ကျန့်လင်းမှာ အံ့အားသင့်သွားခဲ့လေသည်။
ထိုဓားသိုင်းကျမ်းကိုဖွင့်ရန် ခက်ခဲလိမ့်မည်ဟု သူ ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း သူ၏ လက်ဝါးက ကျမ်းစာပေါ်သို့တင်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ခဏမျှပင်မတည်မြဲနိုင်ဘဲ နောက် သို့ ပြန်လည်တွန်းထုတ်ခြင်း ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူသည် သူ၏ဓားချီများကိုနောက်တစ်ကြိမ်လည်ပတ်လိုက်ပြီး ဓားသိုင်းကျမ်းမျက်နှာဖုံး ပေါ်ရှိ ဓားချီများကို ထိုးဖောက်ရန်ကြိုးစားလိုက်ပြန်သော်လည်း ယခင်ကအတိုင်းပင် ဖြစ်လေသည်၊ သူ မျက်နှာဖုံးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် နောက်သို့ ပြန်လည် တွန်းထုတ်ခံလိုက်ရလေသည်။
မျက်နှာဖုံးပေါ်ရှိ ဓားချီစွမ်းအားမှာ သူ ထင်ထားသည်ထက် ပိုမို ပြင်းထန်လှပေသည်။
ကျန့်လင်းမှာ အကြိမ်ပေါင်းများစွာကြိုးစားခဲ့သော်လည်း ယခင်အတိုင်းပင်ဖြစ်နေခဲ့လေ သည်။
နောက်ဆုံးတွင် ကျန့်လင်းမှာ လက်လျှော့ရန်မှတစ်ပါး အခြားမရှိတော့ပေ။
သူသည် လုကျိဖန်ကိုကြည့်ကာ ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။
“ရှန်မုန့်အရှင်သခင် ချန်ထားခဲ့တဲ့ ဒီဓားသိုင်းကျမ်းကို ကျုပ်လည်း ဘာမှမတတ်နိုင်ဘူး”
မျှော်လင့်ချက် အနည်းငယ်ရှိနေခဲ့သောလုကျိဖန်မှာ ၎င်းကိုကြားလိုက်ရသဖြင့် စိတ်ပျက် မသွားဘဲမနေနိုင်တော့ပေ။
ထိုစဉ်မှာပင် ရန်ရှောက်ထျန်းက ရုတ်တရက် ပြောလိုက်သည်။
“ကျွန်တော့်ကို စမ်းကြည့်ခွင့်ပေးပါ”
အားလုံးမှာ ဆွံ့အသွားကြတော့သည်။
လုယွိထုံက ရန်ရှောက်ထျန်းကိုပြုံးပြလိုက်ပြီးပြောလိုက်သည်။
“ရန်သခင်လေး... ဒီဓားသိုင်းကျမ်းကို ရှန်မုန့်အရှင်သခင်က ချန်ထားခဲ့တာပါ။ ရှန်မုန့်အရှင် သခင်ရဲ့ ဓားသိုင်းက ပြိုင်ဘက်ကင်းပါတယ်။ ကျွန်မတို့ ဘိုးဘေးက နည်းလမ်းပေါင်း ရာနဲ့ချီ သုံးခဲ့ပြီး ဓားသိုင်းပညာရှင်ပေါင်း ရာနဲ့ချီ ဖိတ်ခဲ့ပေမဲ့ ဘယ်သူမှ ဖွင့်လို့ မရခဲ့ပါဘူး”
သူမ၏ ပြောလိုရင်းမှာ သူတို့၏ ဘိုးဘေးနှင့် ဓားသိုင်းပညာရှင်ပေါင်း ရာနဲ့ချီ ဖွင့်လို့ မရခဲ့လျှင် ရန်ညီလေးက ဘယ်လိုလုပ်ပြီး ဖွင့်နိုင်မှာလဲ ဟူသော အဓိပ္ပာယ်ပင်ဖြစ်လေသည်။
လုကျိဖန်က ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ရန်ညီလေးကိုစမ်းကြည့်ခိုင်းလိုက်ပါ။ ရန်ညီလေးက ဖွင့်နိုင်ရင်လည်း ဖွင့်နိုင် မှာပေါ့”
