ဖေ့ယီရှန်သည် လူအများ၏ မိုဘိုင်းဖုန်းအပေါ် ပြင်းထန်သော စူးစမ်းလိုစိတ်များအပြင် အစောပိုင်းက အဘွားအို ပြောသွားသော စကားများကိုပါ စောင့်ကြည့်နေခဲ့သည်။ ယခုအချိန်မှစ၍ မိုဘိုင်းဖုန်းဆိုသည့် ယခင်က တစ်ခါမှ မကြားဖူး၊ မမြင်ဖူးသော ဤဆန်းသစ်သည့် အရာဝတ္ထုလေးသည် မကြာမီ အနာဂတ်တွင် အလယ်ပိုင်းကုန်းမြေတိုက် တစ်ခုလုံး၌ သေချာပေါက် လူတိုင်းသုံးနိုင်အောင် ဖြန့်ချိနိုင်လိမ့်မည်ဆိုသည်ကို သူမ နားလည်သွားခဲ့ပြီ။
မဟုတ်ဘူး... အလယ်ပိုင်းကုန်းမြေတိုက် တစ်ခုတည်းနဲ့တင် မလုံလောက်သေးဘူး။ ကျန်တဲ့ ကုန်းမြေတိုက် လေးခု... နောက်ဆုံးမှာ ကုန်းမြေတိုက်ငါးခုလုံးကို ဆစ်ဂနယ်တာဝါတိုင်တွေနဲ့ လွှမ်းခြုံပစ်ရမယ်...
ထိုအချိန်ရောက်လျှင် ထောက်လှမ်းရေး အဖွဲ့အစည်းများ ဆိုသည်မှာ လိုအပ်တော့မည် မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် လူတိုင်းက မက်ဆေ့ချ်များကို ပေးပို့နိုင်လာမည်ဖြစ်ပြီး ထိုအချိန်တွင် သူမက လက်ဝါးကြီးအုပ်မှုကို ရယူထားနိုင်မည်ဖြစ်သည်။
သူဌေးလုက သူမကို ကူညီပေးနေတာ သေချာတယ်...
သူမ ကိုယ့်အတွေးနှင့်ကိုယ် နစ်မြောနေစဉ်မှာပင် တစ်ယောက်ယောက်က သူမကို သတိထားမိသွားသည်။
“သခင်မလေးဖေ့… သခင်မလေးမှာလည်း မိုဘိုင်းဖုန်း ရှိတယ်မလား။ အဲဒါလေး ထုတ်ပြီး ကျွန်မတို့ကို ပြပေးလို့ ရမလား။ ပြီးတော့ ကျွန်မတို့ လင်မယား နှစ်ယောက်ကို ဓာတ်ပုံလေး ရိုက်ပေးလို့ ရမလားဟင်”
အမျိုးသမီးတစ်ဦးက ရှက်ရွံ့နေသော အမူအရာဖြင့် လျှောက်လာပြီး တောင်းဆိုလိုက်သည်။
“ဓာတ်ပုံရိုက်ပေးရမယ်...”
