(ရှေ့အပိုင်းတွေမှာ ရှောင်ချန်းဖြစ်လိုက် ရှောင်ယန်ဖြစ်လိုက်ဖြစ်နေပါတယ်။ ဒီကစပြီးတော့ ချူဖုန်းရဲ့ ပထမဆုံးတပည့် ဓားပညာပါရမီရှင်က ရှောင်ချန်းပါ။ ရှောင်ယန်လို့ မသုံးတော့ပါဘူ။ အမှားအယွင်းအတွက် တောင်းပန်ပါတယ်)
“ နှစ်တစ်ရာမှာ တစ်ကြိမ် ကျင်းပတဲ့ ဓားဆွေးနွေးပွဲကို ပါဝင်ဆင်နွှဲဖို့ ဖုန်းလိုင်တောင် ကနေ အားလုံးကို ကြိုဆိုပါတယ်။ ကျုပ်က ဒီတောင်ရဲ့ လက်ရှိ စောင့်ရှောက်သူ ဖုန်းလိုင်စီပါ။ ဒီမှာရှိတဲ့ လူတိုင်းက ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို သိပြီးသား ဖြစ်မယ်လို့ ကျုပ်ထင်ပါတယ်။ ဒါပေမဲ့ အချက်တစ်ချက်ကိုတော့ ပြောချင်ပါသေးတယ် “
“ ဖုန်းလိုင်ဓားဆွေးနွေးပွဲက ဓားပညာ နားလည်သဘောပေါက်မှုကိုပဲ ယှဉ်ပြိုင်တာပါ။ ကျင့်ကြံမှုအဆင့် ဒါမှမဟုတ် နတ်ဘုရားလက်နက်တွေရဲ့ ထက်မြက်မှုကို ယှဉ်ပြိုင်တာ မဟုတ်ပါဘူး။ ပြိုင်ပွဲဝင်တွေက စင်မြင့်ပေါ်မှာ ဝါးဓား တစ်လက်ကိုပဲ ကိုင်ဆောင်ခွင့် ရှိပါတယ်။ တကယ်လို့ ကိုယ့်ထက် ကျင့်ကြံမှုအဆင့် ပိုနိမ့်တဲ့သူနဲ့ ရင်ဆိုင်ရရင် တိုက်ခိုက်နေစဉ်အတွင်း သူတို့နဲ့ ညီမျှအောင် ကိုယ်ပိုင် စွမ်းအားကို ဖိနှိပ်ထားရပါမယ် “
“တကယ်လို့ တစ်ယောက်ယောက်က ဒီစည်းမျဉ်းတွေကို ချိုးဖောက်မယ်ဆိုရင် ခွင့်မလွှတ်တတ်ဘူးဆိုပြီး မပြောပါနဲ့ “
စကားပြောပြီးနောက် ဖုန်းလိုင်စီသည် နီဗားနားရှင်သန်ခြင်းအဆင့်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ အရှိန်အဝါသည် တောင်ထွတ် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ထိုနေရာရှိ လူတိုင်းကို တုန်လှုပ်သွားစေသည်။
ကံကောင်းထောက်မစွာဖြင့် အရှိန်အဝါသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဖုန်းလိုင်စီသည် ယခင် သာမန်ပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။
မှာစရာရှိတာ မှာပြီးသွားသောအခါ ဖုန်းလိုင်စီသည် ဆံဖြူ အကြီးအကဲ အချို့ ထိုင်နေကြသော အနီးနားရှိ ပွဲကြည့်စင်ဆီသို့ ခုန်တက်သွားသည်။
အကြီးအကဲများသည် ဖိအားကို တမင်တကာ ထုတ်လွှတ်မနေသော်လည်း၊ ထိုနေရာတွင် ထိုင်နေရုံမျှဖြင့် အခြားသူများကို ကြောက်ရွံ့လေးစားစိတ်များ ဖြစ်ပေါ်လာစေသည်။
လူအုပ်ကြီးထဲတွင် တိတ်ဆိတ်သွားသည်။
ဖုန်းလိုင်စီ ထိုင်ပင် မထိုင်ရသေးမီ ပုံရိပ်တစ်ခုက စင်မြင့်ပေါ်သို့ ပျံသန်းသွားသည်။ ထို့နောက် ဝါးဓားကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်ပြီး ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
