ကောင်းကင်ဖြိုခွင်းသခင်သည် အလွန်ပင် သန်မာလှသည်။ နားထောင်ရသည်မှာ ရယ်စရာကောင်းနေသော်လည်း ‘ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု’ တစ်ခုလုံးတွင် ကောင်းကင်ဖြိုခွင်းသခင်ထက် ပို၍သန်မာသော ခွေးဟူ၍ ရှိနိုင်မည်မဟုတ်လောကပေ။ အမှန်တကယ်တော့ ကောင်းကင်ဖြိုခွင်းသခင်ထက် ပို၍သန်မာသည့် လူသားဟူသည်မှာပင် လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးလှ၏။
ယူဂျွန်ဟော့နှင့် ကောင်းကင်ဖြိုခွင်းသခင်တို့ ထိပ်တိုက်ရင်ဆိုင်မိ ကြသည်။ အဆင့်ကျော်လွန်ခြင်း ပထမအဆင့်မှ ထွက်ပေါ်လာသော လျှပ်စစ်မီးပွားများမှာ အချင်းချင်း ရိုက်ခတ်မိကြပြီး ပတ်ဝန်းကျင်၏ မြင်ကွင်းမှာပင် စတင်ပျက်ယွင်းလာခဲ့သည်။
အဆင့်ကျော်လွန်သူများ လျှောက်လှမ်းသည့် လမ်းစဉ်များသည် အချင်းချင်း အနှောင့်အယှက် ဖြစ်စေခဲ့သည်။ အဆင့်ကျော်လွန်သူများမှာ လမ်းကြောင်းတစ်ခုတည်းကိုသာ တစိုက်မိုက် လျှောက်လှမ်းရင်း အဆင့်ကျော်လွန်ခြင်းသို့ ရောက်ရှိလာကြသည့် တည်ရှိမှုများ ဖြစ်ကြသည်။ ထို့ကြောင့် အဆင့်ကျော်လွန်သူများအကြား ပြိုင်ဆိုင်မှုဆိုသည်မှာ အမြဲတမ်း တစ်ဦးနှင့်တစ်ဦး အသိအမှတ်မပြုဘဲ ငြင်းနေကြခြင်းသာ ဖြစ်၏။
‘မင်းရဲ့လမ်းစဉ်က မှားနေတယ်၊ ငါ့လမ်းစဉ်ကမှ မှန်တာ’
ထိုကဲ့သို့သော ငြင်းခုန်မှုများမှတစ်ဆင့် အဆင့်ကျော်လွန်သူများသည် ပိုမိုသန်မာလာကာ၊ ပိုမိုခိုင်မာလာပြီး နောက်ဆုံးတွင်တော့ ပြိုကွဲသွားကြစမြဲပင်။ အဆင့်ကျော်လွန်သူများ၏ တည်ရှိမှုက ထိုနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားစဉ်မှာပင် ယူဂျွန်ဟော့၏ အတွေးစများမှာ ကျနော့်စိတ်ထဲသို့ စီးဝင်လာခဲ့သည်။
「 မတွေ့တာ ကြာပြီနော်။ တပည့်လေး။ 」
မည်သူမဆို ဤစကားကို ကြားလျှင် ရယ်မောမိကြပေလိမ့်မည်။ သူသည် လူသားတစ်ယောက်ကို မဟုတ်ဘဲ ခွေးတစ်ကောင်ကို ‘တပည့်’ ဟု ခေါ်ဆိုနေခြင်း ဖြစ်သည်။ သို့သော်လည်း ယူဂျွန်ဟော့ကတော့ ရယ်မောခြင်း မရှိပေ။
အတိတ်ကို ပြန်လှည့်ကြည့်ရန် အချိန်မရှိသဖြင့် ဖိနှိပ်ထားခဲ့ရသော အမှတ်တရများမှာ အတားအဆီးမဲ့စွာ ပွင့်ထွက်လာခဲ့သည်။ ယူဂျွန်ဟော့သည် သူ၏ ဒုတိယမြောက် နောက်ပြန်ဆုတ်မှုတွင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် ဆုံတွေ့ခဲ့ပြီး ကောင်းကင်ဖြိုခွင်းသခင်နှင့်အတူ သိုင်းပညာများကို သင်ယူခဲ့ဖူးသည်။
「 ဤနေရာ၌ ယူဂျွန်ဟော့သည် လူသားတို့၏ ခံစားချက်များအကြောင်းကို အနည်းငယ် သင်ယူခွင့် ရရှိခဲ့သည်။ 」
ဤနေရာတွင် ယူဂျွန်ဟော့သည် လူသားမဟုတ်သော သူ၏သခင်၊ လူသားမဟုတ်သော သူ၏ တပည့်ဖော်တို့နှင့်အတူ ပညာသင်ယူရင်း၊ လေ့ကျင့်ရင်း၊ အတူတူ နေထိုင်ခဲ့ကြသည်။ အကယ်၍ ယခုအချိန်တွင် ယူဂျွန်ဟော့၏အတွင်း၌ နွေးထွေးမှု အနည်းငယ် ကျန်ရှိနေသေးသည်ဆိုပါက ထိုခံစားချက်မှာ ပထမဆုံး သိုင်းလောက၌ လေ့ကျင့်ခဲ့စဉ်က ရရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့အတူပင် ပထမဆုံးသိုင်းလောကသည်ပင်လျှင် သူ့ထံမှ လူသားဆန်သည့် နွေးထွေးမှုများကို ဆွဲနှုတ်ယူသွားသည့် အကြောင်းရင်းလည်း ဖြစ်နိုင်လောက်၏။
「 …မင်းကို နောက်တစ်ကြိမ် ထပ်မတွေ့ချင်ခဲ့ဘူး 」
အသန်မာဆုံးခွေး ဖြစ်သည့် ကောင်းကင်ဖြိုခွင်းသခင်နှင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်တို့မှာ ပြန်လာသူများ မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ရင်း သေဆုံးသွားခဲ့ကြဖူးသည်။
