တိတ်ဆိတ်ငြိမ်သက်လှသည့် ချင်းယို့ ခြံဝင်းရှိ သီးသန့်စံအိမ်အတွင်း၌ ဖြစ်သည်။
တာအိုဆင်ခြင်ရာချောက်ကမ်းပါးမှ ပြန်လာပြီးနောက် လွီယွဲ့အာသည် အခန်းအပြင်မထွက်ဘဲ ခုနစ်ရက်တိုင်တိုင် ကျင့်ကြံထားခဲ့၏။ သူမ အခန်းထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှောင်ချန်းကို ချက်ချင်းသွားရောက်ရှာဖွေတော့သည်။
“စီနီယာအစ်ကို... တာအိုဆင်ခြင်ရာချောက်ကမ်းပါးမှာ အစ်ကိုနားလည်သွားတဲ့ အကြောင်းအရာကို ကျွန်မကို ပြောပြပေးနိုင်မလား”
“ရတာပေါ့”
လွီယွဲ့အာအပေါ်ထားရှိသည့် ရှောင်ချန်း၏ မေတ္တာကို ငတုံးတစ်ယောက်ပင် သိနိုင်လောက်သည်။
သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် လမ်းညွှန်ပေးရသည်မှာ သူ့အတွက် အထွေအထူးကိစ္စမဟုတ်ပေ။
“ငါလည်း နားထောင်ချင်သေးတယ်”
ခန့်မှန်းရခက်သော အရှိန်အဝါ၊ စူးစမ်းလိုသော မျက်နှာပေးတို့နှင့်အတူ မြို့စားရီရှန်းသည် ရှောင်ချန်း၏ဘေးတွင် ရုတ်တရက် ပေါ်လာ၏။
လွီယွဲ့အာက လှမ်းမေးလိုက်မိသည်။ “စီနီယာ... စီနီယာတို့လို ဆရာကြီးတွေကလည်း တခြားသူတွေရဲ့တာအို ဆွေးနွေးမှုကို နားထောင်ဖို့ လိုသေးလို့လား”
မြို့စားရီရှန်းက ပြုံး၍ ဆိုသည်။ “နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သူတော်စင်တစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုရင် အရေးကြီးဆုံးက တာအိုရဲ့ အနှစ်သာရအစစ်အမှန်ကို နားလည်သဘောပေါက်ဖို့ပဲ။ တာအိုအကြောင်း ဆွေးနွေးမှုတိုင်း၊ ဖလှယ်မှုတိုင်းဟာ တာအို ရဲ့ အနှစ်သာရကို ရှာဖွေဖို့အတွက် အလွန်ရှားပါးတဲ့ အခွင့်အရေးတွေပဲ”
ထိုစကားကို ကြားသောအခါ လွီယွဲ့အာက တီးတိုး ရေရွတ်လိုက်သည်။ “ဪ... ဒါကြောင့်မို့လည်း ဘိုးဘေးတွေက တာအို ကို ဆင်ခြင်သုံးသပ်ဖို့ အမြဲတမ်း ဂူအောင်းနေကြတာကိုး”
မြို့စားရီရှန်းက ဆက်ပြောသည်။ “ရှောင်ချန်းက နှစ်တစ်ရာအတွင်းမှာ သူတော်စင်တစ်ပိုင်းအဆင့်ကို ရောက်နိုင်မယ်လို့ ငါပြောရတဲ့အကြောင်းရင်းက သူ့ရဲ့ ထူးခြားတဲ့ နားလည်နိုင်စွမ်းကြောင့်ပဲ။ သူက ငါ့ထက်တောင် တာအိုအနှစ်သာရကို အရင်ဦးဆုံး နားလည်သွားနိုင်သေးတယ်”
