“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီလူက ဘယ်လိုလုပ်ပြီး အပြင်စည်းပြိုင်ပွဲအတွက် ကိုယ်စားပြုတပည့် ဆယ်ယောက်ထဲက တစ်ယောက် အဖြစ် အရည်အချင်း ပြည့်မီနေရတာလဲ “
ဝမ်တောက်ကျောင်းတော်ရှိ ဓားပညာဌာန ၏ ကြော်ငြာသင်ပုန်း အောက်တွင်
စုချင်းသည် ထိပ်တန်းတပည့် ဆယ်ယောက်၏ စာရင်းကို စိုက်ကြည့်နေပြီး ထိုစာရင်းထဲတွင် ယဲ့ပေရွှမ်၏ နာမည် ပါဝင်နေသည်ကို မြင်သောအခါ သူမ၏ လေသံနှင့် အကြည့်တို့တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။
ဘေးတွင် ရပ်နေသော အမျိုးသား တပည့်တစ်ဦးမှာ သူမ၏သံသယကို သတိပြုမိပြီး ကြင်နာစွာ မေးလိုက်သည်။ “ ဂျူနီယာညီမလေး... ဒီစာရင်းမှာ ပါဖို့ ဘယ်သူက မထိုက်တန်ဘူးလို့ ထင်လို့လဲ။ ငါတို့ကို ပြောပြပါလား၊ ဒါမှ အတူတူ ဆွေးနွေးလို့ ရမှာပေါ့ “
သူ့အကြည့်များမှ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် စုချင်းက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ “ သောင်းပြောင်းပညာရပ်ဌာန က ယဲ့ပေရွှမ်ပါ။ အဓိက ဌာနကြီး ခုနစ်ခုက ရွေးချယ်ထားတဲ့ ကျန်တဲ့ ကိုယ်စားပြုတပည့် ကိုးယောက်က နာမည်ကြီး တပည့်တွေချည်းပဲလေ။ ကျွန်မတို့ သူတို့ကို လူချင်း မတွေ့ဖူးရင်တောင် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကိုတော့ ကြားဖူးကြပါတယ်။ ဒါပေမဲ့ ဒီ ယဲ့ပေရွှမ် မှာက ဘာမှတ်တမ်းမှ မရှိဘဲနဲ့ သူက ဘယ်လိုလုပ်ပြီး ကိုယ်စားပြုတပည့်တွေထဲက တစ်ယောက် ဖြစ်လာနိုင်မှာလဲ “
ထိုသို့ပြောပြီးနောက် သူမ အနားက ဆရာတူတပည့်များကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ထောက်ခံမှုကို စောင့်နေသည်။
အံ့အားသင့်သွားသည်မှာ လူတိုင်းက သူမကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေကြသည်။
ထို ကြင်နာတတ်သော စီနီယာအစ်ကို ပင်လျှင် အနည်းငယ် အနေရခက်သွားပုံရသည်။
“ ဂျူနီယာညီမလေး... မင်းက ဝမ်တောက်ကျောင်းတော်ကိုရောက်တာ သုံးနှစ်ပဲ ရှိသေးတယ် မဟုတ်လား “
စုချင်း ခေါင်းအသာညိတ်လိုက်သည်။ “ ဟုတ်ပါတယ် “
“ မဆန်းပါဘူးလေ “
ကြင်နာတတ်သော စီနီယာအစ်ကိုက ပြောလိုက်သည်။ “ မင်းက ပြီးခဲ့တဲ့ ပြိုင်ပွဲသုံးခု အကြောင်း မကြားဖူးလို့ နေမှာပါ။ သောင်းပြောင်းပညာရပ်ဌာနက အဓိကတပည့် ပြိုင်ပွဲရော၊ အတွင်းစည်း ပြိုင်ပွဲမှာပါ ပထမဆု ရခဲ့တာလေ။ စီနီယာအစ်ကိုဝမ် က အပြင်စည်း ပြိုင်ပွဲမှာ တတိယပဲ ရခဲ့ပေမဲ့၊ သူရဲ့ စွမ်းဆောင်ရည်က တခြားဌာနတွေထက် အများကြီး သာလွန်နေခဲ့တယ် “
