မဟာသခင်ချူ၊ တာအိုဆရာကြီး ဟုန်ဟူနှင့် အဇူရာတောင်ထွတ် တာအိုအရှင်တို့၏ အကူအညီဖြင့် ကျန်းဟန်အတွက် ကျယ်ပြောသောကောင်းကင် ကြယ်တာရာနယ်မြေတွင် သူ၏အဖွဲ့မှ ကျန်သူများကို ရှာဖွေရန် လွယ်ကူလိမ့်မည်ဖြစ်၏။ အလုပ်လုပ်နိုင်စွမ်းမှာ အနည်းဆုံး အဆပေါင်းများစွာ ပိုများလာမည်ဖြစ်သည်။
ခဏအကြာတွင် မဟာသခင်ချူ၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲလာလေသည်။ သူက ကျန်းဟန်ကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုလိုက်၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
“မင်းတို့ သွားလို့ရပြီ။ ငါ အနားယူတော့မယ်”
ကျန်းဟန် လက်ကို ဝှေ့ယမ်းလိုက်လေသည်။
ထိုစကားကို ကြားသည်နှင့် စကားပြောရန် ပြင်နေသော အဇူရာတောင်ထွတ် တာအိုအရှင်နှင့် တာအိုဆရာကြီး ဟုန်ဟူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ အတော်လေး အကူအညီမဲ့သလို ခံစားလိုက်ရလေသည်။
“သွားကြစို့။ အစ်ကိုကြီး အနှောင့်အယှက်ဖြစ်မှာစိုးလို့ ပြန်ရောက်မှပဲ စကားပြောကြတော့မယ်”
မဟာသခင်ချူက သူတို့နှစ်ယောက်ကို ဆွဲခေါ်သွားရင်း ပါးစပ်နားရွက်တပ်ချိတ်မတတ် ပြုံးနေလေသည်။
“ဘယ်လိုနေလဲ”
ကျန်းဟန်၏ နေရာမှ ထွက်ခွာလာပြီးနောက် တာအိုဆရာကြီး ဟုန်ဟူက မနေနိုင်ဘဲ မေးလိုက်၏။
“အထဲမှာ အစ်ကိုကြီးက မင်းကို ဘာတွေသင်ပေးလိုက်တာလဲ”
“ဟားဟားဟား”
မဟာသခင်ချူက အသံတိုးတိုးဖြင့် ရယ်မောကာ ခေါင်းခါလိုက်လေသည်။
“ငါ မင်းတို့ကို ပြောလို့မရဘူး။ ငါ မပြောနိုင်ဘူး”
သူ၏ ဂုဏ်ယူနေသော အမူအရာက သူတို့နှစ်ဦးကို စိတ်လှုပ်ရှားသွားစေ၏။
သို့သော် မဟာသခင်ချူက ကြွားလုံးမထုတ်ဘဲ မနေနိုင်သေးပေ။
အခြားနှစ်ယောက်က လေးငါးကြိမ်ခန့် မေးပြီးမှသာ သူက တိုးတိုးလေး ပြောလိုက်လေသည်။
“သူက ငါ့ကို အရင်က မကြားဖူးတဲ့ နက်နဲလွန်းတဲ့ ကျင့်စဉ်တစ်ခုကို သင်ပေးတယ်။ လျှို့ဝှက်ပညာရပ် သုံးမျိုးအကြောင်းကိုလည်း ပြောပြတယ်၊ အားလုံးက လျှို့ဝှက်လက်နက်တွေချည်းပဲ။ ငါ့ရဲ့ ကျင့်စဉ်နဲ့ လျှို့ဝှက်ပညာရပ် သုံးမျိုးက မဟာပြည့်စုံခြင်းအဆင့်ကို ရောက်သွားရင် မဟာပြည့်စုံခြင်းအဆင့် အလယ်အဆင့်မှာရှိတဲ့ လူ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကို အနိုင်ယူနိုင်ပြီး ပိုမြင့်တဲ့အဆင့်က လူတွေကိုတောင် တိုက်ခိုက်နိုင်တယ်လို့ အစ်ကိုကြီးက ပြောတယ်”
“ဘာ”
“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ”
“ဘုရားရေ”
တာအိုဆရာကြီး ဟုန်ဟူနှင့် အဇူရာတောင်ထွတ် တာအိုအရှင်တို့မှာ အသက်ပြင်းပြင်းမရှူဘဲ မနေနိုင်ကြတော့ပေ။
