“ပြီးပြီဟေ့...”
လုချန် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ သူ၏ စိတ်ထဲတွင် ပုံရိပ်ယောင် မိုဘိုင်းဖုန်းဆိုင်ကို နောက်ဆုံးတော့ တည်ဆောက်ပြီးစီးသွားခဲ့ပြီး လည်ပတ်အသုံးပြုရမည့် နည်းလမ်းများက ဉာဏ်အလင်းပွင့်လာသကဲ့သို့ သူ၏ ခေါင်းထဲသို့ ဒလဟော ဝင်ရောက်လာခဲ့သည်။
လုချန် မျက်လုံးမှိတ်လိုက်ရာ သူ၏စိတ်က မိုဘိုင်းဖုန်းဆိုင်နှင့် ချိတ်ဆက်သွားသည်။ သူ မျက်လုံးမှိတ်ထားသော်လည်း အရောင်းဝန်ထမ်းများ မရှိသည်မှအပ ၂၁ ရာစုက အထူးစတိုးဆိုင်တစ်ဆိုင်လို မြင်ကွင်းမျိုးက သူ၏ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။
ဒီမြင်ကွင်းက လုချန်ကို အတိုင်းမသိ စိတ်လှုပ်ရှားသွားစေသည်။ ဒါက သူ၏ စိတ်ထဲက စိတ်ကူးယဉ်ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပေမယ့်၊ အိမ်မပြန်ရတာ ကြာပြီဖြစ်တဲ့ လူတစ်ယောက်က သူ့အိမ်တံခါးဝက ဓာတ်ပုံလေးတစ်ပုံကို မြင်လိုက်ရရင်တောင်မှ စိတ်လှုပ်ရှားပြီး ခံစားချက်တွေ ပြည့်လျှံသွားသလိုမျိုး ခံစားလိုက်ရသည်။
ယခုအချိန်တွင် လုချန်သည် ဆိုင်ထဲသို့ ဝင်လာသော ဖောက်သည်တစ်ယောက်လိုမျိုး ကောင်တာအမျိုးမျိုးရှေ့တွင် ရပ်ကာ တစ်ချိန်က သူနှင့် အရမ်းကို ရင်းနှီးကျွမ်းဝင်ခဲ့သော ဖုန်းမော်ဒယ်များကို လိုက်ကြည့်နေမိသည်။
Apple, Huawei, Samsung, Xiaomi… ဖုန်းတစ်လုံးစီ၏ အောက်တွင် စျေးနှုန်းများကို ရေးမှတ်ထားသည်။ ထိုအထဲတွင် Huawei နှင့် Xiaomi က စျေးအကြီးဆုံးဖြစ်ပြီး၊ Samsung နှင့် Apple က သူတို့နောက်မှာ ရှိနေသည်။ (တရုတ်ကြီးဇာတ်လမ်းဆိုတော့လည်း သူတို့တရုတ်ဖုန်းတွေကို ရှေ့ဆုံးက ထားတာပေါ့။ နားလည်သည်းခံပေးကြပါဗျာ)
တံတွေးတစ်ချက်ကို ခပ်ပြင်းပြင်း မျိုချလိုက်ပြီးနောက် လုချန်က အရင်က သူ အသုံးပြုခဲ့ဖူးသည့် မော်ဒယ်နှင့် တစ်ပုံစံတည်းတူသော Huawei ဖုန်းတစ်လုံးကို ဂရုတစိုက် ကောက်ကိုင်လိုက်သည်။
ဖုန်းကို ဖွင့်လိုက်သောအခါ ဖန်သားပြင်ပေါ်တွင် WeChat, QQ နှင့် Weibo အပါအဝင် သူနှင့် ရင်းနှီးကျွမ်းဝင်နေသော မရေမတွက်နိုင်သည့် အက်ပလီကေးရှင်း အိုင်ကွန်များကို တွေ့လိုက်ရသည်။
လုချန်၏ ပထမဆုံး ရွေးချယ်မှုက သူ၏ QQ အကောင့်အဟောင်းနှင့် စကားဝှက်ကို ထည့်သွင်းပြီး အကောင့်ဝင်ရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
သူ့အသက်အရွယ်ရှိ လူတိုင်းနီးပါးက WeChat ကို အသုံးပြုကြသော်လည်း လုချန်က ဖုန်းနံပါတ်မရှိဘဲ အကောင့်ဝင်၍မရသဖြင့် QQ ကိုသာ ရွေးချယ်လိုက်ရသည်။
