ကာကွယ်သူတုတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ရှိနေလေသည်။
သူက ကျိုးဖေးကို သတ်ပြီးနောက် ကလေး၏ ဝိညာဉ်ကို ထိခိုက်စေကာ အရူးတစ်ယောက်ဖြစ်အောင် လုပ်ရန် စီစဉ်ထား၏။
“အလင်းတော်အဖွဲ့မှာ နေတာထက် သလင်းကျောက် သန်း ၁၀၀ ယူပြီး တခြားနေရာမှာ အသက်မွေးဝမ်းကျောင်းပြုတာက အများကြီး ပိုကောင်းတယ်”
သူ၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါးအပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာလေသည်။
သူ၏ ညာဘက်လက်ထဲတွင် ရှည်လျားသော ဓားပြားတစ်ခု ပေါ်လာ၏။ ဓားသွားမှာ အပြာနုရောင်ဖြစ်လေသည်။ သူက ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။
မီးလှိုင်းတစ်ခုကဲ့သို့ ဓားပြားအလင်းက လေကိုခွဲကာ သားအမိနှစ်ယောက်ဆီသို့ ပြေးဝင်လာ၏။
“အား”
ချန်းချွမ်က အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားလေသည်။ သူ ဤကဲ့သို့ အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။
သို့သော် ကျိုးဖေးမှာ အကာအကွယ်လိုအပ်နေသဖြင့် ချန်းချွမ် တုံ့ဆိုင်းမနေခဲ့ချေ။ သူ ကြောက်နေသော်လည်း မျက်လုံးဝိုင်းလေးများကို ပြူးကာ အော်ဟစ်လိုက်လေသည်။
“ငါ မင်းကို သတ်ပစ်မယ်”
သန္ဓေအဆင့်၏ တိုက်ခိုက်မှုအပြင် မီးတောက်ကဲ့သို့သော ဓားပြားအလင်းက ချန်းချွမ်နှင့် ကျိုးဖေးတို့အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိခဲ့ပေ။
“ချန်းချွမ်၊ ပြန်လာခဲ့”
ကျိုးဖေး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ရှေ့သို့ ပြေးထွက်တော့မည့် ချန်းချွမ်ကို အမြန်တားလိုက်လေသည်။
လူငယ်လေးမှာ ခွန်အားကြီးမားလွန်းသဖြင့် ကျိုးဖေးမှာ သူ့ကို ဆွဲထားရင်း လဲကျလုနီးပါး ဖြစ်သွား၏။
မည်သို့ပင်ဖြစ်စေ ကျိုးဖေးက လူကြီးတစ်ယောက်ဖြစ်ပြီး လောကကြီးအကြောင်း အများကြီးသိထားသဖြင့် ယခုကြုံတွေ့နေရသော အန္တရာယ်ကို မည်သို့ရင်ဆိုင်ရမည်ကို သူမ သိလေသည်။
သူမက ကာကွယ်ရေးရတနာ သုံးဆယ်ကျော်ကို တစ်ပြိုင်နက် ထုတ်ယူကာ အသက်သွင်းလိုက်၏။
အလင်းတန်းအမျိုးမျိုးက သူမနှင့် ချန်းချွမ်ကို ဖုံးလွှမ်းသွားလေသည်။
သူတို့နှစ်ယောက်ပေါင်း ဆဋ္ဌမအဆင့် ကာကွယ်ရေးစိတ်ဝိညာဉ်ရတနာ အခု တစ်ရာ့သုံးဆယ်ခန့် ရှိလေသည်။
နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုများကို ခုခံရန် အချိန်အတော်ကြာ လိုအပ်ပေမည်။
‘ခဲအိုကို ဘယ်လိုဆက်သွယ်ရမလဲ’
ကျိုးဖေးမှာ အလွန်စိုးရိမ်ပူပန်နေလေသည်။
‘ခဲအို၊ ငါတို့ကို ခံစားသိနိုင်လား။ ခဲအို နောက်ကျမှရောက်လာရင် ငါတို့ သေရတော့မယ်’
ဘုန်း...
