ကံကြမ္မာနတ်ဘုရားကျောက်တုံးမှာ ဧကရာဇ်အဆင့်ပညာရှင်များအတွက် သူတို့၏ နတ်ဘုရားပင်လယ်ကမ္ဘာကို ခိုင်မာစေရန်အရေးအကြီးဆုံးသောရတနာဖြစ်သဖြင့် ရန်ရှောက်ထျန်း တောင်ဘက်တောင်တန်းရှိကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်ဆီသို့ ပျံသန်းသွားစဉ်မှာပင် မိသားစုအသီးသီးမှပညာရှင်များစွာသည်လည်း ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်ဆီသို့ ပျံသန်းသွားနေကြလေသည်။
သို့သော်လည်း ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်၏အနီးတွင် တားမြစ်ချက်များ ရှိနေပြီး ဧကရာဇ်အဆင့်ပညာရှင်များသာဝင်ရောက်နိုင်သဖြင့် ကောင်းကင်ကံကြမ္မာနတ်ဘုရား တောင်ဆီသို့ ပျံသန်းသွားသူအားလုံးနီးပါးမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြလေသည်။
ရန်ရှောက်ထျန်းမှာ အလွန်တရာမြန်ဆန်လှသဖြင့်မကြာမီမှာပင် တောင်တန်းများကြားတွင် မြင့်မားစွာရပ်တည်နေသော ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်ကို မြင်တွေ့လိုက်ရလေသည်။
ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်မှာ အလွန်တရာမြင့်မားလှပြီး ပတ်ဝန်းကျင်ရှိ တောင်ထိပ်များထက် ပိုမိုကြီးမားလှသဖြင့် လူအုပ်ကြားတွင်ထင်ရှားနေသလိုပင် ခံစားရလေသည်။
ထို့အပြင် ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်မှာ အမျိုးမျိုးသောအလင်းတန်းများကို ထုတ်လွှတ်နေသဖြင့် အဝေးမှပင်မြင်တွေ့နိုင်လေသည်။
ရန်ရှောက်ထျန်း ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်ရှေ့ရှိမြေပြင်ပေါ်သို့ ဆင်းသက် လိုက်သောအခါ လူပေါင်းရာနှင့်ချီ၍ ထိုနေရာတွင်ရပ်နေကြသည်ကို မြင်တွေ့လိုက်ရလေသည်။
ဤလူများမှာ အမျိုးမျိုးသောဂိုဏ်းများနှင့် မိသားစုများမှဖြစ်ကြလေသည်။
ရန်ရှောက်ထျန်းသည် ထုန်းထျန်းနတ်ဘုရားဂိုဏ်းမှ လူငယ်ဧကရာဇ်ချန်ယွမ်ကိုပင် မြင်တွေ့ လိုက်ရလေသည်။
ချန်ယွမ်မှာလူငယ်၊ လူရွယ်လေးဦးနှင့်အတူရပ်နေပြီး နောက်မှကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်ပေါ်သို့ မည်သို့ တက်ရမည်ကို စိတ်ဝင်တစားဆွေးနွေးနေကြပုံရလေသည်။
