း မြန်လာခြင်းကို ခံစားရပေသည် ။ ယခုအချိန်တွင် ချောင်မူသည်လည်း သူ၏ ကြောက်လန့်နေသော စိတ်အာရုံကို တည်ငြိမ်စေရန် မနည်း ထိန်းသိမ်းနေရ၏ ။
' သူ သုံးတဲ့ ရုပ်ပြောင်းလွဲခြင်းနည်းက ခန္ဓာပြောင်းကျင့်စဥ်များလား.. '
ချောင်မူသည်လည်း ထိုကျင့်စဥ်ကို လေ့ကျင့်သဖြင့် ခံမှန်းမိလိုက်၏ ။
သို့ရာတွင် သူ၏နှလုံးသားထဲ၌ လက်တွေ့မကျသော ခံစားချက်ကြီးတစ်ခုကို ခံစားနေရဆဲဖြစ်သည် ။
အားလပ်ချိန်တိုင်း ကာမကျမ်း ဖတ်နေသူက သိုင်းသူတော်စင် ဖြစ်နေသည်မှာ မည်သို့ ယုံရမှန်းပင် မသိတော့ချေ ။
ချောင်မူက လေးနက်စွာဖြင့် ...
" ဒါဆို ဟူကြီးက မင်း ဟန်ဆောင်ထားတာပေါ့.. ဒီရေနားစွင့် မျှော်စင်က အဆင့်သတ်မှတ်ချက်တွေကရော အလိမ်တွေပဲလား .. မင်း မျိုးရိုးနာမည်ဟူ ဖြစ်နေတာက အဲ့တာကြောင့်လား.. "
သိုင်းသူတော်စင် မတုန့်ပြန်သော်လည်း ချောင်မူ၏ နောက်တွင်ရပ်နေသော ကျောင်းစိမ်းနဂါးတို့အဖွဲ့၏ မျက်နှာများက ဖြူစုတ်သွား၏ ။ သူတို့ကိုယ်သူတို့ မြူမှုန်အထိ ကျုံ့သွားပြီး ပုန်အောင်းချင်စိတ်ပင် ပေါက်သွားလေသည် ။
အနှီ ချောင်ကျန့်က သိုင်းသူတော်စင်၏ ဂုဏ်သတင်းကို မကြားဘူး လေသလော ။
မီးပင်လယ်အတွင်းမှ ပထမဆုံး ခုန်ထွက်ပြီး တိုက်ခိုက်ခဲ့သူသာ မဟုတ်လျှင် သူတို့ဝိုင်း၍ လည်ပင်း ညှစ်မိကြပေမည် ။
လရောင်အား ခံစားနေသော သိုင်းသူတော်စင်က ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ပြီး...
" ငါ မလိမ်ပါဘူး.. "
သိုင်းသူတော်စင်က ချောင်မူကို အနည်းငယ် အံ့သြဟန်ဖြင့် ကြည့်လိုက်ပြီး...
" ဒီရေနားစွင့် မျှော်စင်ရဲ့ အဆင့်စာရင်းထဲမှာ ငါ့နာမည်မပါတာက အမှန်ပဲလေ.. သူတို့က ငါ့နာမည်ကို စာရင်းသတ်မှတ်နိုင်လောက်တဲ့အထိ အရည်အချင်းမရှိဘူး.. "
ထိုသို့ပြောပြီးနောက် သူက ချောင်မူကို စိတ်ဝင်စားစွာ စိုက်ကြည့်နေလေသည် ။
ဆယ်စုနှစ်အနည်းငယ်က သူသည် ဝူချင်းရှင်း ပြောခဲ့သကဲ့သို့ ဝူကျိအသင်းကို တည်ထောင်ပြီး ကမ္ဘာတစ်ဝှမ်းမှ ပါရမီရှင်များ စုစည်းခြင်းကို အမှန်တကယ် လုပ်ဆောင်ခဲ့သည် ။
သိုင်းသူတော်စင်သည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး မိသားစုတစ်ခုလုံးကို မကြာခဏ သုတ်သင်ရှင်းလင်းလေ့ ရှိသော်လည်း အလွန်ထူးချွန်သော ပါရမီရှင်များ တွေ့လျှင်မူ မွေးစား၍ တပည့်အဖြစ် သတ်မှတ်လေ့ရှိသည် ။
သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းစာသည် စိတ်ဝိညာဥ် သန့်စင်ခြင်း ကျင့်စဥ်တစ်ခု ဖြစ်ပြီး အဆင့် နိမ့် သိုင်းပညာရှင်များပင်လျှင် လေ့ကျင့်နိုင်၏ ။
စိတ်ဝိညာဥ်သန့်စင်ခြင်း အောင်မြင်မှသာ အဆင့် ၃ သိုင်းပညာရှင် ဖြစ်လာနိုင်သည် ။
ချောင်မူ၏ လက်ရှိပူံစံသည် အသက်၆၀ အရွယ် အဘိုးကြီးဖြစ်၍ ပါရမီ ရှင်ဟု ခေါ်ဆိုသော စကားလုံးနှင့် သက်ဆိုင်ချင်းမရှိ ။ သိုင်းသူတော်စင် အမှန်တကယ် သဘောကျသည်က လူတစ်ယောက်၏ စရိုက်နှင့် စိတ်စွမ်းအားသာဖြစ်သည် ။
" ဒီလောက် အချိန်တိုလေး အတွင်းမှာ ကြောက်ရွံ့မှုကို ထိန်းချုပ်နိုင်လိုက်တယ်လား.."
