ချွင်
သန့်စင်သည့် ဓားဆန္ဒဖြင့် ဖွဲ့စည်းထားသော ဓားအရိပ်တစ်ခုသည် ရှီမန်ယဲ့၏ မျက်ခုံးဆီသို့ တိုးဝင်သွားသည်။
ကြည့်ရှုနေသူအားလုံးမှာ ထိုမြင်ကွင်းကြောင့် ရင်တထိတ်ထိတ် ဖြစ်သွားကြသော်လည်း ရှီမန်ယဲ့ကမူ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေဆဲပင်။
ထိုဓားဆန္ဒသည် ရှီမန်ယဲ့၏ မျက်ခုံးကြားသို့ ဖြတ်သန်းသွားသော်လည်း ဦးခေါင်းခွံကို ဖောက်ထွက်ခြင်း မရှိသလို၊ နဖူးပေါ်တွင်လည်း အမှတ်အသားတစ်ခု ချန်ရစ်ခဲ့ခြင်း မရှိပေ။
ရှီမန်ယဲ့သာလျှင် ဘေးလူများနှင့် မတူသည့် ခံစားချက်တစ်ခုကို ရရှိလိုက်၏။ သူ ထိတ်လန့်တုန်လှုပ်သွားမိ၏။
သူ၏အသိစိတ်ပင်လယ် ထဲတွင် ဓားအရိပ်တစ်ခု ဝင်ရောက်သွားပြီး ဓားသန္ဓေလောင်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
“မြင့်မြတ် ဓားစိတ်ဆန္ဒ”
လူအုပ်ထဲမှ အတွေ့အကြုံရင့်ကျက်လှသော ဖုန်းလိုင်စီသည် ရှောင်ချန်း၏ ဓားကွက်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး သူ၏ မျက်ဝန်းထဲတွင် ရှောင်ချန်းအပေါ် ပိုမိုလေးစားသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
ကောင်းကင်ဇစ်မြစ်အဆင့်ကျင့်ကြံသူတစ်ဦးက နတ်ဘုရားအာရုံဖြင့် ဓားဆန္ဒကို ပေါင်းစည်းနိုင်ခြင်းမှာ သာမန်ကျင့်ကြံမှု အသိအမြင်များထက် ကျော်လွန်နေပြီဖြစ်၏။
ပုံမှန်အားဖြင့် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူများသာ ထိုကဲ့သို့သော စွမ်းဆောင်ချက်မျိုးကို ပြုလုပ်နိုင်ကြသည်။
ရှောင်ချန်းက ပြုံးလိုက်သည်။
“စီနီယာ ဖုန်းလိုင်စီရဲ့ အမြင်က တကယ့်ကို ထက်မြက်လှပါတယ်”
ဖုန်းလိုင်စီက သူ၏ မုတ်ဆိတ်မွေးကို သပ်လိုက်ရင်း မေးသည်။ “မိတ်ဆွေ ရှောင်... ကျုပ် တစ်ခုလောက် မေးပါရစေ။ ရှီမန်ယဲ့ရဲ့ သိစိတ်ပင်လယ်ထဲမှာ ဘာလို့ ဓားဆန္ဒအရိပ်တစ်ခု ချန်ထားခဲ့တာလဲ”
“ဒါက ကျွန်တော် သူ့အတွက် သတ်မှတ်ပေးထားတဲ့ စမ်းသပ်မှုပါပဲ။”
ရှောင်ချန်း၏ အကြည့်က ရှီမန်ယဲ့ထံ ကျရောက်သွားသည်။
“မင်း ဓားသန္ဓေလောင်းကို မြင်ပြီးပြီ မဟုတ်လား။ တကယ်လို့ မင်းက အဲဒီဓားသန္ဓေလောင်းကို နှစ်တစ်ရာအတွင်း ကိုယ်ပိုင် ဓားနှလုံးသား အဖြစ် ပုံသွင်းနိုင်ခဲ့ရင်၊ ဝမ်တောက် ကျောင်းတော်ကိုလာပြီး ငါ့ကို ဆရာအဖြစ် လာအသိအမှတ်ပြုပါ။ မလုပ်နိုင်ဘူးဆိုရင်တော့ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်တော့။”
