ကျနော့်စကားကြောင့် အဖိုးအို၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။
"…ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်… လား"
အဖိုးအို၏ ရှုပ်ထွေးပွေလီလှသော မျက်နှာအရေးအကြောင်း များကြောင့် သူ၏ စိတ်ခံစားချက်အတိအကျကို ခန့်မှန်းရန် ခက်ခဲလှသည်။ အဖိုးအိုသည် ပထမဦးစွာ အံ့သြသွားပြီးနောက် ဒေါသထွက်ဟန်ပြကာ နောက်ဆုံးတွင်မူ ချီးကျူးအံ့သြသော အရိပ်အယောင်များ ပေါ်လာ၏။ အတိအကျပြောရလျှင် စိတ်ခံစားချက်အားလုံးမှာ မျက်နှာအမူအရာတစ်ခုတည်းတွင် စုပြုံပါဝင်နေခြင်း ဖြစ်လေသည်။
"ဒါပေါ့လေ... မင်းက... ဟားဟား… အခုမှပဲ သဘောပေါက်တော့တယ်"
အဖိုးအိုသည် ကျနော့်ကို သိနေပုံရသည်။ ပါစီဖုန်းမှလွဲ၍ စားတော်ဆက်အသင်းတွင် ကျနော့်အကြောင်း သိမည့်သူ ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိသော်လည်း... သူက သိသိသာသာကြီးကို သတိထားမိနေခြင်းဖြစ်ပုံရ၏။
"အဖိုးရဲ့ ဘွဲ့အမည်ကို မေးလို့ရမလားခင်ဗျာ"
အဖိုးအိုသည် ကျနော့်မေးခွန်းကို ပြန်မဖြေဘဲ အဓိပ္ပာယ်ဖော်ရခက်သော အပြုံးတစ်ခုကိုသာ ပြုံးလိုက်သည်။
"ငါလုပ်ထားတဲ့ ဝတ်ရုံကို မင်းကြိုက်ရဲ့လား"
"…ဗျာ"
"မင်း အခုဝတ်ထားတဲ့ ဝတ်ရုံလေ"
ကျနော်သည် ဝတ်ထားသော အဖြူရောင်ဝတ်ရုံကို ငုံ့ကြည့်မိသည်။
[အနန္တနယ်ပယ် အာကာသဝတ်ရုံ]
ဤဝတ်ရုံမှာ မြုံအီဆန်ကို အနိုင်ယူပြီးနောက် ကျနော် ရရှိခဲ့သည့် ဆုလာဘ်ဝတ်ရုံ ဖြစ်သည်။ ဤဝတ်ရုံကို ဖန်တီးခဲ့သည့် နက္ခတ်၏ အမည်မှာ...
"…ထုတ်လုပ်ရေး လုပ်ငန်းရှင် လား"
ကျနော်၏ အံ့သြတကြီး ရေရွတ်သံကြောင့် အဖိုးအိုက ရယ်မောလိုက်သည်။
"ငါ့ကို အဲဒီလိုပဲ ခေါ်ကြတာတော့ အမှန်ပဲ"
သူက လက်မထောင်ပြလိုက်သဖြင့် ကျနော် အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။ ‘ထုတ်လုပ်ရေး လုပ်ငန်းရှင်’။ သူသည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ ဇာတ်ဝင်ခန်းများအပေါ် သြဇာအရှိဆုံး နက္ခတ်များစာရင်းတွင် ပါဝင်သူ ဖြစ်၏။
သူ၏ တိုက်ခိုက်နိုင်စွမ်းကို အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ရန် ခက်ခဲသော်လည်း သူသည် နက်ဗျူလာများစွာနှင့် စီမံခန့်ခွဲရေးဌာနတို့အကြား နီးကပ်သော ဆက်နွယ်မှုရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ပို၍ ဆိုးသည်မှာ ကျနော်သည် ပဉ္စမမြောက် ဇာတ်ဝင်ခန်းတွင် ထုတ်လုပ်ရေး လုပ်ငန်းရှင်၏ ကိုယ်စားလှယ်ဖြစ်သူ မြုံအီဆန်ကို သတ်ဖြတ်ခဲ့မိခြင်းပင်။