ကံကြမ္မာနတ်ဘုရားကျောက်တုံးကိုရရှိရန်အတွက် ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင် ပေါ်သို့တက်ရမည်ဖြစ်သော်လည်း ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်ပေါ်သို့ တက်ရန်မှာ မလွယ်ကူလှပေ။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်၏ပိုမိုမြင့်မားသောနေရာသို့ ရောက်လေလေ ကံကြမ္မာနတ်ဘုရားကျောက်တုံးများ ပိုမိုထွက်ပေါ်လေလေဖြစ်သော်လည်း ပိုမိုမြင့်မားသော နေရာသို့ရောက်လေလေ တားမြစ်ချက်စွမ်းအားမှာ ပိုမိုပြင်းထန်လာလေလေဖြစ်ပြီး တောင်တက်ရန် ပိုမို ခက်ခဲလာလေလေဖြစ်လေသည်။
ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်မှာ အမြင့်ပေတစ်သောင်း ရှိလေသည်။
သာမန် ဧကရာဇ်အဆင့်ဒသမအလွှာအထွတ်အထိပ်ပညာရှင်တစ်ဦးမှာ ပေတစ်ထောင် အမြင့်ရှိသော နေရာသို့သာတက်နိုင်လေသည်။
အချို့သော အစွမ်းထက်သည့်ဧကရာဇ်အဆင့်ဒသမအလွှာ အထွတ်အထိပ်ပညာရှင်များ သည် ပေနှစ်ထောင်အထိထိုးဖောက်နိုင်သော်လည်း ပေသုံးထောင်အထိတက်နိုင်သူများမှာမူ အလွန် တရာရှားပါးလှပေသည်။
ပေလေးထောင်အမြင့်ဆိုလျှင် ပို၍ပင်ရှားပါးလှလေသည်။
ကံကြမ္မာနတ်ဘုရားနန်းတော်မှာ ဆယ်နှစ်လျှင်တစ်ကြိမ်ပွင့်လေ့ရှိပြီး နှစ်ပေါင်းတစ်သန်း အတွင်း ပေငါးထောင်အထိတက်နိုင်သူများကို လက်ချိုးရေတွက်နိုင်လေသည်။
ပေခြောက်ထောင်အမြင့်သို့မူ မည်သူမျှမရောက်ဖူးခဲ့ပေ။
နှစ်ပေါင်း တစ်သန်းအတွင်း မည်သူမျှပေခြောက်ထောင်သို့ မရောက်ဖူးခဲ့ပေ။
ပေခုနစ်ထောင်၊ ရှစ်ထောင်သို့မဟုတ်တောင်ထိပ်သို့ရောက်ရန်မှာ ပြောနေစရာပင် မလိုတော့ ပေ။
ကံကြမ္မာနတ်ဘုရားနန်းတော်၏ ရှေးဟောင်းမှတ်တမ်းများအရ ကောင်းကင်ကံကြမ္မာ နတ်ဘုရားတောင်၏ထိပ်တွင် ပေါင်းစပ်ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံး ရှိနိုင်သည်ဟု ဆိုလေသည်။
သို့သော်လည်း ပေါင်းစပ်ကောင်းကင်ကံကြမ္မာနတ်ဘုရားကျောက်တုံးမှာ မည်သို့ရှိသည်ကို မည်သူမျှမမြင်ဖူးခဲ့ကြသလို၊ တောင်ထိပ်သို့လည်း မည်သူမျှမရောက်ဖူးခဲ့ကြသဖြင့် ထိုမှတ်တမ်းများ မှာ အမှန်လား၊ အမှားလားဆိုသည်ကို မည်သူမျှမသိကြပေ။
ရန်ရှောက်ထျန်းသည် ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်ကို စိုက်ကြည့်လိုက်ပြီး တောင်ထိပ်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ယခုတစ်ကြိမ်တွင် သူသည် ကံကြမ္မာနတ်ဘုရားကျောက်တုံးအတွက်သာမက ပေါင်းစပ် ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးအတွက်ပါလာခဲ့ခြင်း ဖြစ်လေသည်။
အကယ်၍ သူသာပေါင်းစပ်ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးကို အသုံးပြုပြီး သူ၏ နတ်ဘုရားပင်လယ်ကမ္ဘာကို သန့်စင်နိုင်ခဲ့မည်ဆိုပါက သူ၏နတ်ဘုရားပင်လယ်ကမ္ဘာမှာ သေချာပေါက် အလွန်တရာခိုင်မာသွားပေလိမ့်မည်ဖြစ်ပြီး မကြုံစဖူးသော ပေါင်းစပ်နတ်ဘုရား ပင်လယ်အဖြစ်သို့ပင် ပြောင်းလဲသွားနိုင်လေသည်။