တကယ်တော့ ကျန်းဟန်က ကျယ်ပြောသောကောင်းကင် ကြယ်တာရာနယ်မြေတွင် သူတို့ ကောင်းကောင်းနေထိုင်နေကြပြီး အားလုံးက မဟာသခင်အဆင့်တွင် ရှိကြသော်လည်း ကျင့်ကြံခြင်းကမ္ဘာ၏ အထွေထွေပတ်ဝန်းကျင်တွင် အားကိုးစရာလူ မရှိကြောင်းကို သူ ကောင်းကောင်းသိလေသည်။ အထက်တန်းလွှာများ၏ ကျင့်စဉ်များနှင့် အခြားအရင်းအမြစ်များကို သူတို့ မသိကြပေ။ သူတို့လို လူများစွာက တစ်သက်လုံး ဤအဆင့်တွင်သာ ရပ်တန့်နေကြလိမ့်မည်။
ထို့ကြောင့် အဇူရာတောင်ထွတ် တာအိုအရှင်နှင့် တာအိုဆရာကြီး ဟုန်ဟူတို့သည် မည်သည့် မကောင်းသော ရည်ရွယ်ချက်မျှ မရှိဘဲ ကူညီရန် နောက်ချန်နေခဲ့ခြင်း ဖြစ်လေသည်။
အချိန်က လူတစ်ယောက်၏ နှလုံးသားကို ဖော်ပြတတ်၏။ အဆက်မပြတ် ကျဆင်းနေသော ရေစက်များက ကျောက်တုံးကို ပွန်းပဲ့သွားစေနိုင်သည်ဟု သူတို့ ယုံကြည်ကြလေသည်။ လျှို့ဝှက်ပညာရပ်များနှင့် ကျင့်စဉ်များကို အင်မော်တယ်ဆရာသခင်၏ ပေါ့ပေါ့ပါးပါး လမ်းညွှန်မှုမှတစ်ဆင့် သူတို့ အများကြီး အကျိုးအမြတ် ရရှိနိုင်ပေသည်။
“ခဲအိုက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့ ကုလားထိုင်ပေါ်မှာ အမြဲလှဲနေရတယ်လို့ အစ်မ ပြောလိုက်တာလား”
ကျိုးဖေး နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်၏။
“အစ်မယန်နဲ့ မုန့်မုန့်သာ ဒီအကြောင်း သိရင် သေချာပေါက် စိတ်ဆိုးပြီး ငိုကြမှာပဲ”
သူမ အနည်းငယ် စိတ်မကောင်းဖြစ်မိလေသည်။ ကျန်းဟန်နှင့် အမြဲတတွဲတွဲရှိနေတတ်သော ဇီယန်နှင့် မုန့်မုန့်တို့ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
“ဟူး”
ကျိုးဖေးက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“လူတိုင်းက ရုတ်တရက်ကြီး ကွဲကွာသွားကြတယ်”
“ဒါက အဆိုးကြီးတော့ မဟုတ်လောက်ပါဘူး”
ချူကျင်းယီက ပြောလိုက်လေသည်။
“အကြီးအကဲယွဲ့ ပြောသလိုပါပဲ၊ အားလုံး အတွေ့အကြုံရတာ ကောင်းပါတယ်”
ချူကျင်းယီက တစ်ယောက်တည်းနေရတာ အသားကျနေပြီဖြစ်၍ ဤသို့သော အခြေအနေမျိုး ကြုံလာရသောအခါ အခြားသူများကဲ့သို့ စိတ်မကောင်း မဖြစ်ပေ။
သို့သော် အချို့လူများကမူ အလွန် စိတ်မသက်မသာ ဖြစ်နေကြလေသည်။
ဤအချိန်တွင် မုန့်မုန့်မှာ ဂိုဏ်းအတွင်း အလွန် နာမည်ကြီးနေပြီ ဖြစ်၏။
သူမက တပည့်သစ်များကြားတွင် ဆေးလုံးသန့်စင်ခြင်း၌ နံပါတ်တစ်ဖြစ်ပြီး သူမ၏ စီနီယာဂိုဏ်းတူအစ်ကိုများ၊ အစ်မများစွာကိုပင် ကျော်လွန်နေခဲ့လေသည်။
“ကျန်းဟန်ယန်က ဆေးလုံးသန့်စင်ခြင်းမှာ တကယ့် ပါရမီရှင်ပဲ”
“သူက အရမ်းမျှော်လင့်ချက်ရှိတယ်။ သစ်ခွတောင်ထွတ်သခင်က သူ့ကို အရမ်းချစ်တာ”
