ဟဲရန်မြို့...
မနက်ခင်း နေရောင်ခြည်က ကောင်းကင်မှ ကျဆင်းလာပြီး နေ့သစ်တစ်ခုကို အစပြုလိုက်သည် ။
လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများက ရှုပ်ရှက်ခက်နေကြပြီး သာမန်နေ့လေး တစ်နေ့နှင့် မခြားပေ ။
ဆေးခန်းထဲမှ ထွက်လာသော ကျောက်စိမ်းမျက်နှာနဂါးသည် ထိုမြင်ကွင်းကို ကြည့်ရင်း တခြားကမ္ဘာသို့ ရောက်နေသည်လောဟုပင် ခံစားမိလိုက်၏ ။
မနေ့ မနက် အချိန်က လျှို့ဝှက်သံတမန်၏ ဆင့်ခေါ်စာရပြီးနောက် စုဝေးခဲ့ကြ၏ ။
ထို့နောက် သူတို့ တစ်ရက်နှင့်တစ်ည အမဲလိုက်ခဲ့ပြီး သူနှင့် အဆင့် ၅ သိုင်းပညာရှင်တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့လေသည် ။
ထို့အပြင် သူမြင်ခဲ့ ကြားခဲ့ရသည်က သိုင်းလောကအား သူ၏ နားလည်ထားမှုပင် ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားသည် ။
ဝူချင်းရှင်း၏ လီမီးတောက်ကြောင့် သူတို့ သေမလိုဖြစ်ခဲ့သော်လည်း သိုင်းသူတော်စင်၏ ခြိမ်းခြောက်မှုလောက် ကြောက်စရာမကောင်းခဲ့ပေ ။ အံ့သြစရာကောင်းသည့် ချောင်ကျန့်နှင့်လည်း ဆုံတွေ့ခဲ့ရပေသည် ။
ကျောက်စိမ်းမျက်နှာ နဂါး၏ မျက်လုံးများက အသက်မဲ့နေပြီး တွေးတောနေ၏ ။
' သိုင်းသူတော်စင်.. ဒါက အသန်မာဆုံး သိုင်းပညာရှင်တဲ့လား..ဒါက သိုင်းပညာရဲ့အထွတ်အထိပ်တဲ့လား.. "
ဤအကြောင်းကို စဥ်းစားရင်း ကျောက်စိမ်းမျက်နှာနဂါးက ရွှမ်ထျန်းဘုရားကျောင်းသို့ လှမ်းကြည့်လိုက်မိ၏ ။
ဘုရားကျောင်းဘေးရှိ လမ်းကို ပြုပြင်ပြီးဖြစ်၍ ဘုရားဖူးများ အဆက်မပြတ်သွားလာနေကြပြီး ချောင်ပိုင်ဖူ တိုက်ပွဲ ဖြစ်ခဲ့သော အရိပ်အယောင်များသည် လုံးဝ ပျောက်ကွယ် သွားလေပြီ ။
သူ့အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ့နှလုံးသားထဲတွင် ရှုပ်ထွေးမှုတစ်ခုကိုသာ ခံစားလိုက်ရသည်။
' အင်မော်တယ်လမ်းစဥ်လား.. သိုင်းလမ်းစဥ်လား.. ငါတို့လို သာမန်လူသားတွေအတွက် လျှောက်စရာလမ်းရော ရှိသေးရဲ့လား..'
" ကျောက်စိမ်းမျက်နှာနဂါး.. ခင်ဗျား ဘာဆက်လုပ်မှာလဲ.. "
အဆင့်၅ သိုင်းပညာရှင်က မေးလိုက်၏ ။
" ခင်ဗျား ကြယ်သံတမန်ပေးတဲ့ စိတ်ဝိညာဥ်သန့်စင်ခြင်းနည်လမ်းကို နားလည်ပြီလား.. သိုင်းသူတော်စင်က အားနည်းတဲ့သူကို တန်ဖိုးမထားဘူးဆိုတော့ ကျုပ်တို့ ဖြေးဖြေးခြင်းပဲ လေ့ကျင့်ရင် အသက်ပိုရှည်လောက်မယ်.. "
သူတို့နှစ်ယောက် သူတော်စင်မ ရွာမှ ထွက်မလာခင် လျှို့ဝှက်ကြယ်သံတမန်က အမဲလိုက်ပွဲ၏ ဆုလဒ်အဖြစ် သာမန်စိတ်ဝိညာဥ်သန့်စင်ခြင်းနည်းလမ်းကို ပေးခဲ့လေသည် ။
" သူတော်စင်မ ဝူချင်းရှင်းလည်း သေသွားပြီ.. ကျုပ်တို့လိုချင်တဲ့ စိတ်ဝိညာဥ်သန့်စင်ခြင်းနည်းလမ်းလည်း ရခဲ့ပြီ.. ကျုပ်တို့ ပျ်ောနေသင့်ပေမဲ့... "
မနေ့ညက အဖြစ်အပျက်များကြောင့် သူတို့နှစ်ယောက်လုံး မပျော်နိုင်တော့ပေ ။
" ဘာမှ မဖြစ်ခဲ့သလိုတော့ ဟန်ဆောင်နေလို့ မရဘူး.. "
ကျောက်စိမ်းမျက်နှာ နဂါးက စိတ်ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်ကို ရင်ဘက်ထဲ ထိုးထည့်ရင်း ပြောလိုက်၏ ။ ဤကျင့်စဥ်ကို သူလေ့ကျင့်မည် ဖြစ်သော်လည်း လုပ်စရာတစ်ခုကျန်နေသေးသည် ။
" ကျုပ် ဒီရေနားစွင့်မျှော်စင်က တစ်ယောက်ယောက်ကို သွားရှာမယ်.. "
ကျောက်စိမ်းမျက်နှာနဂါးက ရုတ်တရက် ပြောလိုက်သည် ။
ယခုတစ်ခေါက် လျှို့ဝှက်ကြယ်သံတမန်စုဆောင်းခဲ့သည် လူများထဲတွင် ကျောက်စိမ်းမျက်နှာနဂါးက အသိပညာအမြင့်ဆုံးနှင့် အတွေ့အကြုံ အရှိဆုံးဖြစ်သည် ။
ဤသို့ဖြစ်ရခြင်းမှာလည်း သူသည် ဒီရေနားစွင့်မျှော်စင်နှင့် အဆက်အသွယ်ရှိပြီး ဗဟုသုတများစွာ လေ့လာဖူးသောကြောင့်ပင် ။
သိုင်းသူတော်စင်နှင့် ပက်သက်သည့် သတင်းကိုသာ ပေးလိုက်ပါက အချိန်တိုအတွင်း တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားမည်ဖြစ်သည် ။
" ပြီးတော့ ချောင်ကျန့် သေတာ အလကား မဖြစ်စေရဘူး.. သူသေတာရှင်တာ မသိပေမဲ့ သိုင်းသူတော်စင်လက်ထဲ ရောက်နေတာဆိုတော့ သူ နှိပ်စက်ခံနေရလောက်ပြီ.. "
ကျောက်စိမ်းမျက်နှာနဂါးက အသက်၆၀ အရွယ်အဘိုးကြီး ချောင်ကျန့်ကို ပြန်သတိရမိသွားပြီး သူ၏ နှလုံးသား လှုပ်ခပ်သွား၏ ။
သိုင်းသူတော်စင်က လူစားရသည်ကို ကြိုက်သည်ဆိုပါက ချောင်မိသားစုဝင်များ သိရှိစေပြီး စားပို့နင့်၍ သေအောင်သတ်ပေမည် ။
***