ယူဂျွန်ဟော့၏ ပြတ်သားလှသော စကားများကြောင့် ကျနော် ခေါင်းမော့ကြည့်လိုက်မိသည်။
"ငါသွားလို့…အဆင်ပြေပါ့မလား"
"အခု ငါတို့ ရင်ဆိုင်နေရတဲ့ ဇာတ်ဝင်ခန်းက မိစ္ဆာဘုရင် ရွေးချယ်ပွဲ မဟုတ်ဘူး၊ သိုင်းပညာပြိုင်ပွဲပဲ"
ကျနော်သည် ထိုသို့ပင် တွေးတောနေခဲ့သော်လည်း ယူဂျွန်ဟော့ကိုယ်တိုင် ထိုစကားကို ပြောသည်ကို ကြားလိုက်ရသည့်အခါ ထူးဆန်းသော စိတ်သက်သာရာရမှုနှင့် ဂုဏ်ယူမှုကို ခံစားလိုက်ရ၏။
"မင်း... တကယ့်ကို လူပီသလာပြီပဲ။ အနည်းဆုံးတော့ ငါ လောလောဆယ် သေမှာမဟုတ်ပါဘူးကွာ"
ယူဂျွန်ဟော့က ကျနော့်စကားကို လျစ်လျူရှုပြီး ဆက်ပြောသည်။
"ဒီပြိုင်ပွဲကနေ ရနိုင်တာဆိုလို့ မဟူရာကောင်းကင်မိစ္ဆာဓါးပဲ ရှိတယ်။ မဟူရာကောင်းကင်မိစ္ဆာဓါးကို ရလိုက်ရုံနဲ့ မိစ္ဆာဘုရင် ရွေးချယ်ပွဲမှာ ငါတို့ နိုင်မယ်လို့ မဆိုလိုဘူး"
ယူဂျွန်ဟော့ ပြောသည်မှာ မှန်သည်။ သိုင်းလောက၏ ပြိုင်ပွဲတွင် အနိုင်ရခြင်းသည် မိစ္ဆာဘုရင် ရွေးချယ်ပွဲတွင် အနိုင်ရမည်ဟု မဆိုလိုပေ။
"ဒါကြောင့်မလို့ စားတော်ဆက်အသင်းကို မင်းသွားရမယ်။ ငါတို့ နက်ဗျူလာအတွက် အဖော်တွေ လိုအပ်တယ်။ မင်းသာ စားတော်ဆက်အသင်းကို သွားမယ်ဆိုရင် မဟာမိတ်တွေ ရနိုင်လိမ့်မယ်"
သူပြောလိုသည်ကို ကျနော် နားလည်လိုက်သည်။ စားတော်ဆက်အသင်းကို သွားပြီး အသုံးချလို့ရမည့် နက္ခတ်အချို့နှင့်အတူ ပြန်လာခဲ့ရန်ပင်။ သို့သော် စိုးရိမ်စရာ အချက်တစ်ခု ရှိနေသည်။
"…ငါတို့ နက်ဗျူလာ ဟုတ်လား"
"ပြီးခဲ့တဲ့ အကြိမ်တုန်းက မင်းပဲ နက်ဗျူလာတစ်ခု တည်ထောင်မယ်လို့ ပြောခဲ့တယ်လေ။ မဟုတ်ဘူးလား"
"ကင်ဒေါ့ဂျာ ကုမ္ပဏီကို ပြောတာလား"
"အဲဒီနာမည်သာ တကယ်ပေးမယ်ဆိုရင် ငါ အခုချက်ချင်း နုတ်ထွက်မယ်"
ယူဂျွန်ဟော့က မျက်မှောင်ကြုတ်လျက် ခေါင်းလွှဲသွားသည်။ ကျနော်သည် ဝမ်းသာအားရဖြင့် အံ့သြသွားမိသည်။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က လက်ကိုင်ပုဝါဖြင့် သူ၏ မျက်ရည်များကို သုတ်နေပါသည်။]
သူ ကျနော့်လည်ပင်းကို ပထမဆုံးအကြိမ် ဆွဲညှစ်ခဲ့စဉ်တုန်းကဆိုလျှင် ယခုအခြေအနေအထိ ဖြစ်လာလိမ့်မည်ဟု တွေးတောင်မတွေးခဲ့ချေ။ ယူဂျွန်ဟော့နှင့် ကျနော်သည် တကယ့် အပေါင်းအဖော်များ ဖြစ်လာခဲ့ကြလေပြီ။ ဘာပဲဖြစ်ဖြစ် ယူဂျွန်ဟော့က ဤသို့ပြောနေသည့်တိုင် ကျနော် တွန့်ဆုတ်နေမိသည်မှာ ရယ်စရာကောင်းလှ၏။
