ဤသည်က ချောင်စန်းရွှယ်၏ ရွေးချယ်မှုဖြစ်သော်လည်း ချောင်မူ က ကိုယ်ပိုင်ရွေးချယ်မှု ရှိနေဆဲပင် ။
ချောင်မူက အသက်ပြင်းပြင်းရှူလိုက်ပြီး သိုင်းသူတော်စင်ထံသို့ လျှောက်သွားသော်လည်း သူ၏ ခြေထောက်များက ခဲဆွဲထားသလို လေးလံနေလေသည် ။
" ခုန လေးတင်ကပဲ မင်းက ဝူချင်းရှင်းနဲ့ ငြိမ်းချမ်းရေးတွေရော အစွန်းရောက် အင်အား တွေရော သောက်ကြီး သောက်ကျယ် ပြောခဲ့တယ်.. "
" ဒါပေမဲ့ မင်းလုပ်ခဲ့သမျှ အရာတွေက တပည့်တွေကို အဟာရဖြစ် စုပ်ယူပြီး သိုင်းအဆင့်မြှင့်တင်နိုင်ဖို့ နဲ့ သိုင်းမိသားစုတွေကို ဖျက်ဆီးတာက လွဲရင် ဘာရှိလို့လဲ.. "
" ကျင့်ကြံသူတွေက မဟာယန်အင်ပါယာ ရုံးတော်ကို ဖိနှိပ်ပြီး မင်းကို အနိင်ယူခဲ့တယ်လို့ ကြားဖူးတယ် .. ဒါပေမဲ့ မင်းက ရှုံးနိမ့်ပြီးတဲ့ အချိန်ကစပြီး အင်မော်တယ်တွေကို မတိုက်ခိုက်ပဲ အားနည်းတဲ့ သိုင်းပညာရှင်တွေကိုပဲ လိုက်သတ်နေတာ.. "
" သန်မာတဲ့ သူဆိုတာ သူ့ထက် သန်မာ တဲ့ သူကိုပဲ တိုက်ခိုက်တယ်တဲ့.. အားနည်းတဲ့ သူကပဲ သူ့ထက် အားနည်းတဲ့ သူကို အနိုင်ကျင့်ချင်တာ.. "
" မင်းလို လူမျိုးက အင်မော်တယ်တွေကို အနိုင်ရခဲ့ရင်တောင် ဒီကမ္ဘာကြီး အတွက် ထာဝရ ငြိမ်းချမ်းရေးကို တကယ်ပေးနိုင်ပါ့မလား.. "
ကျောက်စိမ်းမျက်နှာ နဂါးတို့အဖွဲ့ ဒူးတစ်ဆက်ဆက် တုန်ရီလာကြ၏ ။ ဘေးက နားထောင်နေသော်လည်း သိုင်းသူတော်စင်က ချောင်မူအား အမှုန့်ချေပစ်မည်ကို ကြောက်ရွံ့နေကြသည် ။
သိုင်းသူတော်စင်၏ အမူအရာက ခံစားချက်မဲ့ပြီး တည်ငြိမ်နေဆဲပင် ။
" ငါ့ကို လက်ညိုးထိုးပြီး ဆဲရဲတယ့်သူ မမြင်ဖူးတာ နှစ်တွေ တော်တော်ကို ကြာပြီ.. "
သူ အသာအယာ ပြုံးလိုက်ပြီး...