“ ပြီးတော့ ပြီးခဲ့တဲ့ အကြိမ်က အတွင်းစည်းကိုယ်စားပြုတပည့် မဖြစ်ခဲ့တဲ့ စီနီယာအစ်ကိုချောင် က ပြိုင်ဘက် အားလုံးကို အနိုင်ယူပြီး ပထမဆုကို ယူသွားခဲ့တာ။ ဒါကြောင့် ဒီ အပြင်စည်းပြိုင်ပွဲမှာ သောင်းပြောင်းပညာရပ်ဌာနက ကိုယ်စားပြုတပည့် နေရာ တစ်နေရာ ရတာက သဘာဝကျပါတယ်။ တကယ်တော့ နေရာ တစ်နေရာတည်း ဆိုတာက နည်းလွန်းတယ်လို့တောင် ထင်တယ် “
သူ စကားပြောနေစဉ် အခြားသူများကလည်း ဝင်ရောက် ထောက်ခံလိုက်ကြသည်။
“ ဟုတ်တယ်။ သောင်းပြောင်းပညာရပ်ဌာနမှာ ကိုယ်စားပြုတပည့် နှစ်ယောက် ရှိသင့်တယ်လို့ ထင်တယ် “
“ငါတို့ရှေ့က အတွင်းစည်းရဲ့ စီနီယာတွေလို မဖြစ်ချင်ဘူး”
“ … “
စုချင်းမှာ ဇဝေဇဝါဖြစ်သွားသည်။ “ ဒါပေမဲ့ သောင်းပြောင်းပညာရပ်ဌာန က အဲဒီနှစ်ယောက်ကလည်း ကျွန်မလိုပဲ ဝမ်တောက်ကျောင်းတော်ကို ဝင်လာတာ သုံးနှစ်ပဲ ရှိသေးတယ်လေ “
ကြင်နာတတ်သော စီနီယာအစ်ကိုက စိတ်မဆိုးပေ။ သူက အားကျသော လေသံဖြင့် ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ သူတို့က သောင်းပြောင်းပညာရပ်ဌာန ကို ဝင်ဝင်ချင်းမှာပဲ သူတော်စင်တစ်ပိုင်း ရဲ့ သင်ကြားပေးမှုကို ခံရတာလေ။ အစ်ကိုတို့ကို သင်ပေးနေတာက တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲတွေလေ။ အလွန်ဆုံးမှ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကြီးကြပ်သူတွေပဲ ရှိသေးတယ်။ ပြီးတော့ အဲဒါကလည်း အများနဲ့ သင်ပေးတာ။ အစ်ကိုတို့ တပည့် ဖြစ်လာတဲ့ အချိန်ကစပြီး သောင်းပြောင်းပညာရပ်ဌာနက လူတွေနဲ့ ယှဉ်ရင် လုံးဝ မတူညီတဲ့ အဆင့်တစ်ခုမှာ ရှိနေခဲ့တာ “
ပတ်ဝန်းကျင်ရှိ အခြားသူများကလည်း သူ့ စကားများကို ထောက်ခံလိုက်ကြသည်။
“ ဟုတ်တယ်၊ သောင်းပြောင်းပညာရပ်ဌာန က တပည့်တွေကို ငါ တကယ် အားကျတယ်။ ဒီတစ်ကြိမ် ငါသာ ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲ ဝင်နိုင်ရင် အဲဒီကို ဝင်ခွင့်ရဖို့ သေချာပေါက် ကြိုးစားမှာပဲ “
“ အိပ်မက်မမက်နဲ့။ မင်းက ပြင်ပရေးရာဌာန နဲ့ပဲ တန်တယ်”
“ မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့လေ။ ငါ့ဓားကို မြည်းကြည့်လိုက်စမ်း “
လူတိုင်း၏ ဆွေးနွေးမှုများကို နားထောင်ရင်း စုချင်းသည် ခါးသီးမှုကို ခံစားလိုက်ရသော်လည်း သူမ၏ ဒေါသများကို ပေါက်ကွဲရန် နေရာမရှိပေ။