ယူဂျွန်ဟော့ စတင်လှုပ်ရှားလိုက်သည်။ ခွေး၏ လက်သည်းများနှင့် ‘တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓါး’ တို့ ထိပ်တိုက်တွေ့ဆုံကြသည်။ ‘ဖီးနစ်နီအလျှင်’ ၏ ခြေလှမ်းများမှာ လိမ်ယှက်နေခဲ့သည်။ ခွေး၏ ရှေ့လက်သည်းများနှင့် ယူဂျွန်ဟော့၏ ဓါးတို့ ထိတွေ့မှု အကြိမ်ရေ မြင့်တက်လာသည်နှင့်အမျှ လေထဲရှိ လျှပ်စစ်မီးပွားများမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။ သိပ်မကြာမီမှာပင် စွမ်းအင်များမှာ တဖြည်းဖြည်း အားနည်းလာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဇာတ်လိုက်ဆိုသည်မှာ ဇာတ်လိုက်ပင် ဖြစ်သည်။
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နောက်သို့ လိုက်ရင်း ကြီးပြင်းလာသော ခွေးတစ်ကောင်၏ ဇာတ်လမ်းမှာ ကမ္ဘာပျက်စီးခြင်းကို တားဆီးရန် ရှင်သန်နေသည့် လူသားတစ်ယောက်၏ ဇာတ်လမ်းကို မယှဉ်နိုင်ပေ။ ဇာတ်ဝင်ခန်းများကိုသာ အာရုံစိုက်ရင်း အထီးကျန်စွာ ရှင်သန်ခဲ့သော ယူဂျွန်ဟော့၏ အချိန်ကာလများကို သူ၏ ဓါးချက်တိုင်းတွင် တွေ့မြင်နိုင်ခဲ့သည်။
「 ငါ နောက်ပြန်လှည့်မကြည့်ဘူး။ 」
ယူဂျွန်ဟော့၏ အချိန်ကာလထဲတွင် မည်သည့် ဝမ်းနည်းပူဆွေးမှုမှ မပါဝင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုအချိန်ကာလမျိုးကို ထပ်မံ၍ ခါးစီးခံရဦးမည် ဖြစ်သောကြောင့်ဖြစ်သည်။
တိုက်ခိုက်ပါ၊ ထပ်မံတိုက်ခိုက်ပါ၊ ပြီးလျှင် ရှေ့သို့သာ ဆက်လက်ချီတက်ပါ။
ဤသည်မှာ ဤလူသား၏ အတိတ်အတွက် အကောင်းဆုံးသော ဝမ်းနည်းခြင်း ပြယုဂ်ပင် ဖြစ်သည်။
ကောင်းကင်ဖြိုခွင်းသခင်သည် ဓါး၏ လေးလံမှုကို မခံနိုင်တော့ဘဲ ညည်းညူသံ ထွက်ပေါ်လာခဲ့သည်။ ယူဂျွန်ဟော့၏ တိုက်စစ်မှာ ပိုမို လျှင်မြန်လာခဲ့သည်။ ဓါးကွက်များမှာ ပိုမို ဖိအားပေးလာပြီး အားနည်းချက်များကို မညှာမတာ ထိုးနှက်လာခဲ့သည်။
ကျနော့်ဘေးတွင် ရှိနေသည့် ဂျန်ဟာယောင်းမှာ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေလေသည်။
"…ဝိုး။ တကယ့်က အစစ်အမှန်တိုက်ပွဲပဲ"
သူ့အတွက်တော့ ဤကဲ့သို့သော တိုက်ပွဲမျိုးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်ပေလိမ့်မည်။ ယခုတိုက်ပွဲမှာ ကြီးကျယ်ခမ်းနားသော တိုက်ပွဲတစ်ခု ဖြစ်သော်လည်း အားကျနေရန်မှာ စောလွန်းသေးသည်။ ရှေ့တွင် ကြုံတွေ့ရမည့် တိုက်ပွဲများနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ ခဏတာ အပန်းဖြေစရာမျှသာ ရှိသေး၏။
နောက်ဆုံးတွင်တော့ ကောင်းကင်ဖြိုခွင်းသခင်မှာ စွမ်းအားချင်း ယှဉ်ပြိုင်ရာတွင် နောက်သို့ ဆုတ်ပေးလိုက်ရပြီး တအိအိနှင့် အော်မြည်နေခဲ့သည်။ ယူဂျွန်ဟော့သည် ဤအခွင့်အရေးကို လက်လွှတ်မခံပေ။ ယူဂျွန်ဟော့၏ ဆက်တိုက် ထိုးနှက်ချက်များမှာ ကောင်းကင်ဖြိုခွင်းသခင်၏ လက်သည်းများကို ဖိနှိပ်လိုက်ပြီး အကွာအဝေးကို ကျဉ်းမြောင်းလိုက်သည်။ ခွေး၏ ပါးစပ်မှ ပြင်းထန်သော အသက်ရှူသံများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ယူဂျွန်ဟော့၏ နောက်ဆုံး ဓါးချက်မှာ ကောင်းကင်ဖြိုခွင်းသခင်၏ ခါးကို ထိုးဖောက်ရန် ပြင်လိုက်လေသည်။
…တိတိကျကျ ပြောရလျှင် ထိုးဖောက်တော့မည့် ဆဲဆဲပင် ဖြစ်သည်။
