“သူဌေးလု… ဒါက လူတွေ လက်ခံနိုင်ဖို့ နည်းနည်းလေး ခက်ခဲလွန်းတယ်”
ဖေ့ယီရှန် သူမ၏ အံ့အားသင့်မှုမှ သတိပြန်ဝင်လာရန် အတန်ကြာ အချိန်ယူလိုက်ရသည်။
“ဒါပေမဲ့ ဒီလောက် ကျယ်ဝန်းတဲ့ အကွာအဝေး ရှိနေရင်တောင်မှ ရှင်ပြောတဲ့ လက်ဝါးကြီးအုပ်မှု ဆိုတာကိုတော့ မလုပ်နိုင်သေးဘူး”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်း ငါဆိုလိုတာကို နားမလည်သေးဘူးပဲ။ ငါပြောတဲ့ ဆက်သွယ်ရေး အကွာအဝေး ဆိုတာက ယာယီပဲ ရှိသေးတာ”
“ယာယီ... သူဌေးလု… ရှင်က ဒီအကွာအဝေးကို ထပ်ပြီး ချဲ့ထွင်လို့ရတယ်လို့ ပြောချင်နေတာတော့ မဟုတ်ပါဘူးနော်”
“သေချာပေါက် ထပ်ပြီး ချဲ့ထွင်လို့ ရတာပေါ့။ ငါက လက်ဝါးကြီးအုပ်မယ်လို့ အကြံပြုပြီး ထောက်လှမ်းရေးလုပ်ငန်းက ငါတို့အပေါ် မှီခိုရမယ်လို့ ပြောရတဲ့ အကြောင်းရင်းက သူ့အခြေခံနဲ့သူ ရှိပြီးသားပါ။ ဒီမှာ ကြည့်”
လုချန်က တည်းခိုခန်း အဝင်ဝသို့ လျှောက်သွားပြီး ခုနကမှ ပိတ်ထားသော ပင်မတံခါးကြီးကို ဖွင့်လိုက်ရာ ၎င်း၏အရှေ့တွင် ခုနစ်မီတာ မြင့်ပြီး လူတစ်ယောက် ဖက်ထားနိုင်ရုံမျှ ကျယ်ဝန်းသော ဆလင်ဒါပုံစံ အဆောက်အအုံတစ်ခု ပေါ်လာသည်။
“ဒါက ဆက်သွယ်ရေးတာဝါတိုင်ပဲ။ မိုဘိုင်းဖုန်းတွေက စတုရန်းကီလိုမီတာ သုံးသောင်းလေးထောင် အကျယ်အဝန်းကို ဖြတ်ကျော်ပြီး ဆက်သွယ်နိုင်ရတဲ့ အကြောင်းရင်းက ဒီကိရိယာကြောင့်ပဲ။ ပြီးတော့ ငါ မင်းကို ပြောချင်တာက တကယ်လို့များ ဒီလို ဆက်သွယ်ရေးတာဝါတိုင် နောက်တစ်ခု ထပ်တိုးလိုက်မယ်ဆိုရင် မိုဘိုင်းဖုန်းရဲ့ ဆက်သွယ်နိုင်တဲ့ အကွာအဝေးက နောက်ထပ် စတုရန်းကီလိုမီတာ သုံးသောင်းလေးထောင် ထပ်တိုးလာလိမ့်မယ်။ အကယ်၍ ဆက်သွယ်ရေးတာဝါတိုင်တွေရဲ့ လွှမ်းခြုံမှုက အလယ်ပိုင်းကုန်းမြေတိုက် တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်မယ်ဆိုရင် မြို့တော်နဲ့ အလယ်ပိုင်းကုန်းမြေတိုက်ရဲ့ အစွန်အဖျားကြားမှာ တိုက်ရိုက် ဆက်သွယ်လို့ ရသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် လူတိုင်းမှာသာ မိုဘိုင်းဖုန်း ရှိနေမယ်ဆိုရင် ထောက်လှမ်းရေးလုပ်ငန်း ဆိုတာ ဆက်ရှိနေတော့မှာ မဟုတ်ဘူး၊ ပိုမှန်အောင် ပြောရရင် လူတိုင်းက သတင်းအချက်အလက်တွေကို ပေးပို့နိုင်သွားမှာဖြစ်ပြီး ငါတို့ လုပ်ရမှာက အဲဒါကို ထိန်းချုပ်ဖို့ပဲ။ မင်း မက်ဆေ့ချ်ပို့ချင်ရင် ရိုးရှင်းပါတယ်… ပိုက်ဆံပေး”
