စင်မြင့်ပေါ်တွင် ရှီမန်ယဲ့သည် သူ၏ ဝါးဓားကို ကိုင်ဆောင်ကာ ကောင်းကင်ဓားတာအိုမှ ဟန်ချန်းရှန်းနှင့် အဆက်မပြတ် ရင်ဆိုင် တိုက်ခိုက်နေသည်။
သူ၏ နာမည်နှင့် လိုက်ဖက်စွာပင် ဟန်ချန်းရှန်း၏ ဓားဆန္ဒက သူ ဓားလွှဲယမ်းလိုက်တိုင်း ပတ်ဝန်းကျင် အပူချိန်ကိုကျဆင်းသွားစေသည်။
ရှီမန်ယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် နှင်းခဲများ စတင် ထွက်ပေါ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။
ရေခဲရုပ်တု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့မည့်ဟန်ပင်။
ဟန်ချန်းရှန်း ဆက်လက် ဖိအားမပေးတော့ဘဲ သူ့ကို အထင်အမြင်သေးစွာ ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ရှီမန်ယဲ့ အရှုံးမပေးဘူးလား။ ပြီးမှ ငါ ရက်စက်တယ်လို့ လာအပြစ်မတင်နဲ့ “
“ ကောင်းကင်နဲ့ လူသား ပေါင်းစည်းခြင်း “
ရေခဲထဲမှနေ၍ ရှီမန်ယဲ့က အော်ဟစ်လိုက်၏။ ထိုအခါအက်ကွဲသံနှင့်အတူ ရေခဲများ ကွဲကြေသွားသည်။ သူက ဟန်ချန်းရှန်းကို သူ၏ ဝါးဓားဖြင့် ထိုးစိုက်လိုက်သည်။
“ ရေခဲက တောင်တစ်ထောင်ကို ချိတ်ပိတ်တယ် “
ဟန်ချန်းရှန်း သူ့ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သည်။
ချလန်။
ဓားအလင်းတန်း နှစ်ခုက တစ်ပြိုင်နက်တည်း လင်းလက်သွားသည်။
စင်မြင့်အောက်တွင်...
ရှောင်ချန်း တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး တီးတိုးရေရွတ်လိုက်သည်။ “ နှမြောစရာပဲ “
လွီယွဲ့အာ စပ်စုစွာ မေးလိုက်သည်။ “ စီနီယာအစ်ကို... ဘယ်သူ့အတွက် နှမြောတာလဲ “
ရှောင်ချန်း တည်ငြိမ်စွာ ပြန်ဖြေသည်။ “ရှီမန်ယဲ့က ကောင်းကင်နဲ့ လူသား ပေါင်းစည်းခြင်း ရဲ့ တံခါးဝကို တကယ်ပဲ ထိတွေ့နိုင်ခဲ့တယ်၊ ဒါပေမဲ့ သူက လူနဲ့ ဓား ပေါင်းစည်းခြင်းအဆင့်ကို ရောက်တယ်ဆ်ိုရုံပဲ။ သူက ဟန်ချန်းရှန်း နားလည်သဘောပေါက်ထားတဲ့ ရေခဲ ချိတ်ပိတ်ခြင်း ဓားဆန္ဒကို မယှဉ်နိုင်သေးဘူး “
ထိုစကားများနှင့်အတူ စင်မြင့်ပေါ်ရှိ ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်သွားသည်။
ရှီမန်ယဲ့သည် နောက်တစ်ကြိမ် အေးခဲသွားပြီး မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။
ရှောင်ချန်းဘေးမှ အကြီးအကဲက သက်ပြင်းရှည်ကြီး ချလိုက်သည်။ “ ဟူး... ဒီလမ်းစဉ်က သွားလို့ မရသေးဘူးပေါ့ “
ရှောင်ချန်း ပြုံးလိုက်သည်။ “ သေချာပေါက် သွားလို့ရပါတယ်။ သူ့ရဲ့ နားလည်သဘောပေါက်မှုက သိပ်မနက်ရှိုင်းသေးလို့ပါ။ တိတိကျကျ ပြောရရင် သူက လုံလောက်အောင် မရူးသွပ်သေးတာပါ “
အကြီးအကဲက ဇဝေဇဝါဖြင့် မျက်တောင်ခတ်လိုက်သည်။
‘ ဒီလူငယ်လေးက ဘာတွေ ပြောနေတာလဲ။ ဘယ်လို စိတ်မှန်တဲ့သူကများ သူတို့ကိုယ်သူတို့ အရူးဖြစ်သွားတဲ့အထိ ဓားနည်းစနစ်တွေကို ကျင့်ကြံမှာလဲ’
ခရက်...
