ကံကြမ္မာနတ်ဘုရားနန်းတော်ပွင့်ခြင်းမှာ ဝမ်ကျန့်တိုက်ကြီးပေါ်တွင် အကြီးမားဆုံးသော ပွဲလမ်းသဘင် ဖြစ်လေသည်။
ထို့ကြောင့် ရန်ရှောက်ထျန်း ကံကြမ္မာနတ်ဘုရားကျွန်းဆီသို့ အရှိန်အဟုန်ဖြင့်ပျံသန်းသွား စဉ်မှာပင် ဝမ်ကျန့်တိုက်ကြီးပေါ်ရှိမရေမတွက်နိုင်သော ဂိုဏ်းများနှင့်မိသားစုများမှ ပညာရှင်များ သည်လည်း ကံကြမ္မာနတ်ဘုရားကျွန်းဆီသို့ ဦးတည်သွားနေကြလေသည်။
ထို့အပြင် ရောက်ရှိလာသူအားလုံးနီးပါးမှာ ဝမ်ကျန့်တိုက်ကြီးရှိ ထိပ်တန်းဂိုဏ်းများနှင့် ထိပ်တန်းမိသားစုများမှ ဖြစ်ကြလေသည်။
ယွန်းမြို့ကိုဖြတ်ကျော်စဉ် ရန်ရှောက်ထျန်းသည်တောင်ဘက်ကောင်းကင် ဓားနတ်ဘုရား ကျန့်လင်းနှင့် တွေ့ဆုံခဲ့လေသည်။
ကျန့်လင်းသည် ရန်ရှောက်ထျန်းကိုမြင်လိုက်ရသောအခါ အလွန်တရာအံ့အားသင့်သွား ပြီးနောက် အကြီးအကျယ်ဝမ်းသာသွားတော့သည်။
“ရန်ရှောက်ထျန်း”
“ကျန့်လင်း”
ရန်ညီလေးက လက်ယှက်ဂါရဝပြုကာ ပြုံးလိုက်သည်။
သူတို့နှစ်ဦးမှာ သိကျွမ်းခဲ့သည်မှာသိပ်မကြာသေးသော်လည်း ရက်အနည်းငယ်ကြာ ဓားသိုင်း ချင်းပြိုင်ဆိုင်ခဲ့ပြီးနောက် သူတို့နှစ်ဦးမှာတစ်ဦးကိုတစ်ဦးလေးစားနေကြပြီး စောစောစီးစီး မတွေ့ဆုံ ခဲ့ရသည်ကို နောင်တရနေကြခြင်းဖြစ်လေသည်။
“ရန်ညီလေး... မင်းမိသားစုကအကြီးအကဲတွေနဲ့ ကံကြမ္မာနတ်ဘုရားနန်းတော်ကိုမသွား ဘူးလား”
အံ့အားသင့်သွားပြီးနောက် ကျန့်လင်းသည်ရန်ရှောက်ထျန်းတစ်ယောက်တည်း ဖြစ်နေသည် ကို မြင်လိုက်ရသဖြင့် မေးလိုက်ခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်း ခေါင်းခါပြလိုက်ပြီးပြုံးလျက် ပြောလိုက်သည်။
“ဟင့်အင်း၊ ကျွန်တော် တစ်ယောက်တည်းပါ”
“မင်း တစ်ယောက်တည်းလား”
ကျန့်လင်း မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒီကံကြမ္မာနတ်ဘုရားနန်းတော်က အရမ်းအန္တရာယ်များတယ်”
ရန်ရှောက်ထျန်း၏ ဓားသိုင်းများမှာအလွန်ကောင်းမွန်သော်လည်း သူသည် ဧကရာဇ်အဆင့် တွင်သာရှိသေးသဖြင့် ကျန့်လင်း၏အမြင်တွင် ကံကြမ္မာနတ်ဘုရားနန်းတော်အတွင်းသို့ တစ်ယော က်တည်း ဝင်ရောက်ခြင်းမှာ အလွန်တရာ အန္တရာယ်များလှပေသည်။
“အဆင်ပြေပါတယ်၊ ကျွန်တော်ကံကြမ္မာနတ်ဘုရားနန်းတော်ထဲက အန္တရာယ်ရှိတဲ့ တားမြစ် နယ်မြေအချို့ကို မသွားရင်ရတာပဲလေ”
ရန်ရှောက်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
ကျန့်လင်း ခေါင်းငြိမ့်ပြလိုက်သည်။