ကျနော် မတ်တတ်ရပ်လိုက်ပြီး ကြေညာလိုက်သည်။
"ငါ သွားမယ်"
ထိုညတွင် ကူးပြောင်းမုခ်ဝမှတစ်ဆင့် ပျံသန်းလာသော စားတော်ဆက်အသင်း လမ်းညွှန်တစ်ဦးက ကျနော့်ကို လာရောက်ကြိုဆိုသည်။ လမ်းညွှန်သည် အနောက်တိုင်း ကောင်းဘွိုင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မြင်းနက်တစ်ကောင် ဆွဲသော ရထားလုံးငယ်လေးကို မောင်းနှင်လာသည်။ သူသည် အိုရိုရဲတိုက်သခင်၏ လက်အောက်ငယ်သားများထဲမှ တစ်ဦးဖြစ်ပုံရသည်။
လမ်းညွှန်သည် ရထားလုံးပေါ်မှ ဆင်းလာပြီး ကျနော့်ကို ယဉ်ကျေးစွာ အရိုအသေပေးသည်။
[မင်းက ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် လား]
"ဟုတ်ပါတယ်"
[ရထားလုံးပေါ် တက်လိုက်ပါ။ ခရီးက တော်တော်ဝေးတာမလို့ မင်း အနားယူရင်း လာခဲ့လို့ရပါတယ်]
လမ်းညွှန်သည် ကျနော့်အပေါ် ထူးထူးခြားခြား ဆက်ဆံခြင်း သို့မဟုတ် တုံ့ပြန်ခြင်းမျိုး မပြသပေ။ သူက စားတော်ဆက်အသင်း၏ လမ်းညွှန်ဖြစ်နေသောကြောင့် ‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ ကို မြင်သော်လည်း ပြာပြာသလဲလဲဖြစ်မနေခြင်း ဖြစ်လောက်၏။ လမ်းညွှန်သည် ရထားလုံးပေါ်တက်ပြီး ကျနော့်ဘက်သို့ လှည့်ကာ မေးသည်။
[လမ်းမှာ ခရီးသည်တချို့ကို ကြိုသွားဦးမှာပါ။ အဆင်ပြေတယ် မလား]
"ဪ... ရပါတယ်"
ခရီးသည်တချို့ တဲ့... ဘယ်သူတွေပါလိမ့်။
လမ်းညွှန်က ရထားလုံးကို ချက်ချင်း စတင်မောင်းနှင်လိုက်သဖြင့် ကျနော် မေးမြန်းရန် အခွင့်အရေး လွတ်သွားခဲ့သည်။
ရထားလုံးအတွင်းပိုင်းမှာ ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိလှပေသည်။ လုံးဝ တုန်ခါခြင်း မရှိသောကြောင့် ရွေ့လျားနေသည်ဟုပင် မထင်ရပေ။ အလွန်ကောင်းလှပေသည်။ ခရီးသွားနေစဉ်အတွင်း Ways of Survival ကို ကျနော် ဖတ်ရှုနိုင်ပေတော့မည်။
နာရီအနည်းငယ်ကြာအောင် Ways of Survival ကို ကျနော် ဖတ်နေမိသည်။ နာရီအနည်းငယ် မဟုတ်ဘဲ ရက်အနည်းငယ်ကြာအောင် ဖတ်နေမိခြင်းလည်း ဖြစ်နိုင်၏။ ရထားလုံး မည်မျှမြန်မြန် သွားနေသည်ကို ကျနော် မသိသဖြင့် အချိန်ကို တိုင်းတာရန် ခက်ခဲလှသည်။
