ကုန်သည်သည် နောက်ဘက်မှ ထွက်ပေါ်လာသော အသံရှိရာသို့ မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ယူဂျွန်ဟော့က ထိုနေရာတွင် ရပ်နေခဲ့သည်။ ကျနော့်မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားပြီး သူ့ကို သတိပေးလိုက်သည်။
"ဟေ့…. အဲဒီလို လျှောက်မပြောနဲ့လေ"
ယူဂျွန်ဟော့ ပြောဆိုခဲ့သော ပထမဆုံးသိုင်းလောက ပျက်စီးခြင်းဆိုသည်မှာ မဖြစ်ပျက်သေးသည့် ဇာတ်ဝင်ခန်းတစ်ခုသာ ဖြစ်၏။ မူရင်းဝတ္ထုထဲတွင်မူ ထိုအဖြစ်ဆိုးသည် နောက်ထပ် နှစ်အနည်းငယ်ကြာမှသာ ဖြစ်ပွားမည်ဖြစ်သည်။ ယူဂျွန်ဟော့ကတော့ ပြီးခဲ့သည့် နောက်ပြန်ဆုတ်ခြင်းဘဝတွင် ဤအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်ရာ အနာဂတ်သည် သူ့အတွက်တော့ ‘အတိတ်’ ဖြစ်နေခဲ့ပြီဖြစ်သည်။
"မလိုလားအပ်တဲ့ အချိန်တွေ ဖြုန်းမနေနဲ့။ အဲဒီလို အမှိုက်တွေကို သုံးပြီး လူတွေက အစွမ်းထက်မလာနိုင်ဘူးဆိုတာ မင်းလည်း သိသားပဲ"
"ငါက အဖွဲ့ဝင်တွေကို လေ့လာခွင့်ပေးရုံတင်ပါ"
"ငါတို့က ဒီကို အပျော်ခရီးထွက်လာတာ မဟုတ်ဘူး။ မင်း မေ့သွားပြီလား"
စကားပြောနေစဉ် ယူဂျွန်ဟော့၏ လက်ထဲ၌ တစ်ခုခုရှိနေသည်ကို ကျနော် မြင်လိုက်ရသည်။ ပူပူနွေးနွေးနှင့် ချိုမြိန်သော အနံ့တစ်ခု ထွက်ပေါ်နေသည့် စက္ကူဖြင့် ထုပ်ထားသော အရာတစ်ခုပင်။
…ဖက်ထုပ်လား။ ယူဂျွန်ဟော့သည် အပြစ်မရှိသလို မျက်နှာပေးဖြင့် ဖက်ထုပ်ကို စားနေရင်းမှ စကားကို ဆက်ပြောနေသည်။
"ဒီအချိန်မှာ ပထမဆုံးသိုင်းလောကမှာ ရှာဖွေနိုင်တဲ့ လျှို့ဝှက်ချက်သုံးခု ရှိတယ်။ အဲဒါတွေကတော့ ‘သုတ်သင်ခြင်းဧကရာဇ်၏ သိုင်းကျမ်း’၊ ‘မဟူရာမိစ္ဆာဝိညာဉ်၏ မဟူရာကောင်းကင်မိစ္ဆာဓါး’ နဲ့ ‘သွေးမိစ္ဆာဂိုဏ်း၏ မိစ္ဆာဝိညာဉ်ပုတီး’ တို့ပဲ"
ယူဂျွန်ဟော့၏ စကားအဆုံးတွင် ကုန်သည်က စကားဖြတ်ပြောလိုက်သည်။
"ဟားဟားဟား…. သုတ်သင်ခြင်းဧကရာဇ်ရဲ့ သိုင်းကျမ်းနဲ့ မဟူရာမိစ္ဆာဝိညာဉ်ရဲ့ မဟူရာကောင်းကင်မိစ္ဆာဓါး ဟုတ်လား။ သွေးမိစ္ဆာဂိုဏ်းရဲ့ မိစ္ဆာဝိညာဉ်ပုတီးလည်း ပါသေးတယ်ပေါ့။ အဲဒါတွေကို လိုက်ရှာနေတဲ့လူ ရှိသေးတာပဲလား..."
