ဝေ့မိသားစုဝင်များက ဝေ့ယီချီကို လှမ်းကြည့်လိုက်ကြသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း ဝင်ပြောလာသည်။ သူက ဝေ့မိသားစု၏ ယခင် မိသားစုခေါင်းဆောင်ဟောင်း ဖြစ်ပုံရ၏။ လက်ရှိတွင် ဝေ့မိသားစုမှာ နာမည်ခံသက်သက်သာ ကျန်တော့သော်လည်း သူ၏ သြဇာအာဏာကတော့ ရှိနေဆဲပင်။
“ယီချီ… အခုက အရေးကြီးတဲ့ အချိန်ရောက်နေပြီ။ မင်း ဒီနှစ်တွေထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး အတော်များများ စုဆောင်းထားတယ်ဆိုတာ ငါ သိတယ်။ ဒါကို ငါ့ဆီကနေ ချေးလိုက်တယ်လို့ သဘောထားလိုက်ပါ။ ငါတို့ အခြေအနေလေး နည်းနည်း ပြန်ကောင်းလာတာနဲ့ မင်းအတွက် အဖြေတစ်ခုရအောင် ငါတို့အားလုံး ဝိုင်းရှာပေးကြမယ်လေ… ဟုတ်ပြီလား”
ဝေ့ယီချီက သူတို့ကို ကြည့်လိုက်ပြီး သူမ၏ အရေးအကြောင်းများထနေသော လက်များက အဝတ်စွန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။
အခုချိန်မှာ သူတို့က အပြောကောင်းနေကြပေမယ့် ထိုအဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာက သူတို့ဆီမှာ နောက်ဆုံးကျန်ရှိနေတဲ့ ပိုင်ဆိုင်မှုဆိုတာကို လူတိုင်း သိကြသည်။ ဒီ 'ငြိမ်းချမ်းရေးအသိုက်အမြုံ' ထဲမှာ အခြေတကျ နေထိုင်နိုင်ရင်တောင်မှ ငွေရှာဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။
လမ်းတစ်လမ်းပေါ်မှာပဲ နေထိုင်ရင်း စိတ်ဝိညာဉ်ကျောက်တုံးတွေ ထပ်စုဆောင်းဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။
“ဝေ့ယီချီ… ကျေးဇူးကန်းတဲ့ အလုပ်မျိုး မလုပ်နဲ့။ ပြောရရင် နင့်ဆီက အဲဒီ စိတ်ဝိညာဉ်ကျောက်တုံးတွေဆိုတာ အရင်တုန်းက ငါတို့ နင့်ကို ပေးကမ်းထားတဲ့ အလှူငွေတွေပဲလေ။ အခု ပြန်ပေးရမယ့် အချိန်ရောက်ပြီ”
ဝေ့ဇီချင်းက ဝင်ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာတွေ”
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ဆက်ပြီး သည်းမခံနိုင်တော့ပေ။
“ဘယ်လှုပ်ရှားမှုမှာများ ယီချီက ရှေ့ဆုံးကနေ မတိုက်ခိုက်ခဲ့လို့လဲ။ သူရထားတာ အားလုံးက သူ့ရဲ့ လုပ်အားခချည်းပဲ။ အလှူငွေအကြောင်း ပြောရမယ်ဆိုရင် လှုပ်ရှားမှုတိုင်းမှာ အနောက်ကနေ ပုန်းနေပြီး သခင်မလေးတစ်ယောက်လို အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ နေနေတဲ့ နင် ဝေ့ဇီချင်းကမှ အလှူခံနေရတာ။ အခု ငါတို့ကို ကြည့်စမ်း… ငါတို့ထဲမှာ ဘယ်သူက ဖရိုဖရဲ မဖြစ်နေလို့လဲ။ နင်တစ်ယောက်တည်းကသာ အမှိုက်တစ်စတောင် မပေတာ”