ထူးဆန်းသော အာရုံတစ်ခုမှာ ကျနော့်ကျောရိုးတစ်လျှောက် စီးဆင်းသွားခဲ့သည်။ တစ်စုံတစ်ယောက်သည် ကျနော့်နောက်တွင် ရပ်နေခဲ့၏။
ထိုသူသည် ကျနော့်နောက်သို့ မည်သည့်အချိန်ကတည်းက ရောက်နေခဲ့သနည်း။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် အံ့အားသင့် သွားပါသည်။]
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် စိတ်ဝင်တစား ရှိနေပါသည်။]
[နက္ခတ် အနည်းငယ်မှာ ၎င်းတို့ ခံစားနေရသည့် စွမ်းအင်ကြောင့် သတိထားနေကြပါသည်။]
"ဒီနေ့တော့ ကောင်းကင်ကြီးက အတော်ဆူညံနေတာပဲ။ ဘယ်လို မြင်ကွင်းမျိုးကို တွေ့ရမလဲဆိုတာ ကြည့်ရအောင်"
အသံပိုင်ရှင်မှာ အရက်သောက်ထားသလိုမျိုး အေးအေးလူလူပင် ရပ်နေခဲ့၏။ အသံပိုင်ရှင်၏ ကိုယ်ခန္ဓာမှာ ယူဂျွန်ဟော့ထက် ပို၍ပင် ကြီးမားလှသည်။ သုံးမီတာဝန်းကျင်ခန့် မြင့်မားသည့် ထိုအမျိုးသမီးမှာ ကျနော့်ဘေးမှ ဖြတ်သွားခဲ့ပြီး ကြီးမားလှသည့် ဖိအားတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။ မည်သူမှ မမေးဘဲနှင့်ပင် သူသည် မည်သူဖြစ်မှန်း ထင်ရှားလွန်းလှသည်။
ကျနော့်ရှေ့မှ တည်ရှိမှုက ကျနော့်နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ ထိုသူမှာ ‘Ways of Survival’ ထဲမှ အသန်မာဆုံးသော အဆင့်ကျော်လွန်သူများထဲမှ တစ်ဦးဖြစ်သည့် ‘ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်’ ပင် ဖြစ်သည်။
အီသာမုန်တိုင်းတစ်ခု လေထဲတွင် လှုပ်ရှားသွားခဲ့ပြီး ယူဂျွန်ဟော့၏ ‘တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓါး’ မှာ ရပ်တန့်သွားခဲ့သည်။
"ဒီလို ငတုံး ခွေးတစ်ကောင်ကို ရိုက်နေတာလား။ နင်က လုံးဝကို စည်းကမ်းမရှိတဲ့ လူသားပဲ"
‘တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓါး’ မှာ တုန်ယင်နေခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ လက်ချောင်းနှစ်ချောင်းမှာ ယူဂျွန်ဟော့၏ ဓါးကို ကစားစရာ တစ်ခုကဲ့သို့ ကိုင်ထားခဲ့၏။
ဝုတ်။ ဝုတ်
ကောင်းကင်ဖြိုခွင်းသခင်သည် ကြမ်းပြင်ပေါ်တွင် ဝပ်လိုက်ပြီး လျှာကို ပြန်ထုတ်လိုက်ပြန်သည်။
အခြားတစ်ဖက်တွင်မူ ယူဂျွန်ဟော့သည် ‘တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓါး’ ကို လက်လွှတ်လိုက်ပြီး ထိုနေရာမှ ထွက်ခွာရန် ‘ဖီးနစ်နီအလျှင်’ ကို အသက်သွင်းလိုက်သည်။ ကျနော် မြင်ဖူးသမျှထဲတွင် ယူဂျွန်ဟော့၏ အမြန်ဆုံး လှုပ်ရှားမှုပင် ဖြစ်ပေလိမ့်မည်။ ထွက်ပြေးသွားသည့် ယူဂျွန်ဟော့ကို ကြည့်ရင်း ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မျက်နှာပေါ်တွင် စိတ်ဝင်တစားရှိသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"မြန်သားပဲ။ သူ့ကို နောက်ဆုံးမှပဲ ဖမ်းသင့်တာထင်တယ်... ကြည့်ရအောင်"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ဂရုမစိုက်သော အကြည့်မှာ ကျနော်တို့ အဖွဲ့ဝင်များဆီသို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် မျက်လုံးချင်း ဆုံလိုက်သည့် ခဏမှာပင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာ ကျနော့်ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူ၏ အရှိန်မှာ ကျနော့်ကို ချွေးပြန်သွားစေရန် လုံလောက်လှသည်။ ကျနော် ‘လျှပ်စစ်ဓါတ် အားဖြည့်ခြင်း’ ကို အသုံးပြုလျှင်ပင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ထက် မြန်နိုင်မည် မဟုတ်ပေ။