"…"
"သတိလေးဘာလေး ကပ်ပါဦး။ ကိုယ့်လူရာ။ အဲဒါတွေက နာမည်ကျော် ဒဏ္ဍာရီတွေပဲလေ။ သိုင်းလောကရဲ့ ရှေးခေတ်ကာလကတည်းက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီကွ"
ကုန်သည်၏ လှောင်ရယ်သံကို ယူဂျွန်ဟော့က ဂရုမစိုက်ပေ။ အကြောင်းမှာ ထိုအရာများ တကယ်ရှိကြောင်း သူသိနေသောကြောင့် ဖြစ်သည်။ ထိုပစ္စည်းတို့ထဲမှ အချို့ကို မည်သို့ရယူရမည်ဆိုသည်ကိုပင် သူသိထားသည်။ သူသည် အခြားသူများရှေ့တွင် အရှက်မရှိ ထုတ်ပြောနေခြင်းမှာ မည်သူမှ ယုံကြည်မည်မဟုတ်ကြောင်း သိနေသောကြောင့်ပင်။
ကျနော်က သူ့စကားကို ပြန်တုံ့ပြန်လိုက်သည်။
"သွေးမိစ္ဆာဂိုဏ်းရဲ့ မိစ္ဆာဝိညာဉ်ပုတီးကတော့ ရရင်တောင် အသုံးဝင်မှု နည်းလိမ့်မယ်။ မင်းကတော့ စုပ်ယူနိုင်မှာ ဖြစ်ပေမဲ့ ငါ ဒါမှမဟုတ် တခြားအဖွဲ့ဝင်တွေသာ မှားပြီး စားသုံးမိသွားရင် ‘ချီစီးကြောင်းဖောက်ပြန်ခြင်း’ဖြစ်နိုင်ခြေ ရှိတယ်လေ"
ယူဂျွန်ဟော့သည် ကျနော် အလိုရှိသည့် မျက်နှာထားမျိုး ဖြစ်သွားသည်။ အခြားတစ်ဖက်တွင်မူ ဒဏ္ဍာရီလာ အရာများအကြောင်းကို တည်တည်ငြိမ်ငြိမ် ဆွေးနွေးနေသည့် ကျနော်တို့ကို ကြည့်ကာ ကုန်သည်မှာ မျက်နှာပျက်သွားခဲ့သည်။ ကျနော် ဆက်ပြောလိုက်သည်။
"သုတ်သင်ခြင်းဧကရာဇ်ရဲ့ သိုင်းကျမ်းကို ရဖို့ကတော့ အတော်လေး ခက်ခဲလိမ့်မယ်။ ရနိုင်ပေမဲ့ အဲဒီနေရာမှာ အကြာကြီး နေလို့ရမှာ မဟုတ်ဘူး"
"ဪ"
"နောက်ဆုံးတစ်ခုဖြစ်တဲ့ မဟူရာမိစ္ဆာဝိညာဉ်ရဲ့ မဟူရာကောင်းကင် မိစ္ဆာဓါးကတော့... မင်းရဲ့ဓါးက ကျိုးသွားလို့ အဲဒါကို ရယူဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပေမဲ့ စွမ်းဆောင်ရည်ချင်း တူပြီးတော့ ရယူရတာ ပိုလွယ်တဲ့ လက်နက်တစ်ခု ရှိသေးတယ်ဆိုတာ မင်းမေ့သွားပြီလား"
ကျနော့်စကားကြောင့် ယူဂျွန်ဟော့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ကျနော် ဘာကို ဆိုလိုချင်သလဲဆိုသည်ကို သူ သတိထားမိသွားပုံရသည်။
"…မင်း တကယ်ပဲ အဲဒီကို သွားဖို့ ရည်ရွယ်နေတာလား"
"ဟုတ်တယ်။ ဒီတစ်ကြိမ်မှာတော့ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ရဲ့ စွမ်းအားက မရှိမဖြစ် လိုအပ်တယ်"
"ငါ မလိုက်ဘူး"
"မင်း သဘောပါ။ ဒါပေမဲ့ အဲဒီသိုင်းသင်တန်းကျောင်းရှိတဲ့ဆီကိုတော့ ငါ့ကို လမ်းပြပေးနိုင်မလား"
ယူဂျွန်ဟော့သည် တင်းမာသော မျက်နှာထား ဖြစ်သွားခဲ့ပြီး ကုန်သည်က တစ်ဖန် ကြားဖြတ်ပြောဆိုပြန်သည်။
"မင်းတို့က ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကို သွားရှာကြမလို့လား"
"ဟုတ်ပါတယ်"
"ဟူး..."
