ခဏမျှ တွေးတောပြီးနောက် ဝမ်ယိချန်းက ပြောလိုက်၏။
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ဂိုဏ်းအားလုံးက သုံးဆယ် ရာခိုင်နှုန်း လျှော့စျေး ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မင်းတို့အားလုံး ငါ့ကို ကူညီဖို့ ဆန္ဒရှိရင် နှစ်စဥ် ကုန်သည်မဟာမိတ်က ဂိုဏ်းတစ်ဂိုဏ်းချင်းစီနဲ့ ကုန်သွယ်မှုပြုလုပ်တဲ့ ပထမဆုံး အလယ်အလတ်တန်းစား ယွမ်ချီကျောက်တုံး ဘီလီယံ တစ်ရာအတွက် သုံးဆယ်ရာခိုင်နှုန်း လျှော့စျေး ပေးပါ့မယ်။ ဘယ်လိုလဲ"
"ဒါက..."
နန်ချိုးယွီက ခဏမျှ စဥ်းစားလိုက်ပြီး ပြောလိုက်သည်။
"ဒါက ဖြစ်နိုင်တယ်လို့ ငါထင်တယ်။ မင်းတို့အားလုံး ဘယ်လိုထင်လဲ"
ယွင်ရှောင်မှာ စိတ်ထဲမှ လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့၏။ ဝမ်ယိချန်းက ဤကဲ့သို့သော ရှားပါးစျေးကွက်ရှာဖွေရေး နည်းလမ်းမျိုးကို စဥ်းစားနိုင်ခဲ့သောကြောင့် သူသည် အမှန်တကယ်ပင် စီးပွားရေး ပါရမီရှင် တစ်ဦးဖြစ်ပေသည်။
အကယ်၍ သုံးဆယ်ရာခိုင်နှုန်း လျှော့စျေးကို အပြည့်အဝ ဖွင့်ပေးထားပါက လူတွေက ၎င်းကို တန်ဖိုးထားလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုကဲ့သို့ ကန့်သတ်ချက်ဖြင့်ဆိုလျှင် ၎င်းက နှစ်စဥ် နှစ်အစတွင် လျှော့စျေးများကို လုယူရန် ကြီးမားသော အလုအယက် ဖြစ်မှုဆီသို့ ဦးတည်သွားစေမည်မှာ မလွှဲမရှောင်သာပင်။
၎င်းက လူတိုင်း၏ သံသယများကို ဖယ်ရှားပေးရုံသာမက နေရာနှစ်ခုကြားရှိ ကုန်သွယ်ရေးကိုလည်း များစွာ တိုးတက်စေမည်ဖြစ်သည်။ အထီးကျန်နေထိုင်သော ဂိုဏ်းများနှင့် ကုန်သွယ်ရေးမှာ အဆပေါင်းများစွာ တိုးလာရန် အလားအလာ ရှိပေသည်။
ဝေ့ရှီရှီက လှေကားထစ်ကို ဆက်လက် တည်ဆောက်ပေးလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"ငါတို့ ဂိုဏ်းတွေ အားလုံးအတွက် အလယ်အလတ်တန်းစား ယွမ်ချီကျောက်တုံး ဘီလီယံ တစ်ရာပဲ ရှိတာလေ။ အရှင်ယိချန်းက နည်းနည်းလေး ကပ်စေးနှဲလွန်းမနေဘူးလား။
အင်ပါယာတစ်ခုထက်တောင် ပိုချမ်းသာတဲ့ ကုန်သည်မဟာမိတ် ခေါင်းဆောင်ရဲ့ သဘောထားကြီးမှုက ဘယ်ရောက်သွားတာလဲ"
"ဟုတ်တယ် အဲဒါ အရမ်း ကပ်စေးနှဲတာပဲ"
အောက်ဘက်တွင် ညည်းတွားသံများ ဆက်တိုက် ထွက်ပေါ်လာ၏။
"ငါတို့ မဟာမိတ်အဖွဲ့က မင်းတို့ မဟာမိတ်အဖွဲ့နဲ့ နှစ်စဥ် အရောင်းအဝယ် လုပ်တာက ဘီလီယံ သောင်းဂဏန်းလောက် ရှိတာ။ အနည်းဆုံး ဆယ်ထရီလီယံလောက်တော့ ဖြစ်သင့်တယ်။ ဘီလီယံ တစ်ရာက ဘာလုပ်လို့ရမှာလဲ"