「 ...ထို့ကြောင့် ၁၅ ကြိမ်မြောက် နောက်ပြန်ဆုတ်သူ ယူဂျွန်ဟော့သည် သေဆုံးခါနီးတွင် ‘ငါ ကံမကောင်းခဲ့ဘူး’ ဟု တွေးခဲ့လေသည်။ 」
「 ...၁၉ ကြိမ်မြောက် ဘဝ၏ အဆုံးသတ်တွင် ယူဂျွန်ဟော့က ‘နောက်တစ်ကြိမ်ပေါ့’ ဟု တွေးခဲ့သည်။ 」
「 ...ယူဂျွန်ဟော့သည် သူ၏ ၂၅ ကြိမ်မြောက် ဘဝကို အဆုံးသတ်လိုက်ပြီး ‘တကယ့်ကို နောက်တစ်ကြိမ် ဖြစ်လာမှာပါ’ ဟု ရေရွတ်ခဲ့သည်။ 」
…သူ့ကို လူပီသလာပြီဆိုတဲ့ စကားကို ကျနော် ပြန်ရုပ်သိမ်းရမည်။
ဒီကောင်ကတော့ ပထမအကြိမ် ပြင်ဆင်ချက်မှာတောင် ရေဆန်ကို အစကနေပြန်ပြီးဆန်တက်ဖို့ကြိုးစားနေသည့် ငါးရံ့လေးအတိုင်း ဖြစ်နေတုန်းပင်။ ကျနော် ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ အတူတူပဲ ဖြစ်နေလေသည်။
ယူဂျွန်ဟော့၏ သေဆုံးမှုများကြားမှ ကျနော် လိုအပ်သော အချက်အလက်များကို ရှာဖွေရန်လည်း မမေ့ခဲ့ပေ။ စားတော်ဆက်အသင်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များမှာမူ သိပ်မရှိလှပေ။ ယူဂျွန်ဟော့သည် နောက်ပိုင်းအဆင့်များတွင် စားတော်ဆက်အသင်းသို့ သွားရောက်ခဲ့ သော်လည်း ထိုသို့သွားရောက်ခြင်းမှာ သူတို့နှင့် ပေါင်းသင်းရန် မဟုတ်ဘဲ သတ်ဖြတ်ရန်အတွက် ဖြစ်၏။ ထိုအပိုင်းများမှာ များသောအားဖြင့် "အားးးးးး" ဟူသော အော်ဟစ်သံများဖြင့်သာ ပြည့်နှက်နေလေသည်။
「 မြေခွေးပျံက ‘နက္ခတ်တွေ အားလုံးက မကောင်းဘူး။ ဒါပေမဲ့ စားတော်ဆက်အသင်းကတော့ သူတို့ထဲမှာ အဆိုးဆုံးပဲ’ ဟု ပြောခဲ့သည်။ 」
သူတို့နှင့် ပတ်သက်ပြီး ကောင်းမွန်သော အကြောင်းအရာများကို ရှာဖွေရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။ ကျနော် ဖတ်ရှုလေလေ၊ စားတော်ဆက်အသင်းသို့ သွားခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် ဟုတ်၊ မဟုတ် ပို၍ မသေချာလေလေ ဖြစ်လာသည်။ ဘာပဲဖြစ်ဖြစ် ကျနော် Ways of Survival ကို ဆက်လက်ဖတ်ရှုနေမိသည်။
「 ယူဂျွန်ဟော့က ‘သူသာ ငါနဲ့အတူ လိုက်လာခဲ့ရင် ကောင်းမှာပဲ’ ဟု တွေးနေခဲ့သည်။ 」