အပြင်ဘက်ဆုံး အလင်းလွှာပေါ်တွင် ဓားပြားအလင်းက ပြင်းထန်သော အတက်အကျတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။
သူ၏ ဓားပြားဖြင့် ခုတ်ပိုင်းမှုနှင့်အတူ ကာကွယ်သူတုက အပြင်ဘက်ကာကွယ်ရေးအလွှာ၏ တစ်ဝက်ကို ဖြတ်တောက်လိုက်၏။
“ဟင်”
ကာကွယ်သူတုက မျက်ခုံးအနည်းငယ်ပင့်ကာ အံ့ဩတကြီး ပြောလိုက်လေသည်။
“မင်းတို့ဆီမှာ ကာကွယ်ရေးစိတ်ဝိညာဉ်ရတနာတွေ အများကြီးရှိတယ်ပေါ့။ ဒါပေမဲ့ အလကားပဲ။ မင်းတို့မှာ ခွန်အားမှ မရှိတာ။ မင်းတို့ဆီမှာ ရတနာတွေ ဘယ်လောက်ပဲရှိရှိ မင်းတို့က အမှိုက်တွေပါပဲ”
စကားပြောနေစဉ် ကာကွယ်သူတု၏ မျက်ခုံးများ ပြေလျော့သွားပြီး နောက်ပြောင်သော အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ပေါ်လာ၏။
“မင်းတို့ရဲ့ ရတနာတွေကို ငါ ဖြည်းဖြည်းချင်း ချိုးဖျက်ပစ်မယ်”
ဝှစ်...
သူက လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးပြုကာ ဓားပြားအလင်း ရှစ်ချက်ကို ထုတ်လွှတ်လိုက်လေသည်။
အပြင်ဘက်ဆုံး ကာကွယ်ရေးအလွှာမှာ မကွဲအက်မီ ပြင်းထန်စွာ တုန်ခါသွား၏။ ထို့နောက် နောက်ထပ် ကာကွယ်ရေးအလွှာကလည်း ဤတိုက်ခိုက်မှုကြောင့် ကြေမွသွားပြန်လေသည်။
သို့သော် ကာကွယ်ရေးရတနာ သုံးဆယ်ကျော်က သားအမိနှစ်ယောက်အတွက် အချိန်အနည်းငယ် ပေးနိုင်ခဲ့၏။
စိတ်ဝိညာဉ်ရတနာများက ပြည့်စုံသော ကာကွယ်ရေးတစ်ခု ဖြစ်လေသည်။ အချို့က ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိပြီး အချို့ကမူ လျှို့ဝှက်ပညာရပ်များကို ခုခံရန် အဓိက အသုံးပြုကြသည်။
အစပိုင်းတွင် အပြင်ဘက်ရှိ ကာကွယ်ရေးအလွှာ ငါးခုကို ချိုးဖျက်ရန် ကာကွယ်သူတုအတွက် တစ်မိနစ်ပင် မကြာခဲ့ပေ။
သို့သော် နောက်ဆက်တွဲ ကာကွယ်ရေးမှာ အလွန်ခိုင်မာပြီး ၎င်းကို ချိုးဖျက်ရန် သူက လျှို့ဝှက်ပညာရပ် တစ်ဒါဇင်ကျော် အသုံးပြုခဲ့ရလေသည်။
“တော်တော် မာကျောတာပဲ”
ကာကွယ်သူတုက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“ဒါက မင်းတို့အတွက် အချိန်နည်းနည်းပဲ ပေးနိုင်မယ်။ ဒီနေရာမှာ ဘယ်သူကမှ မင်းတို့ကို ခံစားသိနိုင်မှာ မဟုတ်ဘူး။ သေဖို့သာ ပြင်ထားတော့”