“တောင်ထွတ်သခင်ကတောင် သူ့ကို တပည့်အဖြစ် လက်ခံချင်နေတာ၊ ဒါပေမဲ့ ကျန်းဟန်ယန်က သဘောမတူခဲ့ဘူး။ တကယ်ကို ထူးဆန်းတာပဲ။ ပါရမီရှင်တွေ အားလုံးက ဒီလိုပဲ ထူးဆန်းကြတာလား”
သစ်ခွတောင်ထွတ်၏ တပည့်များစွာက ဤအကြောင်းကို အမြဲပြောလေ့ရှိကြလေသည်။
တစ်နှစ်မပြည့်မီအချိန်အတွင်း တပည့်သစ်လေးက သစ်ခွတောင်ထွတ်တွင် နာမည်ကြီးလာခဲ့၏။ သူ၏ခွန်အားက ထိတ်လန့်ဖွယ်ကောင်းလှပေသည်။
သို့သော် ဆွေးနွေးမှု၏ အဓိကဇာတ်ကောင်ဖြစ်သော ကျန်းဟန်ယန်က ဤအချိန်တွင် ရေတံခွန်ဘေး၌ တစ်ယောက်တည်း ရှိနေလေသည်။ သူမက သစ်ကိုင်းတစ်ကိုင်းပေါ်တွင် ထိုင်ကာ ရေတံခွန်ကို ငေးကြောင်ကြည့်နေ၏။
“သခင်မလေး”
ရှုန်းဖုန်းရန်က အနောက်မှ ပြေးလာလေသည်။
“ဘာဖြစ်လို့လဲ”
မုန့်မုန့်က မျက်လုံးများကို ချက်ချင်းသုတ်လိုက်ပြီး နှုတ်ခမ်းစူကာ မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်၏။
“တာဟေး၊ မင်း ဘာလို့ ဒီရောက်နေတာလဲ”
“သခင်မလေးကို လာကြည့်တာပါ”
တာဟေးက ပျော်ရွှင်စွာ သစ်ပင်ပေါ်တက်လာပြီး မုန့်မုန့်ဘေးတွင် ထိုင်လိုက်လေသည်။
“ကျွန်တော် ဒီတစ်ခါ အကျယ်ချုပ်ကျတာ တစ်လရှိပြီ။ လွတ်လွတ်ချင်း ချက်ချင်း ဒီကို လာခဲ့တာ”
လူငယ်နှစ်ဦးဖြစ်သည့် ရှုန်းဖုန်းရန်နှင့် ကျန်းဟန်ယန်တို့မှာ သားရဲလေ့ကျင့်ရေးတောင်ထွတ်တွင် အလွန်နာမည်ကြီးလေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့က စိတ်ဝိညာဉ်သားရဲ မည်မျှကို ခိုးစားခဲ့မှန်း မသိသောကြောင့် ဖြစ်၏။
“ငါ ဖေဖေ့ကို လွမ်းတယ်”
မုန့်မုန့်က မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်လေသည်။
“ကျွန်တော်လည်း သခင့်ကို လွမ်းတယ်။ ကျွန်တော် ဒီမှာ ဆက်မနေချင်တော့ဘူး။ ကိုယ့်ခန္ဓာကိုယ်ဆီ ပြန်သွားချင်တယ်။ လူသားတစ်ယောက်ဖြစ်ရတာ သိပ်ကို ဒုက္ခများတာပဲ”
တာဟေးက နှုတ်ခမ်းကို သပ်ကာ ပြောလိုက်၏။
“ဆက်မပြောနဲ့တော့။ မင်း ဒီအကြောင်း ထပ်ပြောရင် ငါ ငိုတော့မယ်”
မုန့်မုန့် နှုတ်ခမ်းစူကာ ငိုတော့မည့်ပုံ ပေါက်နေလေသည်။
“အို၊ မငိုပါနဲ့ သခင်မလေး။ သခင်မလေးငိုရင် ကျွန်တော်လည်း ငိုချင်လာလိမ့်မယ်”
တာဟေးက ပြောလိုက်၏။
“မင်း အရမ်းစိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာပဲ”
မုန့်မုန့်၏ မျက်လုံးများ နီရဲလာလေသည်။
“ဝူး... ဝူး... ဝူး...”
တာဟေးမှာ အော်သံနှစ်ချက်မထုတ်ဘဲ မနေနိုင်တော့ပေ။ ၎င်း၏ ဝမ်းနည်းမှုကို ဖွင့်ထုတ်ရန် ရင်ဘတ်ကို ထုချင်နေပုံရလေသည်။
မမျှော်လင့်ဘဲ တာဟေး၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။
“သခင်မလေး၊ လူလာနေတယ်”
ဝှစ်...