မူရင်းနှင့် ပြင်ဆင်ချက်ကြားတွင် ခံစားချက် ကွာခြားချက် ရှိသည်ဆိုလျှင် ဤစကားလုံးများ ထွက်ပေါ်လာသည့် အချိန်ပင် ဖြစ်လောက်သည်။ ထိုစကားလုံးတို့မှာ ကျနော် မူရင်းလက်ရာထဲသို့ ဝင်ရောက် စွက်ဖက်ခဲ့သဖြင့် ကျန်ရစ်ခဲ့သော အမှတ်အသားများ ဖြစ်သည်။ ဤစာကြောင်းများ ပေါ်လာတိုင်း ကျနော် အထူး အာရုံစိုက်မိသည်။ အကြောင်းမှာ ‘တတိယအကြိမ် နောက်ပြန်ဆုတ်ခြင်း’ အကြောင်း ဖော်ပြထားသော အခန်း အနည်းငယ်သာ ရှိသောကြောင့် ဖြစ်၏။
「 ‘မင်း ဒါကို လုပ်ရမယ်။ ဒါက မှန်ကန်တဲ့ လမ်းစဉ်လို့ သူပြောခဲ့တယ်’ 」
…မှန်ကန်တဲ့ လမ်းစဉ် ဟုတ်လား။ ဒါက ဘာကို ဆိုလိုတာလဲ။
[စားသောက်ဖို့ အချိန်ရောက်ပါပြီ။ စိတ်ထဲမထားဘူးဆိုရင် ရိုးရိုးရှင်းရှင်းလေး တစ်ခု ပြင်ဆင်ထားပေးပါတယ်]
"ကျေးဇူးတင်ပါတယ်"
ရထားလုံး ရပ်သွားပြီး လမ်းညွှန်က ကျနော့်အတွက် အစားအစာတစ်ခု ပေးသည်။ အစားအစာမှာ လေယာဉ်ပေါ်တွင် ကျွေးသော အစားအစာမျိုး ဖြစ်သည်။ အဆင့်မြင့် ဝက်ပေါင်ခြောက်နှင့် ဆင်တူပြီး အလွန်မွှေးကြိုင်လှ၏။ သို့ပေသိ ထိုအရာက တကယ့် ဝက်ပေါင်ခြောက်တော့ မဟုတ်ပေ။
[ဆီလီဂျီဒွန်ဂြိုဟ် ၏ နောက်ဆုံးသော လက်ဝှေ့ကျော်]
ဤသည်က စားတော်ဆက်အသင်း၏ ထုံးစံအတိုင်း ဇာတ်လမ်းဖြင့် ပြုလုပ်ထားသော အစားအစာ ဖြစ်သည်။ ကျနော် ခံစားရသော ခံစားချက်အရ အတော်လေး အားကောင်းသော ဇာတ်လမ်းတစ်ခု ဖြစ်ပုံရသည်။
လမ်းညွှန်က ကျနော့်ကိုပေးထားသော ခက်ရင်းဖြင့် နူးညံ့သော ဝက်ပေါင်ခြောက်ကို ကျနော် ထိလိုက်သည်။ ထိုအခိုက်အတန့်တွင် ဇာတ်လမ်း၏ အကြောင်းအရာ အချို့မှာ ကျနော့်ဦးနှောက်ထဲသို့ စီးဝင်လာသည်။
—ကျေး... ကျေးဇူးပြုပြီး ကျနော့်ကို ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ…
နက္ခတ်များ၏ ရုန်းရင်းဆန်ခတ်မှုကြောင့် ကြောက်မက်ဖွယ်ကောင်းအောင် ပြိုလဲသွားသော မြို့တစ်မြို့။ ပြင်းထန်သော ဖိအားအောက်တွင် ပေါက်ကွဲထွက်သွားကြသော ကိုယ်စားလှယ်များ၏ သဏ္ဌာန်။ ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားသော သေလုမျောပါး လက်ဝှေ့ကျော်…
ယုတ်မာစွာ ပြုံးနေကြသော နက္ခတ်များ၏ ပါးစပ်များထဲသို့ စုတ်ပြတ်နေသော ကိုယ်စားလှယ်များ၏ ရုပ်အလောင်းများ စီးဝင်သွားကြသည်။ ပျောက်ကွယ်သွားပြီဖြစ်သော ကမ္ဘာကြီး၏ နောက်ဆုံးမြင်ကွင်း။ ကိုယ်စားလှယ်များ၏ အော်ဟစ်သံများနှင့် မျှော်လင့်ချက်မဲ့မှုများသည် ကျနော့်နှာခေါင်းဝတွင် လာရောက် စုဝေးနေကြသည်။
ကျနော်သည် ဝက်ပေါင်ခြောက်ကို ငုံ့ကြည့်လိုက်ပြီး ခက်ရင်းကို တိတ်ဆိတ်စွာ ပြန်ချထားလိုက်သည်။
[...အစားအစာက မင်းရဲ့အရသာနဲ့ မကိုက်ညီလို့လား]
"အခုလောလောဆယ် ဗိုက်မဆာသေးလို့ပါ"
ကျနော်က တည်ငြိမ်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
[စိတ်မကောင်းပါဘူး။ နက္ခတ်တစ်ပါးအနေနဲ့ မင်းရဲ့ အကြိုက်ကို ငါ ထည့်မတွက်မိဘူးဖြစ်သွားတယ်။ အစားအစာအသစ်ကို ငါထပ်ပြီး ပြင်ဆင်ပေးပါမယ်...]
"ရပါတယ်။ ငါ့မှာ ပါလာတာပဲ စားပါ့မယ်"
လမ်းညွှန်သည် နှမြောတသဟန်ဖြင့် ပန်းကန်များကို သိမ်းဆည်းသွားပြီး မောင်းနှင်သူခုံတွင် ပြန်ထိုင်လိုက်သည်။ သူ လုံးဝထွက်သွားတော့မှ ကျနော်သည် တင်းမာနေသော မျက်နှာထားကို လျှော့ချလိုက်မိသည်။ အော့အန်ချင်စိတ်များပင် ပေါက်လာခဲ့သည်။
Ways of Survival ထဲတွင် ခုနကတင် ဖတ်လိုက်ရသည့် စာကြောင်းတစ်ကြောင်းမှာ ကျနော့်ဦးနှောက်ထဲသို့ ဖြတ်ပြေးသွားသည်။
「 "ဒါဟာ ကိုယ်စားလှယ်တွေအတွက်တော့ အိမ်မက်ဆိုးတစ်ခုပဲ" 」
ကျနော် ဘယ်ကိုသွားနေသည်၊ မည်သူများကို ရင်ဆိုင်ရမည်ဆိုသည်ကို တစ်ကျော့ပြန် သတိပြုမိသွားသည်။ ကျနော်သည် အပျော်ခရီးထွက်သလိုမျိုး မိုက်မဲစွာ ပြုမူခဲ့မိ၏။
ကျနော့်အိတ်ကပ်ထဲတွင် ရှိနေသော ဇာတ်လမ်းအချို့ကို ကျနော် တို့ထိကြည့်လိုက်သည်။ သူတို့ စားသုံးခဲ့သည့် ဇာတ်လမ်းများနှင့် နှိုင်းယှဉ်လျှင် 'ဇာတ်လမ်း၏ မိုးကုတ်စက်ဝိုင်း' တွင် စွန့်ပစ်ခံထားရသော ဇာတ်လမ်းများမှာ အရောင်အဆင်းနှင့် အနံ့အသက် လုံးဝမရှိသလောက်ပင်။ ၎င်းတို့မှာ သာမန်ကိုယ်စားလှယ်များ သာမန်အတိုင်း ရှင်သန်နေထိုင် သေဆုံးသွားကြသည့် အမှိုက်ကဲ့သို့သော ရိုးရှင်းသည့် ဇာတ်လမ်းများသာ ဖြစ်သည်။ ထို့ကြောင့်သာလျှင် စားတော်ဆက်အသင်းက ၎င်းတို့ကို လျစ်လျူရှုကာ စွန့်ပစ်ခဲ့ခြင်းဖြစ်လောက်သည်။
ကျနော်သည် 'လာမာ့ခ်၏ သစ်ကုလားအုတ်' ကို အသုံးပြု၍ ဇာတ်လမ်းအပိုင်းအစများကို စုပ်ယူလိုက်ပြီး မျက်လုံးများကို တိတ်ဆိတ်စွာ မှိတ်ထားလိုက်သည်။ ကျနော် အိမ်မက်ဆိုးတစ်ခု မက်တော့မည်ဟု ခံစားနေရလေသည်။
