မသေနိုင်သောသေမင်းနတ်ဘုရားနှင့် ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာတို့သည်လည်း ကံကြမ္မာ နတ်ဘုရားနန်းတော်ဆီသို့ဦးတည်လာနိုင်ခြေရှိသည်ဟုတွေးမိလိုက်သဖြင့် ရန်ရှောက်ထျန်း၏ မျက် လုံးများမှာ အေးစက်သွားတော့သည်။
အကယ်၍ သူတို့နှစ်ဦးနှင့်ထပ်မံတွေ့ဆုံခဲ့လျှင် သူသည်သေချာပေါက် ကောင်းမွန်သော 'ဧည့်ခံမှု' တစ်ခုပေးပေလိမ့်မည်။
စိန့်အဆင့် ဝိညာဉ်ကျောက်တုံးများ၏အရှိန်အဟုန်ဖြင့် တွင်းနက်ကြီးပျံသန်းရေးယာဉ်မှာ ကံကြမ္မာနတ်ဘုရားကျွန်းဆီသို့ တရွေ့ရွေ့ ချဉ်းကပ်လာခဲ့လေသည်။
လဝက်တစ်ကြိမ်တွင် ရန်ရှောက်ထျန်းသည် ကျင့်ကြံရန်အတွက် ဘေးဒုက္ခနှစ်ဆင့် ကောင်းကင်အဆင့် ဧကရာဇ်ဆေးလုံးတစ်လုံးကို သုံးစွဲလေ့ရှိသည်။
သို့သော် ဧကရာဇ်အဆင့်နဝမအလွှာသို့တက်လှမ်းပြီးနောက်တွင် ဘေးဒုက္ခနှစ်ဆင့် ကောင်း ကင်အဆင့်ဧကရာဇ်ဆေးလုံး၏အာနိသင်မှာ များစွာလျော့နည်းသွားခဲ့လေပြီ။ ထို့ကြောင့် ရန်ရှောက် ထျန်းသည် ဘေးဒုက္ခသုံးဆင့်ကောင်းကင်အဆင့်ဆေးလုံးများကို ဖော်စပ်နိုင်ရန်အတွက် စတုတ္ထမြောက် နတ်ဘုရားမီးလျှံမီးတောက်ကို ရှာဖွေရန်စဉ်းစားနေခဲ့လေသည်။
ဘေးဒုက္ခသုံးဆင့် ကောင်းကင်အဆင့်ဆေးလုံးများမှာ ဘေးဒုက္ခနှစ်ဆင့်ဆေးလုံးများထက် များစွာ ပို၍ အာနိသင်ရှိပေသည်။
အကယ်၍ သူသည် ဧကရာဇ်အဆင့်ဒသမအလွှာသို့တက်လှမ်းလိုလျှင် ဘေးဒုက္ခသုံးဆင့် ကောင်းကင်အဆင့် ဆေးလုံးများကို ပို၍ပင်လိုအပ်ပေလိမ့်မည်။
မဟုတ်လျှင် တစ်နှစ်အတွင်း သူသည်ပေါင်းစပ်ကောင်းကင်ကံကြမ္မာ ဆယ့်ငါးခုကို တောင့်ခံ နိုင်လိမ့်မည် မဟုတ်ပေ။
တစ်လ ကြာပြီးနောက်...
