နောက်တစ်နေ့မှစ၍ ယူဂျွန်ဟော့သည် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့်အတူ လေ့ကျင့်မှုတွင် အာရုံစိုက်နှစ်မြှုပ်နေခဲ့သည်။
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် သူ၏ မျိုးနွယ်စုကို ပြန်လည်ရှာဖွေနိုင်ပြီဟူသော စကားကို ကြားလိုက်ရသည့် အချိန်မှစ၍ တည်ကြည်လေးနက်သော အမူအရာကို ဆက်တိုက်ထိန်းထားခဲ့သည်။ ယူဂျွန်ဟော့သည် ကောင်းကင် ဖြိုခွင်းဓါး သူတော်စင်၏ စိတ်ခံစားချက်ကို သိရှိသော်လည်း ဆရာဖြစ်သူကို နှစ်သိမ့်ပေးမည့်အစား တရားထိုင်ခြင်း၌သာ အာရုံစိုက်နေခဲ့သည်။
'အစကတော့ ငါကိုယ်တိုင် ရှေးဟောင်း ဧရာမ နတ်ဘုရားတွေကို သွားရောက်တွေ့ဆုံဖို့ ရည်ရွယ်ထားတာပါ... ဒါပေမဲ့'
မည်သို့ပင်ဖြစ်စေ ဤကိစ္စကို ကင်ဒေါ့ဂျာလက်ထဲ အပ်ထားလိုက်ခြင်းမှာ မဆိုးလှပေ။ အကယ်၍ ယူဂျွန်ဟော့သာ သူ၏ မူလအစီအစဉ်အတိုင်း ဆက်သွားမည်ဆိုပါက ရှေးဟောင်း ဧရာမ နတ်ဘုရားတစ်ပါးနှင့် တွေ့ဆုံနိုင်ရန်အတွက် ဇာတ်ဝင်ခန်းပေါင်း ၄၀ကို ကျော်ဖြတ်ရမည် ဖြစ်သည်။
'အဲဒီကောင်က ငရဲပြည်နဲ့ အဲဒီလို ပတ်သက်မှုမျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး'
ကင်ဒေါ့ဂျာတွင် အမှန်တကယ်ပင် နားမလည်နိုင်သော အချက်များ ရှိနေခဲ့သည်။ သူသည် ထိုနက္ခတ်များအားလုံးကို မည်သို့သော နည်းလမ်းဖြင့် ဖမ်းစားနိုင်ခဲ့သနည်း။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က ရယ်မောနေပါသည်။]
ဒီနတ်ခေါင်ချုပ်ကိုသာ ကြည့်လိုက်တော့။
‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ သည် ဒုတိယအကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းတုန်းက ယခုကဲ့သို့သော နက္ခတ်မျိုး မဟုတ်ခဲ့ပေ။ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’သည် တရားမျှတမှုနှင့် ပြည့်ဝပြီး တည်ကြည်မြင့်မြတ်လှသော နတ်ခေါင်ချုပ်တစ်ဦးသာ ဖြစ်ခဲ့သည်။ ထိုကဲ့သို့သော တည်ရှိမှုမျိုးက ယခုအကြိမ်တွင် အဘယ်ကြောင့် ဤမျှအထိ ပျက်စီးသွားရသည်ကို ယူဂျွန်ဟော့ နားမလည်နိုင်အောင် ဖြစ်နေရသည်။
"နင် တကယ်ပဲ ပြိုင်ပွဲမှာ ပါဝင်ဖို့ စဉ်းစားနေတာလား"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မေးခွန်းကို ယူဂျွန်ဟော့က တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"နင် သေသွားနိုင်တယ်နော်။ ပြိုင်ပွဲ ဇာတ်ဝင်ခန်းတွေဆိုတာ ဘယ်တော့မှ မလွယ်ကူဘူး"