ခရီးစဉ်သည် ရက်အနည်းငယ်ကြာအောင် ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး ထိုအားလပ်ချိန်အတွင်း ကျနော် ဂရုမစိုက်ဖြစ်ခဲ့သော အရာအချို့ကို ပြန်လည်စစ်ဆေးကြည့်ရှုခဲ့သည်။
[ပိုင်ဆိုင်ထားသော ဒင်္ဂါးပမာဏ - ၁,၂၅၂,၃၅၃ ဒင်္ဂါး။]
ပထမဦးစွာ ကျနော် သတိမထားမိခဲ့သော ဒင်္ဂါးများကို စစ်ဆေးလိုက်သည်။ အရေအတွက်က တကယ့်ကို များပြားလှသော ငွေပမာဏပင် ဖြစ်သည်။
၁.၂ သန်းဆိုလျှင် မဟာမိစ္ဆာ၏မျက်လုံးကို ဝယ်ယူရန် လုံလောက်သော ပမာဏ ဖြစ်သော်လည်း အန်နာ ခရော့ဖ်က မဟာမိစ္ဆာ၏မျက်လုံးကို ရရှိသွားပြီးသား ဖြစ်သည်။ ကျနော့်တွင် ပိုမိုကောင်းမွန်သော စွမ်းရည်ရှိသဖြင့် ထိုမျက်လုံးကို မလိုအပ်သော်လည်း...
ကျန်ရှိနေသော ဒင်္ဂါးများကို မည်သို့အသုံးပြုရမည်နည်းဟု ကျနော် စဉ်းစားနေမိသည်။ စွမ်းရည်အလုံးစုံကို မြှင့်တင်ခြင်းမှာ မဆိုးလှသော်လည်း ပျမ်းမျှအဆင့် ၁၀၀ ကျော်သွားသည်နှင့် စွမ်းရည်များ၏ ထိရောက်မှုမှာ စတင်ကျဆင်းလာတတ်သည်။ ထို့ကြောင့် စွမ်းရည်အသစ်များတွင် ရင်းနှီးမြှုပ်နှံခြင်းက စွမ်းရည်အဆင့်များတွင် ရင်းနှီးမြှုပ်နှံခြင်းထက် ပိုမိုကောင်းမွန်ပေ လိမ့်မည်။
စုဆောင်းထားသော စွမ်းရည်အလုံးစုံမှာ အလွန်အမင်း များပြားနေသည့် အချိန်မျိုးလည်း ရှိတတ်သည်။ Fourth Wall ကို ကျနော် ဖျောင်းဖျပြီးသည်နှင့် ကျနော့်၏ ဝိသေသ လက္ခဏာ ဇယားကို သေချာပေါက် စစ်ဆေးရပေမည်။
[ခရီးသည်အသစ် တစ်ဦး ဝင်လာပါတော့မယ်။ အဆင်ပြေရဲ့လား]
ကျနော် အတွေးများထဲတွင် အာရုံနစ်ဝင်နေသဖြင့် ရထားလုံး ရပ်သွားသည်ကိုပင် သတိမထားမိခဲ့ပေ။
"အင်း။ ရပါတယ်"
ကျနော့် အဖြေကြောင့် ရထားလုံး၏ ဘယ်ဘက်တံခါးမှာ ပွင့်လာခဲ့သည်။ တံခါးကြားမှတစ်ဆင့် ကျနော်နှင့်အတူ လိုက်ပါလာမည့်သူများကို ကြည့်ရင်း ကျနော် အနည်းငယ် စိတ်လှုပ်ရှားမိ၏။ လိုက်ပါလာမည့်သူတို့မှာ နက္ခတ်များ ဖြစ်နိုင်ခြေ အလွန်မြင့်မားသောကြောင့်ပင်။
"ဟား... ငါ စောင့်နေရတာ တော်တော်ကြာပြီ။ ဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲ"
[တောင်းပန်ပါတယ်။ လမ်းက ကျနော် ထင်ထားတာထက် ပိုပြီး ကြမ်းတမ်းနေလို့ပါ...]
