“လင်းယွင် ဓားသိုင်း”
“ဒီကောင်မလေးမှာ အစွမ်းအစတချို့ ရှိတာပဲ၊ ဒါပေမဲ့ စီနီယာအစ်ကိုယဲ့ကို အနိုင်ယူဖို့ဆိုရင်တော့ အဝေးကြီး လိုသေးတယ်”
စင်အောက်က လူအုပ်ကြီးသည် စုချင်း၏ ဓားကွက်အကြောင်းကို ဝိုင်းဝန်းဆွေးနွေးနေကြသော်လည်း လူတိုင်း စိတ်ဝင်စားနေသည်မှာ စီနီယာအစ်ကိုယဲ့ မည်သည့်ပညာရပ် ထုတ်သုံးမည်နည်း ဆိုသည်ကိုပင်။
သောင်းပြောင်းပညာရပ်ဌာနမှ တပည့်တိုင်းသည် မတူညီသော ပညာရပ်များကို လေ့ကျင့်ကြကြောင်း ဝမ်တောက်ကျောင်းတော်က လူတိုင်း သိထားပြီးသားပင်။
ထိုဓားကွက်နှင့် ရင်ဆိုင်ရချိန်တွင် ယဲ့ပေ့ရွှမ် ခုခံရန် စိတ်မဝင်စားချေ။
သူသည် ဝိညာဉ်စွမ်းအားများကို ကာကွယ်ရေးဒိုင်းအဖြစ် စုစည်းလိုက်ပြီး စုချင်း၏ တိုက်ကွက်ကို အသာအယာပင် ပိတ်ဆို့လိုက်သည်။
“မင်း တိုးတက်လာပုံရပေမဲ့ ဒီလောက်နဲ့တော့ ငါ့ကို စိန်ခေါ်ဖို့ မလုံလောက်သေးဘူး။ အခု စစ်မှန်တဲ့ လင်းယွင် ဓားဆန္ဒက ဘာလဲဆိုတာ ပြမယ်”
ယဲ့ပေ့ရွှမ် စကားပြောပြီးသည်နှင့် နောက်ပစ်ထားသော လက်နှစ်ဖက်ကို ရှေ့သို့ထုတ်ကာ လက်ညှိုးနှင့် လက်ခလယ်ကို ဓားသဏ္ဌာန်ပြု၍ စုချင်းထံသို့ ပေါ့ပေါ့ပါးပါးပင် ညွှန်လိုက်၏။
ရွှစ်
ဓားချီတစ်ခုသည် သူ၏လက်ချောင်းများကြားမှ မြားတစ်စင်းကဲ့သို့ ထွက်ပေါ်လာပြီး စုချင်းထံသို့ ပြေးဝင်သွားတော့သည်။
“လင်းယွင် ဓားဆန္ဒ”
ထိုဓားစွမ်းအင်ကို မြင်လိုက်ရချိန်တွင် စုချင်းတစ်ယောက် နေရာမှာပင် တောင့်ခဲသွားရသည်။
ကလန်။
ဓားချီသည် စုချင်း၏ ဓားရှည်ကို ထိမှန်သွားပြီး အသံတစ်သံ ထွက်ပေါ်လာ၏။
ပြင်းထန်လှသော အားအင်သည် ဓားမှတစ်ဆင့် စီးဝင်လာကာ သူမကို လွင့်ထွက်သွားစေသည်။ သူမ လေထဲသို့ ပျံတက်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။
ဘုန်း
စုချင်း သူမ၏ ညာဘက်ပခုံးကို ဆုပ်ကိုင်လျက် မတ်တပ်ရပ်ရန် ကြိုးစားနေသော်လည်း ခန္ဓာကိုယ်တွင်းရှိ အသက်စွမ်းအင်နှင့် သွေးစွမ်းအင်များမှာ ထိန်းမနိုင်သိမ်းမရ ဆူပွက်လာတော့သည်။ ထိုစဉ် လည်ချောင်းထဲတွင် တစ်ဆို့ဆို့ ခံစားလာရပြီး သွေးတစ်လုတ် အန်ထုတ်လိုက်၏။
ယဲ့ပေ့ရွှမ်သည် စုချင်းကို အထက်စီးမှ ငုံ့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“အခု သတိဝင်လာပြီလား”
“နင်...”