"ကျနော်က ပြီးခဲ့တဲ့ အကြိမ်တုန်းက ဒီအချိန်မှာ ရှိခဲ့တဲ့ ကျနော့်ထက် အများကြီး ပိုအစွမ်းထက်နေပါပြီ"
"ဒါတောင်မှ မဟာသခင်ကြီး ၁၀ ပါးနဲ့ ယှဉ်နိုင်တဲ့ အဆင့်မှာ မရှိသေးဘူး"
ယူဂျွန်ဟော့သည် သိုင်းလောက၏ မဟာသခင်ကြီး ၁၀ ပါး အကြောင်းကို ကောင်းစွာ သိရှိထားသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ကင်ဒေါ့ဂျာကို ကြိုဆိုခဲ့သော ကုန်သည်ရောင်းချခဲ့သော သိုင်းတွေထဲမှ သိုင်းတစ်ခု၏ပိုင်ရှင် ‘ရေခဲပန်းနတ်ဘုရားမ’ ပင် ဖြစ်သည်။ ထို့အပြင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် အမျိုးဝေးတော်စပ်သည့် နမ်ဂွန် မိသားစုမှ မဟာသခင်ကြီး တစ်ဦးလည်း ရှိနေသေးသည်။ သိုင်းပညာပြိုင်ပွဲ စတင်သည့်အခါ ၎င်းတို့အားလုံး ထွက်ပေါ်လာကြမည်မှာ သေချာ၏။
ထို့အပြင် သိုင်းပညာပြိုင်ပွဲသည် စီးပွားဖြစ် အစီအစဉ်တစ်ခု ဖြစ်သောကြောင့် ပါဝင်ယှဉ်ပြိုင်မည့် နာမည်ကြီး နက္ခတ်များ၏ ကိုယ်စားလှယ်များကိုလည်း သူ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
[နက္ခတ်အချို့သည် သိုင်းပညာပြိုင်ပွဲကို မျှော်လင့်စောင့်စား နေကြပါသည်။]
[နက္ခတ်အချို့သည် သိုင်းပညာပြိုင်ပွဲကို ငြီးငွေ့နေကြပါသည်။]
ကံကောင်းထောက်မစွာဖြင့် စွမ်းအားကြီးသော နက္ခတ်အချို့မှာမူ ဤဇာတ်ဝင်ခန်းများကို ငြီးငွေ့နေကြပြီ ဖြစ်သည်။ သိုင်းလောကတွင် နှစ်စဉ် ကျင်းပနေကျ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်နေသောကြောင့် သိုင်းပညာပြိုင်ပွဲကို အာရုံစိုက်နေသည့် နက္ခတ်အရေအတွက်မှာ အလွန်အမင်း များပြားခြင်း မရှိပေ။
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ယူဂျွန်ဟော့၏ ဆန္ဒကို သိမြင်သွားပြီးနောက် စကားစလိုက်သည်။
"နင်ဟာ အဆင့်ကျော်လွန်ခြင်း ဒုတိယအဆင့်ကို ဖွင့်လှစ်ရလိမ့်မယ်"
"ကျနော် အရင်ကလည်း ဖွင့်လှစ်ဖူးတာမလို့ သိပ်ပြီး မခက်လောက်ပါဘူး"
"ဒါက ပထမအဆင့်ကို ဖောက်ထွက်တာနဲ့ မတူဘူးနော်"
"ကျနော် တစ်နည်းနည်းနဲ့ အောင်မြင်အောင်လုပ်ဆောင်ပါ့မယ်။ ပြီးခဲ့တဲ့ အကြိမ်တုန်းက ကျနော် တတိယအဆင့်အထိ ရောက်ရှိခဲ့ဖူးပါတယ်"