အနည်းငယ် ရင်းနှီးနေသော အသံတစ်ခု ကျနော့်နားထဲသို့ တိုးဝင်လာခဲ့သည်။ လေသံမှာ ရုရှား လေယူလေသိမ်း ရောနှောနေသော အမျိုးသမီးတစ်ဦး၏ စူးရှရှအသံပင် ဖြစ်သည်။
တံခါးကြားမှတစ်ဆင့် လူသုံးဦးကို ကျနော် မြင်လိုက်ရ၏။
[အရင် ရောက်နှင့်နေတဲ့သူ တစ်ယောက် ရှိပါတယ်။ မင်းတို့ ခရီးစဉ် သာယာပါစေလို့ ဆုတောင်းပေးပါတယ်။]
ကံကောင်းသည်လား၊ ကံဆိုးသည်လားတော့ မသိ၊ မည်သည့် နက္ခတ်၏ အငွေ့အသက်ကိုမျှ ကျနော် မခံစားရပေ။ တစ်နည်းအားဖြင့်ဆိုရသော် သူတို့အားလုံးမှာ ကိုယ်ပိုင်ဇာတ်လမ်းများ ရှိကြသော ကိုယ်စားလှယ်များသာ ဖြစ်ကြသည်။
ငြင်သာသော အပြုံးရှိသည့် အမျိုးသမီးတစ်ဦး ရထားလုံးပေါ်သို့ အရင်ဆုံး တက်လာခဲ့သည်။
"ခွင့်ပြုပါဦး"
ယဉ်ကျေးစွာ နှုတ်ဆက်လာသော ထိုအမျိုးသမီးတွင် လေထဲ၌ လွင့်ဝဲနေသော ဆံပင်ညိုရောင်များ ရှိသည်။ အမျိုးသမီးက ခေါင်းမော့လိုက်သည့် ခဏမှာပင် ကျနော်က အလိုအလျောက် မေးလိုက်မိသည်။
"ဆယ်လီနာ ကင် မလား"
ဆယ်လီနာ ကင်သည် နက္ခတ်များ၏ စားသောက်ပွဲတွင် ပါဝင်ခဲ့သော အမေရိကန် ကိုယ်စားပြု ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည်။ ကျနော့်၏ ပြောင်းလဲသွားသော မျက်နှာကြောင့် ဖြစ်ပေလိမ့်မည်၊ ထိုအမျိုးသမီးမှာ ခဏမျှ ဇဝေဇဝါ ဖြစ်နေပြီးမှ အော်ဟစ်လိုက်သည်။
"ဟမ်... ရှင်က..."