ရှီမန်ယဲ့ကို ဝန်းရံထားသော ရေခဲများ ကွဲကြေသွားသည်။ ထို့နောက် သူ ဖြည်းညှင်းစွာ မတ်တပ်ရပ်လာပြီး ဟန်ချန်းရှန်းကို ပြောလိုက်သည်။ “ ငါ အရှုံးပေးပါတယ် “
“ အရူးကောင်... စင်ပေါ်ကနေ မြန်မြန် ဆင်းသွားစမ်း၊ ငါ့အချိန်တွေ လာမဖြုန်းစမ်းနဲ့ “
ဟန်ချန်းရှန်းက ရှီမန်ယဲ့ကို မျက်နှာသာ လုံးဝ မပေးဘဲ သူ၏ အကြည့်ကို ရှောင်ချန်းထံသို့ ပြောင်းလဲလိုက်သည်။
“ မင်းတို့ဆီမှာ ကောင်းကင် နဲ့ နှလုံးသား ဓားလမ်းစဉ် နှစ်ခုစလုံးကို ကျင့်ကြံတဲ့သူတွေ ရှိသေးလား “
လွီယွဲ့အာက ပြန်လည် တုံ့ပြန်ရန် ပြင်လိုက်သော်လည်း ရှောင်ချန်းက တားလိုက်သည်။
သူက ရှေ့သို့ ထွက်လာပြီး ပြောလိုက်သည်။ “ မင်းရဲ့ စီနီယာအစ်ကိုကပဲ သူတို့ကို ပညာပေးလိုက်ပါ့မယ် “
ရှီမန်ယဲ့က ရှောင်ချန်းကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်ကာ သတိပေးလိုက်သည်။ “ လူငယ်လေး... မင်း သေချာ စဉ်းစားသင့်တယ်။ ဟန်ချန်းရှန်းက သာမန် ဓားဆန္ဒကို နားလည်ထားတဲ့သူ တစ်ယောက် မဟုတ်ဘူး။ သူက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ “
ရှောင်ချန်း ပြုံးလိုက်သည်။ “ မင်းက ခေါင်းမကောင်းတော့ မနေ့က ဖြစ်ခဲ့တာတွေကို ခွင့်လွှတ်ပေးလိုက်မယ်။ ငါ ပြန်လာတဲ့အခါ ဒူးထောက်ပြီး တောင်းပန်လို့ ရပြီ “
“ မင်း... “
ဟန်ချန်းရှန်း၏ စွမ်းအားကို တွေ့ပြီးနောက်တွင်ပင် ဤကောင်လေးက မာနကြီးနေဦးလိမ့်မည်ဟု ရှီမန်ယဲ့ မမျှော်လင့်ထားခဲ့။
ရှောင်ချန်းက သူ့ကို လျစ်လျူရှုထားလိုက်ပြီး စင်မြင့်ပေါ်သို့ ခုန်တက်ကာ ဝါးဓားတစ်လက်ကို ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်သည်။
ရှောင်ချန်း စင်မြင့်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ ဟန်ချန်းရှန်း၏ မျက်နှာပေါ်တွင် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။
“ ကောင်လေး... မင်း နောက်ဆုံးတော့ တက်လာပြီပဲ။ မင်းက ကျွန်းစုတစ်ထောင်ပင်လယ်က မဟုတ်တဲ့ပုံပဲ။ စည်းမျဉ်းတွေအရ မင်းရဲ့ ဓားလမ်းစဉ်ကို မင်း ရှင်းပြနိုင်တယ် “
ရှောင်ချန်း အသာအယာ ပြုံးကာ ပြောလိုက်သည်။ “ ကျုပ်ရဲ့ ဓားလမ်းစဉ်ကိုလည်း စကားလုံး လေးလုံးတည်းနဲ့ ဖော်ပြလို့ ရတယ်။ ကောင်းကင်နဲ့ လူသား ပေါင်းစည်းခြင်း ပဲ “