ထိုသို့ပြောပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ အမှတ်အသားတံဆိပ်တစ်ခုကို ထုတ်ကာ လှမ်းပစ်ပေးလိုက်သည်။
“ဒါက ငါ့ရဲ့ ကိုယ်ပိုင်တံဆိပ်ပဲ။ မင်း အောင်မြင်ခဲ့ရင် ဒါကို သက်သေအဖြစ် ယူလာခဲ့။”
ရှီမန်ယဲ့သည် တံဆိပ်ကို လက်ခံရရှိပြီးနောက် ဦးညွှတ်လိုက်သည်။ “ကျွန်တော့်ကို ဒီအခွင့်အရေး ပေးတဲ့အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်။”
ရှောင်ချန်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
“ငါ့ကို ကျေးဇူးမတင်နဲ့ဦး။ အဲဒီဓားသန္ဓေလောင်းကို ကိုယ်ပိုင်ဓားနှလုံးသားအဖြစ် ပုံသွင်းဖို့၊ လက်ထဲမှာ ဓားမရှိပေမဲ့ နှလုံးသားထဲမှာ ရှိတယ် ဆိုတဲ့အခြေအနေကို ရောက်ဖို့ဆိုတာ မလွယ်ကူလှဘူး။”
“ဒါက မင်းရဲ့ ကျင့်စဉ်တိုးတက်မှုကို နှေးသွားစေနိုင်သလို၊ ဒီတစ်သက် နီဗားနားရှင်သန်ခြင်းအဆင့်ကိုတောင် မတက်လှမ်းနိုင်တော့တာမျိုး ဖြစ်သွားနိုင်တယ်။ အဲဒီအချိန်ကျမှ နောင်တမရစေနဲ့”
ရှီမန်ယဲ့၏ မျက်ဝန်းများက ပြတ်သားနေ၏။ “စီနီယာရဲ့ လမ်းညွှန်မှုကို ရရှိဖို့ဆိုရင် ရှီမန် ဒီဘဝမှာ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး”
ထိုစကားကြောင့် ရှောင်ချန်း လက်ဝှေ့ယမ်းလိုက်သည်။
“ကောင်းပြီ၊ မင်း အခု ပြန်လို့ရပြီ။”
“ဟုတ်ကဲ့ပါ။”
ပြန်လည်ဖြေကြားပြီးနောက် ရှီမန်ယဲ့သည် လှည့်ထွက်သွားတော့သည်။
“ရှီမန်ယဲ့ကို လမ်းညွှန်ပြပေးတဲ့အတွက် မိတ်ဆွေ ရှောင်ကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေရဲ့ အကူအညီသာ မပါရင် ဒီကောင်လေး လမ်းမှားရောက်ပြီး လူကြားထဲမှာ ပျောက်ကွယ်သွားမှာကို ကျုပ် တကယ် စိုးရိမ်နေခဲ့တာ။ ဒါဆိုရင် ကျုပ်တို့ ကျွန်းစုတစ်ထောင်က ကောင်းကင်ပါရမီရှင်တစ်ယောက် ဆုံးရှုံးရမှာပဲ”
ဖုန်းလိုင်စီက ပြောရင်းနှင့် ရှောင်ချန်းကို အလေးအနက် ဦးညွှတ်လိုက်၏။
ရှောင်ချန်းကလည်း အမြန်ပင် လက်ကာလိုက်သည်။“စီနီယာ... ဒီလို ဂါရဝပြုတာကို ကျွန်တော် လက်မခံနိုင်ပါဘူး။ ရှီမန်ယဲ့က စကားပြောနည်းနည်း ကြမ်းချင်ကြမ်းမယ်၊ ဒါပေမဲ့ သူ့ရဲ့ ပင်ကိုယ်သဘာဝက မဆိုးပါဘူး။ မဟုတ်ရင် ကျွန်တော်လည်း သူ့ကို ဒီအခွင့်အရေး ပေးမှာမဟုတ်ဘူး”
“မိတ်ဆွေ ရှောင်က တကယ့်ကို စိတ်သဘောထား ကြီးမြတ်တာပဲ”
ဖုန်းလိုင်စီ၏ နောက်တွင် ရပ်နေသော အဘိုးအိုတစ်ဦးက လက်သီးဆုပ်ကာ ပြောလိုက်သည်။