ကံကြမ္မာနတ်ဘုရားကျွန်းကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရလေပြီ။
အဝေးတွင် ဧရာမကျွန်းကြီးတစ်ကျွန်းမှာ ပင်လယ်ရေပြင်ပေါ်တွင်ပျံဝဲနေပြီး နေရောင် ခြည်၏ ရောင်ပြန်ဟပ်မှုအောက်တွင်စိမ်းလန်းသောအလင်းတန်းများကို ထုတ်လွှတ်နေကာ ပင်လယ်ပြင်ရှိ ကောင်းကင်ယံတစ်ခုလုံးကို လှပသောမြရောင်များဖြင့်လင်းထိန်သွားစေတော့သည်။
သို့သော်လည်း နတ်ဘုရားကျွန်း၏ အထက်ရှိ ကောင်းကင်ယံတွင် မှေးမှိန်သော တားမြစ်ချက် အလင်းကာရံကြီးတစ်ခု ဖုံးလွှမ်းနေလေသည်။
ကံကြမ္မာနတ်ဘုရားနန်းတော် ပွင့်သည့်အချိန်မှသာ ဤတားမြစ်ချက်အလင်းကာရံကြီးမှာ ပျောက်ကွယ်သွားမည်ဖြစ်ပြီး အားလုံးကျွန်းအတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်လေသည်။ ထို့ကြောင့် ရန်ရှောက်ထျန်းသည် ကျွန်းအတွင်းသို့ မဝင်ရောက်နိုင်သေးပေ။
ကံကြမ္မာနတ်ဘုရားနန်းတော် ပွင့်ရန်အတွက်နှစ်လခန့်လိုအပ်နေသေးသဖြင့် ရန်ရှောက် ထျန်းသည် အားနေခြင်း မရှိဘဲ ဝမ်ကျန့်တိုက်ကြီးဆီသို့ ပျံသန်းသွားခဲ့လေသည်။
ဘာပဲဖြစ်ဖြစ် ဤနေရာမှာဝမ်ကျန့်တိုက်ကြီးနှင့်မဝေးတော့ပေ။ သူသည် တွင်းနက်ကြီး ပျံသန်းရေးယာဉ်ကိုအသုံးမပြုလျှင်ပင် သူ၏အရှိန်ဖြင့်ဆိုပါက တစ်ရက်ခန့်အတွင်းဝမ်ကျန့်တိုက် ကြီးသို့ ရောက်ရှိနိုင်လေသည်။
သူသည် ဝမ်ကျန့်တိုက်ကြီးကို လိုလားတောင့်တနေခဲ့သည်မှာ ကြာပြီ ဖြစ်လေသည်။
ထုန်းထျန်းနတ်ဘုရားဂိုဏ်းတည်ရှိရာ ဝမ်ကျန့်တိုက်ကြီးမှာမည်သို့ရှိသည်ကို သူ မြင်တွေ့ချင် နေခဲ့သည်။
ထို့အပြင် ဝမ်ကျန့်တိုက်ကြီးရှိ ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏ လက်ရှိအခြေအနေကိုလည်း တစ်ဆက်တည်း သိရှိလိုနေခဲ့သည်။
သူ၏ စီနီယာအစ်ကိုဖြစ်သူ ကြာပန်းပြာဓားနတ်ဘုရား၏ပြောကြားချက်အရ ထုန်းထျန်း နတ်ဘုရားဂိုဏ်း၏လက်ရှိအခြေအနေမှာသိပ်မကောင်းလှပေ။ သူ၏ဆရာဖြစ်သူ နတ်ဘုရားအရှင် သခင်ဘိုးဘေးဟုန်ဖုန်းထွက်ခွာသွားခဲ့သော နှစ်ပေါင်းထောင်ချီအတွင်း ထုန်းထျန်းနတ်ဘုရားဂိုဏ်း ၏ အတွင်းပိုင်းမှာ အုပ်စုသုံးစုကွဲနေခဲ့လေပြီ။
ထို့ကြောင့် သူသည်ထုန်းထျန်းနတ်ဘုရားဂိုဏ်းကိုတာဝန်ယူရန်မှာ အတန်ငယ်ခက်ခဲနေဦး မည် ဖြစ်လေသည်။
သေချာပေါက်ပင် သူသည် နတ်ဝိညာဉ်အဆင့်သို့ရောက်ရှိသွားပြီဆိုပါက ထုန်းထျန်းနတ် ဘုရားဂိုဏ်းမှနတ်ဘုရားများကိုနှိမ်နင်းရန်မခက်ခဲသော်လည်း ယခုမူသူသည်ဧကရာဇ်အဆင့် တွင်သာ ရှိနေသေးသဖြင့် သူ၏အစွမ်းမှာအနည်းငယ်အားနည်းနေသေးခြင်း ဖြစ်လေသည်။