"ဟားဟား… အဲဒီလို မျက်နှာပေးနဲ့ ကြည့်မနေပါနဲ့။ ငါ မင်းကို ကိုက်မစားပါဘူးကွာ"
ထုတ်လုပ်ရေး လုပ်ငန်းရှင်သည် ကျနော် ဘာပြောချင်နေသည်ကို ရိပ်မိပုံရသည်။
"မင်း ဘာတွေးနေလဲဆိုတာ ငါသိပါတယ်။ စိုးရိမ်မနေပါနဲ့။ ဒါက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုမှာ ဖြစ်နေကျအရာတွေပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါစိတ်ဝင်စားရမယ့် လူစားမျိုးလည်း မဟုတ်ပါဘူး"
"…"
"သူက သတ္တိလည်းမရှိ၊ စိတ်ဓာတ်လည်း အားနည်းပြီး အမြဲတမ်း လွယ်ကူတဲ့ လမ်းကိုပဲ ရှာနေတဲ့သူလေ"
ကျနော့်စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ရောယှက်သွား၏။ ထုတ်လုပ်ရေး လုပ်ငန်းရှင်က ထိုကိစ္စကို ဂရုမစိုက်သည့်အတွက် စိတ်သက်သာရာရမိသလို၊ တစ်ဖက်တွင်လည်း ထုတ်လုပ်ရေး လုပ်ငန်းရှင်ကဲ့သို့သော နက္ခတ်မျိုးကပင် ကိုယ်စားလှယ်များကို ကိရိယာတန်ဆာပလာများအဖြစ်သာ သဘောထားခြင်းအပေါ် စိတ်ပျက်မိသွား၏။
ကျနော်က တည်ငြိမ်ဟန်ဆောင်လိုက်ရင်း "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
" ကျေးဇူးတင်မနေစမ်းနဲ့။ ဘယ်လောက်ပဲ ညံ့ဖျင်းပါစေ သူက ငါ့ရဲ့ ကိုယ်စားလှယ်ပဲလေ... ဒါနဲ့… မင်းဖန်တီးထားတဲ့ ဇာတ်လမ်းကို ငါတွေ့တယ်"
"ကျနော့်ရဲ့ ဇာတ်လမ်းကိုတွေ့တယ် ဟုတ်လား"
"ဟုတ်တယ်။ မင်းက ဇာတ်ဝင်ခန်းကို မျှော်လင့်မထားတဲ့ ဘက်တွေကို ဦးတည်အောင် လုပ်နိုင်စွမ်းရှိပြီး အုတ်အော်သောင်းနင်းဖြစ်အောင်လုပ်ဆောင်ခြင်းမှာလည်း တော်သားပဲ။ မင်းကြောင့် ငါ ခဏလောက်တော့ မပျင်းရတော့ဘူး။ ငါ မင်းကို ကြယ်ငါးပွင့် ပေးထားတယ်"
ထိုစကားက ချီးကျူးစကားလား၊ လှောင်ပြောင်စကားလားဆိုသည်ကို ကျနော် မသေချာသော်လည်း သူ့ကို ကျေးဇူးတင်စကား ပြောလိုက်၏။
"မင်း ဒီကိုလာတာ ပထမဆုံးအကြိမ်မလား။ ဘယ်သူက မိတ်ဆက်ပေးလိုက်တာလဲ"
"မရဏလောကရဲ့ ဘုရင်မ ပါ"
ထုတ်လုပ်ရေး လုပ်ငန်းရှင်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
"အဲဒီအဖွားကြီးကတော့ကွာ...ဟားဟား… နည်းလမ်းပေါင်းစုံကို သုံးနေတာပဲ။ ဒီလိုအချိန်မျိုးမှာ မင်းလို လူသစ်တစ်ယောက်ကို ခေါ်လာရတယ်လို့..."