" ဒီနေ့ ခေတ်လူတွေက ငါ ဂုဏ်ပုဒ်ကို သိုင်းသူတော်စင်လို့ သိကြပေမဲ့.. ငါက သိုင်းသူတော်စစ်အဖြစ် မွေးဖွားလာတာ မဟုတ်ဘူးဆိုတာ မသိကြဘူး.. "
သူ၏ အကြည့်က နက်ရှိုင်းလာပြီး လျှို့ဝှက်ဆန်းကြယ်သော လှိုင်းဂယက်လေးများပေါ်လာသည် ။
" လွန်ခဲ့တဲ့ နှစ်လေးဆယ်တုန်းက ငါ့နာမည်က သိုင်းသူတော်စင် မဟုတ်သလို ထိပ်တန်း အဆင့် ၁၁ မှာပဲ ရှိတဲ့ သိုင်းပညာရှင် တစ်ယောက်ပဲ .. ဒါပေမဲ့ သိုင်းကျွမ်းကျင်မှု အရဆိုရင်တော့ ငါ့အထက်က ဆယ်ယောက်လုံးက ငါ့ထက် အားနည်းတယ်.. "
စာပေပညာရှင် လောက တွင် နံပါတ် ၁ ဟူသည်က မရှိသလို နှင့် သိုင်းပညာရှင်လောကတွင်လည်း နံပါတ် ၂ ဟူသည်က မရှိပေ ။
သိုင်းပညာရှင်များအား အဆင့်သတ်မှတ်ရသည်က မလွယ်ကူချေ ။ သူရဲကောင်းအဆင့် ၏ သတ်မှတ်ချက်က မှန်ကန် ခဲ့ပါက ထိပ်သီးဆယ်ယောက်၏ ခွန်အားသည် အဆင့် ၁၁ ထက် သာလွန်နေရမည်ဖြစ်သည် ။
ထို့ကြောင့် စာရင်းအရဆိုလျှင် သိုင်းသူတော်စင်အား ထိပ်သီးကျွမ်းကျင်သူဟူ၍ပင် ယူဆ၍မရချေ ။
ဤလောကတွင် ပြိုက်ဘက်ကင်း ဟူသည်ကမရှိ ။ တစ်တောင်ထက် ပိုမြင့်သော တောင်များသာ ရှိပေသည် ။ သိုင်းသူတော်စင်ပင်လျှင် သူ၏ ခေတ်တွင် ပြိုင်ဘက်ကင်း မဟုတ်ခဲ့ပေ ။
" မျိုးနွယ်ခြား စစ်ပွဲ အပြီးမှာ ငါ ရုံးတော်ကနေ နုတ်ထွက်ခဲ့တယ် .. ငါ သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်းကို ဖန်တီးပြီးနောက် ပထမဆုံး လုပ်ခဲ့တာက သိုင်းလောကရဲ့ ထိပ်သီး ဆယ်ယောက်နဲ့ တွေ့ခွင့်ရဖို့ပဲ.. "
" ငါ သူတို့ကို မျိုးနွယ်ခြားတွေရဲ့ စွမ်းအားအကြောင်း ပြောပြခဲ့ရုံမက ငါ ဖန်တီးထားတဲ့ သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်းကို ပေးပြီး နောက်ထပ် ဆယ်နှစ်ကြာရင် အဆုံးအဖြတ်တိုက်ပွဲ တစ်ခု ဆင်နွဲဖို့ ညှိနှိုင်းခဲ့တာပေါ့.. "
" ဆယ်နှစ်ကြာပြီးနောက်မှာတော့ .. နောက်ဆုံးကျန်တဲ့သူက ငါ သိုင်းသူတော်စင်ပဲ.. "
ဤစကားကို ကြားပြီးနောက် ကျောက်စိမ်းမျက်နှာနဂါး အပါအဝင် ကျန်လူများသည် ဆံပင်များပင် ထောင်လာသည်ဟု ခံစားမိလိုက်ကြ၏ ။ အံ့သြ လွန်းသဖြင့် မည်သို့ မည်ပုံ အံ့သြရမည်ကိုပင် မသိတော့ချေ ။
ဝူချင်းရှင်း၏ စကားအရ ၊ သိုင်းသူတော်စင်သည် အင်းစက်များကို မွေးမြူသည်နှင့် တူနေ၏ ။ သို့ပေသိ ယခု သိုင်းသူတော်စင် ပြောသည်ကို ကြားပြီးနောက် သိုင်းသူတော်စင်ဟူသည်က အကြီးဆုံး အင်းစက်သာ ဖြစ်နေခဲ့သည် ။