ဖေ့ယီရှန်က ဒါ ဘာအဓိပ္ပာယ်လဲဆိုတာကို နားမလည်သေးသည်မှာ ရှင်းလင်းနေသည်။
“အဲဒါက မိုဘိုင်းဖုန်းထဲက ကင်မရာ လုပ်ဆောင်ချက်လေ။ သခင်မလေးရှောင်တို့ အသုံးပြုနေကြတာ”
အမျိုးသမီးက ဖေ့ယီရှန်ကို ရှင်းပြလိုက်သည်။
မကြာမီမှာပင် ဖေ့ယီရှန် တစ်ယောက်လည်း ကင်မရာ လုပ်ဆောင်ချက်တွင် နစ်မြောသွားတော့သည်။
သူမ တည်းခိုခန်းသို့ ပြန်ရောက်လာသောအခါ ဂိုဏ်းချုပ်အတော်များများက တည်းခိုခန်း အဝင်ဝတွင် စုရုံးနေကြပြီဖြစ်သည်။ ယခုအချိန်တွင် သူတို့ထဲမှ တစ်ယောက်စီတိုင်း၏ လက်ထဲတွင် မိုဘိုင်းဖုန်း တစ်လုံးစီ ရှိနေကြသည်။ ပုံသဏ္ဍာန်၊ အရောင်နှင့် အရွယ်အစား အမျိုးမျိုးရှိကြပြီး သူတို့က ဖုန်းများကို အဆက်မပြတ် ကလိနေရင်း မျက်နှာပေါ်တွင် ပျော်ရွှင်ကြည်နူးမှုများ လင်းလက်နေကြသည်။
“ငါ့ရဲ့ WeChat အကောင့်နာမည်က 'အဝီစိတာအိုဆရာ'၊ ပြီးတော့ ဒါက ငါ့ရဲ့ သီးသန့် ID ပဲ။ မင်းတို့ထဲက ဘယ်သူမှ ဒါကို ယူသုံးခွင့် မရှိဘူး”
အဘိုးကြီးလျိုက သူတို့ကို ပြောနေသည်။
“မင်းလို နာမည်မျိုးကို ဘယ်သူက သုံးမှာလဲ။ ငါ့အကောင့်ကို ကြည့်စမ်း… ချန်ခွန်းဂိုဏ်းရဲ့ နံပါတ်တစ် ပညာရှင်တဲ့။ ငါ့နာမည်က အာဏာပါဝါ အပြည့်ပဲ မဟုတ်ဘူးလား”
“အမြင်မရှိလိုက်တာ။ ငါ မင်းကို သူငယ်ချင်းစာရင်းထဲကနေ တကယ် ဖြုတ်ချင်လာပြီ(Unfriend လုပ်မယ်လို့ ဆိုလိုတာပါ)”
“ဟွန်း… ဟွန်း… ငါ့ကို ကြည့်စမ်း၊ ဒီအရှင်သခင်က ငါ့ရဲ့ ပထမဆုံး Post ကိုတောင် တင်ပြီးသွားပြီ။ ဒီအရှင်သခင်ရဲ့ ပို့စ်ကို မြန်မြန် လာ Like ပေးကြစမ်း...”
ဤမျှ တိုတောင်းသော အချိန်လေးအတွင်းမှာပင် ဤကျင့်ကြံသူကြီးများအားလုံးကို လုချန်က WeChat မည်သို့ အသုံးပြုရမည်ကို သင်ပေးခဲ့ပြီးဖြစ်သည်။ ထို့အပြင် လုချန်၏ သိမ်မွေ့သော လွှမ်းမိုးမှုအောက်တွင် ပို့စ်တစ်ခုကို Like ပေးခြင်းသည် အလွန်အရေးကြီးသော ကိစ္စတစ်ခုဖြစ်ကြောင်း သူတို့ ယုံကြည်နေကြပြီဖြစ်သည်။
“ရပြီ… ရပြီ… ခင်ဗျားတို့ရဲ့ ဂိုဏ်းတွေ ဘယ်တော့ ဆစ်ဂနယ်ရမလဲဆိုတာ ခင်ဗျားတို့ မေးနေကြတာ မဟုတ်ဘူးလား။ အဓိကလူ ပြန်ရောက်လာပြီ၊ သူ့ကို မြန်မြန် သွားမေးကြ”
လုချန်က ဖေ့ယီရှန်ကို မြင်သည်နှင့် တစ်ပြိုင်နက် ထိုဂိုဏ်းချုပ်များကို ပြောလိုက်သည်။