သူ ဆိုလိုသည့်အရာကို ကျနော် သိနေသော်လည်း တမင်တကာ တုန်လှုပ်ဟန်ပြလိုက်သည်။
"စားတော်ဆက်အသင်းမှာ ဘာတွေဖြစ်နေလို့လဲခင်ဗျာ"
"သူတို့ကတော့ အမြဲတမ်း တစ်ခုခု လုပ်နေကြတာကွ။ အဲဒါထက်စာရင် အဲဒီအဖွားကြီးက မင်း ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ဖို့အတွက် မင်းကို ပစ်ထားခဲ့တာလား။ ကျွတ်ကျွတ်... ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအဖွားကြီးက အိုလံပတ်စ်ကပဲလေ။ လာခဲ့။ ငါ မင်းကို အကျဉ်းချုံးပြီး မိတ်ဆက်ပေးမယ်"
မျှော်လင့်မထားဘဲ အရာအားလုံး အဆင်ပြေချောမွေ့နေသည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင်၏ နောက်ကနေ လိုက်သွားရင်း ပတ်ဝန်းကျင်ကို ကျနော် အကဲခတ်လိုက်သည်။ ကြည့်စရာ ခမ်းနားထည်ဝါမှုတွေ များနေသော်လည်း ဤနေရာကို လာရသည့် ရည်ရွယ်ချက်ကိုတော့ ကျနော် မမေ့လျော့ပေ။ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် အနေဖြင့် ကျနော့်ကို ကူညီပေးနိုင်မည့် နက္ခတ်များကို စည်းရုံးရန် လာခဲ့ခြင်း ဖြစ်၏။
ကြည့်ရအောင်။ ပထမဆုံးအဆင့်က နက္ခတ်တွေကို စကားပြောဖို့ပဲ...
"ဟိုဘက်မှာ အရက်မူးနေတဲ့သူက ဘယ်သူလဲဆိုတာ မင်းသိတယ်မလား။ သူက သော်(Thor) လေ။ ဟိုဘက်က တက်ကြွပြီး တင်းမာတဲ့ ပုံစံရှိတဲ့ အမျိုးသမီးကတော့ ဗကာရင်း(Vakarine) ပဲ..."
ထုတ်လုပ်ရေး လုပ်ငန်းရှင်က နက္ခတ်တစ်ပါးချင်းစီ၏ အမည်ကို ခေါ်လိုက်တိုင်း ကျနော် ရင်တဖိုဖို ခံစားရသည်။ နက္ခတ်များ၏ အမည်ရင်းများမှာ သူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သော စွမ်းအား ရှိ၏။ ပြဿနာမှာ သူတို့က ထိုသို့ခေါ်သည်ကို နှစ်သက်ကြမည်လား သို့မဟုတ် ဒေါသထွက်ကြမည်လား ဆိုသည်ပင်။ ကျနော်သည် ပါစီဖုန်းကဲ့သို့သော နက္ခတ်များကို တစ်ခါတစ်ရံ အမည်ခေါ်ဖူးသော်လည်း ယခုကဲ့သို့တော့ မဟုတ်ခဲ့ပေ...
"သူတို့က ငါ့ကို သိပ်မကြည်ကြဘူး၊ ဒါကြောင့် မင်းကို သူတို့နဲ့ မိတ်ဆက်မပေးနိုင်ဘူး။ ငါ အနားကပ်သွားတာနဲ့တင် သူတို့က ကြောက်နေကြတာလေ"
အမှန်စင်စစ် ‘ကြာသပတေးနေ့၏ မိုးကြိုး’ နှင့် ‘မိုးသောက်ကြယ် နတ်ဘုရားမ’ တို့မှာ ထုတ်လုပ်ရေး လုပ်ငန်းရှင်ကို ရှောင်ဖယ်နေကြပုံရသည်။ အကြောင်းရင်းကို ကျနော် အကြမ်းဖျင်း သိနေ၏။
"ကျွတ်ကျွတ်… သူတို့က ဇာတ်လမ်းကောင်းဆိုတာ ဘာလဲဆိုတာ မသိကြဘူး..."