ဘုန်းကြီးဝကလည်း အော်ဟစ်လိုက်သည်။
"ငါတို့ အောင်းမျိုးနွယ်စုက ဆယ်ထရီလီယံ လိုချင်တယ်။ ငါတို့ အောင်းမျိုးနွယ်စုအတွက် အထူး ဦးစားပေး လမ်းကြောင်းတစ်ခု ဖွင့်ပေးရမယ်"
ဝမ်ယိချန်းမှာ တိတ်တဆိတ် ဝမ်းသာနေခဲ့၏။ အကျိုးအမြတ် ပမာဏက သူ့အတွက် အဓိပ္ပာယ်မရှိသော်လည်း သူသည် ဆာလောင်မှုကို ထိန်းချုပ်ထားရမည်ဖြစ်ပြီး လူတိုင်း ဗိုက်မပြည့်ကြောင်း သေချာစေရမည်ဖြစ်သည်။
"ဒါက... ကောင်းပြီလေ ဒါဆို ဘီလီယံ သုံးရာ ထားလိုက်မယ်… အဲဒီထက် ပိုမရတော့ဘူး"
ကျွယ်ထျန်းဟန်က အေးစက်စက် ပြောလိုက်၏။
"မင်းက လူတိုင်းကို မင်းအတွက် ကူညီစေချင်ရင် အရင်းအနှီး နည်းနည်းမှ မသုံးဘဲ ဘယ်လိုလုပ်လို့ရမှာလဲ။ အနည်းဆုံး အရောင်းအဝယ် ပမာဏ သုံးထရီလီယံလောက် လျှော့စျေး လိုတယ်၊ မဟုတ်ရင် စကားပြောနေစရာ အကြောင်းမရှိဘူး"
"ဟုတ်တယ် ဟုတ်တယ် သုံးထရီလီယံ "
လူတိုင်းက အရိုင်းအစိုင်းများကဲ့သို့ သြဘာပေးလိုက်ကြပြီး ကြီးမားသော အကျိုးကျေးဇူးတစ်ခုကို ရရှိသွားသည့်အလား အလွန် စိတ်လှုပ်ရှားနေကြ၏။
ဝမ်ယိချန်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ခေါင်းကို ရူးသွပ်စွာ ခါယမ်းကာ လက်ခံရန် ငြင်းဆန်လိုက်သည်။
နန်ချိုးယွီက ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ဟီးဟီး အရောင်းအဝယ် ပမာဏ သုံးထရီလီယံဆိုတာ တကယ်ကို နည်းနည်း ကြီးမားလွန်းနေပါတယ်၊ ဒါပေမဲ့ ဘီလီယံ သုံးရာကလည်း သေးငယ်လွန်းပါတယ်။
ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ လူတိုင်း ငါ့ကို မျက်နှာပေးတဲ့အနေနဲ့ (၁.၅)ထရီလီယံ ထားလိုက်ကြတာပေါ့ ဘယ်လိုလဲ"
ဝမ်ယိချန်းက အလျင်အမြန် ပြောလိုက်သည်။
"ဒါ... ဒါက အရမ်း များလွန်းမနေဘူးလား"
နန်ချိုးယွီက ပြောလိုက်၏။
"အရမ်းများတယ်ဆိုတာ သူတို့က ငါ့မျက်နှာက မလုံလောက်ဘူးလို့ ထင်နေလို့ပဲ"
"ကောင်းပြီလေ"
ဝမ်ယိချန်းက ရှုံးနိမ့်သွားသည့် အမူအရာဖြင့် သူ၏ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းလိုက်ပြီး ခါးသီးစွာ ပြောလိုက်သည်။
"ငါတို့ အရှင်နန်ချိုးယွီကို မျက်နှာပေးရမှာပေါ့၊ ဒါကြောင့် (၁.၅) ထရီလီယံက (၁.၅) ထရီလီယံပဲ… ယွမ်ချီကျောက်တုံး တစ်တုံးတောင် ထပ်မပေးနိုင်တော့ဘူး"
သူက ပြတ်သားစွာ ဆုံးဖြတ်ထားပြီး ထိုအောက်ဆုံး ကန့်သတ်ချက်ကို ဆုပ်ကိုင်ထားလိုက်၏။
"ဟေး" ဟူသောအသံနှင့်အတူ အောက်ဘက်ရှိ လူအုပ်ကြီးမှာ ဝမ်းသာအားရ စိတ်လှုပ်ရှားစွာဖြင့် ပေါက်ကွဲထွက်သွားတော့သည်။