မုန့်မုန့် ချက်ချင်းပင် သစ်ကိုင်းပေါ်တွင် မတ်တတ်ရပ်ကာ ကိုယ်ဟန်ကို ပြင်လိုက်ပြီး မျက်လုံးများကို အကြိမ်ကြိမ် လှိမ့်လိုက်လေသည်။
သူမက နောက်လှည့်ကြည့်လိုက်၏။
မုန့်မုန့် အနည်းငယ် ဆွံ့အသွားပြီး ချက်ချင်းပင် အကူအညီမဲ့သလို ခံစားလိုက်ရလေသည်။
ကံကောင်းစွာဖြင့် သူမ ဝမ်းမနည်းတော့ပေ။
“မောင်လေးကျန်း၊ မင်း သစ်ခွတောင်ထွတ်မှာ မရှိဘူးဆိုတာ သိလိုက်ရတော့ ရှုခင်းကြည့်ဖို့ ဒီကိုလာတာပဲ ဖြစ်ရမယ်လို့ အစ်မ ထင်လိုက်တယ်”
ရောက်လာသော မိန်းကလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“စီနီယာအစ်မ၊ ဘာလို့ ဒီကို ရောက်နေတာလဲ”
မုန့်မုန့်က မေးလိုက်လေသည်။
“ငါ မင်းကို လာကြည့်တာ”
လှပသော စီနီယာအစ်မက မုန့်မုန့်ဆီသို့ ပျော်ရွှင်စွာ ပြေးလာ၏။
“အင်း၊ ပြီးခဲ့တဲ့တစ်ခါက ကျွန်တော့်အကြောင်း ပြောပြခဲ့တယ်လေ”
မုန့်မုန့်က သစ်ကိုင်းပေါ်တွင် ရပ်ကာ သူမဆီသို့ ပျံသန်းလာသော ကောင်မလေးကို ကြည့်လိုက်လေသည်။
“ဘာကို ဆိုလိုတာလဲ”
စီနီယာအစ်မက သိချင်စိတ်ဖြင့် မေးလိုက်၏။
“ကျွန်တော် ယောကျ်ားလေးတွေကို သဘောကျတယ်လို့ ပြောခဲ့တယ်လေ”
မုန့်မုန့်က ပကတိအတိုင်း ပြန်ဖြေလိုက်လေသည်။
သေချာသည်မှာ သူမအနှစ်သက်ဆုံး ယောကျ်ားက သူမအမြင်တွင် အချောဆုံးဖြစ်၏။
“မောင်လေးကျန်း”
စီနီယာအစ်မက ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားလေသည်။ သူမက မုန့်မုန့်ဆီသို့ မလာသည်မှာ အတန်ကြာပြီဖြစ်၏။
သို့သော် မုန့်မုန့်က သူမ၏ ဆုံးဖြတ်ချက်ကို လျှော့တွက်ခဲ့လေသည်။
ဤအချိန်တွင် သစ်ခွတောင်ထွတ်မှ လွှမ်းမိုးလိုသော စီနီယာအစ်မက ရှုန်းဖုန်းရန်ကို ဒေါသတကြီး ကြည့်လိုက်၏။
“ငါ နင့်ကို ပြီးခဲ့တဲ့တစ်ခေါက်က သတိပေးခဲ့တယ်။ နင် မောင်လေးကျန်းကို ထပ်ပြီး နှောင့်ယှက်ရဲရင် မင်းကို သင်ခန်းစာပေးမယ်လို့ ငါပြောခဲ့တယ်”
သူမက သူ့ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ပြီး မုန့်မုန့်ကို နူးညံ့သော မျက်လုံးများဖြင့် ထပ်ကြည့်လိုက်လေသည်။
“မောင်လေး၊ အစ်မ သေချာစဉ်းစားပြီးပြီ။ မင်းရဲ့ စိတ်နေစိတ်ထားမှာ တစ်ခုခု မှားယွင်းနေတာ ဖြစ်နိုင်တယ်။ ယောကျ်ားနဲ့ မိန်းမကြားက ဆက်ဆံရေးကို ပြောရရင် ယင်နဲ့ ယန် လမ်းစဉ်က...”
သူမ စကားပြောနေစဉ် မျက်နှာပေါ်တွင် ရှက်သွေးဖြာမှုတစ်ခု ဖြတ်ပြေးသွား၏။
သူမက အလွန်ရှက်နေသော်လည်း ဆက်ပြောရန် အခိုင်အမာ ပြောဆိုနေဆဲဖြစ်လေသည်။
“အဲဒါက အံ့ဩစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ အစ်မ တိတ်တဆိတ် စုံစမ်းပြီးသွားပြီ။ ဟို မောင်လေးကျန်း၊ မင်း အဲဒါကို မကြုံဖူးသေးဘူးလေ။ မင်းရဲ့ အကြိုက်ကို ပြုပြင်ဖို့ အစ်မ ကူညီပေးနိုင်တယ်။ မင်းသာ ဆန္ဒရှိရင် အစ်မတို့...”