ကုန်သည်သည် ကျနော်တို့ကို ငြီးငွေ့သော အမူအရာဖြင့် ကြည့်လိုက်၏။ ထို့နောက် ခေါင်းခါလိုက်ပြီး သူ၏ ပစ္စည်းများကို ပြန်သိမ်းလိုက်သည်။
"တော်ပြီ။ အဲဒါတွေ ငါ့ကို ပြန်ပေး။ မင်းတို့ကို မရောင်းတော့ဘူး"
ရေခဲပန်းနတ်ဘုရားမ၏ အသံကို စိတ်ပါလက်ပါ နားထောင်နေသော ဟန်မြုံအိုမှာ နားကြပ်ကို ရုတ်တရက် အဆွဲခံလိုက်ရသဖြင့် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ကုန်သည်က ဟန်မြုံအိုကို ပြုံးပြလိုက်သည်။
"ရှေးဟောင်း နည်းလမ်းတွေကိုပဲ စွဲကိုင်ချင်နေကြတဲ့ သူငယ်ချင်းတွေ ရှိသေးတာကို တွေ့ရလို့ အံ့သြမိတယ်။ ခေတ်ကာလရဲ့ အပြောင်းအလဲကို ကိုယ်တိုင် ခံစားကြည့်ရတာလည်း မဆိုးပါဘူးကွာ။ မင်းတို့ရဲ့ ကြိုးစားမှုတွေ အောင်မြင်ပါစေ"
ကုန်သည်သည် နားမလည်နိုင်သော စကားများကို ပြောဆိုကာ အခြားတစ်နေရာသို့ ဖောက်သည်ရှာရန် သူ၏ ဆိုင်ခန်းကို ဆွဲသွားခဲ့တော့သည်။ ကျနော်သည် ကုန်သည်၏ ကျောပြင်ကို ခဏမျှ စိုက်ကြည့်နေမိသည်။ ဟန်မြုံအိုက မေးလိုက်သည်။
"…အဲဒါ ဘာကို ဆိုလိုတာလဲ"
"ဌာနမှူး။ ခင်ဗျားက မူရင်သိုင်းဝတ္ထုတွေ ကြိုက်တယ်လို့ ပြောခဲ့တယ် မဟုတ်လား"
"ဟင်… အဲဒါတော့ ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ"
"ဒါဆိုရင်တော့ အတော်ပဲပေါ့။ ကျနော်တို့ အခု သွားတွေ့မယ့်သူက ‘သိုင်းလောက’ ထဲမှာ ရှေးဟောင်း လေ့ကျင့်ရေးနည်းလမ်းတွေကိုပဲ စွဲစွဲမြဲမြဲ ကျင့်သုံးနေတဲ့ တစ်ဦးတည်းသောသူ ဖြစ်နေလို့ပဲ"
ကျနော်က ရှေ့မှ လျှောက်သွားသော ယူဂျွန်ဟော့နောက်သို့ လိုက်ရင်း ထိုသို့ ပြောလိုက်သည်။ ပထမဆုံးသိုင်းလောကသို့ အချိန်အတော်ကြာမှ ပြန်ရောက်လာခြင်းကြောင့်လား မသိပေ။ ယူဂျွန်ဟော့သည် ပတ်ဝန်းကျင်ကို ငေးကြည့်နေရင်း သူ၏ မျက်နှာပေါ်တွင် လွမ်းဆွတ်တမ်းတမှုများ အရိပ်အယောင် ထင်ဟပ်နေခဲ့သည်။
လမ်းမများမှာ တဖြည်းဖြည်း တိတ်ဆိတ်လာခဲ့သည်။ ဈေးတန်းများ၏ ဆူညံသံများ ပျောက်ကွယ်သွားပြီး တိရစ္ဆာန် မစင်နံ့အချို့ ခပ်သဲ့သဲ့ ရလာခဲ့သည်။
ကျနော်တို့ ဘယ်လောက်ကြာကြာ လမ်းလျှောက်ခဲ့ကြသနည်း။ ယူဂျွန်ဟော့၏ ခြေလှမ်းများမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ ရပ်တန့်သွားသောနေရာမှာ စည်ကားသော လမ်းမများပေါ်ရှိ အိမ်များနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် စုတ်ချာသော နေအိမ်တစ်လုံး၏ ရှေ့တွင်ပင်။ ထိုဝင်းကြီး၏ အလယ်တွင် တဲငယ်လေး တစ်လုံး ရှိနေသည်။ ကျနော်သည် ထိုတဲရှေ့တွင် စိုက်ထူထားသော ဆိုင်းဘုတ်အသေးလေးကို ဖတ်လိုက်၏။