မူကျွမ်းနှင့် အခြားသူများပင်လျှင် နှစ်စဥ် အရောင်းအဝယ် ခွဲတမ်း (၁.၅) ထရီလီယံမှာ အမှန်တကယ်ပင် များပြားလှကြောင်း တိတ်တဆိတ် တွေးတောနေကြ၏။
သူတို့သည် အခြား ဂိုဏ်းများထက် အရင်ဆုံး နှစ်စဥ် ကုန်သည်မဟာမိတ်နှင့် အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်သည်။ ဤအကျိုးကျေးဇူးကို အခြား ဂိုဏ်းများက ယူသွားခွင့် မပေးနိုင်ပေ။
လူတိုင်းက တူညီသော အတွေးများ ရှိနေကြသော်လည်း ယွင်ရှောင် တစ်ဦးတည်းသာ တိတ်ဆိတ်စွာ ရှိနေခဲ့၏။
တင်းရှန်ကို ရင်ဆိုင်ရတာက ကိုင်တွယ်ဖြေရှင်းလို့ ရပေမဲ့ ဝမ်ယိချန်းရဲ့ ပါးနပ်မှုနဲ့ဆိုရင် သူက ဒီလူတွေကို လင်းပိုင်ယိကို သေချာပေါက် ရင်ဆိုင်ခိုင်းလိမ့်မယ်၊ အဲဒီအခါကျရင် သူတို့ဆီမှာ နောင်တကလွဲပြီး ဘာမှကျန်တော့မှာ မဟုတ်ဘူး။ ကျွတ်ကျွတ်… သနားစရာပဲ…
နန်ချိုးယွီက ရယ်မောကာ ပြောလိုက်သည်။
"ကောင်းပြီ ကောင်းပြီ အားလုံးပဲ အရမ်း စိတ်မလှုပ်ရှားကြပါနဲ့။ ဒါကို မမျှော်လင့်ထားတဲ့ အံ့သြစရာတစ်ခုလို့ မှတ်ယူလိုက်ပါ။
လက်ရှိ အရေးကြီးတဲ့ ကိစ္စကို မမေ့ပါနဲ့ဦး။ အရှင်ယိချန်းက နဂါးစစ်ရတနာ အားလုံးကို စွန့်လွှတ်လိုက်ပြီဆိုတော့ အရင် အစီအစဥ်အတိုင်း ငါတို့ ခွဲဝေလို့ ရပါပြီ"
ဝမ်ယိချန်းက ပြောလိုက်၏။
"ငါ့သက်တမ်းတစ်လျှောက်မှာ လျှို့ဝှက်ရတနာသိုက် ပွင့်လာတာကို မြင်ရတဲ့အတွက် ငါ အရမ်း ဝမ်းသာပါတယ်"
ရင်ကျစ်က ပြောလိုက်သည်။
"အရှင်နန်ချိုးယွီ ထိပ်ဆုံး ဆယ့်နှစ်ယောက် တိုက်ပွဲကို ဘယ်လို ရှေ့ဆက်လုပ်မလဲဆိုတာ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ထင်မြင်ချက်ကို ပြောပြပေးပါ။ ငါ စိတ်မရှည်တော့ဘူး"
နန်ချိုးယွီက ပြုံးကာ ပြောလိုက်၏။
"ထိပ်ဆုံး ဆယ့်နှစ်ယောက်အတွက် သိုင်းပြိုင်ပွဲက ဒီနေရာလွတ်ရဲ့ အဆုံး လျှို့ဝှက်ရတနာသိုက်ရဲ့ အဝင်ဝမှာ ကျင်းပမှာပါ။ ကျေးဇူးပြုပြီး ကြည့်လိုက်ပါ"
သူက ခန်းမဆောင် အရှေ့တွင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ ရေကုလားကာတစ်ခု ချက်ချင်း ပေါ်လာပြီး ကမ္ဘာ့ကျောရိုးစစ်သင်္ဘော တည်ရှိရာ နေရာကို အတိအကျ ပြသနေ၏။
သူတို့ အချိန်အကြာကြီး အငြင်းပွားနေချိန်တွင် ကမ္ဘာ့ကျောရိုးမှာ အလွန် ဝေးကွာသော နေရာသို့ ပျံသန်းသွားပြီး ထူးဆန်းသော နေရာလွတ်တစ်ခုသို့ ရောက်ရှိနေခဲ့ကြောင်း တွေ့လိုက်ရသည်။
မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် နတ်ဘုံတစ်ခုကဲ့သို့ နေရာတိုင်းတွင် တိမ်တိုက်များသာ ရှိနေပေသည်။