“ အဆင့်သုံးဆင့် ခွဲထားတယ်။ ပထမအဆင့် လက်ထဲမှာ ဓားရှိတယ်၊ စိတ်နှလုံးထဲမှာ ဓားရှိတယ်၊ လူနဲ့ ဓားက တစ်သားတည်း ဖြစ်တည်တယ်။ ဒုတိယ အဆင့် လက်ထဲမှာ ဓားမရှိဘူး၊ စိတ်နှလုံးထဲမှာ ဓားရှိတယ်၊ လောကကြီးထဲက အရာအားလုံးက ဓားတွေ ဖြစ်လာတယ်။ တတိယ အဆင့် လက်ထဲမှာ ဓားမရှိဘူး၊ စိတ်နှလုံးထဲမှာလည်း ဓားမရှိဘူး “
ထိုနေရာရှိ လူတိုင်းက လျှို့ဝှက်ဆန်းကြယ်သော ထိုစကားလုံးများကို စဉ်းစားကာ အတွေးနက်နေကြသည်။
ကောင်းကင်နှင့် နှလုံးသား ဓားလမ်းစဉ် နှစ်ခုစလုံးကို ကျင့်ကြံနေသူများမှာ ရှောင်ချန်း၏ ရှင်းပြချက်ကြောင့် တုန်လှုပ်သွားကြသည်။
ရှီမန်ယဲ့၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး စင်မြင့်ပေါ်ရှိ လူငယ်လေးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
“ သူ... သူက ကောင်းကင်နဲ့ လူသား ပေါင်းစည်းခြင်း ဓားတာအို ကို တကယ် နားလည်နေတာပဲ “
“ ဟမ့် “
ဟန်ချန်းရှန်း အေးစက်စွာ နှာမှုတ်လိုက်သည် “ လှည့်ကွက်တွေမလား။ ငါ့ဓားကို မြည်းကြည့်စမ်း “
ဟန်ချန်းရှန်း၏ ‘ရေခဲက တောင်တစ်ထောင်ကို ချိတ်ပိတ်တယ်’ ဟူသည့် နည်းစနစ်ကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်သော်လည်း၊ ရှောင်ချန်းက သူ၏ လက်ကို ပေါ့ပေါ့ပါးပါး လွှဲယမ်းကာ ဟန်ချန်းရှန်း၏ ဓားဆန္ဒကို ဖျက်ဆီးပစ်လိုက်ပြီး သူ၏ဓားကို တစ်ဖက်သူ၏လည်ပင်းတွင် ထောက်ထားပစ်လိုက်၏။
တိတ်ဆိတ်သွားသည်။ စင်မြင့် တစ်ခုလုံး လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဟန်ချန်းရှန်းသည် ကျွန်းတစ်ထောင် ပင်လယ် ဒေသရှိ ကောင်းကင်ဇာစ်မြစ် ထိပ်တန်းအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်ပြီး ဓားပါရမီရှင် တစ်ဦးလည်း ဖြစ်သည်။ ရှီမန်ယဲ့ကို အနိုင်ယူနိုင်ခြင်းကပင် ဓားပါရမီရှင်ဖြစ်ကြောင်း သက်သေပြနေ၏။
သို့တိုင်အောင် ဤကဲ့သို့သော ပါရမီရှင်သည် ကောင်းကင်နှင့် နှလုံးသား ဓားလမ်းစဉ် နှစ်ခုစလုံးကို ကျင့်ကြံသော လူငယ်လေး၏ အလွယ်တကူ အနိုင်ယူခြင်းကို ခံလိုက်ရသည်။
သူတို့ နှစ်ဦးစလုံးမှာ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်နှင့် နီးကပ်နေသည့် ကောင်းကင်ဇာစ်အထွတ်အထိပ်မြစ်အဆင့် တွင် ရှိနေကြသော်လည်း၊ သူတို့၏ ဓားတာအိုအပေါ် နားလည်မှုမှာ မိုးမြေအလား ကွာခြားနေသည်။
