ချန်ယွမ်၏ဓားက လီလဲ့၏ရင်ဘတ်ကိုထိုးဖောက်တော့မည့်ဆဲဆဲတွင် ဖြစ်လေသည်၊ အကယ်၍ ထိုဓားသာလီလဲ့၏ရင်ဘတ်ကိုထိုးဖောက်သွားပါက ထိုနေရာတွင်ရပ်နေသော ရန်ရှောက် ထျန်းကိုလည်းထိမှန်သွားပေလိမ့်မည်။
ချန်ယွမ်၏ဓားက လီလဲ့၏နှလုံးသားကိုထိုးဖောက်သွားပြီး သူသေဆုံးတော့မည်ဟု အားလုံး ကထင်မှတ်နေကြစဉ်မှာပင် ရုတ်တရက်ချန်ယွမ်၏ဓားမှာ လေထဲတွင်ရပ်တန့်သွားခဲ့လေသည်။
အားလုံးမှာဆွံ့အသွားကြတော့သည်။
ဘယ်အချိန်ကတည်းကလဲမသိသော်လည်း ချန်ယွမ်၏ဓားကို လက်ချောင်းနှစ်ချောင်းကြား တွင်ညှပ်ထားသည်ကို သူတို့ မြင်တွေ့လိုက်ရခြင်းဖြစ်လေသည်။
ချန်ယွမ်နှင့် လီလဲ့တို့ နှစ်ဦးစလုံးမှာ ရန်ရှောက်ထျန်းကို ကြောင်စီစီဖြင့်ကြည့်နေမိကြသည်။
အထူးသဖြင့် ချန်ယွမ်ဖြစ်လေသည်၊ သူ၏ ရှည်လျားသောဓားကိုညှပ်ထားသူမှာ အသက် တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်နေသည်ကို မြင်လိုက်ရ သဖြင့် သူပို၍ပင် အံ့အားသင့်သွားတော့သည်။
သူက ဘယ်သူလဲ။
သူသည် ချန်တိုက်ကြီး၏ လူငယ်ဧကရာဇ်ကိုးပါးထဲမှ တစ်ဦးဖြစ်လေသည်။
မျိုးဆက်သစ်လူငယ်များကိုမဆိုထားနှင့်၊ လီလဲ့ကဲ့သို့သောရှေးဟောင်းမျိုးဆက် ပညာရှင် များပင်လျှင် သူ၏ ပြိုင်ဘက်မဟုတ်ကြပေ။
ယခုလေးတင် သူ အစွမ်းကုန်ထိုးနှက်လိုက်သောဓားချက်မှာ ကောင်လေးတစ်ယောက်၏ ညှပ်ခြင်းကို ခံလိုက်ရသည်တဲ့လား။
လူအများ၏ စောင့်ကြည့်နေသောမျက်လုံးများအောက်တွင် ချန်ယွမ်အနည်းငယ် အရှက်ရ သွားသလိုခံစားလိုက်ရသည်။ သူ၏မျက်နှာမှာမှောင်မိုက်သွားပြီး သူ၏စစ်မှန်သောစွမ်းအားများကို အပြည့်အဝအသက်သွင်းလိုက်ရာ သူ၏လက်ထဲမှဓားထံမှ အံ့ဩဖွယ်ကောင်းသောဓားချီစွမ်းအင် များ ပေါက်ကွဲထွက်လာတော့သည်။
“လွှတ်စမ်း” ဟု သူက ဟိန်းဟောက်လိုက်သည်။
ဤဓားချက်၏တုန်ခါမှုက ထိုကောင်လေးကိုသေချာပေါက် လွင့်ထွက်သွားစေလိမ့်မည်ဟု သူက မူလကထင်မှတ်ထားခဲ့ခြင်းဖြစ်လေသည်။
သို့သော် သူအံ့အားသင့်သွားသည်မှာ သူ၏ရှည်လျားသောဓားမှာ လုံးဝလှုပ်ရှားမှုမရှိဘဲ ရှိနေခြင်းပင်ဖြစ်လေသည်။
ပတ်ဝန်းကျင်ရှိ အစွမ်းထက်သိုင်းပညာရှင်များမှာ ဤမြင်ကွင်းကိုကြည့်ကာ အံ့အားသင့် လွန်းသဖြင့် အသက်ရှူမှားသွားကြလေသည်။
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှဆူညံသံများကိုကြားလိုက်ရသဖြင့် ချန်ယွမ်မှာပို၍ပင် ဒေါသ ထွက်သွားပြီး သူ၏နတ်ဘုရားပင်လယ်စစ်မှန်သောစွမ်းအားများကို အသက်သွင်းလိုက်လေသည်။ သူ၏ လက်ထဲမှဓားမှာဝီဝီနှင့်မြည်ကာ တုန်ခါနေသော်လည်း ဤအချိန်တွင် ရန်ရှောက်ထျန်းက သူ၏ လက်ချောင်းကို တစ်ချက်မျှသာ ခါယမ်းလိုက်ရာ ချန်ယွမ်၏ ဓားမှာ လွင့်ထွက်သွားခဲ့လေပြီ။