ဖေ့ယီရှန် တံတွေးတစ်ချက် ခပ်ပြင်းပြင်း မျိုချလိုက်သည်။ ဤမိနစ်အနည်းငယ်အတွင်းမှာပင် လုချန်၏ စကားများက သူမ၏ နားလည်ထားမှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်ဟု သူမ ခံစားလိုက်ရသည်။
ယခင်က သတင်းအချက်အလက် ပေးပို့သည့် နည်းလမ်းများကို စွန့်ပယ်ပြီး အလယ်ပိုင်းကုန်းမြေတိုက် တစ်ခုလုံးကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်အောင် လုပ်ဆောင်ကာ စီမံခန့်ခွဲသူတစ်ဦးအနေဖြင့် ရပ်တည်ပြီး သတင်းအချက်အလက် ပေးပို့ခြင်းကို မိမိအပေါ် မှီခိုလာအောင် လုပ်ဆောင်ခြင်း။
ဒါက သူမ အရင်က တစ်ခါမှ မတွေးဖူးခဲ့သော အတွေးတစ်ခုပင်။
ရဲတင်းတယ်၊ ရူးသွပ်တယ်၊ ပြီးတော့ ပုံမှန်အချိန်တွေမှာဆိုရင် လုံးဝကို အောင်မြင်ဖို့ မဖြစ်နိုင်ဘူး။
သို့သော် ယခုတော့ မတူတော့ပေ။ အကယ်၍ ဤမိုဘိုင်းဖုန်းသည် သူဌေးလု ပြောသကဲ့သို့ တကယ်ဖြစ်နေပြီး ထပ်တိုးလိုက်သော ဆက်သွယ်ရေးတာဝါတိုင်တိုင်းက ၎င်း၏ လွှမ်းခြုံမှုကို ချဲ့ထွင်နိုင်မည်ဆိုပါက ၎င်းသည် အလယ်ပိုင်းကုန်းမြေတိုက် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး လူတိုင်း မိုဘိုင်းဖုန်း ကိုင်ဆောင်နိုင်သည့် အချိန်တွင် သူဌေးလု ပြောသော လက်ဝါးကြီးအုပ်မှုဆိုတာ တကယ်ဖြစ်လာပြီး ပြိုင်ဘက်ဆိုတာ လုံးဝ (လုံးဝ) ရှိတော့မည် မဟုတ်ပေ...
ဘာဖြစ်လို့လဲဆိုတော့ လုချန်မှလွဲ၍ ဤမျှ အံ့ဩဖွယ်ကောင်းသော အရာကို အခြားမည်သူမှ ထုတ်လုပ်နိုင်မည်မဟုတ်ကြောင်း ဖေ့ယီရှန် ယုံကြည်သောကြောင့်ပင်။
ထိုအချိန်ရောက်လျှင် ထောက်လှမ်းရေးလုပ်ငန်း ဆိုသည်မှာ လုံးဝကို လူတိုင်း လက်လှမ်းမီသော အရာတစ်ခု ဖြစ်လာလိမ့်မည်။ သတင်းတစ်ခုခုကို သိချင်တယ်ဆိုရင် မိုဘိုင်းဖုန်းလေးကနေတစ်ဆင့် အဝေးမှာရှိတဲ့ လူတစ်ယောက်ကို ဆက်သွယ်လိုက်ရုံနဲ့ ချက်ချင်း သိနိုင်မှာပဲလေ။