သူတို့နှစ်ဦးသည် စကားပြောရင်းကံကြမ္မာနတ်ဘုရားကျွန်းဆီသို့ ပျံသန်းသွားခဲ့ကြပြီး မကြာမီမှာပင် ကံကြမ္မာနတ်ဘုရားကျွန်းကို မြင်တွေ့လိုက်ရလေသည်။
ကံကြမ္မာနတ်ဘုရားကျွန်းမှာ အတိုင်းအဆမဲ့သောပင်လယ်ပြင်ကြီး၏အထက်တွင် ပျံဝဲနေ ပြီး နေရောင်ခြည်အောက်တွင် လှပသောမြရောင်များဖြင့်တောက်ပနေကာ ကြည့်ကောင်းလှ ပေသည်။
သို့သော်လည်း နတ်ဘုရားကျွန်းကိုဖုံးလွှမ်းထားသောတားမြစ်ချက်မှာ ပျောက်ကွယ်သွား ခြင်းမရှိသေးပေ။
ဤအချိန်တွင် နေမင်းမှာထွက်ပြေးလာကာစဖြစ်ပြီး ကံကြမ္မာနတ်ဘုရားကျွန်းပေါ်ရှိ တားမြစ်ချက်များ ပွင့်ရန်အတွက် နာရီဝက်ခန့် လိုအပ်နေသေးသည်။
သို့သော်လည်း နတ်ဘုရားကျွန်းကိုဝိုင်းရံထားသောပင်လယ်ရေပြင်၏ အထက်တွင်မူ မရေ မတွက်နိုင်သောပညာရှင်များမှာ လေထဲတွင်ရပ်နေကြပြီး လူအုပ်ကြီးမှာကောင်းကင်ယံကိုပင် ဖုံးလွှမ်းသွားတော့မည့်အလား ရှိနေတော့သည်။
ရောက်ရှိလာသူအရေအတွက်မှာ စိတ်ကူးထားသည်ထက်များစွာ ကျော်လွန်နေခြင်း ဖြစ်လေသည်။
သန်းပေါင်းများစွာ မရှိလျှင်ပင် အနည်းဆုံးသိန်းပေါင်းများစွာတော့ ရှိပေလိမ့်မည်။
ဝမ်ကျန့်တိုက်ကြီးပေါ်ရှိ ထိပ်တန်းဂိုဏ်းများနှင့် ထိပ်တန်းမိသားစုအားလုံးနီးပါး ရောက်ရှိ နေကြခြင်း ဖြစ်လေသည်။
လူတိုင်းမှာ ကံကြမ္မာနတ်ဘုရားကျောက်တုံး၊ ကံကြမ္မာနတ်ဘုရားသစ်ပင်နှင့် ကံကြမ္မာနတ် ဘုရားသီးများကို ရှာဖွေလိုကြပုံရလေသည်။
ရန်ရှောက်ထျန်းသည် ထူထပ်လှသောလူအုပ်ကြီးကိုကြည့်လိုက်သည်၊ လူအင်မတန် များပြားလွန်းလှသဖြင့် မသေနိုင်သောသေမင်းနတ်ဘုရားနှင့် ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာတို့ကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။
ထို့အပြင် သူတို့နှစ်ဦးမှာလည်းရုပ်ဖျက်ထားနိုင်ခြေရှိသဖြင့် သူတို့ကိုရှာဖွေရန်မှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။
“နေလစိန့်ဘုရင်ရောက်လာပြီ”
ရုတ်တရက် တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးမှာလှုပ်လှုပ်ရှားရှား ဖြစ်သွားတော့ သည်။
ကျန့်လင်းပင်လျှင် လှမ်းကြည့်လိုက်မိသည်။
အဝေးတွင် ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှပညာရှင် အုပ်စုကြီးတစ်ခုလေထဲတွင် ပျံသန်းလာခဲ့ လေသည်။
လူအမြောက်အမြား ရှိနေပြီး စုစုပေါင်းခုနစ်ရာ၊ ရှစ်ရာခန့် ရှိလေသည်။