ရှောင်ချန်းက ပြောလိုက်သည်။ “စီနီယာက မြှောက်ပင့်လွန်းနေပါပြီ။ စီနီယာနဲ့ တာအိုဆွေးနွေးခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ဂျူနီယာညီမလေးလွီလက်ဖက်ရည် သွားဖျော်လိုက်၊ လက်ဖက်ရည်သောက်ရင်း တာအိုအကြောင်း ဆွေးနွေးကြတာပေါ့”
“ကောင်းပါပြီ”
လွီယွဲ့အာက သဘောတူကာ လက်ဖက်ရည်ပြင်ဆင်ရန် ထွက်သွားတော့၏။
မကြာမီပင် သူတို့သုံးဦးသည် လက်ဖက်ရည်ဝိုင်းတွင် ထိုင်ကာ တာအို၏ သဘောတရားများ စတင်ဆွေးနွေးကြသည်။
ရှောင်ချန်းက စတင်၍ ဆိုသည်။ “ကျွန်တော့်အမြင်အရတော့ ဖုန်းလိုင်ဓားသူတော်စင် လိုက်စားခဲ့တာက ကောင်းကင်တက်လှမ်းခြင်း ဓားတာအို ပါပဲ။ သူ့ဘဝရဲ့ ရည်မှန်းချက်က ကောင်းကင်ဘုံကို တက်လှမ်းဖို့ပဲ။ ဒသမမြောက် ကျောက်ဂူထဲက ‘လေကိုစီး၊ ဓားကိုကိုင်၊ ကိုးထပ်ကောင်းကင်ဘုံသို့ တက်လှမ်းအံ့’ ဆိုတဲ့ စာသားဟာ အကောင်းဆုံး သက်သေပဲ”
“ဒီစာသားတိုလေးခုနစ်လုံးထဲမှာ အမြင့်ဆုံးသော ဓားဆန္ဒ တွေ ပါဝင်နေတယ်။ နတ်ဘုရားသတ်ဓားတာအို နဲ့ ယှဉ်ရင်တောင် နိမ့်ကျမသွားဘူး။ သူ့ရဲ့ ဓားလမ်းစဉ်ဟာ ကျွန်တော့်ဆရာ သင်ပေးခဲ့တဲ့ ဓားတစ်သောင်း တို့အပြန်နဲ့ တော်တော်လေး ဆင်တူတယ်။ လောကခပ်သိမ်းရဲ့ စွမ်းအားတွေကို စုစည်းပြီး အမြင့်မြတ်ဆုံးဓားအဖြစ် ပြောင်းလဲကာ၊ တက်လှမ်းလိုတဲ့ ဆန္ဒကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ပြီး နောက်ဆုံးဓားချက်နဲ့ ကောင်းကင်ကိုးထပ်ကို တက်လှမ်းတဲ့ နည်းလမ်းပါပဲ”
ထိုစကားကို နားထောင်ပြီးနောက် မြို့စားရီရှန်းက ပြောသည်။ “ဖုန်းလိုင် ဓားသူတော်စင်က တကယ့်ကို အရေးကြီးတဲ့ ခြေလှမ်းကို လှမ်းခဲ့တာပဲ။ သူ စစ်မှန်နတ်ဘုရားတံဆိပ်တော် ကို စုစည်းပြီး ကောင်းကင်ဘုံရဲ့ အမိန့်တော်ကို ခံယူဖို့ ကြိုးစားခဲ့ပုံရတယ်။ ကံမကောင်းချင်တော့ သူ နောက်ဆုံးမှာ မအောင်မြင်ခဲ့ဘူး။ မဟုတ်ရင် သူ ဓားသူတော်စင်အဆင့်တင်မကဘဲ နတ်ဘုရားဘုရင်တောင် ဖြစ်နေလောက်ပြီ”
လွီယွဲ့အာ မေးမြန်းလိုက်သည်။