"ဒီနေရာကနေ ထွက်သွားဖို့ လမ်းမရှိဘူး။ ရက်တော်တော်များများ လေ့လာပြီးတဲ့နောက်မှာ ငါ ဒီနေရာမှာ ဧရာမ အစီအရင်တစ်ခု ရှိနေတာကို တွေ့ခဲ့တယ်။
အဲဒီထဲမှာ အဆုံးမဲ့ သံသရာနဲ့ အဆက်မပြတ် ရှင်သန်ခြင်း အဓိပ္ပာယ်တွေ ပါဝင်နေတယ်"
မူကျွမ်းက ပြောလိုက်သည်။
"ဒီလောက် အချိန်အကြာကြီး နေတာတောင် မင်းရဲ့ စွမ်းရည်တွေနဲ့ အဲဒါကို မချိုးဖောက်နိုင်သေးတာ ဖြစ်နိုင်မလား"
"ချိုးဖောက်လို့ မရတာမဟုတ်ပါဘူး နည်းနည်း ဒုက္ခများနေရုံပါ။ ဒီအစီအရင်မှာ အစီအရင် မျက်လုံး ရှစ်ဆယ့်တစ်လုံး ပါဝင်ပြီး အရမ်းကို ရှုပ်ထွေးပါတယ်။
တကယ်လို့ လူတိုင်းက ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ဒါကို ချိုးဖောက်ဖို့ အချိန်သိပ်မကြာပါဘူး"
ကျွယ်ထျန်းဟန်က ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့ ဘာစောင့်နေတာလဲ။ အားလုံး အတူတူ တိုက်ခိုက်ကြစို့"
"မလောပါနဲ့။ ဒီနဂါးစစ်ရတနာသိုက်က ဒီမှာ မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် ပုန်းအောင်းနေခဲ့တာပဲ။ ငါတို့က ဘာလို့ နောက်ထပ် ရက်အနည်းငယ်လောက် မစောင့်နိုင်ရမှာလဲ။ နောက်ဆုံး သိုင်းပြိုင်ပွဲအတွက် ငါ ဒီမှာ တမင်တကာ နေခဲ့တာပါ"
လူတိုင်းက ဒက်ခနဲ သဘောပေါက်သွားကြ၏။
ယွင်ရှောင်က ပြောလိုက်သည်။
"အစီအရင် မျက်လုံး ရှစ်ဆယ့်တစ်လုံး ရှိတယ်ဆိုတော့… အဲဒါက လူဆယ့်နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ဝင်ရောက်ရမှာဖြစ်ပြီး အနိုင်ရသူကို ဖျက်ဆီးနိုင်တဲ့ အစီအရင် မျက်လုံး အရေအတွက်အလိုက် ဆုံးဖြတ်မယ်ဆိုတဲ့ သဘောလား"
"သခင်လေးယွင်က တကယ်ကို ဉာဏ်ကောင်းတာပဲ။ သခင်လေးယွင်က သိုင်းပြိုင်ပွဲမှာ ပါဝင်လိမ့်မယ်လို့ ငါ မသိခဲ့ဘူး။
ဒီပြိုင်ပွဲက မင်းအတွက် အကျိုးရှိပြီး တခြား ပြိုင်ပွဲဝင်တွေကတော့ အားနည်းချက် ရှိနေတယ်"
ယွင်ရှောင်က သရော်လိုက်သည်။
"တကယ်ကို ရယ်စရာကောင်းတာပဲ။ စွမ်းအား အဆင့်အမျိုးမျိုး ရှိနေတာဆိုတော့ အကျိုးအမြတ် ရယူတယ်ဆိုတဲ့ စကားကို ဘယ်လိုလုပ် ပြောနိုင်မှာလဲ။
မတရားဘူးလို့ ခင်ဗျား ထင်ရင် တခြားတစ်ယောက်ကို အကျိုးအမြတ် ရယူခိုင်းလိုက်လေ"
နန်ချိုးယွီက ခါးသီးစွာ ပြုံးလိုက်၏။
"ဒီအစီအရင် မျက်လုံး ရှစ်ဆယ့်တစ်လုံးက အဆုံးမဲ့ ကျယ်ပြောလှတဲ့ တိမ်တိုက်တွေထဲမှာ ပုန်းကွယ်နေလို့ ရှာတွေ့ဖို့ ခက်ပါတယ်။ ဒါပေမဲ့ သခင်လေးယွင်ရဲ့ မျက်လုံးအတတ်ကတော့ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပဲလေ"