စုချင်းသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
“နင် ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ အရင်က နင် ဓားသိုင်းအကြောင်း ဘာမှမသိခဲ့ဘူးလေ။ ဘယ်လိုလုပ်ပြီး အချိန်တိုလေးအတွင်းမှာ ဓားဆန္ဒကို နားလည်သဘောပေါက်သွားရတာလဲ”
“ဟန့်”
ယဲ့ပေ့ရွှမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“မေးမနေနဲ့တော့၊ မင်းကို ပြောပြရင်လည်း နားလည်မှာ မဟုတ်ဘူး။ ငါ့ဘဝရဲ့ စမှတ်က မင်းဘယ်တော့မှ မရောက်နိုင်တဲ့ ပန်းတိုင်ပဲ။ ကိုယ့်အခြေအနေကိုယ် သိရင် အခုပဲ အရှုံးပေးလိုက်တော့။ဒီလိုမှပဲ မင်းအတွက် သက်သာလိမ့်မယ်”
“ငါ... ငါ လက်မခံနိုင်ဘူး... ဖွီး...”
စုချင်းသည် သွေးတစ်လုတ် ထပ်မံအန်ထုတ်လိုက်ပြီး ထိုနေရာ၌ပင် မေ့လဲကျသွားတော့သည်။
ယဲ့ပေ့ရွှမ် သူမကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ အနီးက ဒိုင်လူကြီးကိုသာ ကြည့်လိုက်၏။
“ဒီပွဲမှာ ယဲ့ပေ့ရွှမ် အနိုင်ရတယ်”
ထိုစကားအဆုံးတွင် ပရိသတ်များမှာ မိန်းမောနေရာမှ သတိပြန်ဝင်လာပြီး အားပေးသံများ ညံသွားတော့သည်။
“စီနီယာအစ်ကိုယဲ့က အံ့ဩဖို့ကောင်းလိုက်တာ”
“စီနီယာအစ်ကိုယဲ့က မိုက်တယ်ကွာ”
ထိုအသံများကြား၌ ယဲ့ပေ့ရွှမ်သည် စင်ပေါ်မှ ခုန်ဆင်းလာသည်။
မေ့လဲနေသော စုချင်းကိုမူ မည်သူမှ ဂရုမစိုက်ကြချေ။ ယဲ့ပေ့ရွှမ်နှင့် သူမ၏ ရန်ငြိုးကို ယခင်က မသိခဲ့ကြသော တပည့်များပင်လျှင် ယခုပွဲအပြီးတွင် သူမကို ရှောင်ဖယ်သွားကြတော့သည်။
စီနီယာအစ်ကိုယဲ့သည် စုချင်းကဲ့သို့ အရေးမပါသော လူတစ်ယောက်ကို တကူးတက ဒုက္ခပေးမည် မဟုတ်သော်လည်း သူမနှင့် ပတ်သက်မိပါက ယဲ့ပေ့ရွှမ်နှင့် နီးစပ်ခွင့်ရရန် မျှော်လင့်ချက် လုံးဝမရှိတော့ပေ။
အချိန်အတော်အတန်ကြာပြီးနောက် ခဲ့ခဲ့သည် လူတိုင်း၏ ထူးဆန်းသော အကြည့်များကို အောင့်အီးသည်းခံလျက် စင်ပေါ်သို့ တက်ကာ စုချင်းကို ထမ်းပိုးခေါ်ဆောင်သွားသည်။
ခုနစ်ရက်ကြာပြီးနောက် အပြင်စည်းတပည့်ပြိုင်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားတော့သည်။
ယဲ့ပေ့ရွှမ်သည် ပြိုင်ပွဲတွင် ပထမဆုကို ရသွားပြီး ရွှီချိုက်ချန်က အဋ္ဌမအဆင့်ကို ရသွား၏။
ဂုဏ်ပြုရမည့် ကိစ္စဖြစ်သော်လည်း သောင်းပြောင်းပညာရပ်ဌာန၌ ချူဖုန်းတစ်ယောက် လုံးဝ မပျော်ရွှင်နိုင်ဖြစ်နေသည်။