ခဏချင်းမှာပင် ဂိုဏ်းချုပ်များက ဖေ့ယီရှန်ဆီသို့ အုံအောင်းသွားကြသည်။
“သခင်မလေးဖေ့… သခင်မလေးက ဆက်သွယ်ရေးတာဝါတိုင်ကို ငါတို့ဂိုဏ်းနဲ့ မြန်မြန် လာချိတ်ဆက်ပေးရမယ်နော်... ငါ့ကျောင်းတော်က လူတိုင်း မိုဘိုင်းဖုန်း ဝယ်မယ်လို့ အာမခံတယ်။ ပြီးတော့ သခင်မလေးကို လစဉ် ငွေလျန် အနည်းဆုံး တစ်ထောင် ပေးမယ်”
“မင်းဂိုဏ်းမှာ လူနည်းလွန်းတယ်။ ငွေလျန် တစ်ထောင်တည်းနဲ့ ဘာလို့ လောနေတာလဲ။ ငါ့ကျောင်းတော်မှာ တပည့် ခုနစ်ထောင်ကျော် ရှိတယ်၊ အဲဒါက တစ်လကို ငွေလျန် ခုနစ်ထောင်ပဲ။ ငါ့ဂိုဏ်းကို အရင် လာချိတ်ပေး”
“သောက်ကျိုးနည်း… လူများတော့ရော ဘာဖြစ်လဲ။ ငါတို့ ချန်ခွန်းဂိုဏ်းက လူတိုင်းက အထက်တန်းလွှာတွေချည်းပဲ...”
ဒီဂိုဏ်းချုပ်တွေရဲ့ စကားတွေကို နားထောင်ရင်း မိုဘိုင်းဖုန်းရဲ့ လိုအပ်ချက်က ဖေ့ယီရှန်ရဲ့ နားလည်ထားမှုကို နောက်တစ်ကြိမ် ထပ်ပြီး အသစ်ဖြစ်သွားစေသည်။
တကယ်လို့သာ ကျောင်းတော်ကြီးတွေ တစ်ခုလုံးကို အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်အောင် လုပ်ပေးနိုင်မယ်ဆိုရင် အဲဒါက အဓိက ကျောင်းတော်ကြီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းကို အကျိုးရှိစေမှာပင်။ တစ်လကို ငွေလျန် ထောင်ဂဏန်းလောက်ရတာက ဒါနဲ့ နှိုင်းယှဉ်လို့မရပေ။
လုချန်ကတော့ အရာသိခန်းမနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်း ရှိပါသည်။
ပထမအချက်က သူ ဖေ့ယီရှန်ကို သိပြီး သူမရဲ့ စရိုက်ကိုလည်း နားလည်တဲ့အတွက် ပူးပေါင်းလုပ်ဆောင်ဖို့က လုံးဝ အဆင်ပြေသည်။ ဒုတိယအချက်က အရာသိခန်းမရဲ့ လူအင်အားပင်။ အလယ်ပိုင်းကုန်းမြေတိုက်ရဲ့ နံပါတ်တစ် ထောက်လှမ်းရေး အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ မျက်စိနဲ့ နားတွေက အလယ်ပိုင်းကုန်းမြေတိုက် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ တကယ်လို့ သူတို့ကသာ လည်ပတ်မှုကို ကိုင်တွယ်မယ်ဆိုရင် မိုဘိုင်းဖုန်းကို အလယ်ပိုင်းကုန်းမြေတိုက်မှာ အမြန်ဆုံး အမြန်နှုန်းနဲ့ နာမည်ကြီးလာအောင် သေချာပေါက် လုပ်နိုင်လိမ့်မည်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး သူ လုံးဝ စိတ်ပူစရာ မလိုတော့။ ထို့အပြင် သူ လုပ်ရမှာက ဆစ်ဂနယ်တာဝါတိုင်တွေ တည်ဆောက်ဖို့ ပိုက်ဆံမကုန်ရုံသာမက ဆစ်ဂနယ်တာဝါတိုင် တိုင်းကနေ ငါးဆယ်ရာခိုင်နှုန်း အကျိုးအမြတ် ရဦးမှာပဲလေ။ အရာသိခန်းမကလည်း အကျိုးအမြတ် ရနိုင်သလို သူတို့ရဲ့ ဂုဏ်သတင်းကိုလည်း မြှင့်တင်နိုင်သည်။ ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် အပြည့်အဝ အောင်မြင်မှုတစ်ခုပင်။
“သူဌေးလု… ကျွန်မ အခုချက်ချင်း ဆစ်ဂနယ်တာဝါတိုင်တွေ လိုအပ်နေတယ်။ ရှင့်ဆီမှာ ဘယ်လောက်ရှိလဲ”
“မင်း ဘယ်လောက်လိုချင်လို့လဲ”
“ကျွန်မအတွက် အရင်ဆုံး ဆယ်ခုလောက် ပြင်ဆင်ပေးထားပါ။ ကျွန်မ ပိုက်ဆံရှာဖို့ အချိန်လိုသေးတယ်”
“ပြဿနာမရှိပါဘူး”
လုချန်က လက်ဝှေ့ယမ်းလိုက်ရာ တည်းခိုခန်း အဝင်ဝရှေ့တွင် ဆစ်ဂနယ်တာဝါတိုင် ဆယ်ခု ပေါ်လာသည်။ ဖေ့ယီရှန်က ဆစ်ဂနယ်တာဝါတိုင်များကို သယ်သွားရန် လူများကို ချက်ချင်း ခေါ်လိုက်သည်။
“သူဌေးလု… နောက်နှစ်ရက်အတွင်း မိုဘိုင်းဖုန်းတွေ မရောင်းပါနဲ့ဦးနော်”
“သေချာတာပေါ့။ ဖြန့်ချိခွင့်ကို မင်းကို ပေးထားပြီးပြီပဲ။ ဘယ်လိုလည်ပတ်မလဲ ဆိုတာကို အရာသိခန်းမကပဲ အပြည့်အဝ ကိုင်တွယ်ရမှာပါ။ မိုဘိုင်းဖုန်းတွေ လိုအပ်တဲ့အခါမှသာ ငါ့ဆီကို လာခဲ့ပါ”
“နားလည်ပါပြီ”
ဖေ့ယီရှန်က အမြန် ထွက်ခွာသွားသည်။
ထိုနေ့တွင် တည်းခိုခန်း၏ စီးပွားရေးက အလွန်ကောင်းမွန်နေဆဲဖြစ်ပြီး အစားအသောက် လာစားကြသည့်အပြင် လူတိုင်းက မိုဘိုင်းဖုန်းအကြောင်းကိုပါ မေးမြန်းကြသည်။ ဤကိစ္စနှင့် ပတ်သက်၍ လုချန်က သူတို့ကို အရာသိခန်းမတွင် သွားရောက်စုံစမ်းရန်သာ ပြောလိုက်သည်။
ထိုသို့ဖြင့် နှစ်ရက် ကုန်လွန်သွားခဲ့သည်။ ပထမအဆင့် ဂိုဏ်းများမှ ဂိုဏ်းချုပ်များနှင့် မဟာအကြီးအကဲ ဒါဇင်ပေါင်းများစွာသည် နေ့တိုင်း မိုဘိုင်းဖုန်းများ ကိုင်ဆောင်ကာ နေရာအနှံ့ ဓာတ်ပုံများ လိုက်ရိုက်နေကြသည်။ ထို့အပြင် တုကူးဖူကွေ့ကလည်း သူ၏ ရင်ဘတ်တွင် ဆွဲထားသော မဟူရာရွှေရောင် မိုဘိုင်းဖုန်းကို အဆက်မပြတ် ကြွားလုံးထုတ်နေခဲ့သည်။ 'မိုဘိုင်းဖုန်း' ဆိုသည့် ဝေါဟာရက မြို့တော်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး နန်းတော်ကပင် သတင်းရရှိသွားခဲ့သည်။