တိုင်အရှင်သခင်က သူ၏နတ်ဘုရားပင်လယ်မှာပေါင်းစပ်နတ်ဘုရားပင်လယ်အဖြစ်သို့ ပြောင်းလဲနိုင်မှသာ သူသည်တစ်ဆယ့်ငါးခုမြောက်သော ပေါင်းစပ်ကောင်းကင်ကံကြမ္မာကို တောင့်ခံနိုင်ရန် အခွင့်အရေး ရှိမည်ဟု ပြောခဲ့ဖူးလေသည်။
မဟုတ်လျှင် သူသည်အများဆုံးပေါင်းစပ်ကောင်းကင်ကံကြမ္မာ ဆယ့်လေးခုကိုသာ တောင့်ခံ နိုင်ပေလိမ့်မည်။
အကယ်၍ သူသာတစ်ဆယ့်ငါးခုမြောက်သော ပေါင်းစပ်ကောင်းကင်ကံကြမ္မာကို အတင်း အကျပ်တောင့်ခံရန် ကြိုးစားခဲ့မည်ဆိုပါက သူ၏ နတ်ဘုရားပင်လယ်မှာ ပေါက်ကွဲသွားနိုင်လေသည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူသည်လုံလောက်သော ပေါင်းစပ်ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံးများကို သေချာပေါက်ရရှိရမည် ဖြစ်လေသည်။
သို့သော်လည်း ရန်ရှောက်ထျန်းမှာ တောင်ပေါ်သို့တက်ရန်မလောသေးပေ၊ ဤအချိန်တွင် ကောင်းကင်ကံကြမ္မာနတ်ဘုရားတောင်ကိုဖုံးလွှမ်းထားသော တားမြစ်ချက်အလင်းတန်းမှာ အလွန် တရာ ပြင်းထန်နေဆဲဖြစ်ကာ အကယ်၍သူသာ ယခုအတင်းတက်ရန် ကြိုးစားခဲ့မည်ဆိုပါက တားမြစ်ချက် တိုက်ခိုက်မှု စွမ်းအားမှာ အပြင်းထန်ဆုံး ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ရောက်ရှိလာကြသောတပည့်အများအပြားမှာ တားမြစ်ချက်အလင်းတန်းများ အားနည်းသွားမည့် အချိန်ကိုစောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။
“နဂါးဆင်လူငယ်ဧကရာဇ်ရောက်လာပြီ”
ရုတ်တရက် လူအုပ်ထဲမှတပည့်တစ်ဦးက အံ့အားသင့်စွာအော်ဟစ်လိုက်လေသည်။
ရန်ရှောက်ထျန်းနှင့် အခြားသူများလှမ်းကြည့်လိုက်ကြလေသည်။
အဝေးတွင်လူငယ်၊ လူရွယ်ခြောက်ဦးလေထဲတွင်ပျံသန်းလာသည်ကို သူတို့ မြင်တွေ့လိုက် ရလေသည်။
ရှေ့မှ ဦးဆောင်လာသောလူငယ်မှာ အလွန်တရာအရပ်ရှည်ပြီး သူသည်လူငယ်ဧကရာဇ် ကိုးပါး၏ခေါင်းဆောင် နဂါးဆင်လူငယ်ဧကရာဇ်လုံရှန့်တုန်းပင် ဖြစ်လေသည်။
နဂါးဆင် လူငယ်ဧကရာဇ်လုံရှန့်တုန်းမှာဝမ်ကျန့်တိုက်ကြီးပေါ်ရှိ နတ်ဘုရားနဂါးမျိုးနွယ်မှ ပါရမီရှင်တစ်ဦးဖြစ်လေသည်။
လုံရှန့်တုန်းမှာ နတ်ဘုရားနဂါးမျိုးနွယ်၏ အလွန်တရာရှားပါးလှသော မင်နဂါးသွေး မျိုးဆက်ကိုပိုင်ဆိုင်ထားသူဖြစ်လေသည်၊ ဤသွေးမျိုးဆက်မှာ ရှေးဟောင်းကာလတွင်သာ ထွက် ပေါ် ခဲ့ဖူးခြင်း ဖြစ်လေသည်။