"ပထမဆုံးအနေနဲ့ ဒီမှာ ရုပ်ရည်က သိပ်မရှင်းတဲ့ လူတစ်ယောက် ရှိနေတာပဲ"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က ကျနော့်မေးစေ့ကို ကိုင်လိုက်ရုံမျှနှင့်ပင် ကျနော့်၏ အမြင်အာရုံမှာ တုန်ခါသွားခဲ့သည်။ ကျနော် ယိုင်သွားခဲ့စဉ်မှာပင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာ ကျနော့်ဘေးမှ ဂျန်ဟာယောင်း၏ မေးစေ့ကို ကိုင်ထားပြီးဖြစ်နေသည်။
"အစ်…"
"အိုး၊ ဒါက ငါ ကြိုက်တဲ့ ပုံစံမျိုးပဲ။ နင် အောင်တယ်"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ လှုပ်ရှားမှုများမှာ ရိပ်ကနဲ အရိပ်များသာ ကျန်ရစ်ခဲ့သည်။ ဤသည်မှာ ကျနော် ကြားဖူးနားဝသာ ရှိခဲ့သည့် ‘နေရာပြောင်းရွှေ့ခြင်း’ပင် ဖြစ်ပေလိမ့်မည်။ ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာ သစ်ကိုင်းတစ်ချောင်းဖြင့် လဲကျနေသည့် ဟန်မြုံအို၏ မျက်နှာကို ထိုးဆွနေခဲ့သည်။
"…နင်ကတော့ သားရဲမျိုးစိတ်နဲ့ တူတယ်။ မင်းကို သတ်လိုက်ရင် တစ်ခုခု ရနိုင်မလား"
"…ဘာ...ဘာဖြစ်တယ်"
"လောလောဆယ်တော့ နင့်ကို သေဒဏ်ပေးလိုက်မယ်"
သစ်ကိုင်းဖြင့် ရိုက်နှက်ခံလိုက်ရပြီးနောက် ဟန်မြုံအိုမှာ သတိလစ်သွားခဲ့ကာ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ပုံရိပ်မှာလည်း တောအုပ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ လေထုဖိသိပ်မှုကြောင့် ပေါက်ကွဲသွားသည့် အသံနှင့်အတူ အဝေးတစ်နေရာမှ ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ခဏအကြာတွင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာ ပြင်းထန်သော လေပြင်းတစ်ခုနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။
"ဟူး... သူက တော်တော်လေး မြန်တာပဲ။ သူ့မျက်နှာကတော့ အရည်အချင်း ပြည့်မီတယ်လို့ပြောလို့ရတယ်..."
ယူဂျွန်ဟော့မှာ မျက်နှာတစ်ခုလုံးတွင် ဖူးယောင်ညိုမည်းနေသည့် ဒဏ်ရာများဖြင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ဖမ်းဆီးခြင်းကို ခံထားရသည်။ ယူဂျွန်ဟော့၏ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာများ ရနေသော်လည်း ဤကဲ့သို့သော အခြေအနေမျိုး၌ပင် ‘ဖီးနစ်နီအလျှင်’ကို အသုံးပြုနေဆဲ ဖြစ်သည်။ သို့သော်လည်း ယူဂျွန်ဟော့၏ ခြေလှမ်းများမှာ ဟာလာဟင်းလင်း ဖြစ်နေသော လေထုကိုသာ ထိမှန်နေခဲ့သည်။ အကြောင်းမှာ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ကြီးမားလှသော လက်ကြီးက ယူဂျွန်ဟော့ကို သူ၏ ကျောပေါ်တွင် ထမ်းပိုးထားသောကြောင့်ပင်။
ယူဂျွန်ဟော့သည် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် ဆုံတွေ့ရန် အဘယ်ကြောင့် တွန့်ဆုတ်နေခဲ့သနည်းဆိုသည်ကို ကျနော် သိရှိပေသည်။ သာမန်အသိဖြင့် စဉ်းစားကြည့်လျှင်ပင် ယခုအချိန်၌ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် ရင်ဆိုင်ရခြင်းမှာ အလွန်ပင် အန္တရာယ်များလှသည်။
ယူဂျွန်ဟော့သည် ဒုတိယမြောက် နောက်ပြန်ဆုတ်မှုတွင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ထံမှ ဓါးသိုင်းပညာကို သင်ယူခဲ့ဖူးသည်။ သို့သော် တတိယမြောက် နောက်ပြန်ဆုတ်မှုရှိ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာမူ ယူဂျွန်ဟော့ကို လုံးဝ သိရှိခြင်း မရှိပေ။