ခေါင်းဆောင်မှာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်လေသည်၊ သူ၏ ခြေဖျားမှခေါင်းအထိအဖြူရောင်ဖြစ်နေကာ သူ၏မျက်ခုံးမွှေးများပင်လျှင် အဖြူရောင် ဖြစ်နေလေသည်။
နေလစိန့်ဘုရင်။
သူသည် ကျောက်ရုန်၏လက်ရုံးတစ်ဆူနှင့် ဗျူဟာမှူးဖြစ်လေသည်၊ သူ၏ အဆင့်အတန်းမှာ ထုန်းထျန်းနတ်ဘုရားဂိုဏ်းတွင်ကျောက်ရုန်ပြီးလျှင် ဒုတိယအဆင့်၌ရှိပြီး အခြားသောပညာရှင် ဘီလီယံပေါင်းများစွာ၏ အထက်တွင် ရှိနေခြင်းဖြစ်လေသည်။
ယခုတစ်ကြိမ်တွင် ကျောက်ရုန်ရောက်မလာဘဲ နေလစိန့်ဘုရင်ကထုန်းထျန်းနတ်ဘုရား ဂိုဏ်းမှ ပညာရှင်များကို ဦးဆောင်လာခဲ့ခြင်းဖြစ်လေသည်။
နေလစိန့်ဘုရင်၏နောက်တွင်မူ တိုက်ပွဲဝတ်စုံများကိုဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုး သားနှစ်ဦးရှိနေပြီး သူတို့၏ဓားချီစွမ်းအင်များမှာအတိုင်းအဆမဲ့သော ပင်လယ်ပြင်ကြီးအလား ကျယ် ပြောလှပေသည်။
ရန်ရှောက်ထျန်း၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့လေသည်၊ ဤနှစ်ဦးမှာ ဓားနတ်ဘုရား အဆင့်သတ်မှတ်ချက်မှ ကြယ်တာရာဓားနတ်ဘုရားနှင့် ဟင်းလင်းပြင်ဓားနတ်ဘုရား တို့ ဖြစ်ရပေမည်။
ကျောက်ရုန်၏ လက်အောက်တွင် ကြီးမြတ်သော ဓားနတ်ဘုရားခြောက်ဦးရှိပြီး ဤနှစ်ဦးမှာ ထိုခြောက်ဦးထဲမှ ဖြစ်ကြလေသည်။
ကံကြမ္မာနတ်ဘုရားနန်းတော်ပွင့်ခြင်းအတွက် နေလစိန့်ဘုရင်သာမက ကြီးမြတ်သော ဓားနတ်ဘုရားနှစ်ဦးပါရောက်ရှိလာခြင်းမှာ ထုန်းထျန်းနတ်ဘုရားဂိုဏ်းအနေဖြင့် ဤပွဲကို မည်မျှ အထိ အလေးထားကြောင်း ပြသနေခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် လွန်ခဲ့သောရက်အနည်းငယ်က သူအနိုင်ယူခဲ့သော လူငယ်ဧကရာဇ် ချန်ယွမ်ကိုလည်းမြင်တွေ့လိုက်ရလေသည်၊ သူသည်လည်း ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ပညာရှင် များ၏ နောက်ဆုံးတွင် လိုက်ပါလာခဲ့ခြင်းဖြစ်လေသည်။
လူငယ်ဧကရာဇ်ချန်မှာ ချန်ကျိုးရှိလူငယ်မျိုးဆက်များကြားတွင် အတောက်ပဆုံးသော တည်ရှိမှုဖြစ်သော်လည်း ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှပညာရှင်များ၏ရှေ့တွင်မူ သူသည်အဆုံးတွင် သာ လိုက်ပါနိုင်လေသည်။
ထုန်းထျန်းနတ်ဘုရားဂိုဏ်း ရောက်ရှိလာသည်ကိုမြင်သောအခါ ရောက်ရှိနေသော ဂိုဏ်းချုပ် များနှင့် ပညာရှင်အမြောက်အမြားမှာ ရိုသေလေးစားစွာဖြင့်ဂါရဝပြုခဲ့ကြလေသည်။
နတ်ဘုရားအရှင်သခင် ဘိုးဘေးဟုန်ဖုန်းထွက်ခွာသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှာဝမ်ကျန့်တိုက်ကြီးပေါ်တွင် နံပါတ်တစ်ဂိုဏ်းအဖြစ် အမြဲတမ်း တည်ရှိနေဆဲဖြစ်လေသည်။