သူ့ရှေ့မှ တပည့်နှစ်ယောက်ကို ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။ “အမျိုးကောင်းသားဓားသမားနဲ့ အကြွေးကို အတိုးနဲ့ဆပ်သူ... မင်းတို့နှစ်ယောက် ဒီနာမည်တွေကို ဘယ်လိုများ သောက်ကျိုးနဲ ရလာကြတာလဲဟ”
ရွှီချိုက်ချန်ကမူ သူ့နာမည်မှာ ထူးဆန်းနေသည်ဟု မထင်ချေ။
သူက ပြုံးကာ ပြောသည်။
“ဆရာ၊ တပည့်က ပွဲမစခင် ပြိုင်ဘက်ကို အမြဲတမ်း အရိုအသေပေးပါတယ်။ တပည့် ဘယ်လောက် ယဉ်ကျေးတယ်ဆိုတာ လူတိုင်းမြင်တာပဲလေ၊ ပြီးတော့ တပည့် နားလည်သဘောပေါက်တဲ့ ကျင့်စဉ်ကလည်း ကွန်ဖြူးရှပ်ယဉ်ကျေးမှုကနေ လာတာဆိုတော့ လူတွေက တပည့်ကို အမျိုးကောင်းသားဓားသမား လို့ ခေါ်ကြတာပေါ့”
ယဲ့ပေ့ရွှမ် ထပ်လောင်း၍ ပြောသည်။ “ဒီပြိုင်ပွဲမှာ ဘယ်လိုပြိုင်ဘက်နဲ့ပဲ တွေ့တွေ့၊ သူတို့က ပညာရပ်တစ်ခုကို တစ်ကြိမ်လောက်ပဲ ထုတ်သုံးလိုက်တာနဲ့ တပည့်က ဟုန်မင်ဆန္ဒကို သုံးရင်း အဲဒီပညာကို နားလည်အောင် လုပ်ပြီး ပြန်တုပနိုင်တယ်။ ပြီးတော့ သူတို့ပညာနဲ့ပဲ သူတို့ကို ပြန်အနိုင်ယူလိုက်ပါတယ်။ ပြီးတော့ အပြင်စည်းတပည့်တွေထဲမှာ ဘယ်သူမှ ပညာရပ်ဆန္ဒကို နားလည်မထားဘူးလေ။ သူတို့နဲ့ တိုက်ခိုက်ရတာက လူကြီးတစ်ယောက် ကလေးနဲ့ ကစားနေရသလိုပဲ”
ထိုစကားများကို နားထောင်ပြီးနောက် ချူဖုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။ “ဒါဆို မင်းတို့နှစ်ယောက်က ဒီနာမည်တွေကို ဘယ်လိုသဘောရလဲ”
ရွှီချိုက်ချန် စိတ်လှုပ်ရှားစွာ ပြန်ဖြေ၏။ “တပည့်ကတော့ တကယ်သဘောကျတယ်။ ဆရာကိုယ်တိုင်လည်း တပည့်ကို အမျိုးကောင်းသားတစ်ယောက်ရဲ့ စံနှုန်းတွေနဲ့အညီ သင်ပေးခဲ့တာပဲလေ”
ယဲ့ပေ့ရွှမ်ကလည်း ခေါင်းငြိမ့်ပြသည်။”တပည့်လည်း နာမည်ကောင်းတစ်ခုလို့ ထင်ပါတယ်။ ဒီလိုနာမည်နဲ့ဆိုရင် နာမည်ကြီးလာမှာ သေချာတယ်”
“အေးလေ၊ မင်းတို့ကိုယ်တိုင်က သဘောကျတယ်ဆိုရင်လည်း ငါ ဘာမှမပြောတော့ဘူး”
သူတို့ပြောသည်ကို ကြားပြီးနောက် ချူဖုန်း ဝင်မစွက်ဖက်ရန် ဆုံးဖြတ်လိုက်ပြီး သူ့ခွက်ကို မြှောက်လိုက်သည်။
“ကဲ... သောက်ကြရအောင်။ မင်းတို့နှစ်ယောက် ဒီပြိုင်ပွဲမှာ ငါတို့ သောင်းပြောင်းပညာရပ်ဌာနအတွက် ဂုဏ်ဆောင်ပေးနိုင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့”
“ဂုဏ်ပြုပါတယ်”
ထိုဂုဏ်ပြုစားပွဲသည် ညနက်သည့်တိုင်အောင် ကြာမြင့်ခဲ့၏။
နောက်ဆုံးတွင် လူတိုင်းသည် မိမိတို့အဆောင်များသို့ ပြန်ကာ အနားယူကြတော့သည်။ ချူဖုန်းလည်း သူ၏ အိပ်ခန်းသို့ ပြန်လာပါသည်။
ကျွီ
ထိုစဉ် တံခါးပွင့်လာပြီး အကြီးအကဲပင်းသည် ခြေထောက်ဆေးရန် ရေဇလုံ ကိုင်ကာ ဝင်လာပါသည်။