တိတ်ဆိတ်နေသော ဖေ့ယီရှန်ကို ကြည့်ရင်း လုချန် စကားပြောရန် အလျင်မလိုခဲ့ပေ။ သူမ ခေါင်းထဲမှာ ရှင်းလင်းသွားဖို့ အချိန်အနည်းငယ် ပေးရမည်ဆိုတာကို သူ သိသည်။ ဘာပဲဖြစ်ဖြစ် ၂၁ ရာစုက လူတစ်ယောက်ဖြစ်တဲ့ သူ့အတွက် ဒီလိုကိစ္စမျိုးက အံ့ဩစရာ မဟုတ်ပေမယ့် ရှန်းရှလောကမှာတော့ လူတွေ လက်ခံနိုင်ဖို့ သေချာပေါက် မလွယ်ကူပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏ အံ့ဖွယ်ရာများကို လူတိုင်းက တစ်ကြိမ်မက ကြုံတွေ့ခဲ့ဖူးပြီး ဖေ့ယီရှန်မှာလည်း ခံနိုင်ရည်အား အနည်းငယ် ရှိနေပြီဖြစ်သဖြင့် သတိအမြန် ပြန်ဝင်လာခဲ့သည်။
“သူဌေးလု… ရှင်ပြောတဲ့အတိုင်း တကယ်ပဲ ဆိုရင်တော့ လက်ဝါးကြီးအုပ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရှင် ဘယ်လို အခကြေးငွေ ကောက်ခံဖို့ စီစဉ်ထားလဲ။ မိုဘိုင်းဖုန်းတွေ ရောင်းရုံသက်သက်နဲ့ပဲလား။ တကယ်လို့ ဒီပစ္စည်းကို စျေးပေါပေါနဲ့ ရောင်းမယ်ဆိုရင် အရင်းတောင် ကျေမှာ မဟုတ်ဘူး။ တကယ်လို့ စျေးကြီးမယ်ဆိုရင်လည်း လူတိုင်း ကိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“မဟုတ်ဘူး”
လုချန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ဤအခကြေးငွေ ကောက်ခံသည့် ပုံစံနှင့် ပတ်သက်၍ ယခင်လူများက သူ့ကို အတွေ့အကြုံများ ပေးခဲ့ပြီးဖြစ်၍ ယခု သူလုပ်ရမည်မှာ ၎င်းတို့ကို အတုယူရန်သာ ဖြစ်သည်။
“တကယ်လို့ မင်းရဲ့ အရာသိခန်းမက ငါနဲ့ ပူးပေါင်းချင်တယ်ဆိုရင် မင်းက ငါ့ရဲ့ သီးသန့် ကိုယ်စားလှယ် ဖြစ်လာနိုင်တယ်။ ငါ မင်းဆီကို မိုဘိုင်းဖုန်းတွေ ရောင်းမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေကိုတော့ ရောင်းပေးနိုင်တယ်။ ဒီဆက်သွယ်ရေးတာဝါတိုင်တွေရဲ့ အကွာအဝေးအတွင်းမှာ မိုဘိုင်းဖုန်း ဝယ်ယူတဲ့ လူတိုင်းဆီကနေ မင်း သတ်မှတ်ထားတဲ့ အချိန်အလိုက် ပုံမှန် အခကြေးငွေ ကောက်ခံလို့ ရတယ်။ လစဉ်၊ သုံးလတစ်ကြိမ်၊ ဒါမှမဟုတ် နှစ်စဉ်၊ မင်း သဘောပဲ။ ကနဦး ကောက်ခံရရှိတဲ့ အခကြေးငွေတွေက မင်းတို့အတွက် အရင်းကျေဖို့ မလုံလောက်နိုင်ပေမယ့် ရေရှည်မှာ အလယ်ပိုင်းကုန်းမြေတိုက်မှာ လူဘယ်လောက်ရှိလဲ၊ ပိုက်ဆံဘယ်လောက် ကောက်ခံရမလဲ၊ အကျိုးအမြတ်က ဘယ်လောက် ကြီးမားမလဲ ဆိုတာတွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် မင်းတို့ရဲ့ အရာသိခန်းမမှာ ငါ့ထက်တောင် ပိုပြီး တိကျတဲ့ ကိန်းဂဏန်းတွေ ရှိနေလိမ့်မယ်လို့ ငါ ယုံကြည်တယ်...”