“ကျောက်ရုန် ရောက်မလာတာ မမျှော်လင့်ထားဘူး” ဟု ကျန့်လင်းက ပြောလိုက်သည် ။
“သတင်းတွေက အမှန်ပဲ ထင်တယ်”
“သတင်းတွေ ဟုတ်လား”
ရန်ရှောက်ထျန်း မမေးဘဲ မနေနိုင်တော့ပေ။
“အခုတလော ကျောက်ရုန်က ဓားအသိ(၁၅) မျိုးကို နားလည်သဘောပေါက်ဖို့အတွက် ဆိတ်သုန်းစွာကျင့်ကြံနေပြီး ကံကြမ္မာနတ်ဘုရားနန်းတော်ဆီလာမှာမဟုတ်ဘူးလို့ သတင်းတွေ ထွက်နေတာ” ဟု ကျန့်လင်းက ပြောလိုက်သည် ။
ထို့ကြောင့် ကျောက်ရုန် မရောက်လာခြင်းမှာ သူသည် ဆိတ်သုန်းစွာ ကျင့်ကြံနေပြီး ဓားအသိ (၁၅) မျိုးသို့ တက်လှမ်းရန် ကြိုးစားနေခြင်းကြောင့် ဖြစ်ရပေမည်။
သူသည်လည်း အောင်မြင်ရန် အခွင့်အရေးအများကြီး ရှိနေလေသည်။
မဟုတ်လျှင် သူသည်ကံကြမ္မာနတ်ဘုရားနန်းတော်ပွင့်ခြင်းကဲ့သို့သော အရေးကြီးသည့် ပွဲကို လွဲချော်ခံလိမ့်မည် မဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ အရပ်မျက်နှာအသီးသီးမှပညာရှင်များမှာ ဆက်တိုက်ရောက်ရှိ လာနေခဲ့လေသည်။
ကံကြမ္မာနတ်ဘုရားကျွန်းကို ဝိုင်းရံထားသောပင်လယ်ရေပြင်မှာ ပို၍ပင်စည်ကားလာ ခဲ့လေ ပြီ။
ကျန့်လင်း ခဏမျှတုံ့ဆိုင်းနေပြီးနောက် ရန်ရှောက်ထျန်းကို ပြောလိုက်သည်။
“ရန်ရှောက်ထျန်း... ငါကံကြမ္မာနတ်ဘုရားနန်းတော်ထဲမှာ ငါ့အတွက်အင်မတန်အရေးကြီး တဲ့ အရာတစ်ခုကိုရှာဖို့လိုတယ်၊ ဒါကြောင့် ငါ မင်းနဲ့အတူတူမနေနိုင်ဘူး။ မင်း အင်မတန်သတိထား ရမယ်”
“အကယ်၍ မင်းအခက်အခဲတွေနဲ့တွေ့ရင် ငါ့နာမည်ကိုပြောလိုက်ပါ။ အချို့သော ဂိုဏ်းတွေ နဲ့ မိသားစုတွေက ငါ့ကိုမျက်နှာသာပေးပြီး မင်းကိုအခက်အခဲဖြစ်အောင်လုပ်မှာ မဟုတ်ဘူး”
ထိုသို့ပြောရင်း သူကတံဆိပ်တစ်ခုကိုထုတ်ယူကာ ရန်ရှောက်ထျန်းအား ပေးလိုက်လေ သည်။
ထိုတံဆိပ်ပေါ်တွင်
“နန်ထျန်း” ဟူသော စာလုံးကို ထွင်းထုထားလေသည်။
ရန်ရှောက်ထျန်း၏ နှလုံးသားမှာနွေးထွေးသွားခဲ့လေသည်၊ သူသည် ထိုတံဆိပ်ကို ယူလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ကျန့်လင်း”
“ကိစ္စမရှိပါဘူး၊ အားနာနေစရာ မလိုပါဘူး”
ကျန့်လင်းက ပြုံးလျက် ပြောလိုက်သည်။
ခဏအကြာတွင် ကံကြမ္မာနတ်ဘုရားကျွန်း၏အထက်ရှိ တားမြစ်ချက်များမှာအလင်းတန်း များ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့လေသည်။
ဒါဟာ တားမြစ်ချက် ပွင့်တော့မည့် နိမိတ်ပင်ဖြစ်လေသည်။