သိုင်းသူတော်စင်က တိုးတိုးလေး ပြောလိုက်သည် ။
" ဒါကို ကြည့်ရင်တောင် မင်းရဲ့ နှလုံးသားက တော်တော်ခိုင်မာတာပဲ.. "
" ပြီးတော့ မင်းကို ကြည့်ရတာ အသက် ၆၀ ကျော်ပြီမှတ်လား.."
" မင်းရဲ့ အသက်အရွယ်နဲ့ ဒီလို လုပ်နိုင်တာ.. ငါ စကားနည်းနည်းပြောဖို့ ထိုက်တန်တယ်.. "
ဆိုရိုးစကားအတိုင်း နွားပေါက်စလေးများသည် ကျားကို ကြောက်ရကောင်းမှန်း မသိပေ ။
လူငယ်များသည် ခေါင်းမာ၍ ရဲတင်းကြ၏ ။
သိုင်းသူတော်စင်သည် သူ့အား စိန်ခေါ်ရဲသည့် လူငယ်များကို မြင်တွေ့ဖူးပေ၏ ။
သို့သော်လည်း လူဟု ခေါ်သည့် သတ္တဝါသည် အသက်ကြီးလာလျှင်လေလေ စဥ်းစားတက်လာလေလေ ဖြစ်ပြီး လူကြီးပိုင်းအရွယ်သို့ ရောက်လျှင် အရာရာကို ချင့်ချိန်စဥ်းစား လာကြသည် ။
ထို့ကြောင့် အဘိုးကြီး ချောင်ကျန့်က ကြောက်ရွံ့မှု မပြသဖြင့် သိုင်းသူတော်စင်က စိတ်ဝင်တစား ဖြစ်သွား၏ ။
တခြားသူများက ချောင်မူကို ဆွံ့အစွာ ကြည့်နေသော်လည်း ချောင်မူသည်တော့ အေးဆေးပင် ။
" မင်းတို့ပြောတဲ့ ဟူကြီး ဆိုတဲ့သူကို ငါသတ်ခဲ့တာ ဆယ်စုနှစ် သုံးခုကျော်ပြီ.. "
သိုင်းသူတော်စင်က ထိုစကားကို ပြောရင်း ကျောက်စိမ်းမျက်နှာနဂါးကို လှောင်ပြုံး ဖြင့် ကြည့်လိုက်ပြီး...
" မင်း ဓားသမား ဟူအကြောင်းကို ပြောသာ နေတာ သတိမထားမိဘူးလား.. "
ကျောက်စိမ်းမျက်နှာနဂါးက ဤစကားကိုကြားလျှင် အိမ်မက်မှ လန့်နိုးသလို ဖြစ်သွား၏ ။
သူ ထင်ခဲ့သည်က ဓားသမားဟူသည် အရင်မျိုးဆက်မှ ဆင်းသက်လာသူ သို့မဟုတ် အမွေခံတပည့်ဟု ထင်ခဲ့လေသည် ။
သို့ရာတွင် ယခု သိုင်းသူတော်စင်၏ စကားအရ ဟူကြီး၏ မျက်နှာသည် ဓားသမားဟူ အစစ်ပင် ဖြစ်နေသည်လော ။
သိုင်းသူတော်စင်၏ လုပ်ပုံကိုင်ပုံ များကို စဥ်းစားလျှင် ယခင်မျိုးဆက် ထိပ်တန်းသိုင်းပညာရှင်များသည် မျိုးနွယ်ခြား များထက် သိုင်းသူတော်စင်၏ လက်ထဲတွင် ကျရှုံးနိုင်ချေ ပိုများနေသည် ။
" ဒါဆို မင်းပြောတဲ့ စကားအများစုက အမှန်တွေ လို့ ဆိုလိုတာလား.. ဝူချင်းရှင်း ပြောတာကလည်း အမှန်တွေ ပဲပေါ့.. "
ချောင်မူက မှင်သက်စွာ ပြုံးရင်း ပြောလိုက်၏ ။ သူသည် သင်ခန်းစာများ ၊ လူကြီးသူမ ဟု သူတို့ကို သူတို့ သတ်မှတ်ထားသူများ၏ အဆုံးအမကို များစွာ ကြားဖူးပေသည် ။
သို့ရာတွင် ထို့သို့သော သူများ၏ အမူအကျင့်သည် အပြောနှင့် အလုပ်ညီချင်မှ ညီကြသည် ။ ပါးစပ်က ဘုရား ဘုရား လက်က ကားယားကားယား ဟူသော စကားပုံ အတိုင်းပင် ဖြစ်လေသည် ။
ချောင်မူသည် သူ၏ ပထမဆုံး ရည်မှန်းချက်ကို မှတ်မိနေသေး၏ ။ သူ ဧကရာဇ်ကို လုပ်ကြံလိုသည့် ရည်ရွယ်ချက်မှာ သိုင်းသူတော်စင်နှင့် ရန်တိုက်ပေးနိုင်ရန်ပင် ဖြစ်သည် ။
သိုင်းသူတော်စင်အား သတ်ချင်သည်မှာလည်း ချောင်စန်းရွှယ်အတွက်သာ ဖြစ်သည် ။ သို့ရာတွင် ချောင်စန်းရွှယ်က သူမကိုယ်တိုင် လက်စားချေမည်ဟု ပြောခဲ့၏ ။
***