မည်သို့ပင်ဖြစ်စေ ထုတ်လုပ်ရေး လုပ်ငန်းရှင်နှင့်အတူ လှုပ်ရှားနေရုံဖြင့် နက္ခတ်များ၏ တုံ့ပြန်မှုမှာ သိသိသာသာ ကွဲပြားသွားသည်ကို ကျနော် ခံစားရသည်။ ယခင်က ဝင်ရောက်ရန် ခက်ခဲခဲ့သော စားသောက်ပွဲခမ်းမ၏ ဗဟိုချက်မသို့လည်း လွယ်ကူစွာ ရောက်ရှိသွား၏။ သို့သော်လည်း ယခုတော့ ကျနော် စကားမပြောရသေးခင်မှာပင် လူတိုင်းက ထွက်ပြေးနေကြလေသည်...
အာ…
အက်စ်မိုးဒီအက်စ် ကလည်း စားတော်ဆက်အသင်းဝင် တစ်ယောက်ဆိုတာကို ကျနော် သတိရသွားသည်။
သူ ဘယ်မှာပါလိမ့်။
"အဓိက အခမ်းအနား စတော့မယ့်ပုံပဲ"
ထုတ်လုပ်ရေး လုပ်ငန်းရှင်သည် တစ်ကိုယ်တည်း ပြုံးလိုက်ရင်း ကျနော့်လက်ကို ဆွဲလိုက်သည်။ ကျနော် ဘေးနားရှိ စားပွဲတစ်ခုတွင် ထိုင်လိုက်သည့်အခါ လမ်းညွှန်သူက အစားအစာများကို ချက်ချင်း ချပေးလေသည်။
[ကိုးဆင့်မြောက် စက်ဝိုင်း မဟာသူတော်စင်ကြီး မာဘာတိုးစ်၏ မျက်လုံးများ]
ကျနော် အစားအစာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခက်ရင်းကို ပြန်ချလိုက်သည်။ ဘေးနားရှိ နက္ခတ်အချို့က ကျနော့်ကို လှောင်ရယ်ကြသည်။ ကျနော် အစားအစာကို မထိရဲမကိုင်ရဲဖြစ်ပြီး မစားနိုင်သည်ကို သူတို့က အထင်သေးနေကြပုံရသည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင်ကတော့ ထိုအကြည့်များကို လျစ်လျူရှုထားပြီး မျက်လုံးများကို ဝါးစားနေလေသည်။
"ဒါက အရသာရှိသားပဲ။ ဟိုမှာကြည့်လိုက်။ အဲဒီမိတ်ဆွေက ဒီနေ့ရဲ့ အခမ်းအနားမှူးပဲ"
စင်မြင့်ပေါ်တွင် အလင်းရောင်များ လင်းထိန်သွားပြီး အခမ်းအနားမှူး ထွက်ပေါ်လာသည်။ ထိုမျက်နှာမှာ ရင်းနှီးနေသည်။ သူသည် စောစောက ကျနော့်ကို တွန်းတိုက်သွားခဲ့သော နက္ခတ်ပင် ဖြစ်သည်။ ထိုနက္ခတ်မသည် လှပသော ဂေါသစ်အငွေ့အသက်ရှိသည့် ဂါဝန်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချစ်စရာကောင်းသော မျက်နှာရှိသည့် အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။
[စားတော်ဆက်အသင်းဝင်များရှင့်။ မင်္ဂလာပါ~ ကျမကတော့ ဒီနေ့ရဲ့ အခမ်းအနားမှူး ယူဖရိုဆီနီပါ]
အမည်ကို ကြားလိုက်ရုံဖြင့် သူသည် မည်သူဖြစ်သည်ကို ကျနော် သိလိုက်သည်။ ပျော်ရွှင်ခြင်းနှင့် ပွဲတော်များ၏ နတ်ဘုရားမ ယူဖရိုဆီနီ။ သူသည် အိုလံပတ်စ် နက်ဗျူလာတွင် ပါဝင်သော နက္ခတ်တစ်ပါး ဖြစ်၏။
လက်ခုပ်သံများနှင့်အတူ အချို့သော နက္ခတ်များမှာ သူတို့၏ သိက္ခာကိုပင် မငဲ့ကွက်နိုင်တော့ဘဲ အော်ဟစ်အားပေးကြသည်။
"အိုးးး… ယူဖလေးရေ… ဒီဘက်ကို ကြည့်ပါဦး"
အတိအကျပြောရလျှင် ကျနော့်ဘေးနားရှိ ထုတ်လုပ်ရေး လုပ်ငန်းရှင်ပင် ဖြစ်သည်။ ရုတ်တရက် Ways of Survival ထဲမှ မှတ်ဉာဏ်တစ်ခု ခေါင်းထဲသို့ ရောက်လာသည်။ မူရင်းဝတ္ထုထဲတွင် ယူဖရိုဆီနီသည် စားတော်ဆက်အသင်း ပွဲတော်၏ အခမ်းအနားမှူးအဖြစ် ထွက်ပေါ်လာသည့် အချိန်တစ်ခု ရှိခဲ့သည်။ ထိုစဉ်က ယူဂျွန်ဟော့က...