“မိုဘိုင်းဖုန်း ဟုတ်လား။ အဲဒါက ဘယ်နေရာမှာမဆို တိုက်ရိုက် ဆက်သွယ်လို့ရတယ်ပေါ့။ တကယ်လို့ အဲဒီလိုသာဆိုရင် အမိန့်တစ်ရပ် ထုတ်ပြန်လိုက်… လက်ရှိ အရာရှိတွေ အားလုံး တစ်ယောက်ကို တစ်လုံးစီ ရှိရမယ်။ သူတို့ကို အချိန်မရွေး ဆက်သွယ်နိုင်ဖို့ ငါကိုယ်တော် လိုအပ်တယ်”
ရွှေရောင်ပလ္လင် ခန်းမဆောင်အတွင်း မဟာရှဧကရာဇ်က ကြေညာလိုက်သည်။
မဟာရှအင်ပါယာ၏ အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေး ပြဿနာများက အသစ်အဆန်း မဟုတ်တော့ပေ။ သူက နန်းတော်ထဲမှာ အကျဉ်းကျနေသလို ဖြစ်နေပြီး အဲဒီကိစ္စတွေကို သူ သိပေမယ့် ဖြေရှင်းဖို့ နည်းလမ်း လုံးဝ မရှာတွေ့ခဲ့ချေ။ တကယ်လို့ သူ ကိုယ်တိုင် နန်းတော်ပြင်ထွက်ပြီး သေချာ စုံစမ်းစစ်ဆေးမယ်ဆိုရင်တောင် အဲဒီအရာရှိတွေက သတင်းကို ရက်ပိုင်းအလို ကြိုရသွားကြမှာပင်။ တကယ်လို့ အစီရင်ခံစာတွေ ပြန်ပို့လာမယ်ဆိုရင်လည်း အများစုက အတုတွေချည်းပဲ ဖြစ်နေမှာ။ ဒါပေမဲ့ မိုဘိုင်းဖုန်း ရှိလာတာက အရာအားလုံးကို ပြောင်းလဲသွားစေသည်။ သူက အရာရှိတွေကို အချိန်မရွေး ကြီးကြပ်ကွပ်ကဲနိုင်သွားပြီမို့ မဟာရှအင်ပါယာ တစ်ခုလုံးရဲ့ စီမံခန့်ခွဲမှုအတွက် အရမ်းကို အကျိုးရှိသွားပြီလေ။
တတိယမြောက်နေ့သို့ ရောက်သောအခါ လုချန်က ဟင်းရည်ထုပ်ဖက်ထုပ်များကို ပြင်ဆင်ပြီး စတင်ရောင်းချရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သူ တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက်တွင် လူပင်လယ်ကြီးကို တွေ့လိုက်ရသည်။
“သောက်ကျိုးနည်း… ဘာတွေ ဖြစ်နေတာလဲ”
“သူဌေးလု… ဒီမှာရှိတဲ့ လူတိုင်းက မိုဘိုင်းဖုန်း ဝယ်ဖို့ လာကြတာပါ”
ယနေ့တွင် ဖေ့ယီရှန်က အရှေ့ဆုံးတွင် ရပ်ကာ လုချန်ကို ပြောလိုက်သည်။
အဝင်ဝတွင် တန်းစီနေသူတိုင်းနီးပါး၏ လက်ထဲတွင် စာသားများ အပြည့်ရေးထားသော စက္ကူအဖြူရောင် တစ်ရွက်စီ ကိုင်ထားကြသည်ကို လုချန် သတိထားမိလိုက်သည်။