ထိုသို့ပြောရင်း သူက ရန်ရှောက်ထျန်းအား ဓားသိုင်းကျမ်းကို ကမ်းပေးလိုက်လေသည်။
ဘာပဲဖြစ်ဖြစ် ရန်ရှောက်ထျန်းမှာ ကျန့်လင်းခေါ်လာသူဖြစ်သဖြင့် ရန်ရှောက်ထျန်းက စမ်းကြည့်ချင်သည်ဟုပြောလာသောအခါ ရန်ရှောက်ထျန်းကိုစမ်းကြည့်ခိုင်းခြင်းမှာ ဘာမှထိခိုက် စရာ မရှိပေ။
သို့သော်လည်း သူသည်သိပ်ပြီး မျှော်လင့်ချက်မထားခဲ့ပေ။
ရန်ရှောက်ထျန်းက ဓားသိုင်းကျမ်းကိုယူလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေကာ ထုံးစံအတိုင်း သူ၏ လက်ဝါးကို ကျမ်းစာပေါ်သို့ တင်လိုက်လေသည်။
ရန်ရှောက်ထျန်း၏ လက်ဝါးမှာဓားသိုင်းကျမ်းမျက်နှာဖုံးပေါ်ရှိ ဓားချီများကြောင့် နောက်သို့ ပြန်လည်တွန်းထုတ်ခံရလိမ့်မည်ဟု လူတိုင်းကထင်မှတ်နေကြစဉ်မှာပင် ဓားသိုင်းကျမ်းမျက်နှာဖုံး ပေါ်ရှိ ဓားချီများမှာ ဒီရေအလားပြန်လည်ဆုတ်ခွာသွားသည်ကို သူတို့ မြင်တွေ့လိုက်ရလေသည်။
နောက်ဆုံးတွင် ၎င်းတို့မှာသဲလွန်စပင်မကျန်တော့လောက်အောင် ပျောက်ကွယ်သွား ခဲ့လေ ပြီ။
မျက်နှာဖုံးပေါ်တွင် မူလက စီးဆင်းနေသော ဓားချီများမှာ ပျောက်ကွယ်သွားခဲ့လေပြီ!
သိပ်ပြီး အာရုံမစိုက်ခဲ့သော လုကျိဖန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
လုယွိထုံ၏ မျက်နှာတွင်လည်း မယုံကြည်နိုင်သော အမူအရာများ ရှိနေတော့သည်။
ကျန့်လင်းပင်လျှင် အံ့အားသင့်သွားခဲ့လေသည်။
သူသည် ယခုလေးတင်အကြိမ်ကြိမ်ကြိုးစားခဲ့သဖြင့် ဓားသိုင်းကျမ်းမျက်နှာဖုံးပေါ်ရှိ ဓားချီစွမ်းအားမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူကောင်းကောင်းသိလေသည်၊ သူကဲ့ သို့ တောင်ဘက်ကောင်းကင်ဓားနတ်ဘုရားပင်လျှင် ၎င်းကိုမဖောက်ထွက်နိုင်ခဲ့ပေ။ သို့သော် ရန်ရှောက်ထျန်းက သူ၏လက်ဝါးကိုတင်လိုက်ရုံနှင့် ဓားချီများက အမှန်တကယ် ပျောက်ကွယ်သွား သည်တဲ့လား။
“ဒါ... ဒါက မဖြစ်နိုင်ဘူး”
လုယွိထုံ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။
ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ အမြင့်မြတ်ဆုံးဓားသိုင်းပညာရှင်ပေါင်းရာနဲ့ချီ ဖွင့်လို့မရခဲ့သော ဓားသိုင်းကျမ်းကို သူတို့ရှေ့မှလူငယ်လေးက ဖွင့်လိုက်သည်တဲ့လား။
သူ အံ့အားသင့်သွားပြီးနောက် လုကျိဖန်သည်ဓားသိုင်းကျမ်းကို စိတ်လှုပ်ရှားစွာဖြင့် ယူလိုက် လေသည်။