“စီနီယာ... နတ်ဘုရားဘုရင်တစ်ယောက်ကနေ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာအောင် ဘယ်လိုကျင့်ကြံရသလဲဆိုတာ ပြောပြပေးနိုင်မလား”
မြို့စားရီရှန်းက ခပ်ပါးပါးလေး ပြုံးလိုက်၏။ “နတ်ဘုရားဘုရင်ဆိုတာ မင်းတို့နှစ်ယောက်နဲ့ အရမ်းဝေးကွာလွန်းပါသေးတယ်။ အရင်ဆုံး သူတော်စင် ဖြစ်အောင်ပဲ အာရုံစိုက်ကြစမ်းပါ”
“ အချိန်တန်ရင် အဖြေကို အလိုလို သိလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လူတိုင်းရဲ့ သူတော်စင်ဖြစ်ရာ လမ်းစဉ်က မတူကြဘူး။ ငါက ကြိုပြီး အများကြီး ရှင်းပြနေရင် မင်းတို့ရဲ့ တာအိုနှလုံးသားကို ထိခိုက်ရုံပဲ ရှိလိမ့်မယ်”
ထိုစကားကို ကြားသောအခါ လွီယွဲ့အာလည်း ထပ်မမေးတော့ဘဲ ရှောင်ချန်းထံမှသာ ဆက်လက်လမ်းညွှန်မှု ခံယူတော့သည်။
ရှောင်ချန်းသည် သူမ၏ မေးခွန်းအားလုံးကို ဖြေကြားပေးပြီး တစ်ခါတစ်ရံတွင် နည်းပညာများကို လက်တွေ့ သရုပ်ပြပေးနေ၏။ သူတို့၏ ဆွေးနွေးမှုမှာ ညနေစောင်းသည့်တိုင်အောင် ကြာမြင့်ခဲ့သည်။
ရှောင်ချန်းက ပြောလိုက်၏။
“စီနီယာနဲ့ ညီမလေးလွီ... ဒီတစ်ခေါက် တာအိုဆင်ခြင်ရာချောက်ကမ်းပါး ခရီးစဉ်ကနေ ကျွန်တော် ထိုးထွင်းသိမြင်မှု အသစ်တွေ ရခဲ့လို့ ခဏတဖြုတ် တံခါးပိတ်ပြီး ကျင့်ကြံဖို့ စိတ်ကူးထားတယ်။ တကယ်လို့ တစ်ယောက်ယောက် လာတွေ့ရင် ကျွန်တော့်ကိုယ်စား ငြင်းပယ်ပေးကြဖို့ မျှော်လင့်ပါတယ်”
“ကောင်းပြီ”
မြို့စားရီရှန်းက သဘောတူလိုက်သည်။ သူ့အမြင်တွင် ကျွန်းစုတစ်ထောင်ပင်လယ်မှ ကျင့်ကြံသူများသည် ရှောင်ချန်း၏ အာရုံစိုက်မှုကို ခံယူရန် မထိုက်တန်ပေ။
သူတို့သည် ရတနာပုံကြီးပေါ်တွင် ထိုင်နေကြသော်လည်း သူတော်စင်အဆင့်သို့ မတက်လှမ်းနိုင်ကြသူများသာ ဖြစ်၏။
ရှောင်ချန်း၏ ကျင့်ကြံမှုကို နှောင့်ယှက်ရန် သူတို့တွင် အရည်အချင်းမရှိပေ။
နှစ်ဦးသားကို နှုတ်ဆက်ပြီးနောက် ရှောင်ချန်း သီးသန့်ကျင့်ကြံရန် ဝင်ရောက်သွားတော့သည်။ ဤတစ်ကြိမ်တွင် သူ၏ ရည်မှန်းချက်မှာ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်သို့ တက်လှမ်းရန်ပင်။
ငါးလကြာပြီးနောက်...