"…တတိယအဆင့်ဟုတ်လား"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မျက်လုံးများမှာ တုန်လှုပ်သွားခဲ့သည်။ အဆင့်ကျော်လွန်ခြင်း တတိယအဆင့်ဆိုသည်မှာ ပါရမီတစ်ခုတည်းဖြင့် ရောက်ရှိနိုင်သည့် အဆင့်မျိုး မဟုတ်ပေ။ ထိုအဆင့်ကို ကျော်ဖြတ်နိုင်ရန်အတွက် အလွန်အမင်း များပြားလှသော ‘အချိန်’ ကို အသုံးပြုရမည် ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ယူဂျွန်ဟော့အနေဖြင့် ပြီးခဲ့သည့် အကြိမ်တွင် ထိုမျှလောက် များပြားလှသော အချိန်ကို အသုံးပြုခဲ့နိုင်ရန် အခွင့်အလမ်း မရှိသလောက်ပင်…
ယူဂျွန်ဟော့သည် ဆရာဖြစ်သူ၏ သိချင်စိတ်ကို နားလည်သဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ကျနော် အမှောင်ဒိုင်မင်းရှင်းထဲမှာ ရှိတဲ့ အချိန်လွဲချော်မှု တစ်ခုကို အသုံးပြုခဲ့တာပါ"
အမှောင်ဒိုင်မင်းရှင်းရှိ အချိန်လွဲချော်မှု။ ၎င်းကို ‘သိုင်းလောက၏ သုသာန်’ ဟုလည်း မကြာခဏ ခေါ်ဆိုကြသည်။ ထိုနေရာသို့ ရောက်သွားသော သိုင်းလောကသား နှစ်မျိုးရှိ၏။ ဧရာမ အချိန်အကျဉ်းထောင်ကြီးအတွင်းတွင် ပါရမီ၏ တံတိုင်းကို တိုက်မိပြီး အရူးဖြစ်သွားသူများ ရှိသကဲ့သို့ ထိုတံတိုင်းကို ကျော်ဖြတ်နိုင်သူများလည်း ရှိသည်။ ယူဂျွန်ဟော့မှာမူ ကျော်ဖြတ်နိုင်သူဖြစ်သည်။
"…နင့်ရဲ့ လေ့ကျင့်မှုက ဘယ်လောက်တောင် ခက်ခဲခဲ့မလဲဆိုတာ ငါ မတွေးဝံ့ဘူး။ နင် အဲဒီထဲမှာ ဘယ်နှနှစ်လောက် နေခဲ့ရတာလဲ"
"နှစ်ပေါင်း ၁၀၀ နီးပါးပါ"
"နှစ် ၁၀၀ အတွင်းမှာ တတိယအဆင့်ကို ရောက်ခဲ့တာပေါ့လေ... နင် အခုလို မောက်မာနေတာလည်း မဆန်းပါဘူး"
နှစ်ပေါင်း ၁၀၀ဆိုသည်မှာ သာမန်လူသားများအတွက် ရှည်လျားသော အချိန်ဖြစ်သော်လည်း အဆင့်ကျော်လွန်သူများအတွက်မူ ထိုသို့မဟုတ်ပေ။
ဤကမ္ဘာပေါ်တွင် အနှစ် ၂၀၀ သို့မဟုတ် ၃၀၀ ခန့် အသက်ရှင်နေထိုင်ပြီး သိုင်းပညာကို မည်မျှပင် လေ့ကျင့်ခဲ့သော်လည်း အဆင့်ကျော်လွန်ခြင်းသို့ မရောက်ရှိနိုင် သူများစွာ ရှိကြ၏။ အဆင့်ကျော်လွန်ခြင်းမှာ မည်သည့် နတ်ဆေးရည်မျိုးဖြင့်မဆို ကိုယ်ခန္ဓာကို မြှင့်တင်ရုံဖြင့် မကျော်လွှားနိုင်သော တံတိုင်းတစ်ခု ဖြစ်သည်။ အဆင့်ကျော်လွန်ခြင်းတွင် ထူထဲသော တံတိုင်းတစ်ခု ရှိနေသော်လည်း ယူဂျွန်ဟော့သည် နှစ်ပေါင်း ၁၀၀ အတွင်းမှာပင် ထိုတံတိုင်းကို သုံးကြိမ်တိုင်တိုင် ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်၏။