ကြော်ငြာသင်ပုန်းပေါ်ရှိ ယဲ့ပေရွှမ်ဟူသည့် နာမည်ကို စိုက်ကြည့်ရင်း မျက်လုံးများက ဒေါသကြောင့် တောက်လောင်လာသည်။ ‘ ယဲ့ပေရွှမ်... ငါ သေချာပေါက် ထိပ်ဆုံး အယောက်တစ်ရာ စာရင်းထဲ ဝင်အောင် လုပ်ပြီး နင့်ကို စိန်ခေါ်မယ်။နင်က ငါ့နောက်က လိုက်နေရတဲ့ အသုံးမကျတဲ့သူ တစ်ယောက်ပဲဆိုတာ လူတိုင်းကို သက်သေပြမယ် ‘ သူမ စိတ်ထဲမှ တွေးလိုက်သည်။
‘ ဒီနေရာမှာ တကယ့် ပါရမီရှင်က ငါပဲ ‘
အပြင်စည်းပြိုင်ပွဲကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပခဲ့သည်။
ထိုနေ့ နံနက်စောစောတွင် ချူဖုန်းသည် ထူးထူးခြားခြား စောစော ထလာသည်။ အိပ်ချင်မူးတူး ဖြစ်နေသော ရွှီချိုက်ချန်နှင့် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော ယဲ့ပေရွှမ်တို့ကို ကြည့်ကာ သူက ပြောလိုက်သည်။ “ ဒီတစ်ကြိမ် မင်းတို့အတွက် ဘာပန်းတိုင်မှ မထားတော့ဘူး။ ငါတို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ ပုံစံအတိုင်းသာ လုပ်ကြ”
သူတို့နှစ်ဦး လက်သီးဆုပ်ကာ ပြန်ဖြေလိုက်ကြသည်။ “ ဆရာ့ရဲ့ ယုံကြည်မှုကို စိတ်မပျက်စေရပါဘူး”
ချူဖုန်း ခေါင်းအသာ ညိတ်လိုက်ပြီး အနီးနားရှိ နျဲ့ရှို့ယွမ်ကို လှမ်းခေါ်လိုက်သည် “ ရှို့ယွမ်... ဒီတစ်ကြိမ် အပြင်စည်းပြိုင်ပွဲမှာ ငါတို့ သောင်းပြောင်းပညာရပ်ဌာန ကို ကိုယ်စားပြုပြီး မင်း တက်ရမယ် “
၎င်းကို ကြားသောအခါ နျဲ့ရှို့ယွမ် ချက်ချင်း အမူးပြေသွားပြီး လေးစားစွာ ပြောလိုက်သည်။ “ ဆရာ... ဒါက သင့်တော်ပါ့မလား “
ချူဖုန်း ပြုံးလိုက်ပြီး ပြန်ဖြေသည်။ “ ဘာလို့ မသင့်တော်ရမှာလဲ။ တခြားဌာနကိုးခုက ဌာနမှူးတွေက တံခါးပိတ် ကျင့်ကြံနေကြတာဆိုတော့ ရောက်လာတဲ့သူ အများစုက အကြီးအကဲတွေချည်းပဲ။ အနည်းဆုံးတော့ မင်းက ငါတို့ သောင်းပြောင်းပညာရပ်ဌာန ရဲ့ အကြီးအကဲလေ။ ပြိုင်ပွဲမှာ မင်း ငါတို့ကို ဘာလို့ ကိုယ်စားမပြုနိုင်ရမှာလဲ “
ဆရာဖြစ်သူ ဆုံးဖြတ်ချက် ချပြီးသွားကြောင်း မြင်သောအခါ နျဲ့ရှို့ယွမ် ခေါင်းညိတ်လိုက်သည်။” စိတ်မပူပါနဲ့ ဆရာ။ ဆရာ့ကို အရှက်မကွဲစေရပါဘူး “
“ သွားကြတော့ “ ချူဖုန်းက သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ ဟုတ်ကဲ့ပါ ဆရာ “
ဆရာတူ ညီအစ်ကို သုံးယောက် တစ်ပြိုင်နက် ပြန်ဖြေလိုက်ကြပြီး အတူတကွ ထွက်ခွာသွားကြသည်။