ချန်ယွမ်မှာလည်း နောက်သို့လွင့်ထွက်သွားခဲ့ပြီး မထိန်းနိုင်မသိမ်းနိုင်ဖြင့် ယိမ်းယိုင်သွားခဲ့ လေသည်။
သူသည် မီတာဒါဇင်ပေါင်းများစွာအထိ နောက်သို့ ဆုတ်ခွာခဲ့ရလေသည်။
အားလုံးမှာ ပို၍ပင်ထိတ်လန့်သွားကြတော့သည်။
“ဒီကောင်လေးက တကယ်ပဲ ဘယ်သူလဲ။ သူက တော်တော်အစွမ်းထက်တာပဲ”
လူတိုင်း အံ့အားသင့်နေကြစဉ်မှာပင် လီလဲ့သည်ရန်ရှောက်ထျန်း၏ လက်ချောင်းပေါ်ရှိ လက်စွပ်ကိုမြင်လိုက်ရသောအခါ သူ၏မျက်နှာမှာသိသိသာသာပြောင်းလဲသွားပြီးနောက် အလွန် အမင်းစိတ်လှုပ်ရှားသွားတော့သည်။
“ဟွန်ချွမ်လက်စွပ်”
လီလဲ့စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် အားလုံးမှာအကြီးအကျယ်တုန်လှုပ်သွား ကြ ပြီး ရန်ရှောက်ထျန်း၏လက်ပေါ်ရှိ ဟွန်ချွမ်လက်စွပ်ကို ဝိုင်းကြည့်လိုက်ကြလေသည်။
“ဟွန်ချွမ်လက်စွပ် ဒါကအမှန်တကယ်ပဲဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ ဟွန်ချွမ်လက်စွပ်နဲ့ တူနေတာ ပဲ”
“ဟွန်ချွမ်လက်စွပ် ပေါ်လာပြီ၊ ဒီကောင်လေးကဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူများလား”
ရောက်ရှိနေသူ အားလုံး၏မျက်နှာအမူအရာမှာ အကြီးအကျယ်ပြောင်းလဲသွားကြတော့ သည်။
ဟွန်ချွမ်ဘိုးဘေးမှာ ရှေးဟောင်းကာလတွင် ချန်စံတိုက်ကြီး၌သာမက ဝမ်ကျန့်တိုက်ကြီး တွင်ပါ ကြောက်မက်ဖွယ်ကောင်းသောမိစ္ဆာဂုဏ်သတင်းရှိခဲ့သူဖြစ်လေသည်။ ဟွန်ချွမ်ဘိုးဘေး ဆိုသည်မှာ ဝမ်ကျန့်တိုက်ကြီးတွင် အမြင့်မြတ်ဆုံးထိတ်လန့်ဖွယ်ရာအဖြစ် လူသိများလေသည်။
နောက်သို့ လွင့်ထွက်သွားသဖြင့်ဒေါသထွက်နေဆဲဖြစ်သော ချန်ယွမ်သည် လူတိုင်းက “ဟွန်ချွမ်လက်စွပ်” ဟု အော်ဟစ်နေကြသည်ကိုကြားလိုက်ရသဖြင့် ထိတ်လန့်သွားတော့သည်။ သူသည်လည်း ရန်ရှောက်ထျန်း၏လက်ပေါ်ရှိ ဟွန်ချွမ်လက်စွပ်ကို ကြည့်လိုက်လေသည်။
သူက ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ကာ။
“မဆန်းတော့ပါဘူး၊ မင်းကဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့အကြွင်းအကျန်တစ်ယောက်ကိုး။ ဟွန်ချွမ် မိစ္ဆာဂိုဏ်းရဲ့ အကြွင်းအကျန်တွေကို လူတိုင်းကရှင်းလင်းရမယ်။ ဒီနေ့တော့ ငါက တရားဓမ္မအတွက် ကိုယ်စားပြုပြီး ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ အကြွင်းအကျန်ဖြစ်တဲ့ မင်းကိုသတ်ပစ်မယ်”