ဤအချိန်တွင် ကာကွယ်သူတုမှာ လယ်ထွန်နွားတစ်ကောင်နှင့် တူနေလေသည်။ သူက အလွန်ကြိုးစားပြီး အဆက်မပြတ် တိုက်ခိုက်နေခဲ့၏။
တဖြည်းဖြည်းနှင့် သူက ကာကွယ်ရေးအလွှာ သုံးဆယ်ကို ချိုးဖျက်နိုင်ခဲ့လေသည်။
“နောက်ဆုံးနှစ်ခု၊ ဟားဟားဟား”
ကာကွယ်သူတု၏ အသက်ရှူနှုန်းက ယခင်ကထက် ပိုမြန်နေ၏။ ကြိမ်ဖန်များစွာ တိုက်ခိုက်ပြီးနောက် သူ အနည်းငယ် ပင်ပန်းနေကြောင်း သိသာလေသည်။
ကျိုးဖေးမှာ အစပိုင်းတွင် ထိတ်လန့်နေခဲ့သော်လည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။
သူမက ချန်းချွမ်၏ လက်ကို ဆွဲထားပြီး သူ့ကို စကားပြောခွင့် မပြုခဲ့ပေ။
‘အစ်မယန်သာ ဒီမှာရှိနေရင် သူမ ဘာလုပ်မလဲ’
ကာကွယ်ရေးအလွှာ နှစ်ခုသာ ကျန်တော့သည်ကို မြင်သောအခါ ကျိုးဖေးက တစ်မျိုးစဉ်းစားရန် ကြိုးစားလိုက်လေသည်။
“ဟူး”
သူမ၏ မျက်နှာ ဖြူရော်သွား၏။
သူမက ခေါင်းမော့ကာ ကာကွယ်သူတုကို တည့်တည့်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
“နောက်ဆုံးနှစ်ခု ဟုတ်လား”
ဝုန်း...
ထပ်မပြောတော့ဘဲ ကျိုးဖေးက ရတနာအမျိုးပေါင်း သုံးဆယ်ကျော်ကို နောက်တစ်ကြိမ် ထုတ်ယူလိုက်၏။
ဤသည်က သူမ၏ နောက်ဆုံးရတနာအသုတ် ဖြစ်လေသည်။ နောက်တစ်ခုဆိုလျှင် သူမက ချန်းချွမ်၏ ရတနာများကို အသုံးပြုရမည်ဖြစ်သည်။
သို့သော် ကာကွယ်သူတုက ဤရတနာများကို မြင်သောအခါ သူ၏မျက်ဆံများ ကျဉ်းမြောင်းသွားလေသည်။
‘သောက်ကျိုးနည်း’
‘သူမဆီမှာ ဘာလို့ ဒီလောက်အများကြီး ရှိနေရတာလဲ’
တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရ၏။
ယေဘုယျအားဖြင့် ခွန်အားသိပ်မရှိသောသူများက ဤမျှများပြားသော ရတနာများကို ပိုင်ဆိုင်ထားရန် အင်အားကြီးမားသော ကျောထောက်နောက်ခံ ရှိရမည်ဖြစ်လေသည်။
‘ဒါ အဆင်မပြေဘူး’
‘ငါ သူမကို သတ်ရမယ်’
‘မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက စိတ်ကူးလို့ရမှာ မဟုတ်ဘူး’
ကာကွယ်သူတုက ပို၍ ပြတ်သားလာလေသည်။
‘သူမကို လွှတ်ပေးပြီး အလင်းတော်အဖွဲ့ထက် ပိုအင်အားကြီးနိုင်တဲ့ သူမရဲ့ ကျောထောက်နောက်ခံဆီ ပြန်သွားခွင့်ပြုလိုက်ရင် ငါ သေချာပေါက် အသတ်ခံရမှာ မဟုတ်ဘူးလား။