"ခင်ဗျား ပြောတာကို နားထောင်ရရင် သိုင်းပြိုင်ပွဲမှာတောင် ကျုပ်ဓားက တခြားလူရဲ့ ဓားထက် နည်းနည်းလေး ပိုထက်နေရင်တောင် ကျုပ်မှာ ကြီးမားတဲ့ အားသာချက် ရှိနေတယ်လို့ ဆိုလိုတာပဲ"
"ဟားဟား သခင်လေးယွင်က ဥပမာပေးတာ တကယ်ကို တော်တာပဲ"
"နတ်ဘုရားစွမ်းအား ပစ္စည်းကိရိယာ ဒါမှမဟုတ် နည်းဗျူဟာ၊ နောက်ခံ၊ ကံ၊ စတာတွေ အားလုံးက ခွန်အားရဲ့ အစိတ်အပိုင်းတွေပါပဲ။
ခွန်အား ကြီးခြင်းနဲ့ ငယ်ခြင်း၊ အနိုင်နဲ့ အရှုံးဆိုတဲ့ ခွဲခြားမှုပဲ ရှိတယ်၊
အားသာချက်နဲ့ အားနည်းချက်ဆိုတဲ့ ခွဲခြားမှု မရှိပါဘူး။ ဘယ်သူမှ ကန့်ကွက်စရာ မရှိဘူးမလား"
လူတိုင်းက သဘောတူသည့်အနေဖြင့် ခေါင်းခါပြလိုက်ကြသည်။
အနည်းငယ် အားနည်းသော ပြိုင်ပွဲဝင်များပင်လျှင် စင်မြင့်ပေါ်ရှိ တိုက်ပွဲတွင် သူတို့သည် အောက်ဆုံး၌ ရှိနေလိမ့်မည်ဟု သိထားကြသဖြင့် အစီအရင်၏ သော့ချက်ကို ရှာဖွေပြီး ချိုးဖောက်ခြင်းက သူတို့ကို အခြေအနေ ပြောင်းပြန်လှန်နိုင်ရန် ကြီးမားသော အခွင့်အရေးတစ်ခု ပေးလိမ့်မည်ဟု တိတ်တဆိတ် ဝမ်းသာနေကြ၏။
နန်ချိုးယွီက ပြောလိုက်သည်။
"အဲဒီလိုဆိုရင် အားလုံးပဲ ကျေးဇူးပြုပြီး ငါနဲ့အတူ အပြင်ကို လိုက်ခဲ့ကြပါ"
လူအုပ်ကြီးက ခန်းမဆောင်ထဲမှ ထွက်လာပြီး ကျယ်ပြောလှသော ကုန်းပတ်ကြီးပေါ်သို့ ရောက်ရှိလာရာ မျက်စိတစ်ဆုံး တိမ်တိုက်များကိုသာ မြင်တွေ့ရပေသည်။
သိုင်းပညာရှင် ထောင်ပေါင်းများစွာမှာ ခန်းမဆောင် အပြင်ဘက်တွင် ရပ်နေကြ၏။ လူတိုင်း ထွက်လာသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့က သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းများကို ရှာဖွေရန် ပြေးသွားကြသည်။
နန်ချိုးယွီက တံဆိပ်ပြား ဆယ့်နှစ်ခုကို ထုတ်ယူကာ လူတိုင်းဆီသို့ ပစ်ပေးလိုက်ပြီး ပြောလိုက်၏။
"ဒါတွေက တည်နေရာ မှတ်တမ်းတင် ကိရိယာတွေပဲ။ ဒါတွေကို ဝတ်ဆင်ထားရင် သူတို့က မင်းတို့ တစ်ယောက်ချင်းစီရဲ့ အရှိန်အဝါကို မှတ်တမ်းတင်ထားလိမ့်မယ်။
ဒါဆိုရင် အစီအရင်ရဲ့ အဓိက အစိတ်အပိုင်းကို ဘယ်သူ ချိုးဖောက်သွားလဲဆိုတာ ငါ အတိအကျ သိနိုင်လိမ့်မယ်"
သူက လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ ကုန်းပတ်ပေါ်တွင် ရေကုလားကာတစ်ခု ပေါ်လာပြီး တောက်ပကာ လူဆယ့်နှစ်ဦး၏ အမည်များကို ဖော်ပြနေ၏။