သို့သော် သူစိတ်ပျက်သွားသည်မှာ သူဓားသိုင်းကျမ်းကို ယူလိုက်သောအခါ ဆုတ်ခွာသွား သော ဓားချီများမှာပြန်လည် ပေါ်လာခြင်းဖြစ်လေသည်။
လုကျိဖန် သူ၏လက်ဝါးကိုတင်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် နောက်တစ်ကြိမ် ပြန်လည် တွန်းထုတ်ခံလိုက်ရပြန်လေသည်။
အားလုံးမှာ ပို၍ပင် ဆွံ့အသွားကြတော့သည်။
လုကျိဖန်မှာ ဓားသိုင်းကျမ်းကိုရန်ရှောက်ထျန်းအား နောက်တစ်ကြိမ် ပြန်ပေးရန်မှတစ်ပါး အခြားမရှိတော့ပေ။
ရန်ရှောက်ထျန်း၏ လက်ဝါးကိုဓားသိုင်းကျမ်းပေါ်သို့တင်လိုက်သောအခါ ဓားချီများမှာ ယခင်အတိုင်းပင် ပြန်လည် ဆုတ်ခွာသွားခဲ့လေပြန်သည်။
လုကျိဖန်က လက်ယှက်ဂါရဝပြုလိုက်ပြီး သူ၏မျက်နှာမှာ ရိုးသားဖြူစင်မှုများဖြင့် ပြောလိုက်သည်။
“ရန်ညီလေး... ဒါကို ဘယ်လို နည်းလမ်းနဲ့ ဖြတ်ကျော်လိုက်တာလဲ။ ကျေးဇူးပြုပြီး ကျုပ်ကို လမ်းပြပေးပါဦး”
ကျန့်လင်းသည်လည်း ဇဝေဇဝါဖြစ်နေလေသည်၊ ရန်ရှောက်ထျန်းက ၎င်းကို ဘယ်လို နည်းလမ်းနဲ့ ဖြတ်ကျော်လိုက်သည်ကို သူလည်းမသိရပေ။ ရန်ရှောက်ထျန်း၏ လက်ဝါးမှာ ထုံးစံအ တိုင်း တင်ထားခြင်းသာဖြစ်ပြီး မည်သည့် စစ်မှန်သော စွမ်းအား သို့မဟုတ် ဓားချီကိုမျှ လည်ပတ်ခြင်း မရှိခဲ့ပေ။
“ဘယ်လို ဖြတ်ကျော်လိုက်လဲဆိုတာ ကျွန်တော်လည်း မသိဘူး”
ရန်ရှောက်ထျန်းက ခေါင်းခါလျက် ပြောလိုက်သည်။
“ကျွန်တော် ထုံးစံအတိုင်း လက်ဝါးကိုတင်လိုက်တာပဲ၊ အဲဒါက အလိုအလျောက် ပျောက် သွားတာပဲ”
သူသည် 'ငါ့မှာ ပြိုင်ဘက်ကင်း ဓားနှလုံးသား ဆယ့်ငါးခုရှိလို့ ဖွင့်နိုင်တာ' ဟု အမှန်အတိုင်း မပြောနိုင်သည် မဟုတ်ပါလော။
လုကျိဖန်သည် ၎င်းကိုကြားလိုက်ရသဖြင့် ခါးသီးစွာပြုံးလိုက်ပြီးနောက် လက်ယှက် ဂါရဝပြု ကာ ပြောလိုက်သည်။
“ဒါဆိုရင်လည်း ကျေးဇူးပြုပြီးရန်ညီလေးကဒီဓားသိုင်းကျမ်းကို တစ်မျက်နှာချင်းစီ ဖွင့်ပေး ပါဦး။ ကျုပ်ရဲ့ လုမိသားစုက ခင်ဗျားကိုသေချာပေါက် ကောင်းကောင်း ဆုချပါ့မယ်”
ရန်ညီလေးက လုမိသားစု၏ကြီးလေးသောဆုလာဘ်များကို သိပ်ပြီးဂရုမစိုက်သော်လည်း သူသည် ရှန်မုန့်အရှင်သခင်ချန်ထားခဲ့သော ဤဓားသိုင်းကျမ်းကိုစိတ်ဝင်စားနေခဲ့သဖြင့် သူသည် ပထမဆုံး စာမျက်နှာကို ဖွင့်လိုက်လေသည်။
ရှန်မုန့်အရှင်သခင်မှာ သူ၏ဆရာဖြစ်သူဘိုးဘေးဟုန်ဖုန်းနှင့်ခေတ်ပြိုင်ဖြစ်သော အစွမ်း ထက် ပညာရှင်တစ်ဦး ဖြစ်လေသည်။