တစ်ရက်ကြာပြီးနောက် ရန်ရှောက်ထျန်းသည် နောက်ဆုံး၌ဝမ်ကျန့်တိုက်ကြီးကို မြင်တွေ့ လိုက်ရလေသည်။
ပင်လယ်ပြင်မှကြည့်လိုက်လျှင် ဆက်တိုက်တည်ရှိနေသောမြို့ကြီးများ၊ လှပသောတောင် တန်းများနှင့်ရေပြင်များ၊ မရေမတွက်နိုင်သောပျံသန်းရေးယာဉ်များနှင့် ကမ်းနားတွင်ဆိုက်ကပ်ထား သော ဧရာမသင်္ဘောကြီးများကို မြင်တွေ့နိုင်လေသည်။
ဤသင်္ဘောကြီးအချို့မှာ ဝမ်ကျန့်တိုက်ကြီးကုန်သည်ကြီးများအသင်းမှ ဖြစ်ကြပြီး အချို့မှာ မူ ထိပ်တန်းမိသားစုကြီးများမှ ဖြစ်ကြလေသည်။
ရန်ရှောက်ထျန်းသည် ကမ်းခြေသို့ဆင်းသက်လိုက်ပြီး ကမ်းရိုးတန်းမြို့အတွင်းသို့ လမ်း လျှောက်ဝင်ရောက်ခဲ့လေသည်။ သူသည်စည်ကားသိုက်မြိုက်ပြီး အလွန်တရာကြီးကျယ်ခမ်းနား သောမြင်ကွင်းကို မြင်တွေ့လိုက်ရလေသည်။
မြို့ကို ဖြတ်ကျော်ပြီးနောက် သူသည်တောက်လျှောက် လမ်းလျှောက်သွားခဲ့သည်။
နောက်ဆုံးတွင် သူသည်သိပ်မထင်ရှားသောတောင်ရွာလေးတစ်ရွာသို့ ရောက်ရှိသွားခဲ့ လေသည်။
ထိုတောင်ရွာလေးမှာ သိပ်မကြီးလှဘဲ မီးခိုးငွေ့များ လွင့်ပျံနေလေသည်။
ဤအချိန်တွင် နေဝင်ချိန်သို့ရောက်ရှိနေပြီဖြစ်ကာ နေဝင်ရီတလွဲအလင်းရောင်အောက်တွင် တောင်ရွာလေးမှာ ငြိမ်သက်အေးချမ်းနေပြီး တောင်တန်းများနှင့်တောအုပ်များမှာ ပန်းချီကား တစ်ချပ်အလား ထူးခြားသောအလှတရားတစ်ခု ရှိနေလေသည်။
တောင်ရွာလေးကို ဖြတ်သန်းသွားစဉ်မှာပင် ကလေးငယ်တစ်ဦးကရန်ရှောက်ထျန်း၏ အာရုံ ကို ဆွဲဆောင်သွားခဲ့လေသည်။
ထိုကလေးမှာ အသက်ရှစ်နှစ်၊ ကိုးနှစ်ခန့်ရှိပြီး သူသည် လွန်ခဲ့သောတစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်က သိုင်းဝိညာဉ်နိုးထခဲ့ပြီး သိုင်းပညာကိုစတင်သင်ယူနေပုံရလေသည်။ သူသည်သစ်သား ဓားတစ်လက်ကိုကိုင်ဆောင်ကာ ချောမွေ့ပြီးအားပါသောလှုပ်ရှားမှုများဖြင့် ဝှေ့ယမ်းနေပြီး လေတိုး သံများကို ဖြစ်ပေါ်စေခဲ့လေသည်။
ရန်ရှောက်ထျန်း ပြုံးလိုက်မိသည်၊ သူ ငယ်စဉ်ကတောင်ကုန်းနောက်ဘက်တွင် ထိုက်ကျိ ကျမ်းစာကို သင်ယူနေခဲ့သောမြင်ကွင်းကို ပြန်လည်မြင်ယောင်လာခဲ့လေသည်။
နှစ်ပေါင်းများစွာကြာခဲ့သော်လည်း သူသည်ကမ္ဘာဦးမူလနဂါးကျင့်စဉ်ကို အဓိကကျင့်ကြံ နေသော်လည်း ထိုက်ကျိကျမ်းစာကိုမည်သည့်အခါမျှစွန့်လွှတ်ခြင်းမရှိဘဲ ရံဖန်ရံခါတွင် ကျင့်ကြံနေ ဆဲ ဖြစ်လေသည်။