[ကောင်းကင်ဖြိုခွင်းဓါးသင်တန်းကျောင်း။]
– တပည့်များကို အချိန်မရွေး လက်ခံသည်။
ဤနေရာမှာ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် နေထိုင်ရာ နေရာပင်။
"ငါကတော့ ဒီအထိပဲ ပို့ပေးတော့မယ်"
ယူဂျွန်ဟော့က ထိုစကားကို ပြောလိုက်ပြီး အနီးရှိ ချယ်ရီပင်တစ်ပင်ပေါ်သို့ တက်သွားခဲ့သည်။
သူသည် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် တကယ်ပင် မတွေ့ချင်ပုံရသည်။ ဟန်မြုံအိုက သံသယရှိသော လေသံဖြင့် ပြောလိုက်သည်။
"ဒီလောက် စုတ်ချာတာကြီးကို ဘာလို့လာရတာလဲ"
"မူလကတည်းက သိုင်းလောကရဲ့ သိုင်းဆရာကြီးတွေက ဒီလို စုတ်ချာတဲ့နေရာတွေမှာပဲ နေတတ်ကြတာလေ" ဟု ကျနော်က ပြန်ဖြေလိုက်သည်။
ဂျန်ဟာယောင်းက မျှော်လင့်တကြီး မျက်နှာပေးဖြင့် မေးလိုက်သည်။
"ကျုပ်ကို သိုင်းပညာ သင်ပေးခဲ့တဲ့သူက ဒီမှာ ရှိနေတာလား"
စဉ်းစားကြည့်လျှင် ဂျန်ဟာယောင်းသည် တံတိုင်းမှတစ်ဆင့် ‘ကောင်းကင်ဖြိုခွင်းဓါး၏ မပျက်စီးနိုင်သော ကိုယ်ခန္ဓာ’ ကို ရရှိခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို သင်ကြားပေးခဲ့ခြင်း ဖြစ်သော်လည်း မည်ကဲ့သို့ သင်ကြားနိုင်ခဲ့သည်ကို ကျနော် မသိပေ။ ယူဂျွန်ဟော့ပင်လျှင် ထိုဓါးသိုင်းကို သင်ယူရန် အတော်လေး ရုန်းကန်ခဲ့ရလေသည်။
"ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၊ ဒီမှာ ရှိပါသလား"
ကျနော် တံခါးကို ခေါက်လိုက်သည်။
"ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်။ ကျနော် ခင်ဗျားရဲ့ အကူအညီကို လိုအပ်လို့ပါ"
ကျနော့်၏ အော်ပြောသံကို ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ထံမှ မည်သို့မှပြန်မတုံ့ပြန်ချေ။ သို့သော်လည်း အဖြေမရရုံနှင့် ကျနော် ပြန်မလှည့်နိုင်ပေ။ ကျနော်သည် အရှက်မရှိ အော်ဟစ်လိုက်ပြီး တံခါးကို ဖွင့်လိုက်၏။
"ဘာမှမပြောဘူးဆိုတော့ ဝင်ခွင့်ပေးတယ်လို့ပဲ သဘောထား လိုက်မယ်နော်"
ကျွိခနဲ အသံနှင့်အတူ တံခါးပွင့်သွားပြီး အတွင်းပိုင်း မြင်ကွင်းကို တွေ့လိုက်ရသည်။ နေအိမ်၏ အတွင်းပိုင်းမှာ ကျနော် ထင်ထားသည်ထက် ပို၍ ကောင်းမွန်လှသည်။ လူနေထိုင်သည့် အရိပ်အယောင် တစ်စုံတစ်ရာ မတွေ့ရပေ။ ထိုအစား မမျှော်လင့်ထားသည့် တည်ရှိမှုတစ်ခုက ကျနော်တို့ကို စောင့်ကြိုနေခဲ့သည်။
ဂျန်ဟာယောင်းက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
"ဟာ... ခွေးလေးတစ်ကောင် ရှိနေတာပဲ"