ဤအဘိုးအိုသည် လွန်ခဲ့သော နှစ်ရက်ခန့်က ရှီမန်ယဲ့နှင့် ရှောင်ချန်းတို့အကြား ပဋိပက္ခကို တားဆီးပေးခဲ့သည့် အကြီးအကဲပင် ဖြစ်သည်။ သူ၏ အမည်ပြောင်မှာ ငြိမ်သက်နေသောမေ့လျော့ခံဓား ဖြစ်၏။
ရှောင်ချန်းကလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။
ထိုအချိန်၌ ရှောင်ချန်၏ နောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ရှောင်ချန်း... ဒီလူအိုကြီး မင်း ခုနက သုံးလိုက်တဲ့ ဓားပညာက တစ်ခါမှမသုံးဖူးသေးဘူးဆိုတာ သတိထားမိတယ်။ ဒါ ထိုက်ရွှီ လျှို့ဝှက်နယ်မြေကနေ ရလာတာမလား”
စကားသံနှင့်အတူ မြို့စားရီရှန်း သည် ရှောင်ချန်း၏ ဘေးတွင် ပေါ်လာသည်။
ဖုန်းလိုင်စီ ခြံဝန်းထဲသို့ ဝင်လာကတည်းက မြို့စားရီရှန်းရှိနေသည်ကို သတိပြုမိ၍ သူက ဆက်လက် ပုန်းကွယ်မနေတော့ပေ။
ရှောင်ချန်းက သူ့ကို ဂါရဝပြုလိုက်သည်။ “ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ပျင်းပျင်းရှိတာနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရား ဓားလမ်းစဉ် ကို ပြန်ဖတ်ကြည့်ရင်းနဲ့ အသိအမြင် နည်းနည်း ရလာတာကြောင့် ဒီဓားကွက်ကို ဖန်တီးခဲ့တာပါ။နတ်ဘုရားသတ်ကွက် လို့ နာမည်ပေးထားပါတယ်”
မြို့စားရီရှန်း “……”
ရှောင်ချန်း၏ ဓားပညာပါရမီမှာ ထူးကဲလှသည်ကို သူ သိထားသော်လည်း၊ နည်းစနစ်ပေါင်းတစ်ရာ၏ အားသာချက်များကို စုပ်ယူပြီး အားနည်းချက်များကို ပြန်လည်ပြင်ဆင်နိုင်သည့် အဆင့်သို့ ဤမျှမြန်မြန် ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
ဒီအတိုင်းသာ ဆက်သွားရင် သူ ရှောင်ချန်းရဲ့ အစောင့်အရှောက်အနေနဲ့ အဝေးကြီးမှာ ကျန်ရစ်ခဲ့တော့မှာပဲ။
မြို့စားရီရှန်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လွီယွဲ့အာက အလိုက်တသိဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်၏။
“စီနီယာအစ်ကို... ဘာဖြစ်လို့ စမ်းသပ်ကာလကို နှစ်တစ်ရာလို့ သတ်မှတ်လိုက်တာလဲ”
ရှောင်ချန်းက ပြုံးလိုက်သည်။ “ဘာမှထွေထွေထူးထူး မဟုတ်ဘူး။ နှစ်တစ်ရာအတွင်းမှာ နီဗားနားရှင်သန်ခြင်းအဆင့်ကို ရောက်ပြီး မြို့စားဘွဲ့ အပ်နှင်းခံရမယ်ဆိုတာ သေချာလို့ပါ။ အဲဒီအချိန်ကျရင် ငါ့မှာ ကိုယ်ပိုင်တပည့်တွေကို တိုက်ရိုက်ခေါ်ယူနိုင်ခွင့် ရှိလာမှာလေ”
ဖုန်းလိုင်စီနှင့် အခြားသူများမှာ အသက်ရှူမှားသွားကြပြီး ရှောင်ချန်းကို မိစ္ဆာတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေမိကြ၏။