သို့သော်လည်း လုံရှန့်တုန်းမှာ မင်နဂါးသွေးမျိုးဆက်ကိုသာမက နတ်ဘုရားဆင်မျိုးနွယ်၏ အမြင့်မြတ်ဆုံးသော ကောင်းကင်ဆင်သွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
ထို့ကြောင့်လည်း လုံရှန့်တုန်းမှာ နတ်ဘုရားနဂါးမျိုးနွယ်၏လူငယ်မျိုးဆက်များကြားတွင် နံပါတ်တစ် ပါရမီရှင်ဖြစ်သလို၊ ချန်ကျိုးရှိလူငယ်မျိုးဆက်များကြားတွင်လည်း နံပါတ်တစ် ပါရမီရှင် ဖြစ်နေခြင်း ဖြစ်လေသည်။
လုံရှန့်တုန်း၏ ဘေးတွင်မူဖီးနစ်ဝတ်စုံကိုဝတ်ဆင်ထားသော အလွန်တရာ လှပသော အမျိုးသမီးတစ်ဦး ရှိနေလေသည်၊ သူမ၏လှုပ်ရှားမှုတိုင်းတွင် မြင့်မြတ်သောအရှိန်အဝါများမှာ အပြည့်အဝ ထင်ဟပ်နေလေသည်။
“ဒါ ကောင်းကင်ပျံဖီးနစ်အမျိုးသမီးပဲ”
တပည့်တစ်ဦးက လုံရှန့်တုန်းဘေးရှိ လှပသော အမျိုးသမီးကို မှတ်မိသွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။
ရန်ရှောက်ထျန်း အံ့အားသင့်သွားသည်။
ကောင်းကင်ပျံဖီးနစ်အမျိုးသမီးမှာ ဝမ်ကျန့်တိုက်ကြီးရှိဖီးနစ်မျိုးနွယ်စုခေါင်းဆောင်၏ သမီး ဖြစ်ပြီး ချန်ကျိုးရှိဖီးနစ်ကိုးပါးထဲမှ တစ်ဦးလည်းဖြစ်လေသည်။
ဖီးနစ်ကိုးပါးမှာ လူငယ်ဧကရာဇ်ကိုးပါးနှင့်အဆင့်တူညီသောတည်ရှိမှုများ ဖြစ်ကြလေ သည်။
ထို့ပြင် ကောင်းကင်ပျံဖီးနစ်အမျိုးသမီးမှာဖီးနစ်ကိုးပါး၏ ခေါင်းဆောင်လည်းဖြစ်လေသည်။
လုံရှန့်တုန်းနှင့် ကောင်းကင်ပျံဖီးနစ်အမျိုးသမီးတို့ရောက်ရှိလာသည်ကို မြင်သောအခါ ချန်ယွမ်မှာ အခြားသူများနှင့်အတူ သူတို့ကိုကြိုဆိုရန် ရှေ့သို့ ထွက်လာခဲ့လေသည်။
“လုံအစ်ကိုနဲ့ ဖီးနစ်အမျိုးသမီးတို့လည်းလာကြမယ်လို့ မထင်ထားခဲ့ဘူး” ဟု ချန်ယွမ်က လုံရှန့်တုန်းနှင့် ကောင်းကင်ပျံဖီးနစ်အမျိုးသမီးတို့ကို ပြုံးလျက်နှုတ်ဆက်လိုက်သည်။
သူတို့မှာ တစ်ဦးနှင့်တစ်ဦး အတော်လေး ရင်းနှီးပုံ ရလေသည်။
လုံရှန့်တုန်းက ချန်ယွမ်ကိုပြုံးပြလိုက်ပြီး ပြောလိုက်သည်။
“ကံကြမ္မာနတ်ဘုရားနန်းတော်ပွင့်တာက ရှားရှားပါးပါးဆိုတော့ ငါလည်းလာကြည့်ရ တာ ပေါ့။ လမ်းမှာဖီးနစ်အမျိုးသမီးနဲ့ ဆုံတာနဲ့ အတူတူလာခဲ့ကြတာ”
ချန်ယွမ် စကားပြောတော့မည့်ဆဲဆဲတွင် သူ၏အကြည့်ကအဝေးတစ်နေရာသို့ ရောက်ရှိ သွားပြီး ပုံရိပ်တစ်ခုကိုတွေ့လိုက်ရလေသည်။ သူခေတ္တမျှမှင်တက်သွားပြီးနောက် သူ၏ မျက်လုံး များတွင် သတ်ဖြတ်လိုစိတ်များနှင့် အေးစက်မှုများပြည့်နှက်သွားတော့သည်။
“မင်းကိုး”
သူက သွားကြိတ်ပြီး ရန်ရှောက်ထျန်းကို စိုက်ကြည့်လိုက်သည်။