သူသည် ဝမ်ကျန့်တိုက်ကြီးပေါ်တွင် နာမည်ကျော်ကြားသူ ဖြစ်လေသည်။
“နတ်ဘုရားတံဆိပ်တော်ဓားသိုင်း”
ပထမဆုံး စာမျက်နှာတွင် “နတ်ဘုရားတံဆိပ်တော်ဓားသိုင်း” ဟူသော စာလုံးလေးလုံးကို ရေးသားထားလေသည်။
နတ်ဘုရားတံဆိပ်တော် ဓားသိုင်းဟူသောစာလုံးလေးလုံးကို မြင်လိုက်ရသဖြင့် လုကျိဖန်နှင့် ကျန့်လင်းတို့၏ နှလုံးသားမှာလှုပ်ခတ်သွားခဲ့လေသည်။
အထူးသဖြင့် လုကျိဖန်ဖြစ်လေသည်၊ သူသည် ပို၍ပင်စိတ်လှုပ်ရှားပြီး ဝမ်းသာအားရ ဖြစ်နေတော့သည်။
ဤဓားသိုင်းကျမ်းမှာ နတ်ဘုရားတံဆိပ်တော်ဓားသိုင်း ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
နတ်ဘုရားတံဆိပ်တော်ဓားသိုင်းမှာ ရှေးဟောင်းကာလမှအလွန်တရာ အစွမ်းထက်သော ဓားသိုင်းတစ်ခု ဖြစ်လေသည်။
နောက်ပိုင်းတွင် ရန်ရှောက်ထျန်းက ဒုတိယ စာမျက်နှာကို ဖွင့်လိုက်လေသည်။
ဒုတိယ စာမျက်နှာတွင် နတ်ဘုရားတံဆိပ်တော်ဓားသိုင်း၏ ပထမဆုံးဓားကွက် ပါဝင်လေ သည်။
ထို့နောက်တွင် ရန်ရှောက်ထျန်းက တစ်မျက်နှာပြီးတစ်မျက်နှာ ဆက်လက်လှန်ပေးခဲ့လေ သည်။
လုကျိဖန်၊ ကျန့်လင်းနှင့်အခြားသူများမှာ အသက်ရှူမှားမတတ် အာရုံအပြည့်စိုက်ကာ ကြည့် နေကြလေသည်။
ခဏအကြာတွင် ရန်ရှောက်ထျန်းသည်ဓားသိုင်းကျမ်း၏ နောက်ဆုံး စာမျက်နှာသို့ ရောက်ရှိ သွားခဲ့လေပြီ။
သူသည် တစ်ကြိမ်သာဖတ်ရသေးသော်လည်း ရန်ရှောက်ထျန်းမှာ ဓားသိုင်းကျမ်းရှိ ဓားကွက် အားလုံးကို မှတ်မိသွားခဲ့ပြီး အပြည့်အဝနားလည်သဘောပေါက်သွားခဲ့လေပြီ။
သို့သော်လည်း ရန်ရှောက်ထျန်းက ၎င်းကိုသုံးကြိမ်တိုင်တိုင် လှန်လှောကြည့်ပေးခဲ့ လေသည်။
လုကျိဖန်မှာ အားမရသေးဘဲ ရှိနေလေသည်။
ထို့နောက်တွင် သူသည်ကျေးဇူးတင်စကားအနေဖြင့် ရန်ရှောက်ထျန်းအား အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးအမြောက်အမြားနှင့် ဝိညာဉ်ဆေးပင် အမြောက်အမြားကို ပေးအပ်ခဲ့ပြီး ရန်ရှောက်ထျန်း အား လုမိသားစုတွင် ရက်အနည်းငယ် ထပ်မံနေထိုင်ရန် ဖိတ်ကြားခဲ့လေသည်။
သို့သော်လည်း ရန်ရှောက်ထျန်းနှင့် ကျန့်လင်းတို့မှာ ထိုနေ့မှာပင် ထွက်ခွာခဲ့ကြလေသည်။
လုမိသားစုမှ ထွက်ခွာပြီးနောက် ရန်ရှောက်ထျန်းနှင့်ကျန့်လင်းတို့မှာ ရက်အနည်းငယ် ကြာအောင် ဓားသိုင်းချင်းပြိုင်ဆိုင်ခဲ့ကြပြီးနောက်တွင် ရန်ရှောက်ထျန်းက သူ လျှောက်သွားချင် သည် ဟု ဆိုကာ နှုတ်ဆက် ထွက်ခွာခဲ့လေသည်။