သီးသန့်စံအိမ်၏ တိတ်ဆိတ်သော နံနက်ခင်းတစ်ခုတွင် ဖြစ်သည်။
ငြိမ်သက်နေသော အခန်းတစ်ခုအတွင်း၌ ရှောင်ချန်းသည် မျက်လုံးများကို ဖွင့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။ “နောက်ဆုံးတော့ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ကို ရောက်ပြီပဲ။ ဆရာနဲ့ တခြားတပည့်တွေ ဘယ်လိုနေကြမလဲ မသိဘူး။ ဝမ်တောက်ကျောင်းတော်ကို ပြန်ဖို့ အချိန်တန်ပြီ”
ဝမ်တောက်ကျောင်းတော် သည် မကြာသေးမီကပင် အထူးစည်ကားနေခဲ့၏။
သုံးနှစ်တစ်ကြိမ် ကျင်းပသည့် အပြင်စည်းပြိုင်ပွဲသည် နောက်ထပ် ခုနစ်ရက်အကြာတွင် ကျင်းပတော့မည် ဖြစ်သည်။
ကျောင်းတော်ပြင်ပတွင် သွားရောက်လေ့ကျင့်နေကြသော အပြင်စည်းတပည့်များအားလုံးသည် ဤပြိုင်ပွဲတွင် မိမိတို့၏ စွမ်းရည်များကို ထုတ်ဖော်ပြသရန် ပြန်လည်ရောက်ရှိလာကြ၏။
သောင်းပြောင်းပညာရပ်ဌာန၏ ပင်မခြံဝင်း၊ အဓိကအိပ်ခန်းအတွင်း၌
[ဒင် ပိုင်ရှင်၏ အဓိကတပည့် ရှောင်ချန်းဟာ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ကို တက်လှမ်းသွားပါတယ်။ ပိုင်ရှင်ကို ဆုလာဘ်အဖြစ် နှစ်ပေါင်းငါးဆယ်စာ ကျင့်ကြံမှုစွမ်းအား ချီးမြှင့်လိုက်ပါတယ်။]
ရင်းနှီးနေသော စက်ရုပ်ဆန်ဆန် အသံကြောင့် ချူဖုန်း အိပ်မက်ထဲမှ လန့်နိုးလာသည်။ သူသည် ကုတင်ပေါ်မှ ချထထိုင်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။
“ဒီကောင်လေး ချန်အာက တကယ်ကို မြန်မြန်ကျင့်ကြံနိုင်တာပဲ။ ဖုန်းလိုင်ဓားဆွေးနွေးပွဲကနေ တော်တော်လေး အကျိုးရှိသွားတယ်ထင်တယ်”
ချူဖုန်းအတွက် အကြီးမားဆုံးသော အကျိုးအမြတ်မှာ သူ၏တပည့်တစ်ဦး စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်ပြီး ထိုအတွက် ကျင့်ကြံမှုစွမ်းအား နှစ်ငါးဆယ်ကို ရရှိခဲ့ပါသည်။
ယခုအခါ သူ၏ စုစုပေါင်းကျင့်ကြံမှုစွမ်းအားမှာ နှစ်ပေါင်းထောင့်ငါးရာကျော်သွားပြီ ဖြစ်သည်။ ထိုက်ရွှီလျှို့ဝှက်နယ်မြေကိစ္စပြီးကတည်းက နှစ်နှစ်ကျော်ကျော်သာ ရှိသေးသည်ကို သတိပြုသင့်သည်။
ရှောင်ချန်းအပြင် အခြားသော တပည့်များသည်လည်း သိသာထင်ရှားစွာ တိုးတက်လာကြ၏။
ချောင်ရို့ချန်သည် ယခုအခါ ကောင်းကင်ဇာစ်မြစ် ဆဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ချင်းချင်းသည် ကောင်းကင်ဇာစ်မြစ်အဆင့်သို့ တက်လှမ်းရန် သီးသန့်ကျင့်ကြံနေပြီး၊ ဝမ်ပေါင်လဲ့မှာမူ စစ်မှန်ကံကြမ္မာ ဆဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဤကျင့်ကြံမှုနှုန်းအတိုင်းဆိုလျှင် နှစ်တစ်ရာအတွင်း သူတော်စင်အဆင့်သို့ ရောက်ရှိရန်မှာ အိပ်မက်မဟုတ်တော့ပေ။