“ ကျုပ်က ကျင်းရှားကျွန်းက ဝူကျစ်ယွင် ပါ၊ ကောင်းကင်ဓားတာအို မျိုးဆက်ရဲ့ တျဲ့လန် ဓားနည်းစနစ်ကို ကျင့်ကြံပါတယ်။ ဒီဓားနည်းစနစ်ကို ကျုပ်တို့ရဲ့ ဘိုးဘေး ကျင်းရှားဟောက် လှိုင်းလုံးတွေကို လေ့လာပြီး ဖန်တီးခဲ့တာပါ”
“ ကျုပ်ရဲ့ နားလည်နိုင်စွမ်းက သာမန်ပဲရှိတော့ ကောင်းကင်ဇာစ်မြစ်အဆင့် ကို အခုမှ တက်ထားတာပါ၊ တျဲ့လန် ဓားဆန္ဒကိုလည်း အနည်းငယ်လောက်ပဲ ကျွမ်းကျင်ထားပါသေးတယ် “
“ နှလုံးသားဓားကျောင်းတော် က ဘယ်မိတ်ဆွေကများ ရှေ့ထွက်လာပြီး ယှဉ်ပြိုင်ချင်လဲ မသိဘူး “
သူ ပြော၍ ပြီးဆုံးသည်နှင့် နှလုံးသားဓားကျောင်းတော် လူအုပ်ထဲမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ ကျုပ်သွမ့်မင်က ခင်ဗျားရဲ့ စိန်ခေါ်မှုကို လက်ခံတယ် “
စကားသံ မဆုံးမီမှာပင် ပုံရိပ်တစ်ခုက စင်မြင့်ပေါ်သို့ တက်လှမ်းလာသည်။
ဝှစ်...
သွမ့်မင်သည် ဝါးဓား တစ်လက်ကို ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်ပြီး သူ၏ လက်ထဲတွင် ကိုင်ဆောင်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ ကျုပ်ရဲ့ ခုံးမင်ကျွန်း က စိတ်ကြည်လင်မှုကို အလေးထားတဲ့ ခုံးမင် ဓားတာအို ကို ကျင့်ကြံပါတယ် “
“ ကျုပ်လည်း ဓားဆန္ဒကို နည်းနည်းပဲ နားလည်ထားပါတယ်။ ခင်ဗျားရဲ့ တျဲ့လန် ဓားဆန္ဒကို မြင်ချင်ပါတယ် “
“ ကောင်းပြီ “
ဝူကျစ်ယွင်က တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။
သူတို့ နှစ်ဦးစလုံးက ကောင်းကင်ဇာစ်မြစ်အဆင့် ၏ အရှိန်အဝါကို ထုတ်လွှတ်ခြင်း မပြုကြပေ။
ယင်းအစား ဓားဆန္ဒကို ဝါးဓားထဲသို့ ထည့်လိုက်ပြီး ဓားဆန္ဒကိုသာ အသုံးပြု၍ တိုက်ခိုက်ကြသည်။
ကြမ်းတမ်းပြင်းထန်သည့် ဓားချီများလည်းမရှိသလို ကျင့်ကြံခြင်းအဆင့်၏ဖိအားများလည်းမတွေ့ရပေ။
စင်မြင့်ပေါ်ရှိ ထိုနှစ်ဦးသည် အသန့်စင်ဆုံး ဓားဆန္ဒနှင့် ဓားနည်းစနစ်များဖြင့်သာ ထိပ်တိုက် ရင်ဆိုင်နေကြသည်။
ဝူကျစ်ယွင်က သူ၏ ဓားကို လွှဲယမ်းလိုက်တိုင်း တျဲ့လန် ဓားဆန္ဒမှာ ပို၍ ပြင်းထန်လာသည်။
သွမ့်မင်၏ ခုံးမင် ဓားဆန္ဒသည် ကြည်လင်သော စိတ်အပေါ်တွင် မူတည်၏။ အာရုံပျံ့လွင့်မှု နည်းလေ သူ၏ ဓားဆန္ဒက ပိုမို အစွမ်းထက်လေ ဖြစ်သည်။
ခုတ်ချက်တိုင်းတွင် သူက တိုက်ပွဲထဲသို့ ပိုမို နက်ရှိုင်းစွာ နစ်မြုပ်သွားပြီး ဓားကွက်များက ပိုမို ထက်မြက်လာသည်။
သူတို့ နှစ်ဦးစလုံးမှာ ဓားဆန္ဒကို အနည်းငယ်မျှသာ ကျွမ်းကျင်ထားကြသော်လည်း သူတို့ဓားဆန္ဒက ပရိသတ်ကို ဆွဲဆောင်နိုင်သည်။
“ စိတ်ဝင်စားစရာပဲ၊ ဒီ ဖုန်းလိုင် ဓားဆွေးနွေးပွဲက တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ “
သူတို့တိုက်ခိုက်သည်ကို ကြည့်ရင်း ရှောင်ချန်း စိတ်ဝင်စားစွာ ပြောလိုက်သည်။
ဘေးတွင် လွီယွဲ့အာက မေးလိုက်သည်။ “ စီနီယာအစ်ကို... ဘယ်အချိန်လောက် လှုပ်ရှားဖို့ စီစဉ်ထားလဲ “
ရှောင်ချန်း ပြုံးလိုက်သည်။ “ အလျင်မလိုပါဘူး။ ကျွန်းစုတစ်ထောင် ပင်လယ် ဒေသက ပါရမီရှင်တွေ လှုပ်ရှားတာကို အရင်ဆုံးစောင့်ကြည့်ကြသေးတာပေါ့ “
သူ စကားမဆုံးမီမှာပင် အနီးနားမှ လှောင်သံတစ်သံ ထွက်ပေါ်လာသည်။ “ မိတ်ဆွေ... မင်းက ရွှမ်ကျိုးကမလား “
“ ငါတို့ ကျွန်းစုတစ်ထောင်ပင်လယ်က တပည့်တွေက ပါရမီနဲ့ အရင်းအမြစ်တွေမှာ လိုအပ်နေပေမဲ့ ဓားတာအို မှာတော့ မင်းတို့ ရွှမ်ကျိုးက ပါရမီရှင်တွေထက် လုံးဝ မနိမ့်ကျဘူး “
“ စကားကို သတိထားပြောတာ ပိုကောင်းမယ် “
ဤစကားများကြောင့် လွီယွဲ့အာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အသံလာရာဘက်သို့ အေးစက်စွာ ကြည့်ကာ တွေးလိုက်သည်။ ‘ ဒီ ဒေသခံ ကျင့်ကြံသူက တော်တော် ရိုင်းတာပဲ ‘
လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက သူမနှင့်စီနီယာအစ်ကိုကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ တော်တော် မာနကြီးတာပဲ။ ကျွန်မဓားကို မြည်းစမ်းကြည့်ချင်လို့လား “
လူလတ်ပိုင်းအမျိုးသားက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်တဲ့ ငါက ဓားဆန္ဒကို အကြီးစား အောင်မြင်မှုအဆင့်ထိ နားလည်ထားတယ်”
“ အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပြီး ငါ့အဆင့်အတန်းကို လျှော့ချမှာ မဟုတ်ဘူး “
“ ဒါပေမဲ့ မင်းက ငါ့ရဲ့ ကောင်းကင်နဲ့ လူသား ပေါင်းစည်းခြင်း ဓားဆန္ဒကို မြင်တွေ့ချင်တယ် ဆိုရင်တော့ ခွင့်ပြုပေးနိုင်ပါတယ် “
“ ကောင်းကင်နဲ့ လူသား ပေါင်းစည်းခြင်း “
ရှောင်ချန်း ပြုံးလိုက်သည်။ “ တာအိုကို နားလည်ဖို့ စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းပဲ၊ ဒါပေမဲ့ ခင်ဗျားရဲ့ပုံစံကို ကြည့်ရတာ ကောင်းကင်နဲ့ လူသား ပေါင်းစည်းခြင်း ဆိုတာ ဘာကိုပြောတာလဲ နားမလည်သေးပုံပဲ “
“ မင်း “
လူလတ်ပိုင်း အမျိုးသား၏ မျက်နှာက မည်းသည်းသွားပြီး စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ဓားဆန္ဒတစ်ခုက သူ့ထံမှ ဖြာထွက်လာသည်။
ထိုအချိန်တွင် အနီးနားရှိ အကြီးအကဲတစ်ဦးက ပြောလိုက်သည်။ “ရှီမန်... စည်းမျဉ်းတွေကို မချိုးဖောက်နဲ့ “
၎င်းကို ကြားသောအခါ ရှီမန်ယဲ့က သူ၏ အရှိန်အဝါကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
ဤ ရွှမ်ကျိုး ကျင့်ကြံသူများနှင့် ငြင်းခုံရန် သူ ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ပေ။