တစ်နေ့တွင် ရန်ရှောက်ထျန်း ခရီးသွားနေစဉ်မှာပင် ရှေ့သို့ ဦးတည်သွားနေကြသော ပညာရှင် အုပ်စုကြီးတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
“လူငယ်ဧကရာဇ်ချန်က အမှန်တကယ်ပဲအဆိပ်အရိပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို စိန်ခေါ်နေ တာပဲ၊ လူငယ်ဧကရာဇ် ချန်က ငါတို့ ချန်ကျိုးရဲ့ လူငယ်ဧကရာဇ်ကိုးပါးထဲက တစ်ယောက်ဖြစ်ပြီး အဆိပ်အရိပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကလည်း ဧကရာဇ်အဆင့်အထွတ်အထိပ် ပညာရှင်တစ်ယောက်ပဲ။ ဘယ်သူ နိုင်မလဲ၊ ဘယ်သူ ရှုံးမလဲဆိုတာ ကျုပ်လည်း သိချင်နေပြီ”
“အဆိပ်အရိပ်ဂိုဏ်းကို တည်ထောင်ခဲ့သူက ဟိုတုန်းကဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ တပည့်တစ် ယောက်လို့ ကျုပ်ကြားဖူးတယ်၊ အဲဒါ အမှန်လား၊ အမှားလားတော့ မသိဘူး”
“အမှန် ဖြစ်ဖို့များပါတယ်။ အဆိပ်အရိပ်ဂိုဏ်းရဲ့အဆိပ်အရိပ် နတ်ဘုရားကျင့်စဉ်က ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ ကျင့်စဉ်တစ်ခုပဲလေ”
ဤပညာရှင်များ၏ ဆွေးနွေးမှုများကို ကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်း၏ နှလုံးသားမှာ လှုပ်ခတ်သွားခဲ့လေသည်။ ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ တပည့်တစ်ယောက် ဟုတ်လား။
သူသည် ခဏမျှ ရပ်တန့်လိုက်ပြီးနောက် သူတို့၏နောက်သို့ လိုက်သွားခဲ့လေသည်။
မဝေးလှသော နေရာတွင် သူသည်ထိုပညာရှင်အုပ်စု၏နောက်မှ တောင်ထိပ်တစ်ခုသို့ လိုက်သွားခဲ့ရာ ထိုတောင်ထိပ်တွင် ပညာရှင် အမြောက်အမြား စုဝေးနေကြပြီး တိုက်ပွဲကို ကြည့်ရှုရန် ရောက်ရှိနေကြခြင်း ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
တောင်ထိပ်တွင် လူငယ်ဧကရာဇ်ချန်က အဆိပ်အရိပ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သူ လီလဲ့ကို အေးစက်စွာ ကြည့်လိုက်ပြီး။
“လီလဲ့... မင်းရဲ့ အဆိပ်အရိပ်ဂိုဏ်းက ငွေလမင်းဂိုဏ်းရဲ့တပည့်ပေါင်းသောင်းနဲ့ချီကို သတ် ဖြတ်ခဲ့တယ်၊ အမျိုးသမီးတွေနဲ့ကလေးတွေကိုတောင်မချန်ခဲ့ဘူး။ မင်းတို့ရဲ့ နည်းလမ်းတွေက အင်မတန်ရက်စက်လွန်းတယ်။ ဒီနေ့တော့ ငါကဝမ်ကျန့်တိုက်ကြီးအတွက် ဒီဘေးဒုက္ခကိုရှင်းလင်း ပစ်မယ်။ ငါ မင်းကို အရင်သတ်မယ်၊ ပြီးရင် အဆိပ်အရိပ်ဂိုဏ်းကို အမြစ်ပြတ် သတ်ပစ်မယ်”