လုချန်က သူ၏ အစီအစဉ်ကို အသက်တစ်ရှိုက်တည်းဖြင့် ရှင်းပြလိုက်သည်။
ဟုတ်ပါတယ်… သူ အတုယူနေတာက ၂၁ ရာစုက MPT တို့ ATOM တို့ MyTel တို့လို ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းစဉ်တွေပါပဲ။ 'ငါတို့ မိုဘိုင်းဖုန်း မရောင်းဘူး၊ ဒါပေမဲ့ ငါတို့ဆီမှာ ဆစ်ဂနယ်တာဝါတိုင်တွေ ရှိတယ်။ မင်း ဖုန်းခေါ်ချင်ရင်ဖြစ်ဖြစ်၊ အင်တာနက် သုံးချင်ရင်ဖြစ်ဖြစ် ဘယ်လို ဖုန်းအမျိုးအစားပဲ ရှိရှိ မင်းဆီမှာ ဖုန်းကတ် အရင်ရှိရမယ်၊ ပြီးရင် ငါ့တို့ဆီကို လစဉ် ဖုန်းဘေလ် ဆောင်ပေးရမယ်'
ထိုခဏမှာပင် ဖေ့ယီရှန်၏ စိတ်ထဲတွင် ကိန်းဂဏန်းများက လျင်မြန်စွာ လည်ပတ်နေသည်။ သူမက လုချန်၏ အဆိုပြုချက်ကို စဉ်းစားတွေးတောနေသည်။
အကယ်၍ အလယ်ပိုင်းကုန်းမြေတိုက် တစ်ခုလုံးကို ဆက်သွယ်ရေးတာဝါတိုင်များဖြင့် လွှမ်းခြုံထားမည်ဆိုပါက ၎င်းသည် ကြီးမားလှသော ပမာဏတစ်ခု ဖြစ်လာလိမ့်မည်။ သို့သော် သူဌေးလု ပြောသကဲ့သို့ လူတိုင်း မိုဘိုင်းဖုန်း ကိုင်ဆောင်ထားမည်ဆိုပါက တစ်လလျှင် တစ်ယောက်ကို ငွေတစ်မူးသာ ကောက်ခံမည်ဆိုလျှင်တောင် ဤမျှ ကြီးမားလှသော အခြေခံအောက်တွင် ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကိန်းဂဏန်းတစ်ခု ဖြစ်လာလိမ့်မည်...
“သူဌေးလု… ရှင့်ရဲ့ ဆက်သွယ်ရေးတာဝါတိုင် ရောင်းစျေးက ဘယ်လောက်လဲ”
“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ်”
ဤစကားကို ကြားသောအခါ ဖေ့ယီရှန် တစ်ခဏမျှပင် တုံ့ဆိုင်းမနေတော့ပေ။ သူမ ချက်ချင်း ထိုင်ရာမှ ထကာ တည်းခိုခန်းထဲမှ ပြေးထွက်သွားပြီး သူမ၏ အခန်းထဲသို့ ပြန်ဝင်ကာ စက္ကူနှင့် ကလောင်တံကို အသုံးပြု၍ စတင် တွက်ချက်တော့သည်။
သူမက မြန်မြန်ဆန်ဆန် ရေးချလိုက်ရာ သူမရှေ့ရှိ စက္ကူပေါ်တွင် အချက်အလက် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ အချက်အလက်အသစ် တစ်ခုစီတိုင်းနှင့်အတူ သူမ၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်တွေ့နိုင်သည်။
ထိုကိန်းဂဏန်းများက သူမအပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်စေခဲ့သည်မှာ ရှင်းလင်းလှသည်။
လက်ဝါးကြီးအုပ်ခြင်း၊ ၎င်းသည် သေချာပေါက် ငွေရှာသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ကြီးမားသော အခြေခံအောက်တွင် အသေးငယ်ဆုံး ကိန်းဂဏန်းများပင်လျှင် ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်။ စက္ကူပေါ်ရှိ အချက်အလက်များမှတစ်ဆင့် ဖေ့ယီရှန် တစ်ယောက် လုံလောက်သော သက်ရောက်မှုကို ခံစားနေရပြီဟု ယူဆရသည်။
သို့သော်လည်း သူမတွင် လုချန်ကို မေးချင်သော မေးခွန်းများ အများအပြား ရှိနေဆဲပင်။ အနည်းဆုံးတော့ ထိုကဲ့သို့သော အစီအစဉ်တစ်ခုကို ဘယ်လို အကောင်အထည်ဖော်ရမလဲဆိုတာနဲ့ မိုဘိုင်းဖုန်းရဲ့ ဆွဲဆောင်မှုက ထင်ထားသလောက် ကြီးမားရဲ့လားဆိုတာကို သူမ မသိသေးပေ။ ဘာပဲဖြစ်ဖြစ် သူမ၏ လုပ်ငန်းအတွက် မိုဘိုင်းဖုန်းများ၏ လိုအပ်ချက်နှင့် အစွမ်းထက်သော လုပ်ဆောင်ချက်များက ထင်ရှားသော်လည်း သာမန်ပြည်သူတွေကရော ဒီလိုပဲ ခံစားရပါ့မလား။
သူမက သူမ၏ သံသယများကို လုချန်ထံ ပြောပြလိုက်သည်။
“အစီအစဉ်ကို အကောင်အထည်ဖော်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီးတော့ ငါ မင်းကို အကြံဉာဏ်တချို့ ပေးနိုင်ပါတယ်။ မိုဘိုင်းဖုန်းရဲ့ ဆွဲဆောင်မှုနဲ့ ပတ်သက်ပြီးတော့ မင်း အခု လမ်းပေါ်ထွက်ပြီး သွားကြည့်လိုက်ပါ”
“လမ်းပေါ်မှာ...”