"…ငါ့ရဲ့ နည်းစနစ်တွေကို နင်က ဘယ်လိုလုပ် သိနေတာလဲ"
ယူဂျွန်ဟော့က ပြန်မဖြေခဲ့ပေ။ ထိုအစား သူသည် ကျနော့်ကို အလွန်အမင်း မုန်းတီးနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့၏။
「 ကင်ဒေါ့ဂျာ။ တစ်ခုခုလုပ်ဦး။ မြန်မြန်လုပ်ဟ 」
မူရင်းဝတ္ထုထဲတွင် ၁၈ ကြိမ်မြောက် နောက်ပြန်ဆုတ်မှု၌ ယူဂျွန်ဟော့သည် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရဖူးသည်။
စောစီးစွာ အဆင့်ကျော်လွန်သူတစ်ဦး ဖြစ်လာခြင်းဖြင့် သူ၏ဆရာကို ကျော်တက်သွားပြီဟု ပြောလေ့ရှိသည့် ယူဂျွန်ဟော့သည် မာနထောင်လွှားမှု၏အကျိုးဆက်ကိုခံစားခဲ့ရခြင်း ဖြစ်သည်။
အဓိကအချက်ကိုတိုက်ရိုက် ပြောလိုက်ရန် ကျနော်ဆုံးဖြတ် လိုက်သည်။
"ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၊ ကျနော်တို့က ‘နက်ဗျူလာ’တွေကို တိုက်ခိုက်ဖို့အတွက် အဆင့်ကျော်လွန်သူတွေကို စုဆောင်းနေတာပါ"
"…ဟင်း၊ အဲဒီလိုလား"
"ကျနော် ခင်ဗျားရဲ့ အကူအညီကို လိုအပ်ပါတယ်"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ကျနော့်ကို ထူးဆန်းသော ကစားစရာ တစ်ခုကဲ့သို့ စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူသည် တစ်နေရာရာကို မွှေနှောက်လိုက်ပြီး ကြီးမားလှသည့် ဆေးတံကြီးတစ်ခုကို ထုတ်ယူလိုက်၏။ ဆေးလိပ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ကျနော့်ကို စိုက်ကြည့်နေရင်း ရုတ်တရက်ဆိုသလို ကျနော့်ဘက်သို့ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။
"နင် တစ်ခုခု မှားနေပြီ။ ငါက ပရဟိတ လုပ်နေတဲ့သူ မဟုတ်ဘူး။ ငါ့ရဲ့ တပည့်ခံဖို့ လာတာမဟုတ်ရင် အခုချက်ချင်း ထွက်သွားလိုက်တော့"
နုညံ့သော ဆေးလိပ်ငွေ့ အမှုန်အမွှားများထဲတွင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ဆန်းကြယ်သော မှော်စွမ်းအင်များ ကိန်းအောင်းနေခဲ့သည်။
ဆေးလိပ်ငွေ့များက ကျနော့်ကို ဝန်းရံထားသည်။ ကျနော် အဓိပ္ပာယ်မရှိတာတွေ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအငွေ့များက ကျနော့်ကို တိုက်ခိုက်တော့မည်မှာ သံသယဖြစ်စရာ မလိုပေ။ သို့သော်လည်း ကျနော်ကတော့ အဓိပ္ပာယ်မရှိတာတွေကိုပဲ ပြောရမည်ဖြစ်သည်။
"ခင်ဗျားက တကယ်ပဲ တပည့်တွေ လိုအပ်နေတာလား"
"…ဘာဖြစ်တယ်"
"တကယ်တော့ ခင်ဗျားက တပည့်ရဖို့ သိပ်ပြီး မျှော်လင့်ထားတာ မဟုတ်ပါဘူး"
ဆေးလိပ်ငွေ့များမှာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ လိပ်တက်လာခဲ့သည်။ ကျနော်သည် ကောင်းကင်ဖြိုခွင်း ဓါးသူတော်စင်ကို ရန်စနေသကဲ့သို့ ဆက်ပြောလိုက်သည်။
"မကြာခင်မှာ သိုင်းလောကဟာ ပျက်စီးတော့မှာမလို့ ခင်ဗျားဟာ ကောင်းကင်ဖြိုခွင်းဓါးသိုင်း ကျောင်းရဲ့ နောက်ဆုံးသော သခင် ဖြစ်လာနိုင်ပါတယ်"
ထိုအချိန်တွင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မျက်လုံးများထဲ၌ စူးစမ်းလိုစိတ်များ ပြည့်နှက်သွားခဲ့သည်။ သူသည် ကျနော်နှင့် သူ၏ လက်ထဲတွင် ဖမ်းဆီးထားသည့် ယူဂျွန်ဟော့ကို တစ်လှည့်စီ ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပဲ"
"ခင်ဗျား နားထောင်ချင်လား"