လွန်ခဲ့သော နှစ်လေးဆယ်တွင် စတင်ခဲ့သော ထိပ်သီးသိုင်းပညာရှင်များ၏ ဆယ်နှစ်ကြာ တိုက်ပွဲတွင် အဆင့်အနိမ့်ဆုံးဖြစ်သော သိုင်းသူတော်စင်က အနိုင်ရခဲ့၏ ။ သူ၏ ဓားသည် အားနည်းသည့် သူများကိုသာ ဝှေ့ယမ်းခြင်းမဟုတ်ဘဲ သူ့ထက်သန်မာသောသူများနှင့် စတင်ခဲ့ခြင်းဖြစ်သည် ။
အဆုံးထိ အသက်ရှင်နိုင်သည့် သူက သိုင်းသူတော်စင် ဖြစ်လာမည်ဖြစ်သည် ။ ထို့ကြောင့် သိုင်းသူတော်စင်သည် ရွေးချယ်ခံရသူမဟုတ် ။ သူ့လမ်းကို သွေးခင်း၍ ဖောက်လာသူသာ ဖြစ်၏ ။
ဤနှစ်များအတွင်း သိုင်းသူတော်စင်၏ အဟာရဖြစ်လာသူများမှာ တပည့်သုံးထောင် ၊ နောက်လိုက် တစ်သိန်းကျော်အတွင်း၌ ရှိသူများ အပါအဝင် ရေတွက်ရန် ခက်ခဲပေလိမ့်မည် ။
သိုင်းသူတော်စင်အား လူတစ်ယောက်တည်းဟု ပြော၍ မရတော့ဘဲ အရင်ခေတ်နှင့် ယခုခေတ် ပေါင်းစပ်ထားသူဟုပင် ခေါ်ဆိုနိုင်လေသည် ။
ကနဦးထိတ်လန့်မှုအပြီးတွင် ကျောက်စိမ်းမျက်နှာနဂါး နှင့် အခြားသူများသည် အရိုးထဲထိအောင် အေးစက်ပြီး ကြောက်ရွံ့မှုကို ခံစားလိုက်ရသည် ။
သူရဲကောင်းစာရင်း၏ ထိပ်သီးဆယ်ယောက်သည် သိုင်းသူတော်စင်၏ လက်ထဲတွင် သေဆုံးခဲ့ကြ၏ ။ ဝူချင်းရှင်း သေဆုံးသလိုပင် သေခဲ့ကြပေမည် ။
သိုင်းသူတော်စင်သည် သိုင်းလောက၏ ခေါင်းဆောင်ဖြစ်လာနိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ ။ ဤကဲ့သို့ မကောင်းသည့် လျှို့ဝှက်ချက်များသော ဇာတ်ကောင်များသည် တချိန်တွင် ဖော်ထုတ်ခံရပါက လမ်းဆုံးသို့ ရောက်သွားနိုင်သည် ။
" အရင်တုန်းက သိုင်းသူတော်စင် ဖြစ်လာမယ့် ထိပ်သီး ဆယ့်တစ်ယောက် ထဲကနေ သိုင်းသူတော်စင် ဖြစ်လာတာက ငါပဲ.. "
သိုင်းသူတော်စင်က ချောင်မူကို ငုံ့ကြည့်လိုက်ပြီး...
" ဒါ ငါ့ရဲ့ လမ်းစဥ်.. မင်းကရော.. "
" ငါလား.. "
ချောင်မူ ခဏတာ တိတ်ဆိတ်သွား၏ ။ သိုင်းသူတော်စင်ဟူသည့် ဤပြိုင်ဘက်က သူကြုံခဲ့ရသမျှ ရန်သူများထက် ပို၍ အစွမ်းထက်သလို ပို၍ စိတ်ဓာတ်ခိုင်မာချေသည် ။
လုပ်ရပ်က မှန်သည် ဖြစ်စေ ၊ မှားသည်ဖြစ်စေ မိမိ၏ ယုံကြည်မှုကို ခိုင်မြဲစွာဆုပ်ကိုင်ထားနိုင်သူသည် သာမန်စကားလုံးများနှင့် လွှမ်းမိုးခံရမည်မဟုတ် ။
" ငါ့ လမ်းစဥ်က ကိုယ်ကျင့်တရားပဲ.. "
ချောင်မူက သိုင်းသူတော်စင်ကို မော့ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည် ။
" ဖြောင့်မတ်သောသူသည် မိမိ၏ ရှင်သန်ရေးအတွက် သူတစ်ပါးကို မထိခိုက်စေဘဲ စွန့်လွှတ်အနစ်နာခံရမည်.. "
" မင်းက သောက်ကြီး သောက်ကျယ် ဆင်ခြေတွေ ပေးနေပေမဲ့ ငါ့အမြင်ကတော့ မင်းကိုယ်တိုင် အနစ်နာခံတာ ဘာမှ မရှိဘူး.. အနစ်နာခံသွားတာက ထိပ်သီး ဆယ်ယောက်.. မင်းရဲ့ တပည့်သုံးထောင်နဲ့ အပြစ်မဲ့တဲ့ မရေမတွက်နိုင်တဲ့ အသက်တွေပဲ.. "