"ကျနော် အချိန်လွဲချော်မှုထဲကို နောက်တစ်ကြိမ် ထပ်ဝင်မယ်ဆိုရင် အဲဒီအချိန်ကို လျှော့ချနိုင်ပါလိမ့်မယ်"
"အဲ့ဒါက ရူးသွပ်တဲ့ အတွေးပဲ။ အချိန်လွဲချော်မှုကို အသုံးပြုတာက ဝိညာဉ်ကို ထုံထိုင်းသွားစေလိမ့်မယ်။ အချိန်လွဲချော်မှုထဲမှာ ရူးသွပ်သွားကြတဲ့ သိုင်းပညာရှင်တွေကို နင် မမြင်ဖူးဘူးလား။ ရူးသွပ်ခြင်းနဲ့ အဆင့်ကျော်လွန်ခြင်းကြားမှာ သေးငယ်တဲ့ မျဉ်းတစ်ကြောင်းပဲ ရှိတယ်ဆိုတာ နင် မသိဘူးလား"
"…ပြီးခဲ့တဲ့ အကြိမ်တုန်းကတော့ အချိန်လွဲချော်မှုထဲကို ဝင်ခဲ့ပြီးနောက်ပိုင်းမှာတောင် ကျနော် ခင်ဗျားကို မကျော်နိုင်ခဲ့ပါဘူး"
"ဘယ်ကျော်နိုင်မလဲ။ ငါ့ကို လိုက်မီဖို့အတွက် နှစ် ၁၀၀ ဆိုတာ စောလွန်းပါသေးတယ်"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ခေတ္တခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... နင်က တတိယအဆင့်ကို ရောက်ခဲ့ပြီးပြီဆိုတော့ ဘာမှမသိတဲ့လူတစ်ယောက်ကို သင်ပေးရတာထက်စာရင် နင့်ကို သင်ပေးရတာက ပိုကောင်းပါတယ်"
ဆရာဖြစ်သူ၏ ချီးကျူးစကားကို ကြားရသော်လည်း ယူဂျွန်ဟော့၏ အမူအရာမှာမူ သိပ်ပြီး မတောက်ပလှပေ။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် မသင်္ကာဖွယ် တစ်ခုခုကို ခံစားလိုက်ရသဖြင့် သူ့ကို မေးခွန်းထုတ်ခဲ့သည်။ နောက်ဆုံးတွင် ယူဂျွန်ဟော့က ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့သည်။
ဇာတ်လမ်းကို ကြားသိပြီးနောက် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က အဓိပ္ပာယ်မရှိသကဲ့သို့ မေးလိုက်သည်။
"နင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ နိုးထမှုက နင် ပင်ပန်းနွမ်းနယ်နေတဲ့ အချိန်မှာ ဖြစ်ခဲ့တာလား"
"ဟုတ်ကဲ့… ကျနော်လည်း သေသေချာချာတော့ မမှတ်မိတော့ဘူး"
နောက်ဆုံးတွင် သူသည် မည်သည့်အရာကို အခြေခံပြီး တတိယအဆင့်သို့ ဖောက်ထွက်နိုင်ခဲ့သည်ကို သူကိုယ်တိုင်ပင် မသိရှိခြင်းဖြစ်သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ အမူအရာမှာ မကောင်းလှတော့ပေ။
"နင့်ရဲ့ မသိစိတ်ကို ယုံကြည်ပြီး တတိယအဆင့်ကို နောက်တစ်ကြိမ် ထပ်ပြီး ဖောက်ထွက်နိုင်မယ်လို့ နင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရဲ့လား။ အဲဒါက ‘ရေခဲပန်းနတ်ဘုရားမ’ ရဲ့ နောက်လိုက်တွေ ပြောနေကျ စကားတွေနဲ့ တူနေပြီ"