လုံရှန့်တုန်း၊ ကောင်းကင်ပျံဖီးနစ်အမျိုးသမီးနှင့် အခြားသူများသည် ချန်ယွမ်၏ အမူအရာကို မြင်သောအခါ ရန်ရှောက်ထျန်းဆီသို့အကြည့်လွှဲလိုက်ကြလေသည်။ လုံရှန့်တုန်းသည် ရန်ရှောက် ထျန်းမှာလူငယ်လေးတစ်ဦးသာဖြစ်နေသည်ကို မြင်သောအခါ ချန်ယွမ်ကဘာကြောင့် ဤလူငယ် လေးကို ဤမျှလောက်အထိ မုန်းတီးနေရသလဲဆိုသည်ကို ဇဝေဇဝါဖြစ်သွားပြီး နားမလည်နိုင်ဘဲ ရှိနေတော့သည်။
“ချန်ယွမ်အစ်ကို... သူကဘယ်သူလဲ” ဟု လုံရှန့်တုန်းက မေးလိုက်သည်။
“ဟွန်ချွမ်ဘိုးဘေးရဲ့ဆက်ခံသူပဲ”
ချန်ယွမ်က ရန်ရှောက်ထျန်းကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
“ဘာ... သူကဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူ ဟုတ်လား”
“လူငယ်ဧကရာဇ်ချန်ကို တစ်ကွက်တည်းနဲ့အနိုင်ယူခဲ့တဲ့ဟွန်ချွမ်ဘိုးဘေးရဲ့ ဆက်ခံသူ လား”
ချန်ယွမ် စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရောက်ရှိနေသောပညာရှင်များကြားတွင် အကြီးအကျယ်တုန်လှုပ်မှုနှင့် ဆူညံမှုများဖြစ်ပေါ်သွားတော့သည်။
လုံရှန့်တုန်းနှင့် ကောင်းကင်ပျံ ဖီးနစ်အမျိုးသမီးတို့ပင်လျှင် ရန်ရှောက်ထျန်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြလေသည်။
ရန်ရှောက်ထျန်းနှင့် ချန်ယွမ်တို့၏ တိုက်ပွဲအကြောင်းမှာပျံ့နှံ့နေခဲ့ပြီဖြစ်သဖြင့် လူအတော် များများသိကြလေသည်။ လုံရှန့်တုန်းသည်လူငယ်လေးတစ်ဦးကချန်ယွမ်ကို တစ်ကွက်တည်းနှင့် အနိုင်ယူခဲ့ကြောင်း၊ ထိုလူငယ်လေးမှာ အသက်တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်နှစ်သာ ရှိသေးကြောင်း သိလိုက်ရသောအခါ သူ အကြီးအကျယ် အံ့အားသင့်သွားခဲ့လေသည်။
ချန်ယွမ်မှာ လူငယ်ဧကရာဇ်ကိုးပါးထဲတွင် နောက်ဆုံးအဆင့်၌ရှိသော်လည်း ချန်ယွမ်ကို တစ်ကွက်တည်းနှင့် အနိုင်ယူနိုင်ခြင်းမှာ အလွန်တရာထူးခြားလှပေသည်။
ယခုတစ်ကြိမ် သူ ထွက်လာခဲ့ရသည့်အကြောင်းရင်းတစ်ခုမှာလည်း ဤလူငယ်လေးက ဘယ်လိုလူမျိုးလဲဆိုသည်ကို မြင်တွေ့လိုသောကြောင့်လည်းဖြစ်လေသည်။
ချန်ယွမ်မှာ ပတ်ဝန်းကျင်ရှိဆွေးနွေးမှုများကိုကြားလိုက်ရသဖြင့် သူ၏မျက်နှာမှာ နီမြန်းသွား တော့သည်။
ရန်ရှောက်ထျန်း၏ တစ်ကွက်တည်းနှင့်အနိုင်ယူခံလိုက်ရခြင်းမှာ သူ၏ဘဝတွင် အကြီးမား ဆုံးသော အရှက်ရမှုပင်ဖြစ်လေသည်။
ဂုဏ်သိက္ခာရှိသောလူငယ်ဧကရာဇ်ကိုးပါးထဲမှတစ်ဦးဖြစ်သူ သူသည်သူ့ထက် အများကြီး ငယ်သော လူငယ်လေးတစ်ဦး၏တစ်ကွက်တည်းနှင့်အနိုင်ယူခြင်းကိုခံလိုက်ရပြီး ယခုအခါ သူ၏ အရှက်ရဖွယ်ရာမှာ လမ်းတကာတွင်ပြောစရာဖြစ်နေခဲ့လေပြီ။
“ကောင်လေး... မင်းလည်း ဒီကို လာမယ်လို့ ငါ မထင်ထားခဲ့ဘူး”