“ ငါ ရှုံးပြီ “ ဟန်ချန်းရှန်းက ပြောလိုက်ပြီး လှည့်ကာ စင်မြင့်ပေါ်မှ ခုန်ဆင်းသွားသည်။
တချိန်တည်းမှာပင် နှလုံးသားဓားလမ်းစဉ်ဘက်၏ ပွဲကြည့်စင်မှ ဘုန်းကြီးတစ်ပါး ဆင်းသက်လာပြီး ရှောင်ချန်းကို ဦးညွှတ်လိုက်သည်။
“ အော်မီထောဖော်.. ကိုယ်တော်က မင်ကျင်းကျောင်းတော်က တုခုန်း ပါ။ ဒကာလေးကို နောက်ထပ် တိုက်ပွဲတစ်ပွဲလောက် တောင်းဆိုချင်လို့ပါ။ ဆန္ဒရှိမလား “
“ ဘာလို့ ဆန္ဒမရှိရမှာလဲ “ တုခုန်း သည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း ရှောင်ချန်းက ကြောက်လန့်မနေဘဲ သူ၏ ဝါးဓားကို ပေါ့ပေါ့ပါးပါး ပစ်ချကာ ပြောသည်။
တုခုန်း ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်လာသည်။ “ ဒကာလေး... ဘာကို ဆိုလိုတာလဲ “
ရှောင်ချန်းက တည်ငြိမ်စွာ ပြန်ဖြေသည်။ “ လက်ထဲမှာ ဓားမရှိဘဲ စိတ်နှလုံးထဲမှာ ဓားရှိတယ်ဆိုတာ ဘာကို ဆိုလိုသလဲဆိုတာ အားလုံးကို ပြချင်ရုံပါ “
“ အော်မီထောဖော် “ တုခုန်း က သူ၏ လက်သီး ဆုပ်လိုက်သည်။
“ ဒါဆိုရင်လည်း ကျေးဇူးပြုပြီး ကိုယ်တော့်ကို နှလုံးသားဓား တစ်လက်လောက် ငှားပေးပါ။ ကိုယ်တော့်ရဲ့ နှလုံးသားဓားက ပြီးပြည့်စုံခြင်းအဆင့်ရောက်ဖို့ ခြေတစ်ဝက်ပဲ လိုပါတော့တယ်။ ကိုယ်တော် ဒကာလေးကို ထိခိုက်မိသွားရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် “
“ ခင်ဗျား ကျွန်တော့်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး “
ရှောင်ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။ “ ခင်ဗျားက အရမ်း ယဉ်ကျေးနေမှတော့ ခင်ဗျားကိုယ်ခင်ဗျား ရွှေရောင် ခန္ဓာကိုယ်နဲ့ ကာကွယ်ထားဖို့ အကြံပေးချင်တယ်။ တကယ်လို့ ကျွန်တော် ထိန်းချုပ်မှု လွတ်သွားရင် ခင်ဗျား အသက်ဆုံးရှုံးရလိမ့်မယ် “
လူအုပ်ကြီးထဲတွင် တီးတိုးရေရွတ်သံများ ပျံ့နှံ့သွားသည်။
ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူတစ်ဦးက တုခုန်း ကဲ့သို့ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ထိခိုက်အောင် လုပ်နိုင်မည်ဟုထင်နေသည်။
“ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒကာလေး။ ဒါပေမဲ့ ကိုယ်တော်က အာဟတ်ရွှေခန္ဓာကိုယ်ကို နိုးထထားပါတယ်။ ဒကာလေးရဲ့ ဓားက ကိုယ်တော့်ကို အန္တရာယ် ပေးနိုင်မှာ မဟုတ်သေးပါဘူး “
တုခုန်း တည်ငြိမ်စွာ ပြောလိုက်သည်။
ရှောင်ချန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ အရူးတစ်ယောက်နှင့် ပြိုင်ငြင်းနေလျှင်လည်း အကျိုးမရှိပေ။ လက်တွေ့သာ ပြရပေမည်။
“ ကျေးဇူးပြုပြီး “
သူတို့ နှစ်ဦးစလုံးက ယဉ်ကျေးစွာ အပြန်အလှန် နှုတ်ဆက်ပြီးနောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြသည်။
ရှောင်ချန်း လက်နောက်ပစ်ထားလိုက်ပြီး အရင်ဆုံး တိုက်ခိုက်မည့် ရည်ရွယ်ချက် မပြသပေ။
တုခုန်း က တင်ပျဉ်ခွေ ထိုင်လိုက်ပြီး သူ၏ မျက်လုံးများကို မှိတ်ကာ စကားလုံး လေးလုံးကို ရွတ်ဆိုလိုက်သည် “ ကြည်လင်တဲ့ မှန်လို နှလုံးသား၊ တိုက်ခိုက်စမ်း “
သူ၏ ဘယ်ဘက်လက်က လက်ချောင်း နှစ်ချောင်းဖြင့် ဓားပုံစံ ပြုလုပ်ကာ ရှောင်ချန်းထံသို့ ချိန်ရွယ်လိုက်သည်။
ဝှစ်...
ရွှေရောင် ဓားအလင်းတန်း တစ်ခုက ရှောင်ချန်း၏ ပခုံးထံ ပျံသန်းလာသည်။
ရှောင်ချန်းက တိုက်ခိုက်မှုကို ရင်ဆိုင်ရန် သူ၏ လက်ကို မြှောက်လိုက်သည်။
ကလန်။
သူ၏ လက်ချောင်း နှစ်ချောင်းထံမှ သန့်စင်သော ဓားချီ တစ်ခု ထွက်လာသည်။
ဓားချီက ဓားအရိပ် တစ်ခုအသွင် ပုံပေါ်လာပြီး၊ တုခုန်း ၏ နှလုံးသားဓား ကို စက္ကူရွက်ပမာ လွယ်ကူစွာ ထိုးဖောက်သွားတော့သည်။
လူအုပ်ကြီးထံမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“ ဓားဆန္ဒက အရိပ် ဖြစ်သွားတယ် “
“ ဒါက ပြီးပြည့်စုံတဲ့ ဓားဆန္ဒပဲ “
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
အော်ဟစ်သံများ ကြားတွင် ဓားချီသည် တုခုန်း၏ပခုံးကို ထိုးဖောက်သွားသည်။
ဤတိုက်ခိုက်မှုအပြီးတွင် ရလဒ်က ရှင်းလင်းသွားသည်။
တုခုန်း မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာပြီး မျက်နှာ ဖြူလျော့စွာဖြင့် ဦးညွှတ်လိုက်သည်။
“ အော်မီထောဖော်... ဒကာလေးရဲ့ဓားဆန္ဒက ပြိုင်ဘက်ကင်းပါပဲ။ ဒီဘုန်းကြီး လုံးဝ အရှုံးပေးပါတယ်။ ဒကာလေး နာမည်ကို မေးလို့ ရမလား “
တစ်ချိန်က ဆူညံနေခဲ့သော မြင်ကွင်းက လုံးဝ တိတ်ဆိတ်သွားတော့သည်။
ဤလူ၏အမည်ကို သိရှိလိုသဖြင့် လူတိုင်းက နားစွင့်လိုက်ကြသည်။
***