"စိတ်ဝင်စားဖို့ကောင်းပေမဲ့ နောက်မှပဲ နားထောင်တော့မယ်။ အရင်ဆုံး ငါ့လက်ထဲက ဒီကောင်ကို စစ်ဆေးဖို့ လိုသေးတယ်"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ယူဂျွန်ဟော့ကို သူ၏ ပခုံးပေါ်တွင် တင်လိုက်ပြီး ဆေးတံဖြင့် ယူဂျွန်ဟော့၏ တင်ပါးကို ရိုက်ရင်း အိမ်ထဲသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။ ယူဂျွန်ဟော့၏ နာကျင်စွာ အော်ဟစ်သံမှာ ကျနော့်ဦးနှောက်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
「 ကင်ဒေါ့ဂျာ 」
"ဒီလူတွေကို မိတ်ဆွေတွေလိုပဲ ဆက်ဆံလိုက်"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် ယူဂျွန်ဟော့တို့ ပျောက်ကွယ်သွားသည်နှင့်အမျှ ဆေးလိပ်ငွေ့များမှာ တဲအိမ်ပတ်ဝန်းကျင်တွင် လျင်မြန်စွာ ပြည့်နှက်သွားခဲ့သည်။ ၎င်းမှာ တဲအိမ်ကို ဝန်းရံထားသည့် ပျောက်ကွယ်ခြင်း ဂါထာတစ်မျိုးပင် ဖြစ်သည်။ ကျနော်သာ သူတို့နောက်သို့ လိုက်သွားမည်ဆိုပါက ဆေးလိပ်ငွေ့များထဲတွင် လမ်းပျောက်သွားရုံသာ ရှိပေလိမ့်မည်။
ဂျန်ဟာယောင်းမှာ စိုးရိမ်နေပုံရသည်။
"သူ... သူ့ကို ဒီအတိုင်း ထားခဲ့လို့ ဖြစ်ပါ့မလား။ သူ သေသွားနိုင်လား"
"သူ အဆင်ပြေမှာပါ... အဆင်ပြေမယ်လို့ထင်ပါတယ်"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က ကျနော့်ဇာတ်လမ်းကို အရင်နားမထောင်ခဲ့သည်မှာ ဝမ်းနည်းစရာ ကောင်းသော်လည်း အဆိုးဆုံး အခြေအနေတော့ မဟုတ်ပေ။ သူတို့နှစ်ဦးကို အချိန်ပေးလိုက်ခြင်းကလည်း မဆိုးလှဟု ပြော၍ရ၏။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်အနေဖြင့် ယူဂျွန်ဟော့ကို သေချာပေါက် ပညာပေးလိမ့်မည်ဟု ကျနော် မျှော်လင့်မိသည်။
"ငါတို့ ဒီအတိုင်းပဲ အေးအေးဆေးဆေး ထိုင်နေကြရအောင်"
ဟန်မြုံအိုကို ကူညီပေးပြီးနောက် ဂျန်ဟာယောင်းနှင့် ကျနော်တို့ လှဲလျောင်းလိုက်ကြသည်။ ထိုစဉ် ကျနော့်ခြေထောက်ကို တစ်စုံတစ်ခုက လာထိခဲ့သည်။
ကျနော် လှည့်ကြည့်လိုက်သောအခါ ကောင်းကင်ဖြိုခွင်းသခင်မှာ ဖက်ထုပ်တစ်ပန်းကန်ကို ကိုင်ထားသည်အား တွေ့လိုက်ရသည်။
…ဒါက ယူဂျွန်ဟော့ ဝယ်လာခဲ့တာ ဖြစ်လိမ့်မည်ဟု ကျနော် ထင်မိသည်။ ကံကောင်းလွန်းလှသည်။ ကျနော်လည်း ဗိုက်ဆာနေတာနှင့် အတော်ပင်။ ကောင်းကင်ဖြိုခွင်းသခင်သည် ကျနော့်ကို တဖျတ်ဖျတ်လက်နေသော မျက်လုံးများဖြင့် မော့ကြည့်ကာ ဟောင်လိုက်သည်။
「 စားပါ။ 」
ခွေးမှာ ကျနော့်ကို အထင်ကြီးသွားစေလောက်အောင် ယဉ်ကျေးလှသည်။ ကျနော်သည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ဖက်ထုပ်တစ်လုံးကို ယူလိုက်ရာ သွားရည်တမြားမြား ကျနေသည့် ကောင်းကင်ဖြိုခွင်းသခင်၏ ခေါင်းမှာ ဖက်ထုပ်နောက်သို့ ပါလာခဲ့သည်။ သူသည် တကယ့်ကို စိတ်ရှည်သည့် ခွေးတစ်ကောင်ပင် ဖြစ်သည်။
"မင်းလည်း တစ်ခု စားချင်လား"
ကျနော်က ဖက်ထုပ်တစ်လုံးကို နှစ်ခြမ်းခွဲရင်း မေးလိုက်သည်။
「 မင်းက လူကောင်းတစ်ယောက်ပဲ 」
ကောင်းကင်ဖြိုခွင်းသခင်သည် ပြုံးလိုက်ပြီး ကျနော့်ဘေးတွင် ထိုင်လိုက်သည်။ သူသည် လူတစ်ယောက်ကဲ့သို့ ခြေထောက်များကို ဆန့်ထုတ်လိုက်ပြီး ဖက်ထုပ်ကို မှုတ်၍ စားနေခဲ့သည်။ ကျနော်က ထိုခွေးကို လှမ်းပြောလိုက်သည်။
"ဒီနေရာက တော်တော်လေး တိတ်ဆိတ်တာပဲနော်"
「 တပည့်ခံမယ့်လူပေါ်မလာခဲ့တာ တော်တော်လေး ကြာသွားခဲ့ပြီ 」