ချန်ယွမ်က မျက်နှာနီမြန်းလျက် ရန်ရှောက်ထျန်းကိုသတ်ဖြတ်လိုစိတ်များဖြင့် စိုက်ကြည့် လိုက်ပြီးနောက် ရန်ရှောက်ထျန်းဆီသို့လမ်းလျှောက်လာခဲ့လေသည်။
“ပြီးခဲ့တဲ့ အခေါက်က ငါကပေါ့ဆသွားလို့၊ ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ် စွမ်းအားကိုတောင် အသုံးမပြုခဲ့လို့ မင်းကို ရှုံးခဲ့တာ။ ဒီတစ်ခါတော့ ငါ မင်းကို သေချာပေါက် အနိုင်ယူပြမယ်”
ထိုသို့ပြောရင်း သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ ပေါက်ကွဲထွက်လာတော့သည်။
သူ၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများစွာ ထွက်ပေါ်လာခဲ့လေသည်။
မထင်မရှားဖြင့် ဧရာမခြင်္သေ့ကြီးတစ်ကောင်၏ပုံရိပ်မှာ ပေါ်ထွက်လာခဲ့လေသည်။
ခြင်္သေ့ကြီးက ဟိန်းဟောက်လိုက်ရာ ကောင်းကင်နှင့် မြေကြီးမှာ တုန်ခါသွားတော့သည်။
ဒါဟာ ချန်ယွမ်၏ နတ်ဘုရားခန္ဓာကိုယ်ဖြစ်သော ကောင်းကင်ခြင်္သေ့ နတ်ဘုရားခန္ဓာကိုယ်ပင် ဖြစ်လေသည်။
ကောင်းကင်ခြင်္သေ့နတ်ဘုရားခန္ဓာကိုယ်မှာ ရှေးဟောင်းခြင်္သေ့ဘုရင်မျိုးနွယ်စု ငါးခု၏ အစွမ်း ထက်ဆုံးသော နတ်ဘုရားခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်လေသည်။
ချန်ယွမ်က သူ၏ကောင်းကင်ခြင်္သေ့နတ်ဘုရားခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှပြင်းထန်သောစွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ချန်ယွမ်၏ လက်ထဲတွင်ဓားတစ်လက်ရှိနေလေသည်၊ ဤဓားမှာလွန်ခဲ့သောအခေါက်က ဓားမဟုတ်ဘဲ မီးတောက်များကဲ့သို့နီမြန်းနေကာ သူ၏စစ်မှန်သောစွမ်းအားများကို အသက်သွင်း လိုက်သည်နှင့် ဓား၏ မီးတောက်ချီစွမ်းအင်မှာ အလွန်တရာအံ့ဩဖွယ်ကောင်းလှပေသည်။
ဒေါသထွက်နေသော ချန်ယွမ်ကိုကြည့်ရင်း ရန်ရှောက်ထျန်းက တည်ငြိမ်သောအမူအရာဖြင့် အေးစက်စွာပြောလိုက်သည်။
“ပြီးခဲ့တဲ့ အခေါက်က မင်းကထုန်းထျန်းနတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်နေလို့ ငါ မင်းကို အသက်ချမ်းသာပေးခဲ့တာ။ ဒီတစ်ခါတော့ မင်းထပ်ပြီးတိုက်ခိုက်ရဲရင် မင်း သေရမယ်”
ချန်ယွမ် ခဏမျှမှင်တက်သွားပြီးနောက် ရက်စက်စွာရယ်မောလိုက်သည်။
“ကြွားလွန်းလိုက်တာ၊ ဒီနေ့တော့မင်းပဲသေရမှာ”
ထိုသို့ပြောရင်း သူ၏ကြီးမြတ်သောကောင်းကင်ကံကြမ္မာလွှာခုနစ်ခုမှာ ပျံထွက်လာခဲ့ပြီး ကြီးမြတ်သော ကောင်းကင်ကံကြမ္မာလွှာ ခုနစ်ခုပြီးနောက်တွင် အဋ္ဌမမြောက် ကောင်းကင်ကံကြမ္မာ လွှာမှာလည်း ပျံထွက်လာခဲ့လေသည်။
***