ခွေးတစ်ကောင်သည် ကြမ်းပြင်ပေါ်တွင် ဝပ်နေရင်း ကျနော်တို့ကို စိုက်ကြည့်နေသည်။ ထိုခွေးမှာ အပြာရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လျှာလေးထုတ်ကာ အသက်ရှူနေသည့် အရွယ်အစား အလယ်အလတ်ရှိသော ခွေးတစ်ကောင်ပင် ဖြစ်သည်။
ဟန်မြုံအိုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျနော့်ဘေးသို့ ကပ်လာခဲ့သည်။
"အဲဒါ... အဲဒါက ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်လား"
"မဟုတ်ပါဘူး"
ကျနော်သည် အမောတကော အသက်ရှူနေသည့် ထိုခွေးကို ကြည့်ရင်း ‘Ways of Survival’ ထဲမှ အကြောင်းအရာများကို ပြန်လည် အမှတ်ရမိသည်။
「 နီညိုရောင် မျက်လုံးများရှိပြီး မဟူရာရောင် အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းထားသည်။ ထိုအစောင့်ခွေးသည် လူတစ်ယောက်ကဲ့သို့ပင် ခန့်ညားထည်ဝါသော အမူအရာဖြင့် ဝပ်နေခဲ့သည်။ 」
သံသယဖြစ်စရာ မလိုတော့ပေ။
"ဒီခွေးက ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ရဲ့ တပည့်ပဲ"
"…တပည့်ဟုတ်လား"
"ကျနော် မှတ်မိသလောက်ဆိုရင် သူ့ကို ‘ကောင်းကင်ဖြိုခွင်းသခင်’ လို့ ခေါ်တယ်"
ဟန်မြုံအိုက မယုံနိုင်စရာ ကောင်းလှသည့် မျက်နှာပေးဖြင့် မေးလိုက်သည်။
"မဟုတ်ဘူးလေ၊ ဘာလို့ ခွေးတစ်ကောင်က တပည့် ဖြစ်နေရတာလဲ"
"လူတွေက ခွေးထက်တောင် ဆိုးနေတဲ့အခါမျိုးမှာ ဖြစ်တတ်တာပေါ့။ အစကတည်းက လူတွေက ခွေးထက် ပိုမြတ်တယ်ဆိုတဲ့ အတွေးက လူသားတွေရဲ့ စိတ်ကူးယဉ်မှုသက်သက်ပါပဲ"
ကျနော်သည် ထိုခွေး၏ ပတ်ဝန်းကျင်ရှိ ထူးခြားသော လေထုကို အကဲခတ်လိုက်သည်။
[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အသက်ဝင်လာပါပြီ။]
ရှေးဟောင်း ပုံပြင်များ စုစည်းမိရာမှ ဇာတ်လမ်းများ ဖြစ်လာခဲ့သည်။ ဤနယ်မြေရှိ ပုံပြင်အပိုင်းအစများသည် ကျနော့်ထံသို့ မူရင်းဇာတ်လမ်းတစ်ပုဒ်အဖြစ် ရောက်ရှိလာခဲ့သည်။
[‘ဘုန်းကြီးကျောင်းက ခွေး သုံးနှစ်ဆို စာရွတ်တတ်သည်’ ဟူသော ဇာတ်လမ်း အကျိုးသက်ရောက်မှု ရှိနေပါသည်။]
ဥပမာအားဖြင့်၊ ခွေးတစ်ကောင်သည် သိုင်းလောက၏ အသန်မာဆုံး ပုဂ္ဂိုလ်နှင့်အတူ အချိန်အကြာကြီး အတူရှိနေခဲ့မည်ဆိုလျှင် ဘာဖြစ်လာနိုင်မည်နည်း။ တစ်နေ့တွင် ထိုခွေးသည် သူ၏သခင် လုပ်ဆောင်သမျှကို လိုက်လုပ်လာခဲ့မည်ဆိုလျှင်ကော။ ထိုခွေးသည် ၁၀ နှစ်၊ အနှစ် ၂၀၊ ၃၀... နှင့် နောက်ဆုံးတွင် နှစ်ပေါင်း ၁၀၀ တိုင်အောင် လိုက်ပါအတုယူနေခဲ့သည်။
ဂျန်ဟာယောင်းက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
"ဒါ... ဒါက ဘာကြီးလဲ..."