လူတိုင်းမှာ ငြိမ်သက်သွားကြတော့သည်။
ကံကြမ္မာနတ်ဘုရားကျွန်း၏အထက်ရှိ တားမြစ်ချက်များရုတ်တရက်ပျောက်ကွယ်သွား သည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သောပညာရှင်များသည် ဒီရေအလားကံကြမ္မာနတ်ဘုရား ကျွန်းအတွင်းသို့ တိုးဝင်သွားကြလေသည်။
သို့သော်လည်း ထိုစဉ်မှာပင်အော်ဟစ်သံများကို ကြားလိုက်ရလေသည်။
အချို့သော ထိပ်တန်းဂိုဏ်းများနှင့်ပညာရှင်များသည် အရင်ဦးအောင်တိုးဝင်ရန် ကြိုးစားကြ သဖြင့် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး တစ်ဦးကိုတစ်ဦး တိုက်ခိုက်လာကြခြင်း ဖြစ်လေသည်။
အစွမ်းအနည်းငယ် အားနည်းသူများမှာကံကြမ္မာနတ်ဘုရားကျွန်းပေါ်သို့ ခြေမချနိုင်ခင်မှာပင် အသတ်ခံလိုက်ရလေသည်။
အလောင်းများမှာ ကောင်းကင်ယံမှဆက်တိုက်ကျဆင်းလာခဲ့ပြီး ပင်လယ်ထဲသို့ပြုတ်ကျ သွားခဲ့ကြလေသည်။
ကျန့်လင်းသည် ရန်ရှောက်ထျန်းကိုဦးဆောင်ပြီး ကံကြမ္မာနတ်ဘုရားကျွန်းဆီသို့ ဦးတည် သွားခဲ့လေသည်။ ဂိုဏ်းချုပ်တစ်ဦးသည်ရန်ရှောက်ထျန်းတို့နှစ်ဦးတည်းသာ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူတို့နှစ်ဦးကိုသတ်ဖြတ်ရန် ပြင်ဆင်လိုက်သော်လည်း ရုတ်တရက် ကျန့်လင်း၏ ရုပ်ရည်ကိုမှတ်မိသွားသဖြင့် သူသည်အလွန်တရာထိတ်လန့်သွားကာ ကောင်းကင်ယံမှပြုတ်ကျ လုနီးပါး ဖြစ်ခဲ့ရလေသည်။
ပတ်ဝန်းကျင်ရှိ ပညာရှင်များသည်လည်း အလျင်အမြန်နောက်သို့ ဆုတ်ခွာခဲ့ကြပြီး ကျန့်လင်း ကို ဂါရဝပြုခဲ့ကြလေသည်။
ဝမ်ကျန့်တိုက်ကြီးပေါ်တွင် ပညာရှင်ဘီလီယံပေါင်းများစွာရှိသော်လည်း ဓားနတ်ဘုရား အဆင့်သတ်မှတ်ချက်အတွင်း ဝင်ရောက်နိုင်သူများမှာ ကြောက်မက်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်း သောတည်ရှိမှုများဖြစ်ကြလေသည်၊ ဓားနတ်ဘုရားအဆင့်သတ်မှတ်ချက်တွင် အဆင့်အလွန်မြင့် မားသော ကျန့်လင်းကဲ့သို့သော ပြိုင်ဘက်ကင်းသူကိုမူ ဆိုနေစရာပင်မလိုတော့ပေ။
ဤလူများသည် ထိပ်တန်းဂိုဏ်းများမှပညာရှင်များ ဖြစ်ကြသော်လည်း တောင်ဘက်ကောင်း ကင် ဓားနတ်ဘုရား၏ရှေ့တွင်မူ အသံပင်မထွက်ရဲကြပေ။
ထို့ကြောင့် ရန်ရှောက်ထျန်းနှင့်ကျန့်လင်းတို့မှာ မည်သည့်အနှောင့်အယှက်မှမရှိဘဲ ကံကြမ္မာ နတ်ဘုရားကျွန်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့လေသည်။
နတ်ဘုရားကျွန်းအတွင်း၌ ရှေးဟောင်းသစ်ပင်ကြီးများမှာ ကောင်းကင်ယံသို့မြင့်တက်နေ ပြီး တောင်တန်းများမှာ အဆုံးမရှိအောင် ရှည်လျားနေလေသည်။