"ဒါကြောင့်မလို့ ကျနော့်အတွက် ခင်ဗျားကို လိုအပ်နေတာပါ။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ သိုင်းပညာတွေကို နောက်တစ်ကြိမ် ထပ်ပြီး သင်ပေးပါ"
"ဘာဖြစ်တယ်"
"အရင်က နည်းလမ်းအတိုင်း သုံးဖို့ကတော့ ခက်ခဲလိမ့်မယ်။ အချိန်တွေ အရမ်းကုန်လွန်းလို့ပါ"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် တပည့်ဖြစ်သူ၏ အရှက်မရှိလှသော စကားများကြောင့် မှင်တက်သွားခဲ့သည်။
"ငါ နင့်ကို ကူညီသင့်လားဆိုတာ မသေချာဘူး။ နင်ကိုယ်တိုင်လည်း အဆင့်ကျော်လွန်ခြင်း တံတိုင်းကို ဖြတ်ကျော်ဖူးတာပဲဆိုတော့ အဆင့်ကျော်လွန်ခြင်းဆိုတာ ဘယ်တော့မှ နည်းလမ်းတစ်ခုထဲနဲ့ မပြီးမြောက်ဘူးဆိုတာ သိမှာပါ။ အဆင့်ကျော်လွန်သူတိုင်းက ကျော်လွန်နိုင်ဖို့အတွက် ကိုယ်ပိုင်နည်းလမ်းကို ကိုယ်စီ ရှာဖွေကြရတယ်"
"ခင်ဗျား ကူညီပေးနိုင်ပါတယ်။ ‘မူလဘူတ စီးကြောင်း’ ဆိုတာ ရှိနေတာပဲ မဟုတ်လား"
"အဲဒါက ငါတို့အနေနဲ့ အဲဒီစီးဆင်းမှု မြောက်မြားစွာထဲက တစ်ခုကို ရှာဖွေရမယ်လို့ ဆိုလိုတာပဲ။ ဒီလောကမှာ အဲဒီလိုမျိုး လွယ်လွယ်နဲ့ နိုးထလာနိုင်တဲ့ အသိဉာဏ်ဆိုတာ မရှိဘူး။ အဲဒီလိုမျိုး အလွယ်တကူ ဖြစ်လာနိုင်တဲ့ ဇာတ်လမ်းဆိုတာ မရှိသလိုမျိုးပေါ့"
"ဒါပေမဲ့ စီးဆင်းမှုပေါင်း သောင်းဂဏန်းလောက် ရှိနေရင်တော့ အဲဒီထဲက တစ်ခုကို ကျနော်တို့ ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူးလား။ ပြီးခဲ့တဲ့ အကြိမ်တုန်းကလည်း ကျနော် တစ်ခုကို ရှာတွေ့ခဲ့ဖူးတာပဲလေ"
ယူဂျွန်ဟော့သည် ဤသို့ပြောလိုက်မိပြီးနောက် မိမိကိုယ်ကိုယ် ကင်ဒေါ့ဂျာကဲ့သို့ စကားပြောနေမိသည်ဟု ခံစားလိုက်ရသည်။ မူလက သူသည် ဤကဲ့သို့ စကားပြောတတ်သူ မဟုတ်ပေ။ သူတို့နှစ်ဦး အတူရှိနေခဲ့စဉ်အတွင်း ကင်ဒေါ့ဂျာ၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်း ဖြစ်လောက်ပေသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် တိတ်ဆိတ်နေသော တပည့်ဖြစ်သူကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"မင်းက အစကတည်းက ဒီလောက်အထိ စကားများတတ်တာလား။ ဒါက လွယ်မှာ မဟုတ်ဘူးနော်။ ကောင်းကင်ဖြိုခွင်းဓါးသိုင်းဆိုတာ အစကတည်းက အမျိုးသားတွေအတွက် ရည်ရွယ်ထားတာ မဟုတ်ဘူးဆိုတာကို ပြီးခဲ့တဲ့ အကြိမ်တုန်းကလည်း နင် တွေ့ခဲ့ရမှာပဲ"