‘အလုံခြုံဆုံးနည်းလမ်းက အလင်းတော်အဖွဲ့ကနေ ထွက်သွားဖို့ပဲ။ ဒါဆိုရင်တောင် ငါက ဒီမိန်းမကို သတ်ပြီး သလင်းကျောက် သန်း ၁၀၀ ယူရဦးမယ်’
“ရှင် သလင်းကျောက်တွေကို လိုချင်ရင် ကျွန်မ ရှင့်ကို သန်း ၅၀ ပေးနိုင်တယ်”
ကျိုးဖေးက တစ်ဖက်လူ၏ စိတ်ဓာတ်ကို တဖြည်းဖြည်း ချိုးဖျက်ရန် စိတ်ပိုင်းဆိုင်ရာ နည်းဗျူဟာများကို အသုံးပြုခဲ့လေသည်။
“တကယ်လား။ ကောင်းပြီလေ။ ဒါဆို ထွက်ခဲ့။ ငါ မင်းတို့ကို ချူမိသားစုဆီ ခေါ်သွားမယ်”
ကာကွယ်သူတု၏ တိုက်ခိုက်မှုက နှေးကွေးသွား၏။
“သူတို့ကို ဒီကိုလာဖို့ ပြောလိုက်ပါ။ ကျွန်မ ရှင့်ကို နေရာမှာတင် သလင်းကျောက်တွေ ပေးမယ်”
ကျိုးဖေးက ပြောလိုက်လေသည်။
ဤအချိန်တွင် ကျိုးဖေးက ရလဒ်ကို သိနေပြီးဖြစ်၏။
မျှော်လင့်ထားသည့်အတိုင်း-
“မင်းက လှည့်ကွက်တွေ သုံးချင်နေတာလား။ မိန်းကလေး၊ မင်းက အတွေ့အကြုံ အရမ်းနည်းသေးတယ်။ ငါ စူးစမ်းရှာဖွေပြီး သတ်ဖြတ်ဖို့ ထွက်သွားတုန်းက မင်းက ကလေးပဲ ရှိသေးတာ”
ကာကွယ်သူတုက လှောင်ပြောင်ပြီး ထပ်မံတိုက်ခိုက်လိုက်လေသည်။
ကျိုးဖေးမှာ သူမ၏ မထီမဲ့မြင်ပြုမှုကို ပြသရန် လှောင်ပြောင်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
သို့သော် တကယ်တော့ သူမက အလွန် စိုးရိမ်နေခဲ့လေသည်။
ဤအတိုင်းသာ ဆက်သွားနေပါက သူမနှင့် ချန်းချွမ်တို့ စိတ်ဝိညာဉ်ရတနာများ မကြာမီ ကုန်သွားလိမ့်မည်။
‘ငါ တကယ် သေရတော့မှာလား’
ကျိုးဖေး ရင်နာသွားလေသည်။
သူမ မသိခဲ့သည်မှာ ဒုတိယအသုတ်၏ အပြင်ဘက်ဆုံးရှိ အပြာရောင်ကာကွယ်ရေးစွမ်းအင် ကြေမွသွားချိန်တွင် စိတ်ဆန္ဒတစ်ခုက တိတ်ဆိတ်စွာ ပျံ့နှံ့သွားခဲ့ခြင်းပင်။
သားရဲစီးမိုးတောင်ထွတ်တွင်။
ချူယူယူ၏ နေအိမ်တွင်။
မဟာသခင်ချူနှင့် ကျန်းဟန်တို့ စစ်တုရင်ကစားနေကြပြီး အဇူရာတောင်ထွတ် တာအိုအရှင်၊ တာအိုဆရာကြီး ဟုန်ဟူနှင့် ချူကျင်းယီတို့က ဘေးမှ စောင့်ကြည့်နေကြလေသည်။
ကျင့်ကြံသူများအတွက် တစ်လ သို့မဟုတ် နှစ်လက လျင်မြန်စွာ ကုန်ဆုံးသွားတတ်၏။