အကြီးအကဲပင်းသည် ချူဖုန်း၏ မျက်နှာချင်းဆိုင်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ချူဖုန်းကမူ မျက်လုံးများကို မှိတ်လျက် ခြေထောက်ကို ရေစိမ်ထား၏။
အတော်အတန်ကြာပြီးနောက် အကြီးအကဲပင်းက စကားစလိုက်သည်။
“ဌာနမှူးချူ၊ စားသောက်ပွဲမှာတုန်းက တစ်ခုခုကို စဉ်းစားနေပုံရတယ်။ ကျွန်မကို ပြောပြချင်လား”
ချူဖုန်း မျက်လုံးဖွင့်ကာ ပြုံးလိုက်သည်။ “မင်း သတိထားမိလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ သိပ်အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ငပွေကောင် တာ့ချန်တောင် ပြိုင်ဘက်ကင်းလက်သီးအရှင်ဖြစ်လာသေးတာပဲ။ သူတို့အတွက်လည်း အမျိုးကောင်းသားဓားသမား နဲ့ အကြွေးကို အတိုးနဲ့ဆပ်သူ ဆိုတဲ့ နာမည်တွေကလည်း မဆိုးရွားပါဘူး”
အကြီးအကဲပင်း၏ မျက်နှာတွင် နားမလည်နိုင်သော အမူအရာများ ပြည့်နှက်သွားပါ၏။
“ကျွန်မကတော့ အဲဒီနာမည်တွေက အဆင်ပြေတယ်လို့ ထင်တာပဲ။ ဘာပြဿနာရှိလို့လဲ”
ချူဖုန်းက ပြောသည်။ “အဲဒီနာမည်နှစ်ခုမှာ ပြဿနာကြီးကြီးမားမား ရှိတယ်။ ဒါပေမဲ့ အဲဒီကောင်လေးနှစ်ယောက်က ကံကြမ္မာရဲ့သားတော်တွေပဲ။ တစ်နေ့ကျရင် သူတို့ ငါ့ကို အံ့ဩစရာတွေ ယူဆောင်လာပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူ့တပည့်နှစ်ယောက်ကို နောက်ထပ် မည်သို့ ဦးနှောက်ဆေး ရမည်ကို စတင်စဉ်းစားနေတော့၏။
အကြီးအကဲပင်း ထပ်မမေးတော့ချေ။
အပြင်စည်းပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်၍ တပည့်သစ်စုဆောင်းပွဲ စတင်တော့မည်ဖြစ်သည်။
သို့သော် ချူဖုန်းသည် တပည့်သစ်စုဆောင်းရန် အထူးတလည် စိတ်အားထက်သန်ခြင်း မရှိချေ။ မကြာသေးမီက သူသည် ချင်းချင်း ကျင့်ကြံခြင်းမှ ထွက်လာမည့်အချိန်ကိုသာ စောင့်မျှော်နေခဲ့သည်။
ထိုနေ့ ညနေခင်းတွင် မြောင်တောင်ပေါ်ရှိ လူတိုင်းသည် ဝိညာဉ်စွမ်းအင်များ တောင်နောက်ဘက်သို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်ကို သတိပြုမိလိုက်ကြ၏။ ချင်းချင်းတစ်ယောက် အဆင့်တက်တော့မည်ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
ထိုလှုပ်ရှားမှုကြောင့် လူတိုင်း အာရုံစိုက်လာသည်ကို မြင်သောအခါ ချူဖုန်း ပြုံးပြီး ပြောလိုက်၏။ “အရင်ဆုံး စားကြရအောင်။ ထမင်းစားပြီးရင် ငါတို့အားလုံး ချင်းအာ ကို သွားပြီး စောင့်ရှောက်ပေးရမယ်”
“ကောင်းပါပြီ”
လူတိုင်းသည် ထမင်းကို အရှိန်မြှင့်စားလိုက်ကြသည်။