ချူဖုန်း တွေးမိသည်။
‘ဒါနဲ့... ပေ့ရွှမ်လည်း မကြာခင် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတော့မှာပဲ။ ဒီတစ်ခါ ပေ့ရွှမ် ဘယ်လို အံ့အားသင့်စရာတွေ ယူဆောင်လာမလဲ’
သူ သိချင်နေမိသည်။
ဤသည်ကို တွေးမိသောအခါ ချူဖုန်းသည် စိတ်အခြေအနေ အလွန်ကောင်းသွားပြီး မိမိကိုယ်မိမိ အစားကောင်းသောက်ကောင်းဖြင့် ဆုချရန် ဆုံးဖြတ်လိုက်၏။
သူသည် မီးဖိုချောင်ထဲသို့ဝင်ကာ အလုပ်ရှုပ်တော့သည်။
သောင်းပြောင်းပညာရပ်ဌာနတွင် ယခုရက်ပိုင်း၌ တပည့်လေးဦးရှိနေသော်လည်း ယဲ့ပေ့ရွှမ်နှင့် ချင်းချင်းတို့မှာ တံခါးပိတ်ကျင့်ကြံနေကြပြီး၊ ရွှီချိုက်ချန်နှင့် နျဲ့ရှို့ယွမ်တို့မှာ နေ့ဘက်တွင်အိပ်ကာ ညဘက်တွင် ကျင့်ကြံတတ်ကြ၏။
ထို့ကြောင့် ကျယ်ဝန်းလှသော ကျောင်းဆောင်ကြီးမှာ နေ့ဘက်တွင် အလွန်တိတ်ဆိတ်နေတတ်ရာ ချူဖုန်းအတွက် အနည်းငယ် နေရခက်စေသည်။
မနက်ခင်းတစ်ခုလုံး အလုပ်လုပ်ပြီးနောက် ချူဖုန်းသည် ဟင်းပွဲအပြည့်ဖြင့် စားပွဲတစ်ခုကို ပြင်ဆင်လိုက်ပြီး အကြီးအကဲပင်း၏ အိပ်ခန်းဘက်သို့ လှမ်းခေါ်လိုက်သည်။ “အကြီးအကဲပင်း... နေ့လယ်စာစားဖို့ ထွက်ခဲ့တော့”
ကျွိ...
အကြီးအကဲပင်းသည် တံခါးကိုဖွင့်ကာ စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများကို ကြည့်ပြီး ဇဝေဇဝါ မျက်နှာပေးဖြင့် မေးလိုက်သည်။
“ဌာနမှူးချူ... ဒီနေ့ ဘာထူးခြားလို့လဲ”
ချူဖုန်း ခဏမျှ ကြောင်သွားပြီး မည်သို့ရှင်းပြရမည်ကို စဉ်းစားနေစဉ် ရင်းနှီးသော စက်ရုပ်ဆန်ဆန် အသံတစ်ခုက စိတ်ထဲတွင် မြည်လာပြန်သည်။
[ဒင် ပိုင်ရှင်၏ တပည့် ယဲ့ပေ့ရွှမ်ဟာ ဟုန်မင်ဖန်ဆင်းခြင်း၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်သွားပြီး အဆင့်တစ်ခု တက်လှမ်းသွားပါတယ်။ ပိုင်ရှင်ကို ဆုလာဘ်အဖြစ် ဟုန်မင်ဆန္ဒနှင့် ကျင့်ကြံမှုစွမ်းအား ဆယ်နှစ် ချီးမြှင့်လိုက်ပါတယ်]
သူ့မျက်လုံးများ လင်းလက်သွားပြီး ပြုံးလျက် ဆိုလိုက်သည်။ “ပေ့ရွှမ် အဆင့်တက်တော့မယ်ဆိုတာ ဒီမနက်စောစောကတည်းက ငါ ခံစားမိလို့လေ။ ဒါကြောင့် သူလာမှာကို စောင့်ရင်း ဒီဟင်းပွဲတွေကို ကြိုတင်ပြင်ဆင်ထားတာ”