လီလဲ့က နှာခေါင်းရှုံ့လိုက်ပြီး။
“အပြောကတော့ ကောင်းသားပဲ၊ ဒါပေမဲ့ငါတို့ငွေလမင်းဂိုဏ်းကို ဖျက်ဆီးတာကို မင်းရဲ့ ဘယ်မျက်လုံးနဲ့ မြင်လို့လဲ။ ငွေလမင်းဂိုဏ်းကို မင်းတို့ရဲ့ ထုန်းထျန်းနတ်ဘုရားဂိုဏ်းက ဖျက်ဆီးခဲ့တာ ရှင်းနေတာပဲ၊ မင်းတို့ရဲ့ ထုန်းထျန်းနတ်ဘုရားဂိုဏ်းက ဝမ်ကျန့်တိုက်ကြီးရဲ့ ကင်ဆာပဲ”
“မင်းတို့က ဝမ်ကျန့်တိုက်ကြီးကိုအုပ်ချုပ်ချင်နေပြီး မေတ္တာတရားနဲ့ ကိုယ်ကျင့်တရား တွေကို ဖော်ပြနေပေမဲ့ တကယ်တော့ မင်းတို့ စကားကို နားမထောင်တဲ့ ဂိုဏ်းတွေနဲ့ မိသားစုတွေကို ဖျက်ဆီးဖို့အတွက် အကြောင်းပြချက်မျိုးစုံကို အသုံးချနေတာပဲ”
ရန်ရှောက်ထျန်းမှာ အံ့အားသင့်သွားခဲ့လေသည်၊ ထုန်းထျန်းနတ်ဘုရားဂိုဏ်း ဟုတ်လား၊ လူငယ်ဧကရာဇ် ချန်က ထုန်းထျန်းနတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ယောက်လား။
လူငယ်ဧကရာဇ် ချန်ယွမ်သည် ၎င်းကိုကြားလိုက်ရသဖြင့် ဒေါသတကြီး ကြိမ်းမောင်း လိုက်သည်။
“ပါးစပ်ပိတ်စမ်း”
သူသည် ချက်ချင်းပင် ဓားကိုဆွဲထုတ်လိုက်ပြီး လေထဲသို့ပျံတက်ကာ လီလဲ့ဆီသို့ ဓားဖြင့် ဝှေ့ယမ်းလိုက်လေသည်။
ထိုနှစ်ဦးမှာ တိုက်ခိုက်ခြင်းကို စတင်ခဲ့ကြလေသည်။
အစပိုင်းတွင် မည်သူမျှအသာမရခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လီလဲ့မှာ တဖြည်းဖြည်း အရေးနိမ့်လာခဲ့လေသည်။
ဓားကွက် အနည်းငယ်အကြာတွင် လီလဲ့မှာချန်ယွမ်၏ဓားချက်ဖြင့် ရင်ဘတ်ကိုထိမှန်သွား ခဲ့ပြီး လွင့်ထွက်သွားခဲ့လေသည်။
လီလဲ့၏ ပါးစပ်မှ သွေးများစီးကျလာခဲ့လေသည်။ သူသည် သူ၏ဒဏ်ရာများကို ဂရုမစိုက်ဘဲ လှည့်၍ ထွက်ပြေးခဲ့လေသည်။ သို့သော်လည်းချန်ယွမ်က ချက်ချင်းလိုက်မီသွားခဲ့ပြီး လီလဲ့၏ ကျောပြင်ကို ဓားဖြင့် ထိုးနှက်လိုက်ရာ လီလဲ့မှာလူအုပ်ကြီးဆီသို့ လွင့်ထွက်သွားခဲ့လေသည်။
လူတိုင်းမှာ တိုက်ပွဲ၏ကြားညှပ်မည်ကိုစိုးရိမ်သဖြင့် အလျင်အမြန် ရှောင်တိမ်းခဲ့ကြလေ သည်။
လီလဲ့မှာ ထိတ်လန့်တကြား ထွက်ပြေးရင်း ရန်ရှောက်ထျန်းဆီသို့ တိုးဝင်သွားခဲ့လေသည်။
ချန်ယွမ်၏ မျက်လုံးများတွင်သတ်ဖြတ်လိုစိတ်များပြည့်နှက်နေတော့သည်။ သူသည် လီလဲ့၏ရင်ဘတ်ဆီသို့ ဓားတစ်ချက်ကိုအစွမ်းကုန်ထိုးနှက်လိုက်ရာ ထိုဓားချက်၏ စွမ်းအားမှာ ရန်ရှောက်ထျန်းကိုပါ လွှမ်းခြုံသွားခဲ့လေတော့သည်။
***