“ရှင် ဘာပြောလိုက်တယ်… ယုံမလား မယုံလားတော့ မသိဘူး၊ ရှင့်ကို အခုချက်ချင်း ဝေ့မိသားစုထဲကနေ ထွက်သွားခိုင်းလိုက်မယ်”
“ဝေ့မိသားစုက ကျဆုံးသွားခဲ့တာ ကြာပြီ။ နင်က အခုထိ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အချိန်လို့ ထင်နေတုန်းလား”
“တော်ကြတော့… မင်းတို့နှစ်ယောက်လုံး စကားကို လျှော့ပြောကြ”
လူလတ်ပိုင်းအမျိုးသားက ဝင်ပြောကာ ဝေ့ဇီချင်းနှင့် သက်လတ်ပိုင်းအမျိုးသမီးကို တားလိုက်သည်။
“အခုလောလောဆယ် ငါတို့ ပထမဆုံး လုပ်ရမှာက နေစရာနေရာ ရှာဖို့ပဲ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်မငြင်းကြနဲ့တော့။ ဒီနှစ်တွေထဲမှာ ဒီမိသားစုအတွက် ဘယ်သူက ပိုပြီး ပေးဆပ်ခဲ့လဲဆိုတာ ငါ သေချာမြင်ပါတယ်။ ဇီချင်း… မြန်မြန် ယီချီ့ကို တောင်းပန်လိုက်။ အခုကစပြီး ယီချီ ပိုင်ဆိုင်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဘယ်သူမှ မက်မောခွင့် မရှိဘူး”
“ဟွန်း… ဦးလေး တောင်းပန်ချင်ရင် ကိုယ့်ဘာသာ သွားတောင်းပန်။ ကျွန်မက သူ့ကို တောင်းပန်လိမ့်မယ်လို့များ ထင်နေလား”
ဝေ့ဇီချင်းက လက်ပိုက်လိုက်ပြီး သူ့ကို လုံးဝ ဂရုမစိုက်တော့ပေ။
လူလတ်ပိုင်းအမျိုးသားက ဝေ့ယီချီကို အနေခက်စွာ ပြုံးပြလိုက်ပြီး ဒီကိစ္စကို အဆုံးသတ်လိုက်သည်။
“ဒါက ဒီနှစ်တွေထဲမှာ ကျွန်မ စုဆောင်းထားခဲ့တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေပါ။ စုစုပေါင်း အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ့်ခုနစ်တုံး ရှိတယ်။ အရင်ဆုံး နေစရာနေရာတစ်ခု သွားငှားကြတာပေါ့… ကျွန်မကိစ္စက အရေးမကြီးပါဘူး”
နောက်ဆုံးတွင် ဝေ့ယီချီက နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော သူမ၏ စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးလိုက်သည်။
“ယီချီ… နင်”
သက်လတ်ပိုင်းအမျိုးသမီးက သူမကို ဖြောင်းဖျချင်နေသည်။
“ဒေါ်လေးသုံး… ဘာမှ ဆက်မပြောပါနဲ့တော့။ ကျွန်မတို့အားလုံးက မိသားစုဝင်တွေပဲလေ… ဒီအခက်အခဲကို အတူတူ ကျော်ဖြတ်ကြတာပေါ့”
“ဟူး… ယီချီ၊ ငါတို့ ဝေ့မိသားစုက မင်းအပေါ်ကို မှားယွင်းခဲ့ပါတယ်”
လူလတ်ပိုင်းအမျိုးသားက သက်ပြင်းချရင်း စိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံယူလိုက်သည်။
ကျန်တဲ့သူတွေကလည်း ရှက်ရွံ့မှုနှင့် နောင်တရစကား အနည်းငယ်ကို အတိုချုံး ဝင်ပြောလိုက်ကြသည်။
ဤထောင့်ချိုးလေးထဲတွင် သူတို့ကို တိတ်တဆိတ် စိုက်ကြည့်နေသော အကြည့်တစ်ချက်ကို ဝေ့မိသားစုဝင် တစ်ယောက်မှ သတိမထားမိခဲ့ကြပေ။