အကယ်၍ ထိုကောင်လေးက ကျွန်းစုတစ်ထောင် ပင်လယ်မှ ဓားကျင့်ကြံသူများကို အထင်မသေးခဲ့လျှင် သူ လုံးဝ စကားပြောမည် မဟုတ်ပေ။
ရှောင်ချန်းက ပြန်ပြောမပေ။ သူက အကြည့်များကို စင်မြင့်ပေါ်သို့သာ စူးစိုက်ထားလိုက်သည်။
ထိုအချိန်တွင် စင်မြင့်ပေါ်ရှိ တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်ရှိလာသည်။
သွမ့်မင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဝူကျစ်ယွင်ကို ဓားဖြင့် ထိုးလိုက်သည်။
ကလန်။
သွမ့်မင်၏ ဝါးဓားက ဝူဇီယွင်၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီးနောက် ဓားအလင်းတန်း တစ်ခု လင်းလက်သွားသည်။
“ ကျုပ် ရှုံးပြီ “
ဝူကျစ်ယွင်က သူ့ဓားကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်သည်။
“ ကောင်းကောင်း တိုက်ခိုက်ခဲ့ပါတယ် “
သွမ့်မင်က သူ့ကိုယ်ပိုင် ဓားကို သိမ်းရင်း ပြောလိုက်သည်။
ချက်ချင်းပင် နှလုံးသားဓားကျောင်းတော်ဘက်မှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။
ကောင်းကင်ဓားကျောင်းတော်မှ ကျင့်ကြံသူ တစ်ဦး စင်မြင့်ပေါ်သို့ ခုန်တက်လာပြီး နှလုံးသားဓားကျင့်ကြံသူများကို စိန်ခေါ်လိုက်သည်။ ထိုစဉ် သွမ့်မင်က အနားယူရန် ပွဲကြည့်စင်သို့ ပြန်သွားလိုက်သည်။
ထို့နောက် နှလုံးသားဓားကျောင်းတော်မှ ကျင့်ကြံသူတစ်ဦး ထွက်လာပြီး ကောင်းကင်ဓား ကျင့်ကြံသူနှင့် ရင်ဆိုင် တိုက်ခိုက်သည်။
သူတို့နှစ်ဦး အပြန်အလှန်တိုက်ခိုက်ကြတော့၏။
စင်မြင့်ပေါ်သို့ တက်လာသည့် ဓားသမားများ၌ အားအနည်းဆုံးသူများပင် ဓားဆန္ဒကို အနည်းငယ်ကျွမ်းကျင်ထားကြသည်။
ပထမဆုံးနေ့တွင် ဓားဆန္ဒကို ကြီးမားစား အောင်မြင်မှု အဆင့်ထိ နားလည်ထားသူ မည်သူမျှ ပေါ်မလာခဲ့ပေ။
ရှောင်ချန်းနှင့် လွီယွဲ့အာတို့က တိုက်ပွဲတွင် ပါဝင်ရန် မရည်ရွယ်သေးချေ။
ဒုတိယနေ့တွင် ဓားဆန္ဒကို အကြီးစားအောင်မြင်မှုအဆင့်ထိ နားလည်ထားသည့် ကျင့်ကြံသူများ တဖြည်းဖြည်း ပေါ်လာကြပြီး လွီယွဲ့အာလည်း စင်မြင့်ပေါ်သို့ တက်သွားသည်။
သူမ ကောင်းကင်ဓားကျောင်းတော် မှ တပည့်တစ်ဦးကို လွယ်ကူစွာ အနိုင်ယူပြီး သူမထိုင်ခုံသို့ ပြန်လာခဲ့သည်။
သူမ ဆင်းသွားသည့်အခိုက်တွင် ကောင်းကင်ဓားကျောင်းတော်မှ တပည့်တစ်ဦး စင်မြင့်ပေါ်သို့ ခုန်တက်လာပြီး ရှောင်ချန်းတို့ကို စူးစိုက်ကြည့်လာသည်။
“ နှစ်တွေ အများကြီး ကြာပြီးတာတောင် ကောင်းကင်ဓား နဲ့ နှလုံးသားဓား လမ်းစဉ် နှစ်ခုစလုံးကို ကျွမ်းကျင်ဖို့ မျှော်လင့်နေသေးတဲ့သူတွေ ရှိနေသေးမယ်လို့ မထင်ထားဘူး “
“ ဒီနေ့ တိမ်ဖြူကျွန်း က ငါ ကောဟုန် က မင်းတို့ရဲ့ ဓားဆန္ဒကိုကြည့်မယ် “