ယူဂျွန်ဟော့လည်း ထိုအချက်ကို သိရှိပြီးသား ဖြစ်သည်။ ထို့ကြောင့်ပင် ပြီးခဲ့သည့် အကြိမ်က ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ သိုင်းပညာရပ်များကို သင်ယူရန် အလွန်ခက်ခဲခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ယခုအကြိမ်မှာမူ ထိုသို့မဟုတ်တော့ပေ။
"ကျား၊ မ ခွဲခြားမှု ပြဿနာကို တစ်နည်းနည်းနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်"
"အဲဒါက ဘာကို ဆိုလိုတာလဲ"
[လိင်ပြောင်းလဲရသည်ကို နှစ်သက်သော နက္ခတ်က နှာခေါင်းရှုံ့နေပါသည်။]
သွယ်ဝိုက်သော မက်ဆေ့ချ်ကို မြင်လိုက်ရသဖြင့် ယူဂျွန်ဟော့ မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုအကြောင်းကို တွေးမိတိုင်း ရှုပ်ထွေးသော ခံစားချက်များနှင့်အတူ ပြင်းထန်သော ဒေါသများ ထွက်ပေါ်လာတတ်သော်လည်း သူသည် အသုံးချနိုင်သမျှ အရာအားလုံးကို အသုံးချရပေလိမ့်မည်။
"ဒါကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ"
ခဏအကြာတွင်တော့ အံ့အားသင့်သွားသော ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ ယူဂျွန်ဟော့သည် မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် သူ၏ ဓားကို ထုတ်ယူလိုက်သည်။
"အပြင်မှာ ရှိနေတဲ့ ဟိုကောင့်ကိုတော့ ဒီကိစ္စကို ဘယ်တော့မှ မပြောပြပါနဲ့"
[ကင်ဒေါ့ဂျာ စက်မှုဇုန်တွင် သင်၏ စွမ်းဆောင်ချက်များကို သံသယဝင်နေသူများ ရှိနေပါသည်။]
[‘လူလိမ် ကင်ဒေါ့ဂျာ’ ဟူသော ဇာတ်လမ်းသည် ကင်ဒေါ့ဂျာ စက်မှုဇုန်အတွင်း ပျံ့နှံ့နေပါသည်။]
လေထဲတွင် ပေါ်လာသော မက်ဆေ့ချ်ကြောင့် ကျနော် ခေတ္တအိပ်ပျော်နေရာမှ နိုးလာခဲ့သည်။ မက်ဆေ့ချ်အရ ကျနော် မရှိခိုက် စက်မှုဇုန်အတွင်း ကောလဟာလဆိုးများ ထွက်ပေါ်နေပုံရသည်။ စက်မှုဇုန်၏ အုပ်စိုးသူအသစ်မှာ လူကိုယ်တိုင် ထွက်မပြလာသဖြင့် ဤသို့ဖြစ်သည်မှာ သဘာဝပင်။
ဒါနဲ့... လူလိမ် ကင်ဒေါ့ဂျာ တဲ့လား။
ကျနော့်မျက်နှာကို မမြင်ဖူးသူတွေက ကျနော့်အကြောင်းကို ပိုသိနေကြသလို ခံစားနေရ၏။
"ကင်ဒေါ့ဂျာ။ မင်း ဘာလုပ်နေတာလဲ"
တစ်စုံတစ်ယောက်က ကန်လိုက်သဖြင့် ကျနော် ညည်းတွားရင်း ထလိုက်ရသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ထံတွင် ပြင်းထန်စွာ လေ့ကျင့်ထားပုံရသော ချွေးများဖြင့် စိုရွှဲနေသည့် ယူဂျွန်ဟော့ကို တွေ့လိုက်ရ၏။