“ဒီစက္ကူတွေက ကျွန်မတို့ အရာသိခန်းမကနေ အထူးထုတ်လုပ်ထားတာပါ။ မိုဘိုင်းဖုန်း ဝယ်ချင်ရင် အရင်ဆုံး ဘောက်ချာအနေနဲ့ စက္ကူတစ်ရွက်ကို လာယူရမယ်။ ဘောက်ချာရဖို့ လုပ်ငန်းစဉ်မှာ ကျွန်မတို့ အရာသိခန်းမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ မှတ်ပုံတင်ဖို့ လိုအပ်တယ်။ လူတိုင်းမှာ သီးသန့် နံပါတ်တစ်ခုစီ ရှိပြီး ဘောက်ချာရသွားတဲ့ သူတွေအားလုံးဆီကနေ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ကျွန်မတို့က အခကြေးငွေ ကောက်ခံသွားမှာပါ”
ဖေ့ယီရှန်က ရှင်းပြလိုက်သည်။
လုချန်က နားထောင်ပြီး သူမကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။ သူ လူရွေးမမှားခဲ့ဘူးဆိုတာ သေချာသွားပြီ။ ဒီကောင်မလေးမှာ ထူးခြားပြောင်မြောက်တဲ့ စီးပွားရေးဦးနှောက် ရှိနေတာပဲ။ ဒီနည်းလမ်းက ၂၁ ရာစုက မှတ်ပုံတင်စနစ် မဟုတ်ဘူးလား။
“တကယ်လို့ တစ်ယောက်ယောက်က ဘောက်ချာ ယူသွားပြီး မိုဘိုင်းဖုန်း မဝယ်ဘူးဆိုရင်ရော။ အဲဒီကျရင်လည်း သူတို့ဆီကနေ အခကြေးငွေ အတူတူပဲ ကောက်ခံမှာလား”
“သေချာတာပေါ့။ ဒါက ကြိုတင် သဘောတူထားပြီးသားလေ။ သူတို့က ဘောက်ချာ ယူသွားသရွေ့ ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ အခကြေးငွေကိုတော့ ပေးရမှာပဲ။ သက်တမ်းက နှစ်နှစ်ပါ။ နှစ်နှစ်ပြည့်သွားရင်တော့ အခမဲ့ သုံးလို့ရပါပြီ။ ဒီကာလအတွင်းမှာ ဘယ်လို မတော်တဆမှုမျိုးပဲဖြစ်ဖြစ်၊ မိုဘိုင်းဖုန်း ပျောက်သွားရင်တောင်မှ ပိုက်ဆံကိုတော့ ကောက်ခံသွားမှာပါ”
“မိုက်တယ်ဟေ့...”
လုချန် ထိုစကားလုံး နှစ်လုံးကို စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
ဒီနည်းလမ်းက မှတ်ပုံတင်စနစ်သက်သက် မဟုတ်တော့။ ဂိတ်ကြေးကောက်ခံတဲ့ ပုံစံကို အပြည့်အဝ ယူသုံးထားတာပင်။
ဆစ်ဂနယ်တာဝါတိုင်တွေ ဝယ်ဖို့ ငါက ပိုက်ဆံပေးတယ်၊ မင်းက သုံးစွဲခအတွက် နှစ်နှစ်စာ ပိုက်ဆံပေးရမယ်။ နှစ်နှစ်ပြည့်သွားရင် ငါ့ပိုက်ဆံတွေက အရင်းကျေပြီး အမြတ်ပါ ထွက်နေလောက်ပြီလေ။
“ဒါပေမဲ့ သူဌေးလု… နောက်ထပ် ရှင် ဒုက္ခခံပေးရဦးမယ် ထင်တယ်။ ကျွန်မက မိုဘိုင်းဖုန်းတွေအကြောင်း သိပ်မသိတော့ ရှင်ပဲ လူတိုင်းကို မိတ်ဆက်ပေးဖို့ လိုအပ်တယ်”
“ပြဿနာမရှိပါဘူး။ စားပွဲထိုးလေး… ပေါက်စီရောင်းတာ ရပ်လိုက်တော့၊ အဲဒီအစား သွားပြီး မိုဘိုင်းဖုန်းတွေ သွားရောင်း...”
လုချန်က လက်ကို ကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းရင်း ကြေညာလိုက်သည်။
*