ခြေလှမ်းအနည်းငယ် အကွာတွင် ရှိနေသည့် ဂျန်ဟာယောင်းမှာ ကျနော့်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေခဲ့သည်။ ကျနော်က သူ့ကို ပြုံးပြလိုက်ပြီး တိတ်တိတ်နေရန် အချက်ပြသည့်အနေဖြင့် နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်ပြလိုက်သည်။ ကောင်းကင်ဖြိုခွင်း သခင်က နောက်တစ်ကြိမ် ထပ်ဟောင်လိုက်ပြန်သည်။
「 ဟိုးအရင်တုန်းကတော့ ဒီလို မဟုတ်ခဲ့ဘူး 」
ကောင်းကင်ဖြိုခွင်းသခင်သည် အူကြောင်ကြောင် အမူအရာဖြင့် ဖက်ထုပ်ခွံကို လျက်နေရင်း ခြံစည်းရိုး အပြင်ဘက်သို့ လှမ်းကြည့်နေခဲ့သည်။ ကျနော်သည် သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သောအခါ ပျက်စီးနေသော ခြံစည်းရိုး အပြင်ဘက်ရှိ မြင်ကွင်းကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းမှာ ကျနော်တို့ လျှောက်လှမ်းလာခဲ့သည့် လမ်းကြောင်းပင် ဖြစ်သည်။ ကျနော့်မျက်လုံးထဲတွင် ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များကိုသာ မြင်တွေ့ရသော်လည်း ဤနေရာတွင် နှစ်ပေါင်း ၁၀၀ တိုင်အောင် နေထိုင်ခဲ့သည့် ကောင်းကင်ဖြိုခွင်းသခင်မှာမူ မတူညီသော မြင်ကွင်းတစ်ခုကို မြင်တွေ့နေရမည်မှာ သေချာသည်။ ထိုမြင်ကွင်းက ဘယ်လိုမျိုးလဲဆိုတာကို ကျနော် အကြမ်းဖြင်း ခန့်မှန်းကြည့်နိုင်၏။
「 ဒီလမ်းပေါ်မှာ သိုင်းပညာသင်ကြားရေးခန်းမတွေ အများကြီးရှိခဲ့ဖူးတယ်… 」
「 တပည့်တွေလည်း အများကြီးရှိခဲ့တယ်… 」
ဤနေရာသည် မူလက ‘သိုင်းပညာသင်ကြားရေးခန်းမ’ များ စုဝေးရာ လမ်းမတစ်ခု ဖြစ်ခဲ့သည်။ သိုင်းပညာအပေါ် ဝါသနာကြီးမားသော လူငယ်များဖြင့် စည်ကားခဲ့သည့် လမ်းမကြီးတစ်ခုလည်း ဖြစ်၏။ သူတို့သည် သိုင်းပညာရှင်များ ဖြစ်လာစေရန် နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ ကြိုးစားအားထုတ်ခဲ့ကြသည်။
「 သူတို့တွေ ချွေးတွေထွက်အောင် ကြိုးစားခဲ့ကြတယ်၊ အားထုတ်ခဲ့ကြတယ်၊ ပြီးတော့ ထိုက်တန်တဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိခဲ့ကြတယ်… 」
သို့သော်လည်း ယခုအခါတွင်မူ ဤနေရာ၌ မည်သူမျှ မရှိတော့ပေ။ အဘယ်ကြောင့်နည်းဟု ကျနော် မေးမြန်းရန်ပင် မလိုတော့ပါ။ ဤလမ်းမကြီး ပျက်သုဉ်းသွားရခြင်း၏ အကြောင်းရင်းကို မျက်မြင်တွေ့ရှိခဲ့ရသော မြင်ကွင်းပေါင်းများစွာက သက်သေပြနေ ခဲ့သည်။ အလွန်ပင် ခြောက်ကပ်လှသည်။
「 အခုတော့ ဘယ်သူကမှ ရှေးဟောင်းနည်းစနစ်တွေအတိုင်း သိုင်းပညာကို မသင်ယူချင်ကြတော့ဘူး… 」
"ဟုတ်ပါတယ်"
သိုင်းလောကတွင် အဘယ်ကြောင့် ဤသို့ ဖြစ်ပျက်နေရသည်ကို ကျနော် သိရှိပေသည်။ သဘာဝကျသော အကျိုးဆက်တစ်ခုသာ ဖြစ်သည်။ တစ်ချိန်က သိုင်းလောက၌ အလွန်သန်မာခဲ့သော သိုင်းပညာရှင်ကြီးများသည် ‘စနစ်’ကို အသုံးပြုသည့် နက္ခတ်များ၏ လက်အောက်တွင် ကျရှုံးခဲ့ရသည်။ ဆယ်စုနှစ်ပေါင်းများစွာ သိုင်းပညာကို လေ့ကျင့်ခဲ့ကြသူများသည် ‘ဒင်္ဂါး’များပေးကာ ငါးမိနစ်အတွင်း စွမ်းရည်များကို သင်ယူနိုင်သည့် ‘ကိုယ်စားလှယ်’များ၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ကြရသည်။
「 ဒါကြောင့်မလို့ မင်းတို့ ရောက်လာတာကို ငါ ဝမ်းသာနေတာ… 」
…ကျနော်ကတော့ ဤနေရာတွင် မည်သည့်သိုင်းပညာကိုမျှ သင်ယူရန် ရည်ရွယ်ချက် မရှိသောကြောင့် သူ့ဘက်က နားလည်မှုလွဲနေမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။ ကျနော်က သူ့ကို ထိုအတိုင်းပင် ပြောပြလိုက်သည်။