ထိုကလေးမှာ အဆင့်နိမ့်ဓားကွက်တစ်ခုကိုကျင့်ကြံနေခြင်းဖြစ်လေသည်။ ရုတ်တရက် တစ်ဖက်လူက ရပ်တန့်လိုက်ပြီး ရန်ရှောက်ထျန်းကို သံသယဖြင့်ကြည့်ကာ
“မင်းက ဘယ်သူလဲ”
“လမ်းသွားလမ်းလာတစ်ယောက်ပါ”
ရန်ရှောက်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
“သူငယ်ချင်းလေး... ဒီဓားကွက်ကိုမင်းကို ဘယ်သူသင်ပေးတာလဲ။ မင်း တော်တော်ကောင်း ကောင်းကျင့်ထားတာပဲ”
တစ်ဖက်လူ၏ဓားကွက်မှာ အဆင့်မြင့်အထွတ်အထိပ်သို့ရောက်ရှိနေပြီး အောင်မြင်မှု အဆင့် သို့နီးကပ်နေကြောင်း သူသိနိုင်လေသည်။ ဤအသက်အရွယ်နှင့် အဆင့်နိမ့်ဓားကွက်တစ်ခုကို ဤမျှ အထိ ကျင့်ကြံနိုင်ခြင်းမှာ အလွန်တရာကောင်းမွန်လှပေသည်။
သေချာပေါက်ပင် သူ့နှင့်တော့ နှိုင်းယှဉ်၍ မရပေ။
သူ နတ်ဘုရားဓားကျောင်းသို့ဝင်ရောက်ချိန် ထိုအသက်အရွယ်တွင် သူသည်နတ်ဘုရားဓား ကျောင်း၏ ကျောက်ဓားတစ်ရာစလုံးကို နားလည်သဘောပေါက်ပြီး ဖြစ်လေသည်။
ရန်ရှောက်ထျန်းက သူ၏ဓားကွက်ကိုချီးကျူးသည်ကို ကြားလိုက်ရသဖြင့် ကလေးငယ်မှာ အနည်းငယ် ဂုဏ်ယူသွားပြီး ပြောလိုက်သည်။
“ဒါပေါ့... ငါ့ရဲ့ မြွေဆိုးဓားကွက်ကိုငါ့ဆရာကသင်ပေးထားတာ။ ငါ့ဆရာကအရမ်း အစွမ်း ထက်တယ်”
“သူက တစ်ကမ္ဘာလုံးကပြိုင်ဘက်အားလုံးကိုအနိုင်ယူခဲ့ဖူးတဲ့ အရမ်းအရမ်းကို အစွမ်းထက် တဲ့ ဓားပညာရှင်တစ်ယောက်ပဲ”
ရန်ရှောက်ထျန်း ၎င်းကို ကြားလိုက်ရသောအခါ မပြုံးဘဲ မနေနိုင်တော့ပေ။
“အဲဒီလိုလား”
သို့သော်လည်း ထိုကလေးပြောသော စကားကြောင့် သူ စိတ်ဝင်စားသွားခဲ့လေသည်။
“ဒါပေါ့... ငါ့ဆရာက အတော်ဆုံး၊ အတော်ဆုံးပဲ”
ကလေးငယ်က ကြည်ညိုလေးစားသော အမူအရာဖြင့် ပြောလိုက်သည်။
“ညီလေး... ဒီကလေးရဲ့လျှောက်ပြောတာတွေကိုနားမယောင်ပါနဲ့”
ဤအချိန်တွင် ခန့်ညားထည်ဝါသောလူလတ်ပိုင်းအမျိုးသားတစ်ဦး ရွာအတွင်းမှ လမ်း လျှောက်ထွက်လာခဲ့လေသည်။ သူသည်မုတ်ဆိတ်မွှေးသုံးစပ်နှင့် ယဉ်ကျေးသိမ်မွေ့သော ရုပ်ရည် ရှိလေသည်။
ထိုလူလတ်ပိုင်း အမျိုးသားမှာ ကလေးငယ်ပြောသော ဆရာဖြစ်ပုံရလေသည်။
“ကျွန်တော် လျှောက်ပြောတာ မဟုတ်ပါဘူး”
ကလေးငယ်က နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
လူလတ်ပိုင်း အမျိုးသားမှာလမ်းလျှောက်လာပြီး လက်ယှက်ဂါရဝပြုကာ ရန်ရှောက်ထျန်း ကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“ကျုပ်နာမည်က ကျန့်လင်းပါ။ ညီလေးရဲ့ နာမည်ကို သိပါရစေ”