နန်ချိုးယွီက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး "လီယွင်ရှောင်" ဟူသော အမည်နှစ်ခုနှင့် ပတ်သက်၍ ထူးဆန်းမှု တစ်ခုခုကို သတိပြုမိသွားပုံရသည်။
သူက သူ၏ လက်ချောင်းကို ထပ်မံ ခေါက်လိုက်ရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အမည်တစ်ခုစီအတွက် ဂိုဏ်းအမည်များကို ချက်ချင်း ဖော်ပြလိုက်ရာ "လီယွင်ရှောင်" အမည်နှစ်ခုကို ခွဲခြားနိုင်သွားပေသည်။
ကျင်းချီက မေးလိုက်၏။
"တိကျတဲ့ စည်းမျဥ်းတွေက ဘာတွေလဲ"
"စည်းမျဥ်းတွေ မရှိဘူး။ မျက်လုံး အများဆုံးနဲ့ အစီအရင်ကို ချိုးဖောက်နိုင်တဲ့သူက နိုင်မယ်"
ကျင်းချီ၏ မျက်လုံးများက အေးစက်သွားပြီး ပြောလိုက်၏။
"တကယ်လို့ လူသတ်မှု ဖြစ်ရင်ရော ဘယ်လိုလုပ်မလဲ"
နန်ချိုးယွီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဘယ်သူ့ကိုမှ မသတ်ဖို့ ကြိုးစားပါ"
ထိုစကားကို ကြားလိုက်ရသောအခါ အားနည်းသော သိုင်းပညာရှင်များ၏ မျက်နှာအမူအရာများ အားလုံး သိသိသာသာ ပြောင်းလဲသွားကြ၏။
လူသတ်ခြင်းကို ရှောင်ရှားရန် ကြိုးစားသင့်သည်ဟူသော အကြံအစည်က လူသတ်ခြင်းကို ခွင့်ပြုထားကြောင်း သက်သေပြနေပေသည်။
နန်ချိုးယွီက သူတို့ကို ကြည့်ကာ ရယ်မောလိုက်၏။
"စိတ်မပူပါနဲ့။ ငါ မင်းတို့ကို ပေးထားတဲ့ တံဆိပ်ပြားတွေမှာ လေဟာနယ်ကူးပြောင်းခြင်း အဆောင်လက်ဖွဲ့ ပါပါတယ်။
မင်းတို့ အဲဒါကို တိုက်ရိုက် အသက်သွင်းလိုက်ရင် မင်းတို့က စစ်သင်္ဘောပေါ်ကို ချက်ချင်း ရောက်လာလိမ့်မယ်။
ကြယ်ကိုးပွင့် အထွတ်အထိပ် သိုင်းသူတော်စင်အုပ်စိုးသူတစ်ယောက်တောင် မင်းတို့ကို မတားဆီးနိုင်ပါဘူး။ ပြန်ရောက်လာတဲ့ သူတိုင်းက ပြိုင်ပွဲကို စောစောစီးစီး အဆုံးသတ်ရလိမ့်မယ်"
လူတိုင်းက အနည်းငယ် စိတ်သက်သာရာ ရသွားကြပြီး တံဆိပ်ပြားကို သေချာစွာ စစ်ဆေးကြည့်လိုက်ကြ၏။
မှန်သည့်အတိုင်းပင် ၎င်းပေါ်တွင် ထွင်းထုထားသော အစီအရင် သင်္ကေတတစ်ခုကို သူတို့ တွေ့လိုက်ရပြီး လေဟာနယ်ကူးပြောင်းနိုင်စွမ်းကို ညွှန်ပြသည့် လက်ဟန်များ ပြုလုပ်နေသော ပုံရိပ်ငယ်လေး တစ်ခုလည်း ပါဝင်ပေသည်။
ဆယ့်နှစ်ယောက်ထဲတွင် ကျင်းချီမှလွဲ၍ အစွမ်းအထက်ဆုံးသူမှာ ကောင်းကင်ဘုံကိုးပါးနယ်ပယ် ကြယ်ကိုးပွင့် အထွတ်အထိပ်အဆင့်တွင်သာ ရှိပေသည်။
အကယ်၍ သူတို့ ကျင်းချီနဲ့ မတွေ့သရွေ့တော့ အဆင်ပြေပေမည်။ အကယ်၍ သူ့ကို တွေ့ရင် လွတ်မြောက်နိုင်မှာ မဟုတ်တာကို ရှောင်ရှားဖို့ သူတို့ အလျင်အမြန် လေဟာနယ်ကူးပြောင်းခြင်း အဆောင်လက်ဖွဲ့ကို အသက်သွင်းသင့်သည်။