ထိုသို့ပြောပြီးနောက် သူသည်သူ၏တစ်ကိုယ်လုံးရှိစစ်မှန်သောစွမ်းအားများကို အသက် သွင်းလိုက်ရာ တောက်ပသောအလင်းတန်းတစ်ခုမှာ ကောင်းကင်ယံသို့ပျံတက်သွားပြီး သူ၏ကိုယ် တွင်းမှ ဧရာမကောင်းကင်ကံကြမ္မာလွှာကြီးတစ်ခု ပျံထွက်လာခဲ့လေသည်။
“သတ္တမအဆင့် ကောင်းကင်ကံကြမ္မာလွှာ”
ချန်ယွမ်၏ ကောင်းကင်ကံကြမ္မာလွှာကိုမြင်လိုက်ရသဖြင့် လူအုပ်ကြီးမှာထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။
သိုင်းပညာရှင် အများအပြားအတွက် ကောင်းကင်ကံကြမ္မာလွှာတစ်ခုကို စုစည်းနိုင်ခြင်း မှာပင် အလွန်တရာပါရမီရှင်ဆန်လှပေပြီ။
သတ္တမအဆင့် ကောင်းကင်ကံကြမ္မာလွှာဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
သတ္တမအဆင့် ကောင်းကင်ကံကြမ္မာလွှာမှာ ဝမ်ကျန့်တိုက်ကြီးတွင်ပင်အလွန်တရာ ရှားပါး လှပေသည်။
ချက်ချင်းဆိုသလိုပင် ချန်ယွမ်၏ကိုယ်ပေါ်မှကောင်းကင်ကံကြမ္မာလွှာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
စုစုပေါင်း ကောင်းကင်ကံကြမ္မာလွှာခုနစ်ခုရှိနေပြီး အားလုံးမှာသတ္တမအဆင့်များ ဖြစ်ကြ လေသည်။
ချန်ယွမ်၏ သတ္တမအဆင့်ကောင်းကင်ကံကြမ္မာလွှာခုနစ်ခုမှာ အလင်းတန်းများဖြာထွက်နေ ပြီး ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားများဖြင့်ဖုံးလွှမ်းနေသဖြင့် လူတိုင်းမှာသူတို့၏ ခန္ဓာကိုယ် များ လေးလံသွားသလိုခံစားလိုက်ရလေသည်။
“သေစမ်း”
သူက ဓားဖြင့်ရန်ရှောက်ထျန်းဆီသို့ ပြေးဝင်လာခဲ့လေသည်။
သတ္တမအဆင့်ကောင်းကင်ကံကြမ္မာလွှာခုနစ်ခု၏စွမ်းအားအောက်တွင် သူ၏ရှည်လျား သောဓားထံမှဓားချီစွမ်းအင်များမှာယခင်ကထက် ဆယ်ဆမကပိုမိုပြင်းထန်လာခဲ့လေသည်။
သူ အသုံးပြုလိုက်သည်မှာ ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏စိန့်ဘုရင်ဓားသိုင်းပင်ဖြစ်လေ သည်။
ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် စိန့်ဘုရင်တစ်ပါး ပေါ်ထွက်လာသလိုပင်။
ကြောက်မက်ဖွယ်ကောင်းသော ဓားချီစွမ်းအင်များကြားတွင်စိန့်ဘုရင်တစ်ပါး၏ ပုံရိပ် ယောင်မှာ မထင်မရှားပေါ်ထွက်နေလေသည်။
ထို့ပြင် ချန်ယွမ်၏စိန့်ဘုရင်ဓားသိုင်းမှာလည်း အထွတ်အထိပ်သို့ရောက်ရှိနေပြီ ဖြစ်လေ သည်။
ဓားတစ်ချက်တည်းနှင့်ပင် သူသည်ရန်ရှောက်ထျန်း၏ထွက်ပြေးနိုင်သော လမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်လေသည်။