အကြီးအကဲပင်းသည် ထိုသုံးဦး ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီး ချူဖုန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။ “ သခင်လေး... ရွှီချိုက်ချန် အတွက် နည်းနည်းလေးတောင် စိတ်မပူဘူးလား “
ချူဖုန်း ပြုံးလိုက်သည်။ “ အဲဒီ ကောင်လေးက ရှေးဟောင်း ကျမ်းစာတွေရဲ့ အဓိပ္ပာယ်တစ်ဝက်ကျော်ကို နားလည်သဘောပေါက်ထားပြီးပြီ။ သူ့မှာ တိုက်ပွဲ အတွေ့အကြုံမရှိသေးပေမဲ့ သူ ရိုးရာ ဓား ကို အသုံးပြုလိုက်တာနဲ့ သာမန် ပြိုင်ဘက်တွေက လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး “
“ ရိုးရာ ဓား ဟုတ်လား “ အကြီးအကဲပင်းမှာ ဇဝေဇဝါ ဖြစ်သွားပုံရသည်။
ချူဖုန်းက ရှင်းပြလိုက်သည်။ “ရိုးရာဆိုတဲ့ စကားလုံးက လက်နက် တစ်ခုကို ကိုယ့်ရဲ့ အင်္ကျီလက်ထဲမှာ ဖုံးကွယ်ထားပြီး တိုက်ခိုက်တဲ့ ကျွမ်းကျင်မှုကို ရည်ညွှန်းတာ။ တစ်နည်းအားဖြင့် လက်နက်ပုန်းပေါ့။ ဒီပြိုင်ပွဲအတွက် ချိုက်ချန်က အင်္ကျီလက်ထဲမှာ ဝှက်ထားလို့ရတဲ့ ဓားတစ်လက် ဝယ်ပြီး နှစ်လခွဲလောက် လေ့ကျင့်ထားခဲ့တာလေ “
အကြီးအကဲပင်း “ ... “
ယဲ့ပေရွှမ်နှင့် သူ၏ စီနီယာအစ်ကို နှစ်ယောက်သည် အပြင်စည်းပြိုင်ပွဲ ကျင်းပနေသော ရင်ပြင်ဆီသို့ ဓားပျံစီးကာ သွားကြသည်။
ရင်ပြင်တွင် လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
ရွှီချိုက်ချန်သည် ယခင်က သာမန် ကျောင်းတော်သား တစ်ယောက်သာ ဖြစ်ခဲ့ဖူးသော်လည်း ခရိုင်အဆင့် စာမေးပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ဤမျှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူ အနည်းငယ်မျှ မတုန်လှုပ်ခဲ့ပေ။
သူက အခြားနှစ်ယောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ စီနီယာအစ်ကိုယဲ့ ဆရာတူဦးလေးနျဲ့... မဲနှိုက်ပွဲအတွက် ကျွန်တော် အောက်မှာ သွားစောင့်နေလိုက်မယ် “
ယဲ့ပေရွှမ် ခေါင်းညိတ်လိုက်သည်။ “ သွားပါ၊ ကျွန်တော်တို့က ပွဲကြည့်စင်ဆီ အရင် သွားနှင့်မယ် “
“ ကောင်းပါပြီ “
ပြန်လည် ဖြေကြားပြီးနောက် ရွှီချိုက်ချန်သည် လူအုပ်ကြီးထဲသို့ ဝင်ရောက်သွားသည်။
နာရီဝက် ကြာပြီးနောက် မဲနှိုက်ပွဲ စတင်ခဲ့သည်။
ရွှီချိုက်ချန်သည် စင်မြင့် နံပါတ် ကိုး၊ အမှတ် ငါး မဲကျသွားသည်။ သူ၏ လက်ထဲရှိ အမှတ်အသားပြားကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။ “ဒါက တကယ်ကို ကံကောင်းတဲ့ နံပါတ်ပဲ “
မဲနှိုက်ခြင်း ပြီးဆုံးသွားသဖြင့် ပြိုင်ပွဲကို တရားဝင် စတင်လိုက်သည်။