ထိုစကားကို ကြားသောအခါ အကြီးအကဲပင်းက မသင်္ကာမဖြစ်ပေ။ သူတော်စင်တစ်ပိုင်းတစ်ဦးဖြစ်သည့် ချူဖုန်းအနေဖြင့် သူသာအလိုရှိပါက မြောင်တောင်ပေါ်မှ မည်သည့်အပြောင်းအလဲကိုမဆို လွယ်လွယ်ကူကူ သိရှိနိုင်ပေသည်။
“တူလေးယဲ့ ကို မစောင့်တော့ဘူးလား”
ချူဖုန်းက ဆိုသည်။
“သူ မကြာခင် ရောက်လာလိမ့်မယ်။ နောက်ပြီး ဆရာဖြစ်သူက တပည့်ကို စောင့်နေရတယ်ဆိုတာ မသင့်တော်ဘူးလေ။ အရင်စားကြတာပေါ့”
ထိုစကားမှာလည်း အကျိုးအကြောင်း ဆီလျော်လှပေသည်။
အကြီးအကဲပင်းသည် ချက်ချင်းပင် ထိုင်လိုက်ပြီး ယဲ့ပေ့ရွှမ် ရောက်လာမည့်အချိန်ကို စောင့်နေတော့သည်။
မကြာမီပင် ယဲ့ပေ့ရွှမ်သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပင်မစံအိမ်ထဲသို့ ဝင်လာ၏။
“ဆရာ... တပည့် နောက်ဆုံးတော့ ဟုန်မင်ဆန္ဒကို နားလည်သွားပြီ။ အပြင်စည်းပြိုင်ပွဲမှာ သေချာပေါက် ပထမဆုကို ယူပြမယ်”
ပြောပြီးနောက် ယဲ့ပေ့ရွှမ်သည် သူ၏ဆရာနှင့် ဆရာကတော်တို့ကို မျှော်လင့်တကြီး ကြည့်လိုက်၏။ သို့သော် သူ စိတ်ပျက်သွားရသည်မှာ သူတို့နှစ်ဦးလုံးသည် ဤကိစ္စကို ကြိုသိနေသည့်အလား တစ်ချက်မျှပင် အံ့သြခြင်း မရှိကြပေ။
ချူဖုန်းက သူ့ကို လက်ယပ်ခေါ်လိုက်သည်။ “ငါ သိပြီးသားပါ။ လာ... နေ့လယ်စာ အတူစားရအောင်”
“ဟုတ်ကဲ့ ဆရာ”
ယဲ့ပေ့ရွှမ်က ပြန်ဖြေကာ စားပွဲဆီသို့ လျှောက်လာပြီး ချူဖုန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။
သူ အနည်းငယ် စိတ်ပျက်သွားသည်ကို မြင်သောအခါ အကြီးအကဲပင်းက ဆိုသည်။ “မင်းရဲ့ဆရာက မင်း အဆင့်တက်တော့မယ်ဆိုတာ ကြိုပြီး သိနေတာလေ။ ဒါကြောင့်လည်း သူကိုယ်တိုင် ဒီဟင်းတွေကို ချက်ပြီး မင်း သတင်းကောင်းလာပေးမှာကို စောင့်နေတာ”
ထိုစကားကြောင့် ယဲ့ပေ့ရွှမ်၏ မျက်လုံးများ ပြန်လည်လင်းလက်လာသည်။ သူ့ဆရာကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးသည် သူကိုယ်တိုင် ဂုဏ်ယူမဆုံးဖြစ်နေသည့် အဆင့်တက်မှုမျိုးကို ကြိုတင်သိရှိနေမည်မှာ မလွဲဧကန်ပင်။
သူ ပြုံး၍ ဆိုလိုက်၏။
“ကျေးဇူးတင်ပါတယ် ဆရာ”
ချူဖုန်းက ပြောလိုက်သည်။
“ကျေးဇူးတင်နေဖို့ မလိုဘူး။ ဒီတစ်ကြိမ် ပြိုင်ပွဲက ငါတို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ ကြယ်ပွင့်ဖြစ်တဲ့ မင်းအပေါ်မှာပဲ မူတည်တယ်”
“ဟုတ်ကဲ့ပါဆရာ ”
ယဲ့ပေ့ရွှမ်က ခေါင်းညိတ်လိုက်ပြီး သူ၏ စူးစမ်းလိုစိတ်နှင့် ယုံကြည်မှုများ ပြန်လည်ပြည့်ဝလာသည်။ ‘ဒီနှစ် ကျောင်းတော်က အပြင်စည်းပြိုင်ပွဲမှာ ငါယဲ့ပေ့ရွှမ် ပြန်လာပြီကွ…’
***