(WeChat ဆိုတာက Facebook လိုမျိုး တရုတ် Social Media App တစ်ခုပါ။ ပုံတွေတင်လို့ရတယ်။ လိုက်ခ်ပေးလို့ရတယ်။ Comment ရေးလို့ရတယ်။ စာပို့ဖို့အတွက်ကျတော့ Facebook လိုမျိုး Messenger သက်သက် မလိုပဲ WeChat App ထဲမှာ ပဲ တစ်ခါတည်း လုပ်လို့ရတယ်။ ပြောရရင် WeChat က အစုံသုပ် App ပေါ့။ Kpay တို့လိုမျိုးပဲ WeChat ထဲမှာတင် ဘဏ်အကောင့်ထည့်ထားပြီး ငွေရှင်းလို့ပါ ရတယ်။ QQ ကတော့ Viber လိုမျိုး စာပို့တဲ့ App ထင်တယ်။ အဲ့ကောင်ကိုတော့ မသုံးဘူးတော့ သိပ်မသိဘူး)
သူ၏ မှတ်ဉာဏ်ထဲမှ ပင်ဂွင်းရုပ်လေးက 'လော့ဂ်အင် ဝင်နေသည်' ဟူသော စာတန်းလေးနှင့်အတူ ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းပြနေသည်ကို ကြည့်ရင်း လုချန်၏ နှလုံးသားက လည်ချောင်းဝဆီသို့ ခုန်ထွက်လာမတတ် ခံစားလိုက်ရသည်။ သူ တစ်ခါမှ ဒီလောက်အထိ စိတ်မလှုပ်ရှားခဲ့ဖူးပေ။ သူ ကြွေရတဲ့ နတ်ဘုရားမလေး အွန်လိုင်းတက်လာတုန်းကတောင် ဒီလောက် မရင်ခုန်ခဲ့ဖူးချေ။
“ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး အကောင့်ဝင်လို့ ရပါစေ...”
သူ့နဖူးပေါ်မှ ချွေးစက်များပင် စီးကျလာသည်အထိ တီးတိုး ရေရွတ်နေမိသည်။
“ဘီ ဘီ ဘီ...”
လုချန်၏ နားထဲတွင် ကောင်းကင်ဘုံမှ တေးသံသာတစ်ခုလို ကြည်လင်ပြတ်သားသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
QQ လော့ဂ်အင် မျက်နှာပြင်ပေါ်တွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ပရိုဖိုင်ပုံများကို သူ မြင်လိုက်ရပြီး မက်ဆေ့ချ်များကို တစ်ခုပြီးတစ်ခု လက်ခံရရှိနေသည်။
“ငါ မက်ဆေ့ချ်တွေ လက်ခံရရှိနေတယ်ဟေ့...”
ဒါက သူ့အတွက် ကြီးမားသော ဝမ်းမြောက်မှုတစ်ခု ဖြစ်နေသည်မှာ သေချာသည်။
ကံမကောင်းစွာဖြင့် အချက်တစ်ချက်က သူ့ကို စိတ်ပျက်သွားစေသည်။ ဒီမက်ဆေ့ချ်တွေ အားလုံးက QQ System ဆီက မက်ဆေ့ချ်တွေ၊ သတင်းတွေနဲ့ အီးမေးလ်တွေဆီက အမှိုက်သတိပေးချက်တွေသာ ဖြစ်ပြီး၊ သူ့ဆီ ပို့ထားတဲ့ စာတစ်စောင်မှ မပါဝင်ပေ။
“ဟူး… ကြည့်ရတာ ငါ့ရဲ့ တည်ရှိမှုက အရမ်းကို မှေးမှိန်လွန်းနေပုံရတယ်။ လပေါင်းများစွာ မက်ဆေ့ချ် မပို့ဘဲ နေတာတောင် ငါ့ကို ဘယ်သူမှ သတိတရ မရှိကြဘူးပဲ”
လတ်တလော ဘာတွေဖြစ်ပျက်နေလဲဆိုတာ သိချင်သဖြင့် သတင်းများကို သူ နှိပ်ကြည့်လိုက်သည်။
“တုန်လှုပ်ဖွယ်ရာ... အနောက်မြောက်ပိုင်း ကောင်းကင်ယံတွင် ကျင့်ကြံသူများ ပေါ်လာ၍ တစ်နိုင်ငံလုံးရှိ လူ ၁.၃ ဘီလီယံကို အံ့အားသင့်စေခဲ့သည်...”
“ဘာ......”