စင်မြင့် နံပါတ် ကိုး တွင် ဒိုင်လူကြီးတစ်ဦးက ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ နောက်ပွဲစဉ်၊ သောင်းပြောင်းပညာရပ်ဌာန က ရွှီချိုက်ချန် နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းဌာန က ချန်ကျွမ်း “
သူ၏ နာမည်ကို ကြားသောအခါ ရွှီချိုက်ချန်သည် စင်မြင့်ပေါ်သို့ ချက်ချင်း ခုန်တက်သွားသည်။ တစ်ချိန်တည်းမှာပင် ဗလတောင့်ပြီး ကြွက်သားအပြည့်ရှိသော လူငယ်တစ်ဦးက ဝင့်ကြွားသော ခြေလှမ်းများဖြင့် တက်လှမ်းလာသည်။
သူ ပေါ်လာသည့် အခိုက်အတန့်တွင် အောက်ဘက်မှ အော်ဟစ်အားပေးသံများ ပေါက်ကွဲထွက်လာသည်။
“ စီနီယာအစ်ကိုချန်ကျွမ်း... နံပါတ်တစ် “
“ စီနီယာအစ်ကိုချန်ကျွမ်း... မိုက်တယ် “
“…”
ချန်ကျွမ်းသည် သူ၏ ပြိုင်ဘက်က အားနည်းသော ကျောင်းတော်သားတစ်ဦးနှင့် တူနေသော်လည်း အထင်မသေးပေ။ သောင်းပြောင်းပညာရပ်ဌာန ဟူသော စကားလုံး သုံးလုံးတည်းကပင် ဤတိုက်ပွဲကို သူ အလေးအနက်ထားရန် လုံလောက်နေပြီ ဖြစ်သည်။
“ ချန်ကျွမ်း “
“ ရွှီချိုက်ချန် “
တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ပြီးနောက် ချန်ကျွမ်းက သူ၏ လက်များကို ခါးပေါ် တင်လိုက်ပြီး ပြုံးလိုက်သည်။ “ ညီအစ်ကိုရွှီ... လူတိုင်းက သောင်းပြောင်းပညာရပ်ဌာန ရဲ့ နည်းစနစ်တွေကို မြင်ချင်နေကြတယ်။ ခင်ဗျား အရင်ဆုံး တိုက်ခိုက်လိုက်ပါလား “
ရွှီချိုက်ချန် ပြုံးလျက် ပြန်ဖြေလိုက်သည်။ “ ညီအစ်ကိုချန်... ကျွန်တော်က သောင်းပြောင်းပညာရပ်ဌာန မှာ အခြေခံ အနည်းငယ်ပဲ သင်ထားရသေးတာပါ။ သိပ်ပြီး ထူးထူးခြားခြား မသင်ရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရိုးရာဓားနည်းစနစ်က အင်္ကျီလက်ထဲကနေ ဆွဲထုတ်လိုက်တဲ့အခါ အမြန်နှုန်း၊ တိကျမှုနဲ့ ရက်စက်မှုတို့ အပေါ်မှာ မူတည်တယ်။ ကျွန်တော် တိုက်ခိုက်ရင် ခင်ဗျား တိုက်ခိုက်ဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ညီအစ်ကိုချန်... ခင်ဗျားကပဲ အရင်ဆုံး လှုပ်ရှားလိုက်ပါလား “
သူတို့၏ အပြန်အလှန်ပြောဆိုမှုက ကြည့်ရှုနေသူများကို တိတ်ဆိတ်သွားစေသည်။
စင်မြင့်နံပါတ်ကိုး၏ ပတ်လည်ရှိ လူအုပ်ကြီးက ရွှီချိုက်ချန်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်ကြသည်။ ပြိုင်ပွဲကြီးတွင် ကိုယ့်လှုပ်ရှားမှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသသည်မှာ ပုံမှန်လူတစ်ဦးမဖြစ်နိုင်ပေ။ ဤပွဲမှာ တိုက်ကွက်ဖလှယ်သည့် ချစ်ကြည်ရေးပွဲမဟုတ်ပေ။