တာအိုဆရာကြီး ဟုန်ဟူနှင့် အဇူရာတောင်ထွတ် တာအိုအရှင်တို့ကလည်း အစ်ကိုကြီးဟန်ယန်၏ ကိစ္စကို ကူညီပေးရန် ရည်ရွယ်၍ ဤနေရာတွင် နေထိုင်ခဲ့ကြလေသည်။
သခင်လေးတုန့်နှင့် ချူချင်တို့က နှင်းနီတောင်တန်းသို့ ပြန်သွားကြ၏။
နှင်းနီတောင်တန်း ဂိုဏ်းချုပ်၊ အဆင့်မြင့်အရာရှိ တစ်စုနှင့် တာအိုဆရာကြီး ဟုန်ဟူ၏ အင်အားစုမှ အဆင့်မြင့်အဖွဲ့ဝင်များလည်း ထိုနေရာတွင် စုရုံးနေကြလေသည်။
“အစ်ကိုကြီး၊ အစ်ကို့ရဲ့ စစ်တုရင်စွမ်းရည်က တကယ်ကို ကောင်းတာပဲ”
တာအိုဆရာကြီး ဟုန်ဟူက လက်ခုပ်တီးကာ ချီးကျူးလိုက်၏။
“အံ့ဩစရာပဲ၊ အံ့ဩစရာပဲ။ အဘိုးကြီးချူရဲ့ စစ်တုရင်စွမ်းရည်က သိပ်မကောင်းဘူး။ သူက အစ်ကိုကြီးရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
“ဒါပေါ့။ အစ်ကိုကြီးက ငါတို့ထက် အများကြီး ပိုအတွေ့အကြုံရှိတယ်။ သူ့ရဲ့ စိတ်အခြေအနေက မြင့်မားတယ်၊ ဒါကြောင့်မို့လို့ သူက စစ်တုရင်ကစားရာမှာ တော်တာပေါ့။ ညီနောင်ချူ ဆယ်ယောက်တောင်မှ သူ့ရဲ့ပြိုင်ဘက် ဖြစ်ချင်မှဖြစ်မှာ”
အဇူရာတောင်ထွတ် တာအိုအရှင်က နောက်ကောက်မကျချင်သဖြင့် ပြောလိုက်လေသည်။
ကျန်းဟန် ဆွံ့အသွား၏။
ဤကဲ့သို့သော ကိစ္စမျိုးက မကြာခဏ ဖြစ်ပွားလေ့ရှိလေသည်။
“ဟားဟားဟား”
မဟာသခင်ချူက ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ငါက ဘယ်လိုလုပ် သူ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ”
ပုံမှန်အခြေအနေအောက်တွင် မဟာသခင်ချူ၏ ဒေါသဖြင့်ဆိုလျှင် ဤလူနှစ်ယောက်က သူ့ကို လှောင်ပြောင်ပါက သူ သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။ သို့သော် ယခုမူ ရှုံးသွားသော်လည်း သူက ပျော်ရွှင်စွာ ရယ်မောနေလေသည်။
အဘိုးအိုသုံးယောက်က ကျန်းဟန်၏ ပတ်ပတ်လည်တွင် ဝိုင်းရံကာ သူ့ကို အစ်ကိုကြီးဟု အလွန်ရိုသေစွာ ခေါ်နေကြ၏။
အစပိုင်းတွင် ချူကျင်းယီမှာ အလွန်အဆင်မပြေသလို ခံစားရသော်လည်း တဖြည်းဖြည်းနှင့် သူမ ၎င်းကို အသားကျလာခဲ့လေသည်။
မူလက သူမသည် ချူမိသားစုနှင့် အနည်းငယ်သာ ပတ်သက်ရန် စီစဉ်ထားသော်လည်း မဟာသခင်ချူက ထိုသို့မဖြစ်စေချင်ပေ။ ယခုအခါ မိသားစုတွင်း သူမ၏ အဆင့်အတန်း မြင့်တက်လာပြီး မိသားစုခေါင်းဆောင်ချူကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်လေသည်။