"ငါ ဘယ်သူလဲဆိုတာ မှတ်မိလား"
"မှတ်မိတာပေါ့။ ကင်ဒေါ့ဂျာ။ မတွေ့ရတာ ကြာပြီနော်။ ရှင်လည်း ဖိတ်ကြားခံရတာလား"
"ဟုတ်ကဲ့၊ အဲဒီလိုပဲ ပြောရမှာပေါ့"
ဆယ်လီနာနှင့် လက်ဆွဲနှုတ်ဆက်ပြီး ကျန်ရှိနေသော အဖွဲ့ဝင်များကို ကျနော် အကဲခတ်လိုက်သည်။ ဆယ်လီနာနောက်တွင် လိုက်ပါလာသူမှာ ဆံပင်နှစ်ဖက်ခွဲချည်ထားသော မိန်းကလေးတစ်ဦး ဖြစ်သည်။
"မင်းက... ဟင်"
မျှော်လင့်ထားသည့်အတိုင်း ထိုသူကို ကျနော် မြင်ဖူးသည်။ သူသည် နက္ခတ်များ၏ စားသောက်ပွဲတွင် တွေ့ခဲ့သော ရုရှားမိန်းကလေးပင် ဖြစ်သည်။
သူ့နာမည်က... ဘယ်လိုခေါ်ပါလိမ့်။
ထိုရုရှားမိန်းကလေးတွင် ‘မဟူရာ’ဘာဆိုလား ဆိုသော ဘွဲ့အမည် ရှိသည်ကိုတော့ ကျနော် မှတ်မိနေသည်။
ထိုမိန်းကလေးကို လျစ်လျူရှုပြီး ကျန်ရှိနေသော လူကို ကျနော် စစ်ဆေးလိုက်သည်။ ထိုအခိုက်အတန့်တွင် ကျနော့်တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့၏။
"ဒါက ငါတို့တွေ ပထမဆုံးအကြိမ် ဆုံဖြစ်ကြတာပဲနော်"
တည်ငြိမ်ပြီး အေးဆေးသော ထိုအသံထဲတွင် အတိုင်းအတာမဲ့သော နက်ရှိုင်းမှုများ ပါဝင်နေသည်။ ထိုသူကို ကျနော် ကောင်းကောင်း သိသည်။ သူသည် Ways of Survival ထဲတွင် ယူဂျွန်ဟော့နှင့်အတူ အင်အားအကြီးဆုံးသော ကိုယ်စားလှယ်များထဲမှ တစ်ဦးဖြစ်၏။ သူနှင့် ကျနော် ယခင်က ဆုံဖူးခဲ့သေးသည်။
"တခါတုန်းကတော့ နင့်ကို အိပ်မက်ထဲမှာ ငါ မြင်ခဲ့ဖူးတယ်။ အဲဒါက တော်တော်ကြာသွားပြီမို့လို့ ငါ သိပ်မမှတ်မိတော့ဘူး။ အဲဒီတုန်းက နင်ပြောခဲ့တာက ငါတို့ ပြန်ဆုံကြဦးမယ် ဆိုတာပဲ..."
ကျနော် မှတ်မိသွားသည်။ အစိမ်းရောင်ဇုန် ဇာတ်ဝင်ခန်းတွင် တစ္ဆေကျောက်တုံးကို စားသုံးပြီးနောက် သူ့ကို ကျနော် မြင်ခဲ့ရသည်။ ကျနော် သူ့ကို ပြောလိုက်၏။
"ငါ မှတ်မိပါတယ်"
"ငါ တရားဝင် နှုတ်ဆက်ပါရစေ။ နင်နဲ့ ဆုံရတာ ဝမ်းသာပါတယ်၊ ကင်ဒေါ့ဂျာ။ မဟုတ်ဘူး... ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်"
သူ၏ ရွှေရောင်ဆံပင်များအထက်တွင် အဝါရောင် မိစ္ဆာမျက်လုံးတစ်လုံး ပျံဝဲနေစဉ်မှာပင် သူက ပြုံးပြလိုက်သည်။ အလွန်လှပသော အပြုံးတစ်ခု ဖြစ်သော်လည်း ကျနော် ထိုအပြုံးကို လက်မခံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအပြုံး၏ နောက်ကွယ်ရှိ ထိတ်လန့်ဖွယ် အတွေးများကို မည်သူထက်မဆို ပို၍ ကျနော် သိနေသောကြောင့် ဖြစ်သည်။
"ငါက အန်နာ ခရော့ဖ် ပါ"
အက်စ်ဂတ်၏ ပရောဟိတ်။ ဇလွာတူစထွာ၏ အကြီးအကဲ၊ အန်နာ ခရော့ဖ်မှာ ဤနေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
***