ကျင့်ကြံမှူသက်တမ်း နှစ်တစ်ရာအတွင်း နီဗားနားရှင်သန်ခြင်းအဆင့်သို့ ရောက်ရှိရန် ဆိုသည်မှာ မျိုးဆက်တစ်ဆက်ကို စိုးမိုးနိုင်သည့် ပြိုင်ဘက်ကင်းပါရမီရှင်မျိုးများသာ ပြောရဲသည့် စကားမျိုးဖြစ်သည်။
ဘေးတွင်ရှိနေသော မြို့စားရီရှန်း၏ မျက်နှာက တည်ကြည်သွားသည်။ “ရှောင်ချန်း... မင်းက အရမ်းကို နှိမ့်ချပြီး ပြောနေတာပဲ။ ငါ့အမြင်မှာတော့ နှစ်တစ်ရာအတွင်းမှာ သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်မှာ သေချာတယ်။ ရာစုနှစ်တစ်ခုအတွင်းမှာ သူတော်စင် ဖြစ်လာဖို့ဆိုတာလည်း မဖြစ်နိုင်တာ မဟုတ်ဘူး။”
လူတိုင်း “……”
လူတိုင်းက သူ့ကို မယုံနိုင်သလို စိုက်ကြည့်နေကြသည်။ ဒါက နည်းနည်း မများလွန်းဘူးလား။
ရှောင်ချန်းကမူ စဉ်းစားဟန်ဖြင့် မြို့စားရီရှန်းကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။ “အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်တော် တကယ်ပဲ ထိန်းပြောနေမိတာပဲ။ နှစ်တစ်ရာအတွင်း သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်မှ ကျွန်တော့်ရဲ့ ပြိုင်ဘက်ကင်း လမ်းစဉ်နဲ့ ပိုပြီးကိုက်ညီမှာပါ”
လူအုပ်ကြီး ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ လွီယွဲ့အာက ရှောင်ချန်း၏ မျက်ဝန်းထဲမှ ပြတ်သားမှုကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းထောင့်များက မသိမသာ ပြုံးယောင်သန်းသွားသည်။
စကားပြောဆိုပြီးနောက် သူတို့အားလုံးသည် ပြိုင်ပွဲ၏ ကျန်ရှိသည့်အပိုင်းများကို ကြည့်ရှုရန် ဖုန်းလိုင်တောင်သို့ ပျံသန်းသွားကြ၏။
ရက်အတော်ကြာ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ပြီးနောက် ဤအကြိမ် ဖုန်းလိုင်ဓားဆွေးနွေးပွဲ၏ ထိပ်သီးဆယ်ယောက်စာရင်းမှာ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။
ရှောင်ချန်းနှင့် လွီယွဲ့အာတို့သည် ကျန်ရှိသော ထိပ်သီးဆယ်ယောက်နှင့်အတူ ဖုန်းလိုင်ဓားနတ်ဘုရား၏ ဓားလမ်းစဉ်ကို လေ့လာရန် ဖုန်းလိုင်စီ၏ နောက်မှလိုက်ကာ တာအိုဆင်ခြင်ရာကမ်းပါးသို့ သွားခဲ့ကြ၏။
တာအိုဆင်ခြင်ရာကမ်းပါးသည် အလွန်မကြီးမားလှဘဲ လူတစ်ဆယ်ကျော်ခန့်သာ ဆံ့သည်။
ဖုန်းလိုင်စီသည် လူတိုင်းကို ကမ်းပါးပေါ်ရှိ ဂူတစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။ ၎င်းမှာ တောင်အတွင်းပိုင်း၌ တည်ဆောက်ထားသည့် ဂူနန်းတော်တစ်ခုဖြစ်ကြောင်း သူတို့ သိလိုက်ရ၏။
လမ်းလျှောက်နေစဉ် ဖုန်းလိုင်စီက နေရာအကြောင်း မိတ်ဆက်ပေး၏။