“ရန်ရှောက်ထျန်းပါ”
ရန်ရှောက်ထျန်းကလည်း လက်ယှက်ဂါရဝပြုလိုက်သည်။
“ရန်ညီလေးပဲကိုး၊ ရန်ညီလေးကလမ်းကြုံလို့ ဖြတ်လာတာ မဟုတ်လား။ အချိန်ကလည်း နောက်ကျနေပြီ၊ အခုလိုဆုံရတာကံတရားပဲ။ ကျုပ်ရဲ့အိမ်လေးကိုလာပြီး ခဏလောက် ထိုင်ပါဦးလား”
လူလတ်ပိုင်း အမျိုးသားက ဖော်ဖော်ရွေရွေ ပြောလိုက်သည်။
“ကောင်းပါပြီ” ရန်ရှောက်ထျန်း ခေါင်းငြိမ့်လိုက်သည်။
ဤကျန့်လင်းမှာ ထူးခြားသောနောက်ခံတစ်ခုရှိနေကြောင်း သူ သိနိုင်သည်၊ သို့သော် သူက ဘာကြောင့် ဤမထင်ရှားသော ရွာလေးတွင် လာရောက်ဆိတ်သုတ်စွာ နေထိုင်နေရသနည်း။
တစ်ဖက်လူ၏ အိမ်သို့ရောက်ရှိသောအခါ တစ်ဖက်လူကရန်ရှောက်ထျန်းအတွက် လက်ဖက် ရည်ငှဲ့ပေးလေသည်။ လက်ဖက်ရည်မှာကောင်းမွန်သောလက်ဖက်ရည်ဖြစ်ပြီး အလွန်တရာ မွှေးကြိုင်လှပေသည်။
သာမန် စကားအချို့ပြောဆိုပြီးနောက် ကျန့်လင်းကပြောလိုက်သည်။
“ရန်ညီလေးကို အမှန်အတိုင်းပြောရရင် ကျုပ်လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီနေရာကို ဖြတ်သွားရင်း တောင်တန်းတွေနဲ့ရေပြင်တွေကလှပပြီး နေချင်စရာကောင်းတာကို မြင်လို့ နေခဲ့တာ ပါ။ ဒီကလေးရှောင်ဝမ်က ပါရမီကောင်းတာနဲ့ ကျုပ်ကတပည့်အဖြစ်လက်ခံပြီး ဓားကွက်တွေ သင်ပေးနေတာပါ”
“ပြီးတော့ ကံကြမ္မာနတ်ဘုရားနန်းတော် ပွင့်မယ့်အချိန်ကိုလည်း စောင့်နေတာပေါ့”
“ကံကြမ္မာနတ်ဘုရားနန်းတော် ဟုတ်လား”
ရန်ရှောက်ထျန်း အံ့အားသင့်သွားသည်။
တစ်ဖက်လူသည်လည်း ကံကြမ္မာနတ်ဘုရားနန်းတော်အတွက် ဤနေရာတွင် ရှိနေလိမ့်မည် ဟု သူ မထင်ထားခဲ့ပေ။
“ရန်ညီလေးကလည်း ကံကြမ္မာနတ်ဘုရားနန်းတော်အကြောင်း သိတာလား”
ရန်ရှောက်ထျန်း၏ တုံ့ပြန်မှုကြောင့် ကျန့်လင်းမှာအနည်းငယ်အံ့အားသင့်သွားလေသည်။
“ကျွန်တော် သိပါတယ်”
ရန်ရှောက်ထျန်းက ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။
“ကံကြမ္မာနတ်ဘုရားနန်းတော်ကို ကံကြမ္မာနတ်ဘုရားမက ချန်ထားခဲ့တာဖြစ်ပြီး ဆယ်နှစ်မှာ တစ်ကြိမ် ပွင့်တာပါ”
ထို့နောက် သူက ပြုံးလျက် ပြောလိုက်သည်။
“တကယ်တော့ ကျွန်တော်လည်းကံကြမ္မာနတ်ဘုရားနန်းတော်အတွက် ဒီကို လာခဲ့တာပါ”
ကျန့်လင်းမှာ ခဏမျှမှင်တက်သွားပြီးနောက် ပြုံးလိုက်သည်။
“တိုက်ဆိုင်လိုက်တာ”
ထို့နောက် သူက ပြောလိုက်သည်။