"…ခဏလောက် စဉ်းစားနေတာပါ"
"မင်းက အပျင်းထူနေတာပဲ"
"အခုတော့ အပျင်းထူနေရမှာပေါ့ကွ။ ငါက လူနာလေ"
ကျနော်ပြောလိုက်သောစကားက ဆင်ခြေပေးခြင်း ဖြစ်သော်လည်း အမှန်တရားလည်း ဖြစ်သည်။ ကျနော်သည် ထုတ်ပယ်ခြင်း ပြစ်ဒဏ်၏ နောက်ဆက်တွဲဆိုးကျိုးမှ အပြည့်အဝ မသက်သာသေးပေ။ ထို့ပြင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ပြန်လည်ကျန်းမာလာမှုမှာလည်း နှောင့်နှေးနေခဲ့သည်။ ကျနော်သည် ‘လာမာ့ခ်၏ သစ်ကုလားအုတ်’ စွမ်းရည်ကို မြှင့်တင်နေပြီး ဇာတ်လမ်းအပိုင်းအစများကိုလည်း မှန်မှန် စားသုံးနေသောကြောင့် မကြာမီ ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။
ရှေ့ခြံထဲတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြသူများကို ကျနော် ကြည့်လိုက်သည်။
"အဲဒီလူတွေရော အခြေအနေဘယ်လိုရှိလဲ"
ချွေးတပြိုက်ပြိုက်နှင့် ဖြစ်နေသော ဂျန်ဟာယောင်းသည် ဟန်မြုံအိုနှင့် ယှဉ်ပြိုင်လေ့ကျင့်နေ၏။ ကောင်းကင်ဖြိုခွင်း သခင်က ဘေးမှကြည့်ရှုကာ အမှားများကို ထောက်ပြနေခဲ့သည်။
"အဲဒီကောင်မလေးက ပါရမီအတော်ရှိတယ်။ သူ့ရဲ့ ထူးဆန်းတဲ့ ဝိသေသလက္ခဏာကြောင့် အလွန်မြန်မြန် သင်ယူနိုင်နေတာ"
"အဲဒါ ကောင်မလေး မဟုတ်ဘူး။ ယောက်ျားလေး"
"မင်း မျက်လုံးတွေက ဘယ်ရောက်နေလဲဆိုတာ ငါ တစ်ခါတလေ နားမလည်နိုင်ဘူး"
ဒီမအေဘေးကတော့ကွာ... သူက ယောက်ျားလေးပဲလေ။ မဟုတ်ဘူးလား။ မူရင်းဝတ္ထုထဲမှာလည်း ဒီအတိုင်းပဲလေ။
ကျနော် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ယူဂျွန်ဟော့က မေးလာသည်။
"ဒါထက်... နက္ခတ်တွေနဲ့ ကိစ္စကရော ဘာဖြစ်နေပြီလဲ"
"…စဉ်းစားနေတုန်းပဲ"
ပါစီဖုန်းထံမှ မက်ဆေ့ချ် ရရှိခဲ့သည်မှာ တစ်ပတ်ပင် ရှိတော့မည်။
[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်သည် သင့်ကို ‘စားတော်ဆက်အသင်း’ သို့ ဖိတ်ကြားနေပါသည်။]
[တစ်ပတ်အတွင်း ‘စားတော်ဆက်အသင်း’ ပွဲတော်ကို အိုရိုရဲတိုက်တွင် ကျင်းပမည် ဖြစ်ပါသည်။]
[ယနေ့ညတွင် သင် ထွက်ခွာမည်၊ မထွက်ခွာမည်ကို ဆုံးဖြတ်ပေးပါ။]
‘စားတော်ဆက်အသင်း’ ထံမှ ဖိတ်ကြားချက်။ တစ်နေ့နေ့တွင် ဤသို့ဖြစ်လာမည်ဟု ကျနော် မျှော်လင့်ထားသော်လည်း ထင်ထားသည်ထက် စောနေခဲ့သည်။