ခွေးသည် ခြေနှစ်ဖက်ဖြင့် မတ်တတ်ရပ်လိုက်ပြီး ကျနော်တို့ကို လူတစ်ယောက်ကဲ့သို့ စိုက်ကြည့်လာသည်။ သူ့တွင် လုံးဝ ခန့်မှန်းရခက်သော ထူးဆန်းသည့် မျက်လုံးများ ရှိနေသည်။ သူ့ထံမှ ရန်လိုမှုကို ကျနော် မခံစားရသော်လည်း သူ့ကို ကြင်နာတတ်သူဟု မြင်ရန်လည်း ခက်ခဲလှသည်။ ဟန်မြုံအိုက ထိုထူးဆန်းသည့် မြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ကြိုဆိုတဲ့ အမူအရာတော့ မဟုတ်ဘူး ထင်တယ်။ ငါပဲ သူ့ကို ကိုင်တွယ်လိုက်မယ်"
"…ဌာနမှူး"
"ငါကလည်း မိစ္ဆာနယ်စား တစ်ယောက်ပဲလေ။ ငါ့ကို လျှော့မတွက်စမ်းပါနဲ့"
နယ်စားအဆင့်ရှိသော မိစ္ဆာတစ်ဦးမှာ သေချာပေါက် မအားနည်းပေ။ နယ်စားတစ်ဦးဖြစ်လျှင် အနည်းဆုံးတော့ ကောင်းမွန်သည့် ဇာတ်လမ်းတစ်ပုဒ် ရှိရပေမည်။
"ဟပ်"
ဟန်မြုံအိုသည် ရှေ့သို့ ပြေးထွက်သွားပြီး သူ၏ ဇာတ်လမ်းကို ယုံကြည်မှုရှိရှိ ထုတ်ဖော်လိုက်သည်။ ထိုဇာတ်လမ်း၏ သရုပ်မှန်ကို ကျနော် သေချာမသိသော်လည်း သူသည် သမိုင်းဝင်အဆင့် ဇာတ်လမ်းအချို့ကို ရရှိထားပြီး ၎င်းတို့ကို အသုံးပြုနေခြင်း ဖြစ်၏။ သူသည် အက်စ်မိုးဒီအက်စ်၏ မိသားစုဝင်တစ်ဦး ဖြစ်နေဆဲဖြစ်ရာ ဟန်မြုံအို၏ စွမ်းရည်များကို ကျနော် စစ်ဆေးလိုက်မည်ဆိုလျှင်...
"အားးးး"
ကျနော် အတွေးမဆုံးသေးမီမှာပင် ဟန်မြုံအို၏ ခန္ဓာကိုယ်မှာ ကျယ်လောင်သော အသံနှင့်အတူ လေထဲသို့ လွင့်စင်သွားခဲ့သည်။
[‘ကောင်းကင်ဖြိုခွင်းသခင်’ ဇာတ်ကောင်သည် ‘နတ်လက်သီးအကွက်ရာချီ အဆင့် ၁၀’ ကို အသုံးပြုလိုက်ပါသည်။]
[‘ကောင်းကင်ဖြိုခွင်းသခင်’ ဇာတ်ကောင်သည် ‘ဖီးနစ်နီအလျှင် အဆင့် ၁၀’ ကို အသုံးပြုလိုက်ပါသည်။]
…ဘုရားရေ။
ခွေးသည် ဟန်မြုံအိုကို အိမ်ထဲမှ လွင့်ထွက်သွားအောင် လုပ်လိုက်ပြီးနောက် ဂျန်ဟာယောင်းဆီသို့ ပြေးဝင်လာသည်။ ကျနော်သည် တုံ့ပြန်သည့်အနေဖြင့် ဂျန်ဟာယောင်းကို တွန်းထုတ်လိုက်ပြီး စာမှတ်ကို အသက်သွင်းလိုက်၏။
[သီးသန့်စွမ်းရည် ‘လေ၏လမ်းစဉ် အဆင့် ၁၀ (+၁)’ အသက်ဝင်လာပါပြီ။]
ခဏတာ ဖြစ်ပေါ်လာသော လေ၏အာရုံကြောင့် ခွေး၏ လှုပ်ရှားမှုများမှာ နှေးကွေးသွားသလို ခံစားရသည်။ ကျနော်သည် ဂျန်ဟာယောင်းကို ဆွဲယူကာ လေကြောင့် ဖြစ်ပေါ်လာသော လမ်းကြောင်းအတိုင်း လိုက်ပါရွေ့လျားရင်း ခွေး၏ လက်သည်းများကို ရှောင်တိမ်းလိုက်သည်။ ခွေး၏ လက်သည်းများတွင် လျှပ်စစ်မီးပွားများ ထွက်ပေါ်လာသည်အထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေသည်။ သာမန်ကာလျှံကာ ခွေးတစ်ကောင်က ကောင်းကင်ဖြိုခွင်းခြင်း စွမ်းအားကို အသုံးပြုနေသည်ဟု မည်သူက ယုံကြည်နိုင်ပါမည်နည်း။