သူမက မောင်လေးကျန်း၏ သဘောဆန္ဒအတိုင်း လိုက်လျောမည့်ပုံပေါက်နေလေသည်။
မုန့်မုန့် ဆွံ့အသွား၏။
“ဘာ။ စီနီယာအစ်မ၊ အစ်မက... ကျွန်တော်...”
ခဏမျှ မုန့်မုန့် ဘာပြောရမှန်းမသိ ဖြစ်သွားလေသည်။
‘သူမကို ရှောင်ဖို့ အမြဲတမ်း ကြိုးစားနေတာတောင် ငါ ကျရှုံးခဲ့တယ်’
‘ဒါက ပင်ပန်းလိုက်တာ’
“မင်း သူ့ကို လမ်းမှားရောက်အောင် လုပ်နေတာပဲ”
တာဟေးက မကျေမနပ်ဖြင့် ပြောလိုက်၏။
“ထွက်သွားစမ်း။ ညီငယ်ကျန်းက မင်းကို မကြိုက်ဘူး”
“သူ ငါ့ကို သဘောကျလာအောင် ငါ အစွမ်းကုန် ကြိုးစားမယ်။ နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ။ ငါ့အကြောင်း အဲဒီလို ပြောရဲတယ်ပေါ့လေ။ ယုံချင်ယုံ မယုံချင်နေ... နင့်ကို ထပ်ပြီး အကျယ်ချုပ်ချခံရအောင် ငါ လုပ်ပစ်မယ်”
စီနီယာအစ်မက ဒေါသတကြီး ပြောလိုက်လေသည်။
သူမက တစ်ခါတစ်ရံ စိတ်တိုတတ်ပြီး တစ်ခါတစ်ရံ နူးညံ့တတ်၏။
သူမက တကယ်ကို ရှုပ်ထွေးသော ကောင်မလေးတစ်ယောက်ဖြစ်လေသည်။
“စီနီယာအစ်မ၊ စဉ်းစားဖို့ အချိန်နည်းနည်းပေးပါ။ ကျွန်တော် အခု တစ်ယောက်တည်း နေချင်တယ်”
မုန့်မုန့် အလွန် ထိတ်လန့်သွား၏။ စီနီယာအစ်မက နယ်ကျွံလာပြီဟု သူမ ခံစားလိုက်ရလေသည်။
သူမက ဟန်ပြစကားအနည်းငယ် အမြန်ပြောပြီးနောက် တာဟေးနှင့်အတူ ထွက်ပြေးသွား၏။
“ဟွန့်”
စီနီယာအစ်မက သူတို့နောက်တွင် ဒေါသတကြီး ခြေဆောင့်နင်းကာ ပြောလိုက်လေသည်။
“ရှုန်းဖုန်းရန်၊ နင့်ကို အနှေးနဲ့အမြန် ငါ သင်ခန်းစာပေးမယ်”
သူမအမြင်တွင် ရှုန်းဖုန်းရန်က သူမ၏ အမျိုးသားကို လုယူသွားသော လူဆိုးဖြစ်ပုံရ၏။
သူမ လုပ်ခဲ့သည့်အရာပြီးနောက် မုန့်မုန့်နှင့် တာဟေးတို့ အခြားနေရာသို့ သွားခဲ့ကြလေသည်။ သားရဲလေ့ကျင့်ရေးတောင်ထွတ်က သူတို့နေရန် အလွန်အန္တရာယ်များလွန်း၏။ သူတို့ အမည်ပျက်စာရင်းသွင်းခံရလုနီးပါး ဖြစ်နေပြီး နေရာအများအပြားက သူတို့ကို မကြိုဆိုကြပေ။
သူတို့ ဘာမှမတတ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့က စိတ်ဝိညာဉ်သားရဲများကို ခိုးစားလွန်းခဲ့လေသည်။
“သခင်မလေး၊ ကျွန်တော်တို့ ဘယ်သွားကြမလဲ”
“ကောင်းကင်နဂါးကြယ်တာရာပြည်နယ်ကို ပြန်သွားကြမလား”
“ငါတို့ ပြန်သွားလို့မရဘူး”
မုန့်မုန့်က ပြောလိုက်လေသည်။