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ဓားကိုကိုင်ကာ ပြေးဝင်လာသော ချန်ယွမ်ကိုကြည့်ရင်း ရန်ရှောက်ထျန်းကလက်ညှိုးကိုဓားကဲ့သို့အသုံးပြုကာ တစ်ချက်ဝှေ့ယမ်း လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် သက်တံတစ်ခုအလားအလွန်တရာထက်ရှလှသော ဓားချီစွမ်း အင်မှာ တစ်ဖက်လူ၏စိန့်ဘုရင်ဓားချီကို ချက်ချင်း ဖြတ်တောက်သွားခဲ့လေသည်။
မိမိထံသို့ ဦးတည်လာသောထက်ရှသည့်ဓားချီကိုကြည့်ကာ ချန်ယွမ်၏မျက်နှာမှာ ပျက်သွား သော်လည်း သူရှောင်တိမ်းရန်အချိန်မရှိတော့ဘဲ ဓားချီ၏ထိမှန်ခြင်းကိုခံလိုက်ရကာ သူ၏တစ်ကိုယ် လုံးမှာ သစ်ရွက်ခြောက်တစ်ခုအလား နောက်သို့လွင့်ထွက်သွားခဲ့ပြီး တစ်ဖက်ရှိတောင်ထိပ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့လေတော့သည်။
ဧရာမ ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။
ကျောက်တုံးများ ပြိုကျလာခဲ့လေသည်။
ချန်ယွမ်မှာ သွေးများ အဆက်မပြတ် အန်ထုတ်နေတော့သည်။
ချန်ယွမ်၏ ရင်ဘတ်ချပ်ဝတ်တန်ဆာမှာအစိပ်စိပ်အမြွှာမြွှာဖြစ်သွားပြီး သူ၏ ရင်ဘတ်မှ သွေးများ အဆက်မပြတ်စီးကျနေသည်ကိုမြင်လိုက်ရသဖြင့် လူအုပ်ကြီးမှာ အလွန်တရာအံ့အားသင့် သွားကြတော့သည်၊ အကယ်၍သာဓားချီက ပို၍နက်သွားခဲ့မည်ဆိုပါက ချန်ယွမ်၏ ရင်ဘတ်မှာ ပြတ်ထွက်သွားနိုင်လေသည်။
လူတိုင်းမှာ အေးစက်သော လေကို ရှူသွင်းလိုက်မိကြသည်။
ချန်ယွမ်... ချန်တိုက်ကြီး၏လူငယ်ဧကရာဇ်ကိုးပါးထဲမှတစ်ဦးဖြစ်သော လူငယ်ဧကရာဇ် ချန်၊ သတ္တမအဆင့် ကောင်းကင်ကံကြမ္မာလွှာခုနစ်ခုကိုပိုင်ဆိုင်ထားသူမှာ ဤမျှလောက်အလွယ်တကူ ဖြင့် အနိုင်ယူခံလိုက်ရသည်တဲ့လား။
ဤဟွန်ချွမ်ဘိုးဘေးဆက်ခံသူ၏အစွမ်းမှာ လူတိုင်း၏စိတ်ကူးထားသည်ထက် များစွာကျော် လွန်နေခြင်းဖြစ်လေသည်။
ချန်ယွမ်သည်လည်း ရန်ရှောက်ထျန်းကို ကြောက်လန့်တကြား ကြည့်နေမိသည်။
“မင်းက ထုန်းထျန်းနတ်ဘုရားဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်နေလို့ ဒီနေ့ငါမင်းကို အသက်ချမ်းသာပေးလိုက်မယ်။ နောက်တစ်ကြိမ်ဆိုရင်တော့မင်းသေရမယ်”
ရန်ရှောက်ထျန်းက တစ်ဖက်လူကိုအေးစက်စွာကြည့်လိုက်သည်။
ချန်ယွမ်၏မျက်နှာမှာ ဖြူဖျော့လိုက်၊ နီမြန်းလိုက်နှင့် ဖြစ်နေတော့သည်။
ရန်ရှောက်ထျန်းသည် ထိုနေရာမှ ထွက်ခွာသွားခဲ့လေသည်။
သူ ဖြတ်သန်းသွားသောနေရာတိုင်းတွင် လူတိုင်းမှာကြောက်လန့်တကြား ဖဲပေးလိုက်ကြ လေသည်။
လီလဲ့သည် ဤမြင်ကွင်းကိုမြင်သောအခါ သူ၏ထိတ်လန့်မှုမှနိုးထလာပြီး သူ၏ နောက်သို့ အမြန်လိုက်သွားခဲ့လေသည်။