"ခဏလေးပါ။ ကျနော်တို့က တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး"
ထိုအခါ ခွေးသည် ကြမ်းပြင်ပေါ်တွင် လိမ့်နေသည့် စက္ကူအပိုင်းအစတစ်ခုကို ကောက်ယူလိုက်သည်။
ဘာတွေ ဖြစ်ပျက်နေသလဲဆိုသည်ကို ကျနော် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
"…ချီး။ တပည့်သစ် လက်ခံတဲ့ ကာလ ဖြစ်နေတာကိုး"
ကျနော် မှတ်မိသလောက်ဆိုလျှင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ထံ လာရောက်ကြသော ရှေးဟောင်း သိုင်းလောကကို တမ်းတသူ အတော်များများ ရှိခဲ့သည်။ သူတို့ထဲမှ အများစုမှာ ဤခွေးကြောင့်ပင် ဂိုဏ်းထဲသို့ မဝင်ရောက်နိုင်ခဲ့ကြပေ။
「 "ခွေးတစ်ကောင်လောက်တောင် မတော်တဲ့ လူသားကိုတော့ ငါက တပည့်အဖြစ် လက်မခံဘူး" 」
တစ်နည်းအားဖြင့်ဆိုသော် ကောင်းကင်ဖြိုခွင်းသခင်ဟူသည့် ဤခွေးသည် ကောင်းကင်ဖြိုခွင်းဓါး ဂိုဏ်းထဲသို့ ဝင်ရောက်ရန် စစ်ဆေးရေးဂိတ် ဖြစ်နေခဲ့သည်။
ခွေးသည် ကျနော့်၏ လှုပ်ရှားမှုများကြောင့် ပိုမို လှုံ့ဆော်ခံလိုက်ရပြီး ဟိန်းဟောက်လိုက်သည်။ ခွေး၏ ပတ်ဝန်းကျင်တွင် လျှပ်စစ်မီးပွားများ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာခဲ့သည်။
ထိတ်လန့်သွားသော ဂျန်ဟာယောင်းက မေးလိုက်သည်။
"ဒါ... ဒါက ဘာကြီးလဲ။ အဲဒါ တကယ်ပဲ ခွေးတစ်ကောင်လား"
ကျနော်လည်း အံ့အားသင့်သွားရသည်။ ထိုလျှပ်စစ်မီးပွားများမှာ အဝါရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်ခြင်းအားဖြင့် သံသယဖြစ်စရာ မလိုတော့ပေ။ ဤသည်မှာ ‘အဆင့်ကျော်လွန်ခြင်း ပထမအဆင့်’ ပင် ဖြစ်သည်။ ကောင်းကင်ဖြိုခွင်းသခင်က ဤမျှအထိ သန်မာလိမ့်မည်ဟု ကျနော် လုံးဝ မထင်ထားခဲ့မိပေ။
ကျနော့် စွမ်းအားကို ထုတ်ဖော်လိုက်မည်ဆိုပါက သူ့ကို ကိုင်တွယ်နိုင်မည် ဖြစ်သော်လည်း ကျနော့်၏ ခန္ဓာကိုယ်မှာ ပြန်လည် မကောင်းမွန်သေးပေ။ ထို့အပြင် ဤခွေးကို ကိုင်တွယ်ရန် ကျနော့်၏ ဇာတ်လမ်းများကို အလွန်အကျွံ မသုံးချင်သေးပေ။ နောက်ဆုံးတွင် နည်းလမ်းတစ်ခုသာ ကျန်တော့သည်။
"ယူဂျွန်ဟော့။ ငါ့ကို တစ်ကြိမ်လောက် ကူညီပါဦး"
ယူဂျွန်ဟော့က တိတ်ဆိတ်နေသည်။
ဒီမအေဘေးက ဘာတုံ့ပြန်မှုမှ မလုပ်ဘူးလား။
"ဒီကောင့်ကို ရှင်းပေးမယ်ဆိုရင် ‘သွေးမိစ္ဆာဂိုဏ်းရဲ့ မိစ္ဆာဝိညာဉ်ပုတီး’ကို ရှာဖို့ ငါ ကူညီပေးမယ်"