“အဲဒီက ကြယ်တာရာလမ်းကြောင်းက ပြိုကျသွားပြီ။ အဲဒီကိုသွားဖို့ ငါတို့ အနည်းဆုံး သုံးနှစ်ကြာလိမ့်မယ်။ ရက်အနည်းငယ်နေရင် ဖေဖေ ငါ့ကို လာရှာမှာ ဖြစ်နိုင်တယ်။ လောလောဆယ် ငါတို့ ထွက်သွားလို့မရဘူး။ သူ့ကို ဒီမှာပဲ စောင့်မယ်။ အဲဒီအချိန်ကျမှ သူ မရောက်လာသေးရင် အစောပိုင်း ဒါမှမဟုတ် နောက်ပိုင်း ငါက ဂိုဏ်းတစ်ခုလုံးမှာ နာမည်ကြီးလာလိမ့်မယ်။ ကျန်းဟန်ယန်ရဲ့ နာမည်က ကြယ်တာရာနယ်မြေမှာ ပြန့်နှံ့သွားတဲ့အခါ ဖေဖေ ငါ့ကို ရှာတွေ့ဖို့ သေချာပေါက် လွယ်ကူသွားလိမ့်မယ်”
“ကျွန်တော် အပြင်ထွက်ပြီး အစီအစဉ်တချို့ လုပ်လိုက်ရင်ကော”
တာဟေးက မေးလိုက်၏။
“အဲဒါ မလိုပါဘူး။ ကျယ်ပြောသောကောင်းကင်ကြယ်တာရာနယ်မြေက အရမ်းကြီးတယ်”
မုန့်မုန့်က အကျိုးသင့်အကြောင်းသင့် ပြောလိုက်လေသည်။
ကောင်မလေးက အလွန်ထက်မြက်ပြီး သူမ ယခု အသက် ဆယ့်ခြောက်နှစ် ရှိပြီဖြစ်၏။
သူမ အရွယ်ရောက်တော့မည်။ သူမတွင် ရင်သပ်ရှုမောဖွယ် လှပသော ရုပ်ရည်ရှိလေသည်။ ဇီယန်ကဲ့သို့ပင် သူမက အလွန်ကြည့်ကောင်းသော်လည်း သူမ၏ သိမ်မွေ့သော မျက်နှာအသွင်အပြင်များမှာ တစ်နှစ်နီးပါး ပုန်းကွယ်နေခဲ့၏။
ယောကျ်ားလေးတစ်ယောက်လို ဝတ်ဆင်ထားရင်တောင် သူမက ကမ္ဘာမြေပေါ်ရှိ ချောမောသော လူငယ်လေးတွေထက် ပိုချောမောနေလိမ့်မည်။
စီနီယာအစ်မပင် မုန့်မုန့်၏ ဆွဲဆောင်မှုမှ ရုန်းမထွက်နိုင်ပေ။
သူမက ရှုန်းဖုန်းရန်ကို သင်ခန်းစာပေးရန် အစွမ်းကုန် ကြိုးစားနေခဲ့လေသည်။
လက်ရှိတွင် သစ်ခွတောင်ထွတ်၌ ကျန်းဟန်ယန်၏ အမျိုးသမီးပရိသတ် အများအပြားရှိပြီး ရေပန်းစားသော ပစ်မှတ်တစ်ခု ဖြစ်နေ၏။
နောက်တစ်နေ့။
အလင်းတော်အဖွဲ့၏ ဂိုဏ်းချုပ်က လက်ဆောင်ကြီးအချို့ပေးရန် ချူမိသားစု၏ နေအိမ်သို့ ကိုယ်တိုင် ရောက်လာခဲ့လေသည်။
စိတ်ဝိညာဉ်ရတနာများမှာ တောက်ပနေ၏။
သူ၏ သဘောထားက ရိုးသားလှလေသည်။ သူက ရတနာများကို ထုတ်ယူလိုက်သော်လည်း ကျန်းဟန်က မျက်ခွံပင် မလှုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
‘ဒါတွေ မလုံလောက်လို့လား’
ဂိုဏ်းချုပ်က စိတ်ထဲတွင် တွေးလိုက်လေသည်။
‘ဒါမှမဟုတ် သိပ်မကောင်းလို့လား’
‘သူက နည်းနည်း လောဘကြီးနေတာလား’
အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်၏။ သူက သိုလှောင်လက်စွပ်ထဲမှ တန်ဖိုးနည်းသော ရတနာအချို့ကို ထုတ်ယူလိုက်လေသည်။ ထိုရတနာများ၏ အဆင့်များကို ၎င်းတို့၏ အသွင်အပြင်ဖြင့် အကဲဖြတ်၍ မရနိုင်ပေ။
‘ဒီအထဲမှာ ပစ္စည်းကောင်းတချို့ ရှိကောင်းရှိနိုင်တယ်။ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီရတနာတွေက ငါ့မှာရှိတဲ့ နောက်ဆုံးရတနာတွေပဲ’
မမျှော်လင့်ဘဲ သူ ထိုရတနာများကို ထုတ်ယူလိုက်သည်နှင့်...