"အင်း... ရှေးဟောင်းနည်းစနစ်တွေက အမြဲတမ်းတော့ ကောင်းနေတာ မဟုတ်ပါဘူး။ လူတွေက ပိုပြီး လွယ်လွယ်ကူကူ အစွမ်းထက်လာနိုင်တာကလည်း ကောင်းတဲ့အချက်ပဲ မဟုတ်လား"
「 မင်း ဘာပြောလိုက်တာလဲ။ လွယ်ကူတဲ့အရာဆိုတာ အမြဲတမ်း ဆိုးဝါးတာကွ။ ‘ဒိုကဲဘီ’ တွေနဲ့ ‘နက္ခတ်’ တွေ ယူဆောင်လာတဲ့ အရာမှန်သမျှဟာ ဆိုးဝါးတဲ့အရာတွေချည်းပဲ 」
နှစ်ပေါင်း ၁၀၀ တိုင်အောင် သိုင်းပညာသင်ယူခဲ့သည့် ခွေးတစ်ကောင်တွင် ထိုကဲ့သို့သော ရှေးရိုးစွဲဝါဒများ ရှိနေနိုင်သည်မှာ မထူးဆန်းပေ။
"မင်းအနေနဲ့ ဒိုကဲဘီတွေနဲ့ နက္ခတ်တွေကို မကြိုက်တာ ငါ သိပါတယ်။ ဒါပေမဲ့ ရှေးဟောင်းနည်းလမ်းတွေက အမြဲတမ်း မှန်ကန်နေတာတော့ မဟုတ်ဘူး။ အရင်က သိုင်းလောကဟာလည်း သိပ်ပြီးတော့ တရားမျှတခဲ့တာမှ မဟုတ်တာ"
「 အရင်တုန်းကတော့ လူတွေဟာ ကြိုးစားအားထုတ်မယ်ဆိုရင် သိုင်းပညာရှင်ကြီးတွေ ဖြစ်လာနိုင်ခဲ့ကြတယ် 」
ကျနော်ကတော့ ရယ်မောလိုက်ရုံသာ တတ်နိုင်တော့သည်။
"မင်း တကယ်ပဲ အဲဒီလို ထင်နေတာလား"
ကောင်းကင်ဖြိုခွင်းသခင် ဘာကို ပြောချင်နေသည်ဆိုသည်ကို ကျနော် သိပါသည်။ သူ၏ စကားများမှာ တန်ဖိုးရှိသည်ဆိုသည်ကိုလည်း ကျနော် နားလည်၏။ သို့သော်လည်း ကျနော် သူ၏အမြင်ကို သဘောမတူနိုင်ပေ။ အကယ်၍ ကျနော်သာ ဤအတိုင်း လွှတ်ထားမည်ဆိုလျှင် ကောင်းကင်ဖြိုခွင်းသခင်နှင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်တို့မှာ ခေတ်ရေစီးကြောင်းထဲတွင် နစ်မြုပ်သွားကြပြီး မူရင်းဝတ္ထုထဲကအတိုင်း နိဂုံးချုပ်သွားကြပေ လိမ့်မည်။ ကျနော်သည် တတိယမြောက် နောက်ပြန်ဆုတ်မှုတွင် ထိုကဲ့သို့ အဖြစ်မျိုး မခံနိုင်ပေ။
ထိုအချိန်မှာပင် ကောင်းကင်ဖြိုခွင်းသခင်၏ မျက်နှာပေးမှာ ပြောင်းလဲသွားခဲ့သည်။ ကျနော့်ကို စိတ်ဆိုးသွားခြင်းလားဟု ထင်မှတ်ခဲ့သော်လည်း ထိုသို့ မဟုတ်ပေ။ ခြံစည်းရိုး အပြင်ဘက်မှ အန္တရာယ်ရှိသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ဤဘက်သို့ လာနေခဲ့သည်။
[ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်။ နင့်ရဲ့ သိုင်းနည်းစနစ်တွေကို လက်လွှတ်လိုက်တော့ ]
ခြံတံခါး ပွင့်သွားခဲ့ပြီး ဒိုကဲဘီ အနည်းငယ် ပေါ်လာခဲ့သည်။ သူတို့ ပေါ်လာမည့်အချိန် ရောက်နေပြီဟု ကျနော် ထင်ထားခဲ့သည့်အတိုင်း သူတို့မှာ ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်ဖြိုခွင်းသခင်သည် သူ၏ မှော်စွမ်းအင်များကို မြှင့်တင်လိုက်ပြီး ဟောင်လိုက်သည်။
ဒိုကဲဘီများက သူ့ကို ပြောလိုက်၏။
[ အနီးအနားက သိုင်းပညာသင်ကြားရေးခန်းမတွေအားလုံးက သူတို့ရဲ့ သိုင်းနည်းစနစ်တွေကို ရောင်းချပြီးနေကြပြီ။ နင်ကော ဘယ်လောက်အထိ ဒီရှေးဟောင်းသိုင်းပညာတွေကို ကာကွယ် နေဦးမှာလဲ။ နင်သာ ဒီလိုပဲ ခေါင်းမာနေဦးမယ်ဆိုရင် အခွင့်အရေးကို လက်လွှတ်လိုက်ရလိမ့်မယ်လို့ ငါ ပြောပြီးသားနော်။ ငါတို့က ဘယ်လောက်အထိ တန်ဖိုးကြီးကြီးပေးပြီး ဝယ်မယ်လို့ ကမ်းလှမ်းနေရဦးမှာလဲ… ]
ထိုဒိုကဲဘီများထဲမှ တစ်ဦး၏ ပုံစံမှာ အလွန်ပင် ရင်းနှီးနေခဲ့သည်။ ကျနော့်ကို မြင်လိုက်ရသည့် ခဏတွင် ထိုဒိုကဲဘီ၏ မျက်လုံးများမှာ အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။
[ မင်း… က… ]
***