ယူဂျွန်ဟော့က ဘာမှ ပြန်မပြောသေးပေ။ ထိုအချိန်မှာပင် ခွေးက စတင်လှုပ်ရှားလာသည်။ ခွေးမှာ အလွန်အမင်း လျှင်မြန်လှသဖြင့် ‘လေ၏လမ်းစဉ်’ ကို အသုံးပြုနေသည့်တိုင် ကျနော် ရှောင်တိမ်းရန် မလွယ်ကူတော့ပေ။ ကျနော်သည် ‘လျှပ်စစ်ဓါတ် အားဖြည့်ခြင်း’ စွမ်းရည်ကို အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် ယူဂျွန်ဟော့က ကျနော့်ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့သည်။ သူသည် ‘တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓါး’ ကို အသုံးပြုကာ ခွေး၏ လက်သည်းများကို ခုခံတားဆီးလိုက်သည်။
"မိစ္ဆာဝိညာဉ်ပုတီး တစ်ခုတည်းနဲ့တော့ မလုံလောက်သေးဘူး။ ‘မဟူရာမိစ္ဆာဝိညာဉ်ရဲ့ မဟူရာကောင်းကင်မိစ္ဆာဓါး’ ကိုပါ ထပ်ဖြည့်လိုက်"
ချီး... အတော်ကိုကပ်သီးကပ်သပ် အခွင့်အရေး ယူတတ်တဲ့အကောင်ပဲ။
"…ကောင်းပြီလေ။ အဲဒီခွေးကိုပဲ အရင်ကိုင်တွယ်ပေးစမ်းပါ"
ယူဂျွန်ဟော့သည် ခွေးကို ဖယ်ရှားပစ်ရန် သူ၏ဓါးကို အသာအယာ ခါယမ်းလိုက်ပြီး မာနထောင်လွှားသော မျက်နှာပေးဖြင့် ‘ကန်ဒို’ ဓါးကွက် ပြင်လိုက်သည်။ ယူဂျွန်ဟော့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အဝါရောင် လျှပ်စစ်မီးပွားများ စတင်စီးဆင်းလာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ယူဂျွန်ဟော့သည်လည်း ‘အဆင့်ကျော်လွန်ခြင်း ပထမအဆင့်’ ကို ကျော်ဖြတ်ပြီးဖြစ်နေလေသည်။ မူလကဆိုလျှင် ယခုလို အချိန်ကာလမျိုး၌ သူ ဤအဆင့်သို့ ရောက်နေဖို့ မဖြစ်နိုင်ပေ။
တူညီသော စွမ်းအားမျိုး ပေါ်ထွက်လာသဖြင့် ‘ကောင်းကင်ဖြိုခွင်းသခင်’ မှာလည်း တင်းမာသွားခဲ့သည်။ လူနှင့်ခွေးတို့၏ ရင်ဆိုင်တွေ့ဆုံမှုမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ပြင်းထန်သော တင်းမာမှုများဖြင့် ပြည့်နှက်နေသည်။
ကြီးမားသော မှော်စွမ်းအင်တစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို စတင်လွှမ်းမိုးလာသည်။ မူရင်းဝတ္ထုထဲတွင်လည်း ယူဂျွန်ဟော့သည် ‘ကောင်းကင်ဖြိုခွင်းသခင်’ နှင့် ယှဉ်ပြိုင်ခဲ့ဖူးသည်။
「 ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်တွင် တပည့်နှစ်ဦး ရှိသည်။ 」
၎င်းမှာ သူ ဓါးသိုင်းပညာသင်ယူရန် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ထံ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်ကပင်။
「 တစ်ဦးမှာ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် မွေးမြူထားသော ခွေး ‘ကောင်းကင်ဖြိုခွင်းသခင်’ ဖြစ်သည်။ 」
ထိုစဉ်ကတော့ သူ ရှုံးနိမ့်ခဲ့ကောင်း ရှုံးနိမ့်ခဲ့ပေလိမ့်မည်။
「 ဒုတိယတစ်ဦးမှာမူ ‘အမြင့်မြတ်ဆုံးဘုရင် ယူဂျွန်ဟော့’ ပင် ဖြစ်သည်။ 」
ယခုတစ်ကြိမ်မှာတော့ အခြေအနေတွေက ကွဲပြားသွားပေတော့မည်။
***