လုချန်က ခေါင်းစဉ်ကို ကြည့်လိုက်သည်။
အနောက်မြောက်ပိုင်း... အဲဒါက သူ့အိမ် မဟုတ်ဘူးလား။
ကျင့်ကြံသူတွေ... သူ ကူးပြောင်းလာတဲ့ အချိန်မှာပဲ ဒီကမ္ဘာက တစ်ယောက်ယောက်က ၂၁ ရာစုဆီကို ကူးပြောင်းသွားတာများလား။
သူ သတင်းကို အမြန် နှိပ်ဝင်ကြည့်လိုက်သည်။
“ဟူး...”
လုချန်၏ မျက်လုံးရှေ့တွင် ပေါ်လာသည်က 'ကျင့်ကြံသူ' ဟု စာတန်းရေးထားသော စွန်တစ်ကောင်ကို လွှတ်နေသည့် လူတစ်ယောက်၏ ပုံဖြစ်သည်။
“အိုကေ… ဒါက ဂျင်းသတင်းကြီးပဲ...”
သို့သော် သူ သတင်းကို ပိတ်လိုက်တော့မည့် ဆဲဆဲမှာပင် မည်းမှောင်သော အရိပ်တစ်ခုက သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
'ကျင့်ကြံသူ' ဟု ရေးထားသော စွန်၏အနောက်ဘက်တွင် အမည်းစက်လေးတစ်ခု ရှိနေသည်။ ထိုအမည်းစက်လေးက အရမ်းကို သေးငယ်ပြီး မည်းမှောင်နေသောကြောင့် အခြားသူများ သတိမထားမိနိုင်သော်လည်း လုချန်ကတော့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူ ပုံကို ဆွဲချဲ့လိုက်ပြီး အမည်းစက်လေးကို စူးစိုက်ကြည့်လိုက်သည်။
တဖြည်းဖြည်းနှင့် ထိုအမည်းစက်လေးက သူ၏ မျက်လုံးထဲတွင် ရှင်းလင်းသော ပုံသဏ္ဍာန်တစ်ခုအဖြစ် ထွက်ပေါ်လာသည်။ ထိုခဏမှာပင် လုချန်၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားတော့သည်။ အကြောင်းမှာ ထိုအမည်းစက်လေးသည် လေထုထဲတွင် ဖြတ်သန်းပျံသန်းနေသော ရထားလုံးတစ်စီး ဖြစ်နေသည်မှာ သိသာထင်ရှားလွန်းနေသောကြောင့်ပင်...
နောက်တစ်စက္ကန့်တွင် လုချန် သူ၏ သူငယ်အိမ်များအတွင်းမှ ပူလောင်သော ခံစားချက်ကို ခံစားလိုက်ရပြီး သူ၏ လက်များကလည်း လျှပ်စစ်စီးသွားသလို ထုံကျဉ်သွားသည်။ တုန်ယင်နေသော လက်အစုံဖြင့် ကိုင်ထားသော ဖုန်းက မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။ လုချန် ဖုန်းကို ပြန်ကောက်ယူလိုက်သောအခါ အရင်က သူမြင်ခဲ့ရသော အိုင်ကွန်များအားလုံး ပျောက်ကွယ်သွားပြီး ဖန်သားပြင်ပေါ်တွင် ဘာမှမရှိတော့ဘဲ လုံးဝ ဗလာကျင်းနေတော့သည်။
“ဘာဖြစ်သွားတာလဲ။ ငါ နယ်နိမိတ်ကို ကျော်လွန်သွားမိလို့လား”
ထို့နောက် လုချန်က အခြားဖုန်းမော်ဒယ်များကို တစ်လုံးပြီးတစ်လုံး ဖွင့်ကြည့်လိုက်သော်လည်း သူတို့၏ ဖန်သားပြင်များကလည်း အားလုံး ဗလာကျင်းနေကြသည်။
ခဏတာမျှ လုချန်၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာသည်။ အခုချိန်မှာ သူ ဘယ်နေရာကို ရောက်နေတာလဲ။ ပုံစံကြမ်းမှာ ဖော်ပြထားသလိုမျိုး သူက ပုံရိပ်ယောင် မိုဘိုင်းဖုန်းဆိုင်ထဲကို တကယ်ပဲ ရောက်နေတာလား။
ဒါပေမဲ့ တကယ်လို့ ဒါက ပုံရိပ်ယောင်သက်သက်သာဆိုရင် သူ့ရဲ့ QQ က ဘယ်လိုလုပ် အကောင့်ဝင်လို့ ရသွားတာလဲ။ ခုနက သတင်းကို သူ ဘယ်လိုမြင်လိုက်ရတာလဲ။ ဆစ်ဂနယ်က ဘယ်ကနေ ရောက်လာတာလဲ။