ချန်ယွမ်သည် ထွက်ခွာသွားသောရန်ရှောက်ထျန်း၏ကျောပြင်ကို သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့်ကြည့်နေခဲ့လေသည်။
သူသည် ဂုဏ်သိက္ခာရှိသော လူငယ်ဧကရာဇ်ကိုးပါးထဲမှတစ်ဦးဖြစ်ပြီး လူငယ်မျိုးဆက် များကြားတွင် ပြိုင်ဘက်ရှားပါးသူဖြစ်လေသည်။ သူသည်ဘယ်တုန်းက ဤကဲ့သို့အရှက်ရစရာ ကောင်းသောရှုံးနိမ့်မှုကို ခံစားခဲ့ဖူးလို့လဲ။
ထိုနေရာရှိ ပညာရှင်များကြားတွင်လည်း ဆူညံသံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ရန်ရှောက်ထျန်းသည် တော်တော်ဝေးဝေးသို့ရောက်ရှိသွားသောအခါ လီလဲ့ကသူ၏နောက် သို့ လိုက်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်နှာမှာ ပျက်သွားကာ။
“ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ”
သို့သော် လီလဲ့မှာမူအလွန်တရာထိတ်လန့်သွားသဖြင့် ချက်ချင်းဒူးထောက်လိုက်ပြီး စိတ်လှုပ် ရှားမှုနှင့်ထိတ်လန့်မှုများကြားမှ ပြောလိုက်သည်။
“ကျွန်တော်မျိုးက ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်။ ကျွန်တော်မျိုး မရဲဝံ့ပါဘူး”
“ငါက မင်းတို့ရဲ့ ဂိုဏ်းချုပ် မဟုတ်ဘူး”
ရန်ရှောက်ထျန်းက မျက်မှောင်ကြုတ်ကာပြောလိုက်ပြီး ရှေ့သို့ဆက်လက်ပျံသန်းသွားခဲ့ လေသည်။
သို့သော် ရန်ရှောက်ထျန်းဝေးဝေးသို့ရောက်သွားသောအခါ လီလဲ့ကပြန်ထလာပြီး ရန်ရှောက် ထျန်း၏နောက်ကွယ်မှပင် ကြောက်ကြောက်ရွံ့ရွံ့ဖြင့်လိုက်နေဆဲဖြစ်လေသည်၊ သူသည် ရန်ရှောက် ထျန်းကို ဟွန်ချွမ်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ်သေချာပေါက်ဆုံးဖြတ်ထားပုံရလေသည်။
လီလဲ့က သူ၏နောက်သို့ ဇွဲနပဲဖြင့်လိုက်နေဆဲဖြစ်သည်ကို မြင်သောအခါ ရန်ရှောက်ထျန်း လှည့်ကြည့်လိုက်ရာ လီလဲ့မှာထိတ်လန့်တကြားဖြင့် နောက်တစ်ကြိမ်ဒူးထောက်လိုက်ပြန်သည်။ သူက ပြာပြာသလဲဖြင့်။
“ကျေးဇူးပြုပြီးဂိုဏ်းချုပ်... ကျွန်တော်တို့ကို ခွင့်ပြုပေးပါ၊ ကျွန်တော်တို့ ဂိုဏ်းချုပ်နောက်ကို လိုက်ပြီး ကျွန်တော်တို့ဟွန်ချွမ်မိစ္ဆာဂိုဏ်းရဲ့ရှေးဟောင်းဂုဏ်ကျက်သရေကို ပြန်လည်ထူထောင်ပါရ စေ”
ထိုသို့ပြောရင်း သူက ဦးချနေခဲ့လေသည်၊ သူ၏ဦးခေါင်းမှသွေးများထွက်လာသည်အထိ ဦးချနေသော်လည်း သူပြန်မထခဲ့ပေ။
ရန်ရှောက်ထျန်းမှာ ထိုနေရာတွင်ရပ်နေပြီးလီလဲ့ကလည်းထပ်ခါတလဲလဲဦးချနေခဲ့လေ သည်။
ခဏအကြာတွင် ရန်ရှောက်ထျန်းခြေတစ်လှမ်းလှမ်းလိုက်ပြီး ထွက်ခွာသွားခဲ့လေသည်။ သူ တော်တော်ဝေးဝေးသို့ ရောက်ရှိသွားသောအခါမှ သူကပြောလိုက်သည်။
“လိုက်ခဲ့တော့”