ထိုအကြည့်ပိုင်ရှင်သည် သူတို့၏ စကားဝိုင်း ပြီးဆုံးသွားပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူ၏ လက်ကြားအတွင်းမှ မှတ်စုစာအုပ်ငယ်လေးတစ်အုပ်ကို ဆွဲထုတ်ကာ စာမျက်နှာအနည်းငယ် လှန်လှောကြည့်လိုက်ရာ 'ကျန်းပေ ဝေ့မိသားစု' ဆိုသော စာလုံးများကို တွေ့လိုက်ရသည်။
တည်းခိုခန်းအတွင်းတွင်မူ ဖေ့ယီရှန်က စားပွဲဘေး၌ ပေါ့ပေါ့ပါးပါးနှင့် ရဲရဲတင်းတင်း ထိုင်နေသည်။
“သူဌေးလု… ရှင် သိချင်နေတဲ့ အကြောင်းအရာ အားလုံးကို ကျွန်မ စုံစမ်းလို့ရခဲ့ပြီ။ ဒါပေမဲ့ ဒီနေ့အတွက် ဒီဟင်းပွဲကတော့…”
“ငါပဲ ဒကာခံလိုက်ပါ့မယ်… ဟုတ်ပြီလား”
လုချန်က ဒီကောင်မလေးရဲ့ အချိုးကို ကောင်းကောင်းသိနေသည်။
“ဟားဟား… ဒါဆိုရင်တော့ ကျွန်မ အစုံလိုက် လိုချင်တယ်နော်။ တစ်ပွဲမှ လွတ်သွားလို့ မရဘူး”
“မင်း အစားလွန်ပြီး သေသွားမှာကို မကြောက်ဘူးလား”
“သေသွားရင်တောင် ပျော်ပျော်ကြီး သေမှာပဲ”
“ကောင်းပြီ… မြန်မြန်သာ ပြောစမ်းပါ”
“အင်း”
ဖေ့ယီရှန်က ခေါင်းညိတ်လိုက်သည်။
“ကျွန်မတို့ အရာသိခန်းမကနေ စုံစမ်းရရှိထားတဲ့ သတင်းတွေအရ ရှင် ရှိနေတဲ့ ဒီလမ်းကို မကြာသေးခင်ကမှ 'ငြိမ်းချမ်းရေးအသိုက်အမြုံ' လို့ နာမည်ပေးထားကြတယ်”
“ငြိမ်းချမ်းရေးအသိုက်အမြုံ… ရှင်းပြစမ်းပါဦး”
“သူဌေးလု… ရှင်က အရှေ့ဘက်ကုန်းမြေတိုက်က လာတာ မဟုတ်လား”
“အင်း… အဲဒီလိုပဲ မှတ်လိုက်ပါ”
“ဒါဆိုရင်တော့ ရှင်က မဟာရှအင်ပါယာရဲ့ စနစ်တွေနဲ့ သိပ်ပြီး ရင်းနှီးမှာ မဟုတ်ဘူး။ အလယ်ပိုင်းကုန်းမြေတိုက် တစ်ခုလုံးက မဟာရှအင်ပါယာရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ ဒါပေမဲ့ အလယ်ပိုင်းကုန်းမြေတိုက်မှာက ကျင့်ကြံသူတွေနဲ့ မရေမတွက်နိုင်တဲ့ ပုန်းကွယ်နေတဲ့ ပညာရှင်တွေ အများကြီးရှိနေတော့ အရှေ့ဘက်ကုန်းမြေတိုက်က သေမျိုးတိုင်းပြည်တွေလိုမျိုး အုပ်ချုပ်လို့ မရဘူးလေ။ ဒါကြောင့်မို့ ဒေသခံ အရာရှိတွေက အာဏာပိုကြီးမားလာကြတယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခု ပေါ်လာတာပဲ။ အရာရှိတွေကို ရွေးချယ်တဲ့ လုပ်ငန်းစဉ်မှာ စီမံခန့်ခွဲမှုစွမ်းရည်ကို ဘယ်တုန်းကမှ ဦးစားမပေးခဲ့ဘူး၊ အရေးကြီးဆုံးအချက်က စွမ်းအားပဲ”