ဒီမိုဘိုင်းဖုန်းဆိုင်က ၂၁ ရာစုမှာ တကယ်ပဲ တည်ရှိနေတာများလား။ မဟုတ်ရင် ဆစ်ဂနယ် ပြဿနာကို ဘယ်လို ရှင်းပြမလဲ။
ထိုသို့ တွေးမိလိုက်သောအခါ သူ ဖုန်းကို ချက်ချင်းချထားခဲ့ပြီး မိုဘိုင်းဖုန်းဆိုင်၏ တံခါးဆီသို့ ပြေးသွားလိုက်သည်။
ကြီးမားသော တံခါးကြီးက အရှေ့တည့်တည့်မှာ ရှိနေသည်။ တံခါးနှင့် သုံးမီတာအကွာသို့ ရောက်ရှိသွားချိန်တွင် လုချန်က ကားဟွန်းသံကို တကယ်ပဲ ကြားလိုက်ရသည်။
“ငါ ပြန်ရောက်လာပြီလား”
သူ တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း အရာအားလုံးက ဖရိုဖရဲဖြစ်နေပြီး ဘာတစ်ခုမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် ကားဟွန်းသံကတော့ ပြတ်သားနေသည်။ ဒါက စိတ်ကူးယဉ် ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူးဆိုတာ သူ သေချာပေါက် သိသည်။
သူ တံခါးကို ဆွဲဖွင့်ရန် လက်လှမ်းလိုက်သော်လည်း တံခါးက မြဲမြံစွာ ပိတ်ဆို့နေသည်။
“တကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ”
လုချန်၏ အသိစိတ်က တဖြည်းဖြည်းနှင့် သူ၏ ပင်မခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိလာသည်။ နောက်တစ်စက္ကန့်တွင် သူ မျက်လုံးဖွင့်လိုက်ရာ တည်းခိုခန်းထဲမှာပဲ ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ ခုနက ဖြစ်ပျက်သွားခဲ့သော မြင်ကွင်းက ဝိညာဉ်ထွက်သွားသလိုမျိုးဖြစ်ပြီး အစားအသောက်နယ်မြေဆီသို့ သွားရတဲ့ ခံစားချက်နဲ့ လုံးဝကို ကွာခြားနေသည်။
အစားအသောက်နယ်မြေဆိုတာက သူ၏ ပင်မခန္ဓာကိုယ်က အခြားသော ဘုံတစ်ခုဆီသို့ ကူးပြောင်းသွားတာဖြစ်ပြီး၊ ခုနက ဖြစ်ပျက်သွားခဲ့တာက စိတ်ပိုင်းဆိုင်ရာ ဝိညာဉ်ခန္ဓာကိုယ်သာ ဖြစ်သည်မှာ ရှင်းလင်းနေသည်။
“ဟူး”
လုချန် ခေါင်းခါလိုက်ပြီး တည်းခိုခန်း ကောင်တာနောက်တွင် ထိုင်ချလိုက်သည်။
“ငါ တွေးလွန်နေတာ နေမှာပါ။ ငါ ဒီကို ကူးပြောင်းလာပြီး ကမ္ဘာ့အမြင်ကို ဖွင့်ဖို့ မစ်ရှင်တွေနဲ့ 'အိမ်အပြန်လမ်း' တိုးတက်မှုတွေ ရှိနေမှတော့ အလွယ်တကူ ပြန်သွားလို့ ရမှာမဟုတ်ဘူးလေ”
မျက်လုံးမှိတ်လိုက်ပြီးနောက် သူ ပုံရိပ်ယောင်နယ်မြေထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ လုချန် ဖုန်းတစ်လုံးကို ကောက်ကိုင်လိုက်သည်။ ၎င်း၏ စျေးနှုန်းက မကြီးပါ၊ အကောင်းဆုံးဖုန်းကမှ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာသာ ကျသင့်သည်။
သေချာတာပေါ့… ဒါက လုချန်အတွက်တော့ စျေးမကြီးပေ။ သို့သော် သာမန်ပြည်သူတွေအတွက်ကတော့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာဆိုတာ မပြောနဲ့၊ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကတောင် သာမန်မိသားစုတွေအတွက် တတ်နိုင်ဖို့ မလွယ်ကူပေ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ဒုတိယအဆင့်ဂိုဏ်းက တပည့်တစ်ယောက်ရဲ့ တစ်လစာ ကျင့်ကြံခြင်း အရင်းအမြစ်နဲ့ ညီမျှနေလို့ပင်။