မေးခွန်းထုတ်လိုသော နှလုံးသားဖြင့် ဖေ့ယီရှန် လမ်းပေါ်သို့ ထွက်လာခဲ့သည်။ အဝေးမှနေ၍ အသံအချို့ကို သူမ ကြားလိုက်ရသည်။
“ငါ့ကို ဓာတ်ပုံရိုက်ပေးပါဦး၊ ဓာတ်ပုံရိုက်ပေးပါဦး”
“ဝိုး… ဒါက အရမ်းကို အစစ်နဲ့ တူလွန်းတယ်။ ငါနဲ့ တစ်ပုံစံတည်းပဲ၊ နာမည်ကြီး ပန်းချီဆရာတွေ ဆွဲတဲ့ ပန်းချီကားတွေထက်တောင် ပိုကောင်းသေးတယ်”
ထိုနေရာတွင် လူတစ်စုက ရှောင်ရွှီနှင့် အခြားမိန်းကလေးများကို ဝိုင်းရံထားကြသည်။ သူတို့ ပြောဆိုနေကြသည်မှာ သဘာဝကျကျပင် ကင်မရာ လုပ်ဆောင်ချက် အကြောင်းဖြစ်သည်။
အသက်အရွယ်ကြီးရင့်မှုကြောင့် ခါးကိုင်းနေသော အဘွားအိုတစ်ဦးက ပြောသည်။
“ဒီမိုဘိုင်းဖုန်းက တကယ်ပဲ အဝေးကြီးကနေ ဖုန်းခေါ်လို့ ရတာလား။ အဘွားရဲ့ သားလေး ထွက်သွားတာ နှစ်အတော်ကြာနေပြီ၊ အခုထိ ပြန်မလာသေးဘူး။ အဘွားက သူ့ကို စကားတစ်ခွန်းလောက် တကယ် ပြောချင်လို့ပါ”
အဘွားအို စကားပြောနေစဉ် သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။
ထိုစကားများကို ဖေ့ယီရှန် တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရသည်။
ယခုအချိန်တွင် သူမ၏ နှလုံးသားထဲ၌ ဖော်ပြ၍မရသော ခံစားချက်တစ်ခုက လှိုက်တက်လာခဲ့သည်။ အဘွားအို၏ စကားများက ကြီးမားသော လက်တစ်ဖက်ကဲ့သို့ သူမ၏ နှလုံးသားကို ချည်နှောင်ထားသော အချုပ်အနှောင်များကို လုံးဝ ရိုက်ချိုးပစ်လိုက်သလိုမျိုး။
သတင်းအချက်အလက် ပေးပို့ခြင်းက ထောက်လှမ်းရေးလုပ်ငန်းအတွက် တကယ်ကို အရေးကြီးသလို သာမန်ပြည်သူများ၏ မျက်လုံးထဲတွင်လည်း တူညီစွာ အရေးကြီးပါသည်။ အရင်က ဒီလိုခံစားချက်မျိုး မရှိခဲ့တာက ဒီလို အခြေအနေမျိုး မရှိခဲ့လို့ပင်။ သို့သော် ယခုတော့ အဘွားအို ပြောသကဲ့သို့ နှစ်ပေါင်းများစွာ မတွေ့ရသော ဆွေမျိုးများနှင့် အဝေးမှ တကယ်ပဲ အဆက်အသွယ် ရနိုင်မည်ဆိုပါက မိုဘိုင်းဖုန်းများ၏ အရေးပါမှုက အပြည့်အဝ ပေါ်လွင်လာမည်ဖြစ်သည်။
*