‘စားတော်ဆက်အသင်း’ ဆိုသည်မှာ အရသာရှိသော အစားအစာများကို နှစ်သက်သော နက္ခတ်များ စုဝေးရာ ဖြစ်သည်။ အပေါ်ယံကြည့်လျှင် ‘နက္ခတ်များ၏ စားသောက်ပွဲ’ နှင့် တူသော်လည်း လက်တွေ့မှာမူ လုံးဝကွဲပြားသည်။
နက္ခတ်များ၏ စားသောက်ပွဲမှာ တရားဝင်ပွဲ ဖြစ်သော်လည်း ‘စားတော်ဆက်အသင်း’ ပွဲတော်မှာမူ တရားမဝင်ပွဲ ဖြစ်ပြီး ထိုနေရာတွင် ဖြစ်ပျက်မည့် အဖြစ်အပျက်များ၏ ပြင်းထန်မှုမှာလည်း ကွဲပြားလှ၏။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင့်အတွက် စိုးရိမ်နေပါသည်။]
အဓိကအချက်မှာ ‘စားတော်ဆက်အသင်း’ တွင် ယူရီအယ် မရှိပေ။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင်၏ ရွေးချယ်မှုကို သိလိုနေပါသည်။]
ထိုနေရာတွင် ‘ကောင်းကင်တစ်မျှ မဟာပညာရှိ’ လည်း မရှိသလို ‘လျှို့ဝှက်ကြံစည်သူ’ လည်း မရှိပေ။ ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ ကတော့... ရှိသလား မသေချာပေ။
ဘာပဲဖြစ်ဖြစ် ထိုနေရာ၏ အခြေအနေမှာ ‘နက္ခတ်များ၏ စားသောက်ပွဲ’ ကဲ့သို့ ကျနော့်အတွက် အခွင့်သာမည့် နေရာမဟုတ်ပေ။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်း စိတ်မတည်ငြိမ်သော နက္ခတ်များ စုဝေးရာသို့ သွားခြင်းထက် ပို၍ အန္တရာယ်ရှိသော အရာ မရှိဟုပြော၍ရသည်။
ယူဂျွန်ဟော့သည် ကျနော့်အမူအရာကို ကြည့်ပြီး မေးလိုက်သည်။
"မင်းက ကြောက်နေတာလား"
"ကြောက်စရာလား"
ထိုအကြောင်းပြချက်ကြောင့်သာ ‘စားတော်ဆက်အသင်း’ သို့ မသွားခဲ့လျှင် ကျနော် ဤနေရာအထိ ရောက်လာမည် မဟုတ်ပေ။ ကျနော်သည် ဂျန်ဟာယောင်းနှင့် ဟန်မြုံအိုတို့ လေ့ကျင့်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ဟန်မြုံအိုမှာ ဆက်တိုက် အရိုက်ခံရသဖြင့် အော်ဟစ်နေခဲ့သည်။ ယူဂျွန်ဟော့ကလည်း ကျနော်နှင့်အတူ ကြည့်နေရင်း ပြောလိုက်သည်။
"ဒီနေရာကြောင့် မဟုတ်လား"
"…ဟုတ်တယ်"
ပါစီဖုန်း၏ မက်ဆေ့ချ်အရ ‘စားတော်ဆက်အသင်း’ ပွဲတော်မှာ တစ်ပတ်တိတိအကြာတွင် ကျင်းပမည်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုရက်မှာ သိုင်းပညာပြိုင်ပွဲနှင့် တစ်ရက်တည်း ဖြစ်နေခဲ့၏။
ဆိုလိုသည်မှာ သိုင်းပညာပြိုင်ပွဲ ဇာတ်ဝင်ခန်း ဖြစ်ပေါ်မည့်နေ့တွင် ကျနော် ပထမဆုံး သိုင်းလောက၌ ရှိနေမည် မဟုတ်ပေ။ အကယ်၍ တစ်ခုခု ဖြစ်လာခဲ့လျှင်...
"သွားပြီးတော့ ပြန်လာခဲ့ပါ။ ကင်ဒေါ့ဂျာ"
***