လုချန်မှာလည်း အခြေခံအဖြစ် စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိနေတာကြောင့် ဖုန်းအလုံးရေ အတော်များများကို ဝယ်ယူလိုက်သည်။ သူ တည်းခိုခန်းထဲသို့ ပြန်ရောက်လာချိန်တွင် မိုဘိုင်းဖုန်း ခြောက်လုံးက ကောင်တာပေါ်တွင် တိတ်ဆိတ်စွာ ရှိနေကြသည်။
လုချန် တစ်လုံးကို ကောက်ကိုင်လိုက်ရာ ဖုန်းကို ချိတ်ဆက်မှု ပြုလုပ်ချင်သလားဆိုသည့် မေးခွန်းက ချက်ချင်း ပေါ်လာသည်။ အကယ်၍ ချိတ်ဆက်ချင်ပါက လတ်ဆတ်သော သွေးတစ်စက် ချပေးရန် လိုအပ်သည်။
ထိုသို့ ပြုလုပ်ပြီးနောက်။
“ချိတ်ဆက်မှု အောင်မြင်ပါသည်။ ချိတ်ဆက်မှု အကျိုးသက်ရောက်မှုက တစ်ဦးတည်းအတွက်သာ သီးသန့်ဖြစ်ပါသည်။ အကယ်၍ ပျောက်ဆုံးသွားပါက မိုဘိုင်းဖုန်းက သူ့အလိုလို ဖျက်ဆီးပစ်မည်ဖြစ်ပြီး ဝိညာဉ်နှင့် ပေါင်းစပ်သွားပါလိမ့်မည်”
ထိုနည်းတူစွာပင် မိုဘိုင်းဖုန်းနှင့် ပတ်သက်သော ရှင်းလင်းချက်များကလည်း လုချန်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
ချိတ်ဆက်ပြီးသည်နှင့် ၎င်းသည် သီးသန့် မိုဘိုင်းဖုန်းနံပါတ်တစ်ခုနှင့် ညီမျှသွားသည်။ တစ်စုံတစ်ယောက်နှင့် ဆက်သွယ်ချင်ပါက သင်၏ စိတ်ထဲတွင် တွေးလိုက်ရုံဖြင့် အလိုအလျောက် ဆက်သွယ်ပေးသွားမည်ဖြစ်သည်။
ယခုအချိန်တွင် မိုဘိုင်းဖုန်းတွင် အပိုလုပ်ဆောင်ချက်များ မရှိသေးဘဲ ဖုန်းခေါ်ဆိုသည့် လုပ်ဆောင်ချက် တစ်ခုတည်းသာ ပါဝင်သေးသည်။
“ကမ္ဘာ့အမြင် မစ်ရှင် (၁) ရဲ့ ပထမအဆင့် ပြီးဆုံးသွားပါပြီ။ ဆုလာဘ် - အက်ပလီကေးရှင်း တစ်ခု ဖန်တီးခွင့်။ ကျေးဇူးပြုပြီး ရွေးချယ်ပါ”
လုချန်၏ စိတ်ထဲတွင် အသံတစ်သံ ထပ်မံပေါ်လာပြီး မရေမတွက်နိုင်သော အက်ပလီကေးရှင်း ရွေးချယ်စရာများက သူ၏ရှေ့တွင် ပေါ်လာသည်။
“WeChat...”
လုချန် ဘာမှမစဉ်းစားဘဲ ၂၁ ရာစု၏ အသုံးအများဆုံး လူမှုကွန်ရက် ဆော့ဖ်ဝဲလ်ကို ပထမဆုံး ထည့်သွင်းလိုက်သည်။
WeChat သည် ထိုအချိန်က အသက်ဆယ့်သုံးနှစ်မှ ခုနစ်ဆယ့်သုံးနှစ်အထိ ၂၁ ရာစုရှိ လူတိုင်းနီးပါးအတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်ပြီး နိုင်ငံခြားရှိ လူအတော်များများကလည်း WeChat ကို အသုံးပြုကြသည်။
App ကို ရွေးချယ်ပြီးသည်နှင့် ရင်းနှီးကျွမ်းဝင်နေသော WeChat အိုင်ကွန်လေးက မိုဘိုင်းဖုန်း မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ လုချန်က ၎င်းကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။ လော့ဂ်အင်ဝင်ရသည့် လုပ်ငန်းစဉ်က ရိုးရှင်းပါသည်။ ၎င်းက သူ၏ ဝိညာဉ်နှင့် ချိတ်ဆက်ပြီးသား ဖြစ်နေသည်။ လော့ဂ်အင် ဝင်ပြီးနောက် သူတစ်ယောက်တည်းသာ ရှိနေပြီး သူငယ်ချင်းတစ်ယောက်မှ မရှိသေးပေ။
*