စည်းမျဥ်းများ ရှင်းလင်းသွားသည်နှင့် တစ်ပြိုင်နက် လူဆယ့်နှစ်ဦးမှာ ချက်ချင်းပင် တိမ်တိုက်များထဲသို့ ပြေးဝင်သွားကြပြီး မတူညီသော ဦးတည်ချက်များဆီသို့ ထွက်သွားကြ၏။
ထို့နောက် ယွင်ရှောင်သည် ပိုင်ဟယ်ဖန်မှ တပည့်ဖြစ်သူ ရှန်းယန်ရွှင်၏ အရှေ့သို့ ရွေ့လျားသွားပြီး စကားတစ်ခွန်းမှ မဟဘဲ ကြယ်ဖျက်ဆီးခြင်းဓားကို ထုတ်ကာ သူ့ကို ခုတ်ပိုင်းလိုက်သည်။
ရှန်းယန်ရွှင်မှာ ထိတ်လန့်သွားပြီး ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရကာ အော်ဟစ်လိုက်၏။
"သခင်လေးယွင်ရှောင် ခင်ဗျား..."
"အစီအရင်ကို ချိုးဖျက်တဲ့သူ တစ်ယောက်လျော့သွားရင် ငါက အစီအရင် မျက်လုံး တချို့ကို ပိုပြီး ချိုးဖောက်နိုင်လိမ့်မယ်။ ငါတို့ မလွတ်မြောက်နိုင်ရင် ငါတို့ သေရလိမ့်မယ်"
ဓားချက်မှာ ပြိုင်ဘက်ကို အချိန်ပေးထားသည့်အလား မမြန်ဆန်လှချေ။
ရှန်းယန်ရွှင်က နားလည်သွားပြီး သူ၏မျက်နှာမှာ ပြာနှမ်းသွား၏။ သူသည် ထိပ်ဆုံး ဆယ့်နှစ်ယောက်စာရင်းထဲသို့ ခက်ခက်ခဲခဲ တိုက်ခိုက်ဝင်ရောက်ခဲ့ရသော်လည်း အစီအရင်၏ သော့ချက်တစ်ခုကိုမျှ မချိုးဖောက်နိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရသည်။
သူသည် ၎င်းကို လက်ခံရန် ဆန္ဒမရှိသော်လည်း သူ၏အသက်က ပိုအရေးကြီးပေသည်။
အလွန်အမင်း စိတ်ပျက်အားငယ်စွာဖြင့် သူက တံဆိပ်ပြားကို ထုတ်ကာ အစီအရင်ကို အသက်သွင်းလိုက်၏။
ပြာလဲ့လဲ့ အလင်းစက်ဝိုင်းတစ်ခုက သူ့ကို ချက်ချင်း ဝန်းရံသွားပြီး သူသည် ဓား၏ စွမ်းအားအောက်တွင် ပျောက်ကွယ်သွားကာ ကုန်းပတ်ပေါ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။
ပိုင်ဟယ်ဖန်မှ လူများအားလုံးမှာ အလွန် မှုန်ကုပ်ကုပ် မျက်နှာထားများ ရှိနေကြသော်လည်း သူတို့၏ ဒေါသကို ထုတ်ဖော်မပြောဝံ့ကြချေ။
ယွင်ရှောင်မှာ နက်နက်ရှိုင်းရှိုင်း တွေးတောနေခဲ့၏။
လေဟာနယ်ကူးပြောင်းခြင်း အဆောင်လက်ဖွဲ့မှ ထုတ်လွှတ်လိုက်သော လေဟာနယ် စွမ်းအားမှာ သူ၏ခွန်အားဖြင့် အလွယ်တကူ ဖိနှိပ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။
တစ်နည်းအားဖြင့် တစ်စုံတစ်ယောက်ကသာ အမှန်တကယ် သတ်ဖြတ်လိုပါက သူတို့သည် သူ၏ဓားမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အခြား ဆယ်ဦးမှာ ထွက်သွားသည်မှာ အချိန်တိုလေးသာ ရှိသေးသော်လည်း တိုက်ခိုက်နေခြင်းကို သူတို့ အာရုံခံမိသွားကြ၏။ သူတို့က ရပ်တန့်ကာ အဝေးမှ စောင့်ကြည့်နေကြပြီး သူတို့၏ အမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားကြသည်။