“အားလုံးပဲ... ဒါက ဖုန်းလိုင်ဓားနတ်ဘုရား တစ်ချိန်က ကျင့်ကြံခဲ့တဲ့ နေရာပဲ။ သူက ဒီဂူထဲမှာ ဓားဆန္ဒတွေ အများကြီး ချန်ထားခဲ့တယ်။ အဲဒီဓားဆန္ဒတွေကြောင့်ပဲ ကျွန်းစုတစ်ထောင်ပင်လယ်က ဓားကျင့်ကြံသူတွေဟာ ကောင်းကင်ဓားနဲ့ နှလုံးသားဓား ဂိုဏ်းခွဲတွေဆိုပြီး ကွဲပြားသွားကြတာ”
“အခု မင်းတို့ စိတ်ကြိုက် ဓားဆန္ဒကို ဆင်ခြင်နိုင်သလို အချင်းချင်းလည်း ဆွေးနွေးနိုင်ပါတယ်။ ဒါပေမဲ့ ဂူထဲမှာ တိုက်ခိုက်တာကိုတော့ လုံးဝ တားမြစ်ထားတယ်။ တကယ်လို့ တစ်ယောက်ယောက်က ဒီနေရာမှာ တစ်ခုခုကို ပျက်စီးအောင်လုပ်ရင် ကျွန်းစုတစ်ထောင်ပင်လယ်ရဲ့ အင်အားစုအားလုံးက သူ့ကို လိုက်လံနှိမ်နင်းလိမ့်မယ်။ ဒါကို မြဲမြဲမှတ်ထားကြပါ”
လူတိုင်းက ရိုသေစွာ ပြန်ဖြေကြသည်။ “စီနီယာရဲ့ ညွှန်ကြားချက်ကို ကျွန်တော်တို့ မှတ်သားထားပါ့မယ်”
ဖုန်းလိုင်စီက မုတ်ဆိတ်ကို သပ်လိုက်၏။ “ကောင်းပြီ၊ ငါ ဘာမှ ထပ်မပြောတော့ဘူး။ တစ်လကြာရင် မင်းတို့ကို လာခေါ်မယ်၊ အခုတော့ မင်းတို့ရဲ့ လေ့ကျင့်မှုကို မနှောင့်ယှက်တော့ဘူး။”
“စီနီယာကို နှုတ်ဆက်ပါတယ် ”
ဖုန်းလိုင်စီ ထွက်သွားပြီးနောက် လူတိုင်းသည် ဂူအတွင်း မိမိဘာသာ လှည့်လည်ကြည့်ရှုကြတော့သည်။
ဖုန်းလိုင်ဓားနတ်ဘုရား ချန်ထားခဲ့သည့် ဓားဆန္ဒများနှင့် ဓားလမ်းစဉ် အပိုင်းအစများကို ဂူအတွင်း နေရာအနှံ့ တွေ့နိုင်လေ၏။
လူများသည် သူတို့ လေ့လာလိုသည့် ဓားဆန္ဒ သို့မဟုတ် လမ်းစဉ်ကို တွေ့သည်နှင့် ရပ်တန့်ကာ အာရုံစိုက်ကြတော့သည်။
ရှောင်ချန်းနှင့် လွီယွဲ့အာတို့သည် ပထမဆုံး ကျောက်ခန်းမဆောင်မှ စတင်ကာ ဆွေးနွေးရင်း ရှေ့ဆက်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းသုံးဆယ် ကုန်လွန်သွားခဲ့၏။
ရှောင်ချန်းသည် ဒသမမြောက် ကျောက်ခန်းမဆောင်ထဲမှ နောက်ဆုံးတွင် ထွက်လာခဲ့သည်။ တစ်လကြာ ကျင့်ကြံပြီးနောက်တွင် ကျွန်းစုတစ်ထောင်ပင်လယ်မှ ဓားကျင့်ကြံသူများ အဘယ်ကြောင့် ကောင်းကင်ဓားနှင့် နှလုံးသားဓားဂိုဏ်းဟူ၍ ကွဲသွားရသနည်းဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့၏။
အကြောင်းရင်းမှာ အရိုးရှင်းဆုံး ပြောရလျှင် မည်သူမျှ ဖုန်းလိုင်ဓားနတ်ဘုရား၏ ဓားလမ်းစဉ်ကို အပြည့်အဝ နားမလည်ကြခြင်းကြောင့်ပင်။
မိမိရရှိထားသော အသိအမြင်များကို ပြန်လည်သုံးသပ်ပြီးနောက် ရှောင်ချန်းက ၎င်းကို အမည်တစ်ခု ပေးလိုက်သည်။ ‘ကောင်းကင်ဘုံသို့တက်လှမ်းမည့် ဓားလမ်းစဉ်’
***