“ပြီးတော့ တချို့လူတွေက အာဏာနဲ့ စွမ်းအားတွေ ရလာတဲ့အခါ သူတို့ရဲ့ မာနတွေကလည်း အလိုလို ကြီးထွားလာပြီး အနိုင်ကျင့် ဗိုလ်ကျတာတွေက သဘာဝအတိုင်း ဖြစ်လာတော့တာပဲ။ ကျွန်မတို့ အရာသိခန်းမရဲ့ မှတ်တမ်းတွေအရ ဒီလိုဖြစ်ရပ်မျိုးတွေက အရမ်းကို အဖြစ်များတယ်။ ဒါကြောင့်မို့ မြို့တော်ရဲ့ ပြင်ပက မြို့အများစုမှာရှိတဲ့ ပြည်သူတွေရဲ့ မျက်လုံးထဲမှာတော့ မဟာရှအင်ပါယာဆိုတာ ရိုင်းစိုင်းကြမ်းတမ်းမှုနဲ့ အဓိပ္ပာယ်တူတူပဲ။ ဖိနှိပ်မှုတွေကို သည်းမခံနိုင်တဲ့ တချို့လူတွေက သဘာဝအတိုင်း ပြန်လည်ခုခံကြတယ်။ ပြန်လည်ခုခံတဲ့ သူတွေက ဖိနှိပ်ခံရပြီး အချိန်ကြာလာတာနဲ့အမျှ ဓားပြတွေ အများကြီး ထွက်ပေါ်လာတော့တာပဲ”
“ဒီလူတွေထဲမှာ အခြေအနေအရ ဖိအားပေးခံရလို့ လုပ်ရတဲ့ သနားစရာကောင်းတဲ့ သူတွေ ပါသလို၊ တကယ်ကို ယုတ်မာဆိုးသွမ်းတဲ့ သူတွေလည်း ပါဝင်တယ်။ အစတုန်းကတော့ ခွဲခြားလို့ရသေးပေမယ့် အချိန်တွေ အကြာကြီး ကုန်လွန်သွားတဲ့အခါမှာတော့ ဒီလူတွေ ဘာကြောင့် ဓားပြ ဖြစ်လာရသလဲဆိုတာကို ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူး။ မဟာရှအင်ပါယာက ဂရုစိုက်တာက နှိမ်နင်းဖို့ တစ်ခုတည်းပဲ”
“ရှင်က မြို့ပြင်ထွက်ခဲတော့ ဒါကို မြင်ဖူးမှာ မဟုတ်ဘူး။ မြို့ပြင်မှာက တော်ဝင်ရဲမက်တွေ အများကြီး လှုပ်ရှားသွားလာနေပြီး အမြဲတမ်း ရှာဖွေဖမ်းဆီးနေကြတာ။ ဒီဓားပြတွေက အသေအလဲ ထွက်ပြေးရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူး။ မဟာရှအင်ပါယာရဲ့ ပြင်းထန်တဲ့ နှိမ်နင်းမှုနဲ့ ပိုက်စိပ်တိုက် ရှာဖွေမှုတွေအောက်မှာ သူတို့တွေက ထွက်ပြေးစရာ မြေတောင် မရှိတော့မယ့် အခြေအနေကို ရောက်နေကြပြီ”
“ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု မြင်လိုက်ရတယ်။ ရှင့်ရဲ့ တည်ရှိမှုကြောင့် မဟာရှအင်ပါယာရဲ့ တော်ဝင်ရဲမက်တွေက ဒီလမ်းပေါ်မှာ လှုပ်ရှားရဲခြင်း မရှိဘူး။ ဒါကြောင့်မို့ 'ငြိမ်းချမ်းရေးအသိုက်အမြုံ' ဆိုတဲ့ ဝေါဟာရက ထွက်ပေါ်လာတာပဲ။ အပြင်က ကောလာဟလတွေအရတော့ ဒီလမ်းကို ရောက်လာတဲ့ ဘယ်သူမဆို အသက်ရှူပေါက် တစ်ပေါက်နဲ့ ရှင်သန်ခွင့် ရနိုင်တယ်တဲ့။ မကြာသေးခင်ကမှ ရောက်လာတဲ့ ဒီလူတွေ အားလုံးက ဓားပြတွေပဲ”
ဖေ့ယီရှန်က အရာအားလုံးကို အသက်တစ်ရှိုက်တည်းဖြင့် ပြောပြလိုက်သည်။
“ဒီမနက်က လူတွေကလည်း ဓားပြတွေပဲလား”
“ဟုတ်တယ်။ သူတို့က ကျန်းပေ ဝေ့မိသားစုလေ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူတို့ရဲ့ အိမ် မီးရှို့ခံလိုက်ရလို့ လူဒါဇင်ပေါင်းများစွာ သေကျေဒဏ်ရာရခဲ့တယ်”
“ငါ နားလည်ပြီ”
လုချန်က ခေါင်းညိတ်လိုက်ပြီး လှည့်ကာ ဖေ့ယီရှန်အတွက် ဟင်းချက်ပေးရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