“ဟင်”
ကျန်းဟန် ရုတ်တရက် မျက်လုံးဖွင့်လိုက်လေသည်။ တိုးတိုးလေး အံ့ဩသံနှင့်အတူ သူ၏ ညာဘက်လက်ကို လှုပ်ရှားလိုက်ရာ ရတနာများကြားမှ မီတာဝက်ခန့်မြင့်သော ကျောက်စိမ်းမီးဖိုတစ်ခုက သူ့ရှေ့တွင် ပေါလောပေါ်လာ၏။ သူက ၎င်းကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများ လင်းလက်သွားလေသည်။
“စီနီယာ၊ ဒီကျောက်စိမ်းမီးဖိုကို ကျွန်တော် မတော်တဆ ရခဲ့တာပါ။ ဒါက ဘယ်လိုရတနာမျိုးလဲဆိုတာ မပြောတတ်ပေမဲ့ ဆဋ္ဌမအဆင့် အနိမ့်ပိုင်း စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်သင့်တယ်လို့ ခံစားရတယ်”
အလင်းတော်အဖွဲ့၏ ဂိုဏ်းချုပ်က ပြောလိုက်၏။
“မဆိုးပါဘူး”
ကျန်းဟန်က ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
“ဒါ တကယ်ကို ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်ရတနာပဲ။ ဒါကို ငါယူလိုက်မယ်၊ ကျန်တာတွေကို မင်း ယူသွားလို့ရပြီ။ ငါတို့ အခု ကျေသွားပြီ”
“စီနီယာ့ကို ဘယ်လို ကျေးဇူးတင်ရမလဲ မသိတော့ပါဘူး”
အလင်းတော်အဖွဲ့၏ ဂိုဏ်းချုပ် အလွန် ဝမ်းသာသွား၏။
တစ်ချိန်တည်းမှာပင် သူက ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။
‘ငါ ခုနက သူ့ကို အထင်လွဲသွားတာပဲ’
‘စွမ်းအားကြီးတဲ့ အင်မော်တယ်ဆရာသခင်က ငါ့မှာရှိတဲ့ ဒီချမ်းသာကြွယ်ဝမှု နည်းနည်းလေးကို ဘာလို့ ဂရုစိုက်ရမှာလဲ’
သို့သော် သူ့တွင် ထိုသို့သော အတွေးရှိနေချိန်မှာပင် ကျန်းဟန်က ပြောလိုက်၏။
“ကောင်လေးတို့၊ ငါ့ကို ကူညီပေးကြပါဦး”
“အစ်ကိုကြီးဟန်ယန်သာ ပြောပါ။ ကျွန်တော်တို့နဲ့ အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး”
မဟာသခင်ချူက ပြောလိုက်လေသည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့ အမြဲတမ်း အစ်ကိုကြီးအတွက် အသင့်ရှိပါတယ်”
အဇူရာတောင်ထွတ် တာအိုအရှင်က ပြောလိုက်၏။
တာအိုဆရာကြီး ဟုန်ဟူနှင့် အလင်းတော်အဖွဲ့၏ ဂိုဏ်းချုပ်မီတို့လည်း အကြိမ်ကြိမ် ခေါင်းညိတ်ကြလေသည်။
“ငါလိုအပ်တဲ့ ဆဋ္ဌမအဆင့်အထက် အထူးစိတ်ဝိညာဉ်ရတနာတွေရဲ့ အသေးစိတ်စာရင်း ရှိတယ်”
ကျန်းဟန်က စိတ်ဝိညာဉ်ရတနာ ကိုးဆယ်ကျော်ကို ချရေးလိုက်၏။
“အရမ်းများတာပဲ”
“ဒီလောက် အများကြီး”
“အဋ္ဌမအဆင့် စိတ်ဝိညာဉ်ရတနာတွေလည်း လိုတယ်လား”
ထိုလူများ၏ ခန္ဓာကိုယ်များ တုန်ယင်သွားပြီး အလွန်အမင်း အံ့အားသင့်သွားကြလေသည်။
“အစ်ကိုကြီးက ဘာလို့ ဒီလောက်များတဲ့ စိတ်ဝိညာဉ်ရတနာတွေ လိုအပ်တာလဲ”
“ငါ မှော်ပညာထုတ်သုံးဖို့ သူတို့ကို လိုအပ်တယ်”