ပွဲကြည့်စင်မှနေ၍ စောင့်ကြည့်နေသော ယဲ့ပေရွှမ် မှင်တက်သွားသည်။ သူက ဒိုင်လူကြီးနှင့် ရှို့ယွမ် ဘက်သို့ လှည့်လိုက်သည်။ “ ဆရာတူဦးလေး... ဂျူနီယာညီလေးက စာအုပ်တွေ ဖတ်တာ များသွားလို့များလား “
နျဲ့ရှို့ယွမ်သည် ပုံမှန်အားဖြင့် တုံးအဟန်ပေါက်သော်လည်း အရေးကြီးကိစ္စများနှင့် ပတ်သက်လာလျှင် မည်သူ့ထက်မဆို ပို၍ ထက်မြက်သည်။ သေချာပေါက် ယဲ့ပေရွှမ်၏ ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို သူ နားလည်သည်။
“ စိတ်မပူပါနဲ့။ ဆက်ပြီးသာ ကြည့်နေလိုက်ပါ “
ယဲ့ပေရွှမ်မှာ ဇဝေဇဝါ ဖြစ်သွားသည်။
‘ ဦးလေးနျဲ့.. ခင်ဗျားက ဘယ်အချိန်ကစပြီး စကားဝှက်တွေနဲ့ ပြောတတ်သွားတာလဲ’
စင်မြင့်ပေါ်တွင် ရွှီချိုက်ချန်၏ စကားများကြောင့် ချန်ကျွမ်း အံ့အားသင့်သွားသော်လည်း သူ့မျက်နှာက လေးနက်သွားသည်။ “ ညီအစ်ကိုရွှီက ဒီလောက်တောင် ပွင့်လင်းနေမှတော့ ကျွန်တော်လည်း ဘာမှ မဖုံးကွယ်ထားတော့ပါဘူး။ ကျွန်တော် ကျင့်ကြံထားတာက ကောင်းကင်စွမ်းအားငနည်းစနစ်ပါ။ တကယ်လို့ ခင်ဗျားရဲ့ ဓားက ကျွန်တော့်ရဲ့ အကာအကွယ်ကို ချိုးဖျက်နိုင်ရင် ကျွန်တော် အရှုံးပေးပါမယ် “
“ ဒါပေမဲ့ အဲဒီမတိုင်ခင် ကျွန်တော်ဆီက လက်သီးတစ်ချက်ကိုတော့ ခံယူရလိမ့်မယ်။ ကောင်းကင်စွမ်းအား လက်သီး “
ထိုသို့ပြောပြီးနောက် သူ ရွှီချိုက်ချန်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ထိုလက်သီးက ပေါက်ကွဲအားတစ်ခု အဖြစ် သိပ်သည်းသွား၏။
“ ရိုးရာ “
တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ရွှီချိုက်ချန် တည်ငြိမ်နေသည်။ သူက အော်ဟစ်လိုက်ပြီး အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။
စာလုံးတစ်လုံး ပေါ်ထွက်လာသည်။
ခုနစ်ပေ မြင့်သည့် ရိုးရာ ဟူသည့် စာလုံးက စင်မြင့်ပေါ်တွင် ချက်ချင်း ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းပုံရသော လက်သီးက လေထဲတွင် အေးခဲသွားသည်။
ကလန်။
ဓားမြည်သံတိုးတိုး ထွက်ပေါ်လာသည်။ ပရိသတ်များ မတုံ့ပြန်နိုင်ခင်ပင် ရွှီချိုက်ချန်၏အင်္ကျီလက်ထဲမှ ဓားအလင်းတန်းတစ်ခု ထွက်လာသည်။
လျှပ်စီးအလား မြန်ဆန်သည့် ဓားချက်သည် လက်သီး၏ စွမ်းအားကို ဖျက်ဆီးပြီး စက္ကူရွက်ကို ဖြတ်သွားသည့်အလား ချန်ကျွမ်း၏ စွမ်းအင်အကာအကွယ်ကို လွယ်ကူစွာ ထိုးဖောက်သွားသည်။ နောက်ဆုံးတွင် ဓားသွားထိပ်က သူ၏ လည်ပင်းတွင် ရပ်တန့်သွားသည်။
***