ရန်ရှောက်ထျန်း၏ အသံပျံ့လွင့်လာသောအခါ လီလဲ့မှာဆွံ့အသွားပြီးစိတ်လှုပ်ရှားစွာဖြင့် တုန်ယင်နေတော့သည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
သူသည် အမြန် လိုက်သွားခဲ့လေသည်။
“မင်း ထုန်းထျန်းနတ်ဘုရားဂိုဏ်းအကြောင်းနားလည်လား” ဟု ရန်ရှောက်ထျန်းက ရုတ်တရက်မေးလိုက်သည်။
လီလဲ့မှာခဏမျှမှင်တက်သွားပြီးနောက် ထုန်းထျန်းနတ်ဘုရားဂိုဏ်းနှင့်ပတ်သက်ပြီး သူ သိသမျှအားလုံးကို ရန်ရှောက်ထျန်းအား အမြန်ပြောပြလိုက်လေသည်။
သို့သော် ချန်ယွမ်၏ဘိုးဘေးဖြစ်သောကျောက်ရုန်မှာ ထုန်းထျန်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်း ချုပ် ဖြစ်လာကြောင်းကို သူပြောလိုက်သောအခါ ရန်ရှောက်ထျန်းကအံ့အားသင့်စွာ မေးလိုက်သည်။
“မင်း ဘာပြောလိုက်တာလဲ။ ထုန်းထျန်းနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟုတ်လား”
လီလဲ့မှာ ရန်ရှောက်ထျန်း၏ တုံ့ပြန်မှုကြောင့် အနည်းငယ်အံ့အားသင့်သွားပြီး အမှန်အတိုင်း ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ နတ်ဘုရားအရှင်သခင် ဘိုးဘေးဟုန်ဖုန်းပျောက်ဆုံးနေတာ နှစ်ပေါင်းများ စွာကြာခဲ့ပါပြီ၊ ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှာလည်းနှစ်ပေါင်းထောင်ချီကြာအောင် အုပ်ချုပ်သူမရှိခဲ့ တာကြောင့်ပြည်တွင်းစစ်တွေဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့်လွန်ခဲ့တဲ့လဝက်ခန့်က ထုန်းထျန်းနတ် ဘုရားဂိုဏ်းဟာ ယာယီဂိုဏ်းချုပ်တစ်ဦးကို ရွေးချယ်ခဲ့ကြတာပါ”
“ယာယီဂိုဏ်းချုပ်လား” ဟု ရန်ရှောက်ထျန်းကမေးလိုက်သည်။
“ဟုတ်ပါတယ်၊ ကျောက်ရုန်မှာထုန်းထျန်းနတ်ဘုရားဓားမရှိတာကြောင့် သူကယာယီဂိုဏ်း ချုပ်ပဲ ဖြစ်ပါသေးတယ်” ဟု လီလဲ့ကပြောလိုက်သည်။
“သူက ထုန်းထျန်းနတ်ဘုရားဓားကိုရှာတွေ့ပြီး အောင်နိုင်မှသာထုန်းထျန်းနတ်ဘုရား ဂိုဏ်း ရဲ့ စစ်မှန်တဲ့ ဂိုဏ်းချုပ်ဖြစ်လာနိုင်မှာပါ။”
“ဒါမှမဟုတ် တစ်စုံတစ်ယောက်ကထုန်းထျန်းနတ်ဘုရားဓားကိုရရှိပြီး အောင်နိုင်သွားခဲ့ မယ်ဆိုရင်လည်း ကျောက်ရုန်ကရာထူးကနေဆင်းပေးရမှာပါ”
“ဒီကျောက်ရုန်ရဲ့ အခြေအနေကို ငါ့ကိုပြောပြဦး” ဟု ရန်ရှောက်ထျန်းက လေးနက်သော အသံဖြင့်ပြောလိုက်သည် ။
“ကျောက်ရုန်က အင်မတန်အစွမ်းထက်ပါတယ်၊ သူကလက်ရှိထုန်းထျန်းနတ်ဘုရားဂိုဏ်း မှာ အစွမ်းထက်ဆုံးသိုင်းပညာရှင်ပါပဲ” ဟု လီလဲ့က ပြောလိုက်သည် ။
“သူက ဓားအသိ (၁၄) မျိုးအထိကျင့်ကြံထားပြီးပါပြီ”
***