ကျန်းဟန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
“မင်းတို့ဂိုဏ်းကတင်မကဘဲ တခြားဂိုဏ်းတွေဆီကလည်း ရပါတယ်။ အဲဒါတွေကို သလင်းကျောက် ဒါမှမဟုတ် စိတ်ဝိညာဉ်ရတနာတွေနဲ့ ငါ လဲလှယ်ပေးမယ်”
“ကောင်းပါပြီ။ ကျွန်တော် စီစဉ်လိုက်ပါ့မယ်”
အဇူရာတောင်ထွတ် တာအိုအရှင် ချက်ချင်း ခေါင်းညိတ်လိုက်လေသည်။
မည်သို့မျှ တုံ့ဆိုင်းမနေဘဲ သူတို့က သူတို့၏ လက်အောက်ငယ်သားများကို ဆက်သွယ်ကာ အစီအစဉ်များ ပြုလုပ်ခဲ့ကြ၏။
ကျန်းဟန်က သူ့ရှေ့ရှိ ကျောက်စိမ်းမီးဖိုကို တိတ်ဆိတ်စွာ ကြည့်ရင်း ညင်သာစွာ ပြုံးလိုက်လေသည်။
“ဂိုဏ်းချုပ်မီ၊ မင်းက ငါ့ကို ဒီလို အံ့အားသင့်စရာပေးလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး”
မရေမတွက်နိုင်သော အသင်္ချေသစ်သား ကမ္ဘာဦးချီအချို့ကို သူ အာရုံခံမိ၏။
ကျန်းဟန်၏ မျက်လုံးများ လင်းလက်သွားလေသည်။
အစပိုင်းတွင် သူ အာရုံခံမိတာ မှားသွားသည်ဟု ထင်ခဲ့သော်လည်း ကျောက်စိမ်းမီးဖိုထဲတွင် အသင်္ချေသစ်သား ကမ္ဘာဦးချီ အများအပြား ပုန်းကွယ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
၎င်းမှာ အသုံးပြုမှုကျယ်ပြန့်သော အထူးစွမ်းအင်တစ်မျိုး ဖြစ်လေသည်။
၎င်းမှာ ကျိန်စာများချရန် အသုံးပြုနိုင်သော ထက်မြက်သည့် လက်နက်တစ်ခုဖြစ်၏။ ၎င်းကို အသုံးပြု၍ ကြယ်တာရာနယ်မြေတစ်ခုအကွာမှ ရန်သူများကို သတ်ဖြတ်နိုင်လေသည်။
သေချာသည်မှာ ဤအတွက် ကြိုတင်သတ်မှတ်ချက်တစ်ခု ရှိ၏။
ထို့ပြင် ကျန်းဟန်က သွေးအရင်းအမြစ်မန္တန်ဟုခေါ်သော နည်းလမ်းတစ်ခုကိုလည်း သိထားလေသည်။
သူ၏ ဆွေမျိုးရင်းချာများကို ရှာဖွေရန် ၎င်းကို အသုံးပြုနိုင်၏။
ဇီယန်၊ မုန့်မုန့်၊ ကျန်းကွမ်းယို၊ ရုန်ကျားလီနှင့် ကျန်းလီတို့ကို ရှာဖွေရန် ၎င်းကို အသုံးပြုခြင်းအပေါ် ကျန်းဟန် အလွန်ယုံကြည်မှုရှိလေသည်။
သို့သော် ကျန်းမူ၊ ရုန်ကျားရှင်းနှင့် အခြားသူများကို ရှာဖွေရာတွင် အလုပ်ဖြစ်ချင်မှ ဖြစ်ပေမည်။
၎င်းမှာ ကျန်းဟန်ကို အလွန်ပျော်ရွှင်စေသော ကောင်းမွန်သည့်အရာတစ်ခုလည်း ဖြစ်၏။
ကျင့်ကြံခြင်းကမ္ဘာမှ လူများက မန္တန်များ၏ ထွတ်မြတ်အဆင့်ရတနာဖြစ်သော အသင်္ချေသစ်သား ကမ္ဘာဦးချီကို လူရှာရာတွင် အသုံးပြုကြောင်း သိပါက သူတို့ ဆွံ့အသွားပေလိမ့်မည်။
သို့သော် ၎င်းမှာ ကျန်းဟန်၏ အလုပ်လုပ်ပုံစတိုင်ဖြစ်လေသည်။
သူလိုချင်တာကို ရဖို့ ကူညီပေးနိုင်သရွေ့ ထွတ်မြတ်အဆင့်ရတနာကို အသုံးပြုရခြင်းကို သူ ဂရုမစိုက်ပေ။