ထို့အပြင် နတ်ဘုရားကျွန်း၏အလယ်ဗဟိုတွင် ဧရာမနတ်ဘုရားနန်းတော်ကြီးတစ်ခု ရှိနေ လေသည်၊ ၎င်းမှာကံကြမ္မာနတ်ဘုရားနန်းတော်ပင်ဖြစ်လေသည်။
ကံကြမ္မာနတ်ဘုရားနန်းတော်မှာ အလွန်တရာကြီးမားလှပေသည်၊ ရန်ရှောက်ထျန်း၏ ခန့်မှန်း ချက်အရဆိုလျှင် ၎င်းမှာချန်စံအိမ်တော်လောက်အထိကြီးမားနိုင်ပြီး နတ်ဘုရားကျွန်း၏ဧရိယာ ထက်ဝက်နီးပါးကို ယူထားခြင်း ဖြစ်လေသည်။
သူတို့နှစ်ဦးသည် ကံကြမ္မာနတ်ဘုရားနန်းတော်၏ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ဤအချိန်တွင် မြို့တံခါးထက်ပင် ပိုမိုကျယ်ဝန်းလှသော နန်းတော်၏တံခါးမှာပွင့်နေပြီဖြစ် ကာ ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ ပညာရှင်များသည်အတွင်းသို့ တိုးဝင်သွားကြပြီ ဖြစ်လေသည်။
ကျန့်လင်းသည်လည်း ရန်ရှောက်ထျန်းကို ဦးဆောင်ပြီး နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့လေ သည်။
နတ်ဘုရားနန်းတော်အတွင်းသို့ရောက်သည်နှင့် သူတို့သည်အတွင်း၌ သီးခြားကမ္ဘာတစ်ခု ရှိနေသည်ကိုမြင်တွေ့လိုက်ရလေသည်၊ ၎င်းမှာဝိညာဉ်စမ်းချောင်းရေတံခွန်များ၊ မရေမတွက် နိုင်သောတောင်ထိပ်များ၊ နန်းတော်ပေါင်းဘီလီယံချီရှိပြီး ဧကရာဇ်ယွန်းထျန်း၏ ကြယ်စုတန်း နတ်ဘုရားကျွန်းနှင့်နှိုင်းယှဉ်နိုင်သော ဝိညာဉ်ချီများပြည့်နှက်နေသည့် ကမ္ဘာငယ်လေးတစ်ခုနှင့် တူနေ လေသည်။
“ရန်ညီလေး... ငါတို့ ဒီမှာပဲလမ်းခွဲကြရအောင်။ မင်းသတိထားရမယ်”
ကျန့်လင်းက မှာကြားလိုက်ပြီးနောက် ဓားအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး တောင်တန်းများကြားတွင် ပျောက်ကွယ်သွားခဲ့လေတော့သည်။
ရန်ရှောက်ထျန်းသည် နေရာကိုသေချာကြည့်လိုက်ပြီး တောင်ဘက်တောင်တန်းဆီသို့ ပျံသန်း သွားခဲ့လေသည်။
ကံကြမ္မာနတ်ဘုရားနန်းတော်အတွင်း၌ ကံကြမ္မာနတ်ဘုရားသစ်ပင်မှာ ဘယ်နေရာမှာ ရှိမှန်း ဘယ်သူမှ သေသေချာချာမသိကြသဖြင့် သူသည်ကံကြမ္မာနတ်ဘုရားကျောက်တုံးကို အရင်ဆုံး ရှာဖွေရန် စီစဉ်ထားခြင်း ဖြစ်လေသည်။
သူသာ ကံကြမ္မာနတ်ဘုရားကျောက်တုံး နောက်ထပ်ဆယ်တုံးလောက် ရှာတွေ့ခဲ့မည်ဆိုပါက သူသည် ဒသမမြောက်ပေါင်းစပ်ကောင်းကင်ကံကြမ္မာကို တောင့်ခံနိုင်ပေလိမ့်မည်။
တောင်ဘက်တောင်တန်းတွင် ကံကြမ္မာနတ်ဘုရားကျောက်တုံးများတည်ရှိရာ ကောင်းကင် ကံကြမ္မာ နတ်ဘုရားတောင် ရှိနေခြင်း ဖြစ်လေသည်။
***