“ မင်းတို့ထဲက ဘယ်သူ ငါနဲ့ တိုက်ခိုက်မလဲ “
ဤစကားများကြောင့် လူတိုင်း၏ မျက်လုံးများက ရှောင်ချန်းထံသို့ ရောက်လာကြသည်။
သူတို့နှစ်ဦးမှာ အထူးဆက်ဆံရေး တစ်ခု ရှိပြီး ဂိုဏ်းတစ်ခုတည်းမှ ဖြစ်ကြောင်း ရှင်းလင်းနေပါသည်။
ရှောင်ချန်းက မလှုပ်ရှားပေ။ သူ့အမြင်၌ ကောင်းကင်ဇာစ်မြစ်အဆင့်၊ ဓားဆန္ဒကို အကြီးစားအောင်မြင်မှုအဆင့်ထိသာ နားလည်ထားသည့် သာမန် ကျင့်ကြံသူ တစ်ဦးကို အနိုင်ကျင့်ရန် မလိုအပ်ပေ။
လူအုပ်ကြီးက သူ့ကို အထင်အမြင်သေးစွာ ကြည့်လိုက်ကြသည်။
၎င်းကို မြင်သောအခါ ရှီမန်ယဲ့က လှောင်လိုက်သည်။ “ မင်းကို သန်မာမယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ မိန်းမ တစ်ယောက် အနောက်မှာ ပုန်းနေတဲ့လူတစ်ယောက် သက်သက်ပဲကိုး “
“ ရှီမန် မိသားစုရဲ့ ကောင်းကင်နဲ့ လူသား ပေါင်းစည်းခြင်း က ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကို စောင့်ကြည့်ထားလိုက် “
ထိုသို့ပြောပြီးနောက် သူ စင်မြင့်ဆီသို့ ခုန်တက်သွားသည်။
လွီယွဲ့အာ ရှောင်ချန်းကို ကြည့်ကာ ပြောလိုက်သည်။” စီနီယာအစ်ကို... ဒီလူက အရူးလား “
ရှောင်ချန်း ခေါင်းအသာညိတ်လိုက်သည်။ “ အင်း... ခေါင်းမကောင်းဘူးထင်တယ် “
အနီးနားမှ အိုမင်းနေသော အသံတစ်သံ ထွက်ပေါ်လာသည်။ “ ဒီက မိတ်ဆွေလေး ဆေးပညာကို နားလည်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး “
ရှောင်ချန်း လှည့်ကြည့်လိုက်ရာ မနေ့က သူ့ကို အဆင်ပြေအောင် ကူညီပေးခဲ့သော တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ရှောင်ချန်းက လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။” စီနီယာ... ကျွန်တော်က ဆေးပညာကို နားမလည်ပါဘူး “
“ အဲဒီလူက ဦးနှောက်ရောဂါ ရှိနေပုံရလို့ပါ။ ပုံမှန်သာဆိုရင် ဘယ်သူက ဒီလိုမျိုး ပြုမူမှာလဲ “
အကြီးအကဲက ခဏရပ်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ “ လူငယ်လေး... မင်းက ဆေးပညာကို နားမလည်ဘူးလို့ ပြောနေသေးတာလား “
“ ရှီမန် မှာ တကယ်ပဲ ဦးနှောက်ရောဂါ ရှိတယ်။ ဒါပေမဲ့ သူက ကျွန်းတစ်ထောင် ပင်လယ် က ဓားပါရမီရှင် တစ်ယောက်လည်း ဖြစ်တယ်။ ကောင်းကင်ဓား နဲ့ နှလုံးသား ဓားတာအို နှစ်ခုစလုံးကို ကျွမ်းကျင်အောင် လုပ်ပြီး ကိုယ်ပိုင် လမ်းကြောင်းကို ဖောက်လုပ်ထားသူပဲ “
ရှောင်ချန်း၏ အမူအရာမှာ အနည်းငယ် အနေရခက်သွားသည်။
“ စီနီယာ... အခုလေးတင် ကျွန်တော် ပြောခဲ့သမျှ အရာအားလုံးက အဓိပ္ပာယ်မရှိတာတွေလို့ ပြောရင် ယုံမှာလား “
အကြီးအကဲက ဘာမှပြန်မပြောတော့ပေ။
***