မကြာမီမှာပင် ဖေ့ယီရှန် တောင်းဆိုထားသော အရသာရှိလှသည့် ဟင်းပွဲများအားလုံး စားပွဲပေါ်သို့ ရောက်ရှိလာခဲ့သည်။
လုချန်က “မင်း စားပြီးရင် ငါ့ကို နောက်တစ်ကိစ္စလောက် ကူညီပေးပါဦး” ဟု ပြောလိုက်သည်။
“ဘာကိစ္စလဲ”
“ဒီဓားပြတွေထဲမှာ ဘယ်သူက သြဇာအာဏာ အကြီးဆုံးလဲဆိုတာ စုံစမ်းပေးပါ”
“ကောင်းပါပြီ”
ဖေ့ယီရှန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုသို့ဖြင့် နှစ်ရက် အချိန်ကုန်လွန်သွားခဲ့ပြီး ဤလမ်းပေါ်သို့ ရင်းနှီးကျွမ်းဝင်မှု မရှိသော မျက်နှာစိမ်းများ ပို၍ပို၍ ရောက်ရှိလာကြသည်။
သူ၏ စိတ်ထဲမှ တိုးတက်မှုဘားတန်းကို ကြည့်ရင်း လုချန် အနည်းငယ် စိတ်လှုပ်ရှားလာသည်။
လွန်ခဲ့သည့် နှစ်ရက်က ရှောင်ရွှီအတွက် သူ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ တစ်ရာကို 'လုံခြုံအောင် သိမ်းဆည်း' ပေးထားခဲ့သည်။ သုံးစက္ကန့်ခန့် စိတ်ထဲတွင် လွန်ဆွဲပြီးနောက် ပုံရိပ်ယောင် မိုဘိုင်းဖုန်းဆိုင်ကို တည်ဆောက်ရန်အတွက် ကျောက်တုံး ငါးထောင်ကို 'ချေးယူ' လိုက်ရန် ဆုံးဖြတ်ခဲ့သည်။
နှစ်ရက်ကြာပြီးနောက် တည်ဆောက်မှု လုပ်ငန်းစဉ်က ကိုးဆယ်ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီဖြစ်ပြီး ဒီကနေ့တွင် အလုံးစုံ ပြီးစီးသွားတော့မည် ဖြစ်သည်။
လုချန် ယနေ့ ဘာကိုမှ အာရုံစိုက်၍မရဘဲ မိုဘိုင်းဖုန်းဆိုင်၏ တိုးတက်မှု ပြီးစီးသွားမည့်အချိန်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေချင်တော့သည်။
“သူဌေးလု”
ဖေ့ယီရှန်က တည်းခိုခန်းအဝင်ဝတွင် ပေါ်လာခဲ့ပြီး ရှောက်ချင်းလည်း သူမနှင့်အတူ ပါလာသည်။ ထိုနေ့က မူးယစ်သွားပြီးနောက် ရှောက်ချင်းသည် အများကြီး ပိုပြီး တက်ကြွရွှင်လန်းလာခဲ့သည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း သူမကို ဖေ့ယီရှန်က ဟိုဟိုဒီဒီ ဆွဲခေါ်သွားခဲ့ပြီး ထိုကဲ့သို့သော ဘဝမျိုးက သူမ၏ နှလုံးသားထဲမှ အချုပ်အနှောင်များကို ပြေလျော့သွားစေနိုင်ပုံရသည်။
“ကျွန်မ သေချာစုံစမ်းခဲ့ပြီးပြီ။ သူ့နာမည်က ရှီကျင်းတို တဲ့၊ ဓားပြတွေကြားထဲမှာတော့ စီနီယာတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ ငြိမ်းချမ်းရေးအသိုက်အမြုံဆိုတဲ့ အယူအဆက သူ့ဆီကနေ တစ်ဆင့်စကား တစ်ဆင့်နား ပျံ့နှံ့သွားခဲ့တာ။ သူ့ကို ဒီကို ခေါ်လာပေးရမလား”
“မလိုဘူး။ နောက်ထပ် နှစ်ရက်လောက် စောင့်လိုက်ဦး။ အခု အချိန်မကျသေးဘူး”
လုချန်က အချိန်ကို တွက်ချက်လိုက်သည်။ မကြာခင် တစ်ခုခု ဖြစ်တော့မည်။
*