" မင်း ကိုယ်တိုင်ကရော ဘာလို့ မသေနိုင်ရတာလဲ.. "
ချောင်မူသည် သိုင်းသူတော်စင်၏ လှပသော စကားများကို မယုံပေ ။ လက်တွင် သွေးချောင်းစီးသည်အထိ စွန်းထင်းနေသူက ထာဝရ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည်လော ။
ကျန်သူများက သိုင်းသူတော်စင်ကို ကြည့်လိုက်ကြသော်လည်း မျက်မှောက်ကြုတ်နေသည်ကိုသာ မြင်လိုက်ရ၏ ။
ချောင်မူက အသက်ပြင်းပြင်းရှူလိုက်သည် ။ အချိန်အနည်းငယ်ကြာ ရင်ဆိုင်ပြီးနောက် ကြောက်ရွံ့မှုများ လျော့ပါးလာပြီး ခြေထောက်များ လေးလံခြင်း မရှိတော့ပေ ။
သူသည် အဆင့်မြင့် သေဆုံးမှု အကဲဖြတ်ချက် ရနိုင်မည်ဖြစ်၍ လွယ်လွယ်လက်လျှော့မည် မဟုတ်ချေ ။
ချောင်မူက ကျန်သူများကို တစ်ချက် ခိုးကြည့်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်၍ သက်ရှည်လက်သီး သိုင်းဟန်ကို ခင်းလိုက်ကာ...
" သိုင်းပညာရှင် တစ်ယောက်ရဲ့ အမှန်တရား ဆိုတာ ပါးစပ်ထက် လက်သီးနဲ့ သက်သေပြရတာ.. "
ချောင်မူက နက်ရှိုင်းသော လေသံဖြင့်...
" မင်းရဲ့လက်သီးက ပြင်းရင် မင်းပြောတာမှန်တယ် .."
" ငါအားနည်းတာ ငါ့မှာ အပြစ်ရှိသွားပြီ .."
" သိုင်းသူတော်စင်ဆိုတဲ့ မင်းကပဲ မှန်နိုင်မလား.. ချောင်ကျန့်ဆိုတဲ့ ငါကပဲမှန်နိုင်မလား.. လာစမ်း.."
" ဟားဟားဟားးးးး... ငါ့ကို စိန်ခေါ်ချင်တာလား .."
သိုင်းသူတော်စင်က အားရပါးရယ်မောလိုက်သဖြင့် သူ၏ သွားဖြူဖြူလေး နှစ်တန်းပေါ်လာပြီး နှုတ်ခမ်းက နားရွက်တက်ချိတ်မတက် ဖြစ်သွား၏ ။
" ကောင်းပြီ..."
သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဘုရားကျောင်း ဝင်ပေါက်တွင် ရပ်လိုက်သည် ။
လရောင်ဖျော့ဖျော့က သိုင်းသူတော်စင်၏ ခန္ဓာကိုယ်ပေါ် ကျရောက်နေသဖြင့် ခန္ဓာကိုယ်က တောက်ပနေပြီး နတ်ဘုရားတစ်ပါးဟုပင် ထင်ရပေသည် ။
သူက ချောင်မူကို လက်ယက်ခေါ်လိုက်ပြီး..
" လာပြီး သေလိုက်တော့.."
လရောင်အောက်တွင် ရပ်နေသော ပုံရိပ်တစ်ခုမှာ ကြီးမားပြီး ပုံရိပ်တစ်ခုမှာ သေးငယ်နေသဖြင့် ဆန့်ကျင့်ဘက်ဖြစ်နေ၏ ။
ချောင်မူ၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်သော်လည်း သိုင်းသူတော်စင်၏ ခန္ဓာကိုယ်ဖြင့် ယှဥ်လျှင် ဆင်နှင့်ဆိတ် လိုဖြစ်နေသည် ။
လရောင်အောက်တွင် အသက်၆၀ အရွယ် အဘိုးကြီးသည် သိုင်းသူတော်စင် ၏ လက်ဟန်ကို အတုယူ၍ လက်ယက် ခေါ်လိုက်ကာ..
" လာပြီး သေလိုက်တော့.. "
***