‘ဆရာက အစွမ်းအထက်ဆုံးပဲ’
ချူကျင်းယီက သူမ၏ လှပသောမျက်လုံးများဖြင့် ကျန်းဟန်ကို ကြည့်ကာ စိတ်ထဲတွင် တွေးလိုက်၏။
‘သူ့ကို လေးစားတဲ့သူတွေကတောင် မဟာသခင်အဆင့်မှာ ရှိနေကြတာ’
ကျန်းဟန်က စစ်တုရင်ကစားနေသော်လည်း သူ၏စိတ်မှာ ဗြောင်းဆန်နေလေသည်။
သူ တည်ငြိမ်ရန် နည်းလမ်းမရှိပေ။
ဇီယန်နှင့် မုန့်မုန့်တို့ကို မရှာတွေ့နိုင်သရွေ့ သူ အနားယူနိုင်မည် မဟုတ်ချေ။
သူက မကြာခဏ စိတ်မရှည်ဖြစ်ပြီး စိတ်အခြေအနေ မကောင်းဖြစ်နေတတ်၏။
သူက အမြဲတမ်း စိုးရိမ်ပူပန်မှုများနှင့် မသက်မသာဖြစ်မှုများကို ခံစားနေရလေသည်။ ကျန်းဟန်၏ စိတ်အခြေအနေက ခုနစ်ပါးကန္တာရနယ်မြေတွင် နတ်ဆိုးဝင်ပူးခံရစဉ်က သူ၏ စိတ်အခြေအနေနှင့် တူညီနေသည်။
ကျန်းဟန်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး သူ၏ နယ်ရုပ်ကို ချလိုက်၏။
“လေးလေးနက်နက် ကစားပါ”
“ကျွန်တော် အရမ်းလေးနက်ထားပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ စစ်တုရင်စွမ်းရည်က အစ်ကိုကြီးကို မယှဉ်နိုင်ဘူး”
မဟာသခင်ချူက ခါးသီးစွာ ပြုံးလိုက်ပြီး စစ်တုရင်ခုံကို ကြည့်လိုက်လေသည်။ ခဏအကြာတွင် သူက ခေါင်းခါကာ ပြောလိုက်၏။
“ကျွန်တော် ထပ်ရှုံးသွားပြန်ပြီ”
“အဘိုးကြီးချူ၊ ဖယ်ပေးလိုက်တော့။ နောက်တစ်ပွဲကို အစ်ကိုကြီးနဲ့ ငါကစားမယ်”
မဟာသခင်ချူ မတ်တတ်ရပ်လိုက်ချိန်တွင် စိတ်ဆန္ဒတစ်ခုက ကျန်းဟန်ကို ထိတွေ့သွားလေသည်။
ကျန်းဟန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏မျက်လုံးများက အရှေ့ဘက်ကို စိုက်ကြည့်နေ၏။
သူက ညာဘက်လက်ဖြင့် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်လေသည်။
နောက်ဘက်ခြံဝင်းရှိ မြက်ခင်းပြင်အောက်မှ လေယာဉ်တစ်စင်း ပေါ်ထွက်လာ၏။ ၎င်းက လေထဲတွင် ပေါလောပေါ်နေပြီး သူတို့အထက်တွင် ရပ်တန့်သွားလေသည်။ ဖြစ်စဉ်တစ်ခုလုံးက တစ်စက္ကန့်ပင် မကြာခဲ့ပေ။
ကျန်းဟန် လှုပ်ရှားသွားပြီး လေယာဉ်ပေါ်သို့ တစ်ယောက်တည်း တက်သွားလေသည်။
ဘန်း...