“ဒါပေမဲ့ ကံကြမ္မာနတ်ဘုရားနန်းတော်ကပွင့်တော့မှာဆိုတော့ အခုတလော ယွန်းမြို့မှာ တော်တော် စည်ကားနေတယ်။ ဂိုဏ်းပေါင်းစုံကပညာရှင်တွေလည်း ယွန်းမြို့ကို ရောက်လာကြပြီ။ ဒီလူတွေ အားလုံးက ကံကြမ္မာနတ်ဘုရားနန်းတော်အတွက်လာကြတာပဲ”
ယွန်းမြို့မှာ ရန်ရှောက်ထျန်း ခုနက ဖြတ်သန်းလာခဲ့သော ကမ်းရိုးတန်းမြို့ ဖြစ်လေသည်။
သူတို့နှစ်ဦးသည် တစ်ခုပြီးတစ်ခု လွတ်လပ်စွာပြောဆိုခဲ့ကြပြီး ဓားကွက်များအကြောင်း ကိုပင် ဆွေးနွေးခဲ့ကြသဖြင့် ရန်ရှောက်ထျန်းမှာအံ့အားသင့်သွားခဲ့လေသည်။ တစ်ဖက်လူမှာ ဓားပညာနှင့်ပတ်သက်ပြီး အလွန်မြင့်မားသော နားလည်မှုရှိနေပြီး အမျိုးမျိုးသော ဓားကွက်များကို ကျွမ်းကျင်လှပေသည်။
ရန်ရှောက်ထျန်း အံ့အားသင့်နေသလို ကျန့်လင်းမှာလည်း ပို၍ပင် အံ့အားသင့်နေတော့သည်။ သူ၏ ရှေ့မှတစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်နှစ်သာရှိဦးမည့် လူငယ်လေး၏ ဓားကွက်များအပေါ် နားလည်မှုမှာ သူ၏ မျှော်လင့်ချက်ထက် များစွာကျော်လွန်နေခြင်း ဖြစ်လေသည်။
သူတို့နှစ်ဦးမှာ ထိုနေရာတွင်ပင် အစွမ်းချင်းပြိုင်ဆိုင်ခဲ့ကြလေသည်။
မည်သူမျှ စစ်မှန်သောချီစွမ်းအားများကိုအသုံးမပြုကြဘဲ ဓားကွက်များကိုသာ နှိုင်းယှဉ်ပြီး တစ်ဖက်လူ၏ ဓားကွက်များကိုတုံ့ပြန်ခဲ့ကြလေသည်။ ကျန့်လင်းကို ပါးစပ်အဟောင်းသား ဖြစ်သွား စေသည်မှာ ရန်ရှောက်ထျန်းက သူ့ကိုသရေကျအောင် တိုက်ခိုက်နိုင်ခြင်းပင်ဖြစ်လေသည်။
သူသည် အစပိုင်းတွင်အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် ထိတ်လန့်သွားပြီး နောက်ဆုံး၌ လေးနက်သွားတော့သည်။
သူသည် ဂုဏ်သိက္ခာရှိသောဓားနတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သူကဲ့သို့ ဓားနတ်ဘုရား တစ်ပါးသည် စစ်မှန်သောချီစွမ်းအားများကိုအသုံးမပြုဘဲ တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ် နှစ်အရွယ် ကောင်လေးတစ်ယောက်ကို သရေသာတိုက်နိုင်သည်တဲ့လား။
သူ၏ တပည့်ဖြစ်သူရှောင်ဝမ်မှာလည်း ဘေးမှကြည့်ရင်း ကြောင်စီစီဖြစ်နေတော့သည်။ သူ၏ ဆရာကတစ်ကမ္ဘာလုံးကပြိုင်ဘက်အားလုံးကိုအနိုင်ယူခဲ့ဖူးတယ်လို့ ပြောခဲ့တာ မဟုတ် ဘူးလား။ သူ့ထက်အသက်အနည်းငယ်သာကြီးတဲ့ အစ်ကိုတစ်ယောက်ကို ဘာလို့သရေပဲ တိုက်နိုင် တာလဲ။
သူ၏ ဆရာက သူ့ကို ကြွားလုံးထုတ်ပြီး လိမ်နေတာလား။
***