ထမင်းစားပြီးနောက် သူတို့အားလုံး တောင်နောက်ဘက်သို့ စုရုံးလာကြပြီး ချင်းချင်း ကျင့်ကြံနေသော ဂူအပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
အချိန်သည် တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွား၏။
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ချူဖုန်း၏ စိတ်ထဲ၌ ရင်းနှီးနေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
[ဒင် ပိုင်ရှင်၏ တပည့် ချင်းချင်းသည် ကောင်းကင်ဇာစ်မြစ်အဆင့် သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ ပိုင်ရှင်အား ဆုလာဘ်အဖြစ် ကျင့်ကြံခြင်း သက်တမ်း အနှစ် (၃၀) ပေးအပ်ပါတယ်]
သူ့နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားလေသည်။
“ချင်းအာ အောင်မြင်သွားပြီ”
လူတိုင်းသည် ဂူပေါက်ဝသို့ အလိုလို လှည့်ကြည့်လိုက်ကြသည်။ ခဏအကြာတွင် ချင်းချင်း ထွက်လာ၏။
ချင်းချင်းသည် ချူဖုန်းကို မြင်သည်နှင့် ချက်ချင်းပင် အရိုအသေပေးလိုက်သည်။ “တပည့်ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”
ချူဖုန်းက ပေါ့ပေါ့ပါးပါးပင် လက်ကာပြလိုက်သည်။ “ကျေးဇူးတင်စရာ မလိုပါဘူး။ မင်း ဘေးကင်းကင်းနဲ့ အဆင့်တက်နိုင်တာက ဆရာ့အတွက် အကြီးမားဆုံး ဝမ်းသာစရာပဲ။ လာ... မင်းအတွက် အရသာရှိတာတွေ ပြင်ထားတယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ချင်းချင်းသည် ဦးညွှတ်လိုက်ပြီး ချူဖုန်းနှင့် အခြားသူများနောက်သို့ လိုက်ပါသွားသည်။
နောက်တစ်နေ့။
မွန်းတည့်ချိန်တွင် လူတိုင်းသည် ချင်းချင်း ကောင်းကင်ဇစ်မြစ်အဆင့်သို့ ရောက်ရှိသွားခြင်းကို ဂုဏ်ပြုရန် စားပွဲတွင် စုရုံးနေကြသည်။
သောက်စားပြီးနောက် ချူဖုန်းက ပြောသည်။ “ချင်းအာ၊ အခု မင်း ကောင်းကင်ဇာစ်မြစ်အဆင့်ကို ရောက်ပြီဆိုတော့ ဒီနှစ် တပည့်သစ်စုဆောင်းရေးအဖွဲ့ကို မင်း ဦးဆောင်ရမယ်။ ရှို့ယွမ် နဲ့ တခြားသူတွေလည်း မင်းနဲ့အတူ တောင်တံခါးဝကို လိုက်သွားကြလိမ့်မယ်။ ရွေးချယ်မှု စံနှုန်းတွေကတော့ ငါတို့ သောင်းပြောင်းပညာရပ်ဌာန ရဲ့ စည်းမျဉ်းတွေအတိုင်းပဲ ဖြစ်ရမယ်”
“နားလည်ပါပြီ”
ချင်းချင်းက ချက်ချင်းပင် သဘောတူလိုက်၏။
ယဲ့ပေ့ရွှမ်၊ နျဲ့ရှို့ယွမ် နှင့် ရွှီချိုက်ချန် တို့သည် ဘေးမှ ကြည့်နေကြပြီး သောင်းပြောင်းပညာရပ်ဌာန ၏ တပည့်သစ်ရွေးချယ်မှု စံနှုန်းများက မည်သို့ဖြစ်မည်နည်းဆိုသည်ကို အထူးပင် စိတ်ဝင်စားနေကြတသည်။
***