ကျင်းချီက ပြောလိုက်၏။
"ဒါက အဓိပ္ပာယ်ရှိတာပဲ။ ငါတို့ ကယ်တင်နိုင်တဲ့ လူတိုင်းက လူကောင်းတွေပဲ"
သူက ရှေ့သို့ လျှပ်တစ်ပြက် ပျံသန်းသွားပြီး သူနှင့် အနီးဆုံးရှိ ဟူယွီကုန်းဆီသို့ ပြေးဝင်သွားတော့သည်။
"အာ အရှင်ကျင်းချီ ကျေးဇူးပြုပြီး မလုပ်ပါနဲ့"
ဟူယွီကုန်းမှာ ထိတ်လန့်သွားပြီး နေရာရွှေ့ပြောင်းရန် သူ၏တံဆိပ်ပြားကို အလျင်အမြန် ထုတ်ယူလိုက်သော်လည်း အပြာရောင် အလင်းတန်းက သူ့ကို ဖုံးလွှမ်းသွားသည်နှင့် တစ်ပြိုင်နက် ကျင်းချီ၏ လက်မောင်းက လေဟာနယ်ကို ဆွဲဖြဲကာ ဝင်ရောက်လာပြီး သူ၏လည်ပင်းကို ညှစ်လိုက်တော့၏။
"ဂျွတ် ဂျွတ်"
အရိုးများ ကျိုးပဲ့သွားသည့် အသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ဟူယွီကုန်း၏ ခေါင်းမှာ အောက်သို့ ကျဆင်းသွားပြီး သူ့တစ်ကိုယ်လုံးမှာ ပျော့ခွေသွားတော့သည်။
"ဟမ့်"
ကျင်းချီက သရော်လိုက်ပြီး အလောင်းကို ကုန်းပတ်ပေါ်သို့ ပြန်လည် ပစ်ချလိုက်၏။
"ဒီလို အမှိုက်ကောင်က ငါနဲ့ ယှဥ်ပြိုင်ရဲတယ်ပေါ့"
"ရှီး"
ကုန်းပတ်ပေါ်ရှိ လူများသာ အံ့အားသင့်ပြီး အသက်ရှူမှားသွားကြသည် မဟုတ်ဘဲ ပြိုင်ပွဲဝင်များမှာလည်း ထိတ်လန့်သွားကြပြီး သူတို့၏ မျက်နှာများမှာ ဖြူရော်သွားကြ၏။
အားနည်းသော တပည့် အများအပြားမှာ အလျင်အမြန် ထွက်ပြေးသွားကြပြီး မျက်စိတစ်မှိတ်အတွင်း တိမ်တိုက်များထဲသို့ ပျောက်ကွယ်သွားကာ အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။
ရှန်းယန်ရွှင်မှာ တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ သူသည် သူ၏ကံဆိုးမှုကို ညည်းတွားနေခဲ့သော်လည်း ယခုမူ ဟူယွီကုန်း၏ အလောင်းကို ကြည့်ကာ ရုတ်တရက် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
မထွက်ပြေးဘဲ ကျန်ရစ်သူ အနည်းငယ်မှာ ယွင်ရှောင်၊ အောင်းဝူရှင်း၊ ချန်ချင်းစီ ဝူတာချန်နှင့် ရှောင်ဟုန်တို့ ဖြစ်ကြသည်။
ရှောင်ဟုန်မှာ အလွန် ကြောက်လန့်နေသဖြင့် သူမ၏ မျက်နှာမှာ ဖြူရော်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေခဲ့၏။ သူမက အရမ်းကို ကြောက်လန့်နေသဖြင့် ထွက်ပြေးရန်ပင် မေ့သွားခဲ့သည်။
ကျင်းချီ၏ အကြည့်က သူမအပေါ်သို့ ဝေ့ကြည့်သွားပြီး သူ၏မျက်ဝန်းများမှာ ခဏမျှ ကျဥ်းမြောင်းသွား၏။ ထို့နောက် သူက မျက်နှာလွှဲသွားပြီး သူမကို တိုက်ခိုက်လိုပုံ မရချေ။