[အလုပ်များနေတဲ့ကြားက တက်ရောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ ဒီနေရာကို ငှားရမ်းပေးတဲ့ အိုရိုရဲတိုက်ရဲ့ အရှင်သခင်၊ ‘အတိုင်းအဆမဲ့ ခြိုးခြံချွေတာသူ’ နက္ခတ်ကိုလည်း ကျေးဇူးတင်ပါတယ်]
မဟုတ်မှလွဲရော၊ ယူဂျွန်ဟော့က ယူဖရိုဆီနီကို မူရင်းဝတ္ထုထဲမှာ သတ်ခဲ့တာများလား။
[ဒီနေ့မှာ အဓိက အစီအစဉ် နှစ်ခု ရှိပါတယ်။ အဲဒီမတိုင်ခင်မှာ အထူးဧည့်သည်တစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီနက္ခတ်တွေအကြောင်း ရှင်တို့ ကြားဖူးကြမှာပါ။ ဒီနေ့ရဲ့ ဧည့်သည်ကတော့ ခုတလော ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဂြိုဟ်တစ်ခုက လာတာပဲ ဖြစ်ပါတယ်]
စင်မြင့်ထောင့်တစ်နေရာတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားသည့်အခါ ကျနော့်တွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
[ကမ္ဘာမြေမှ ပရောဟိတ်မ၊ အန်နာ ခရော့ဖ် ကို လက်ခုပ်တီးပြီး ကြိုဆိုပေးကြပါဦး]
ဆူညံနေသော နက္ခတ်များမှာ တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြသည်။ အန်နာ ခရော့ဖ် သည် အဓိကစင်မြင့်ဆီသို့ လှေကားထစ်များအတိုင်း တက်လှမ်းသွားသည်ကို ကျနော် မြင်လိုက်ရသည်။
…ဒါကြောင့်ကိုး။
အန်နာ ခရော့ဖ် သည် အဘယ်ကြောင့် ယခုအချိန်တွင် စားတော်ဆက်အသင်းသို့ ရောက်ရှိလာသနည်းဆိုသည်ကို ကျနော် သိလိုက်ရသလိုပင်။ အန်နာ ခရော့ဖ် သည် တကယ်ကို ကျနော် မနှစ်သက်နိုင်သော အမျိုးသမီးတစ်ဦး ဖြစ်လေသည်။
အန်နာ ခရော့ဖ် သည် ထူးခြားတည်ငြိမ်သည့် အကြည့်များဖြင့် ပရိသတ်ကို ကြည့်လိုက်ပြီး တောက်ပသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"စားတော်ဆက်အသင်းက နက္ခတ်များရှင်၊ တွေ့ရတာ ဝမ်းသာပါတယ်။ ကျမကတော့ အက်စ်ဂတ် နက်ဗျူလာရဲ့ ကိုယ်စားလှယ် အန်နာ ခရော့ဖ် ပါ"
အန်နာ ခရော့ဖ်သည် သိက္ခာရှိရှိ ရပ်တည်နေသော်လည်း နက္ခတ်များမှာမူ အန်နာ ခရော့ဖ် ပါးစပ်ဟလိုက်သည့် အချိန်မှစ၍ မျက်မှောင်ကြုတ်နေကြပြီ ဖြစ်သည်။
"စားတော်ဆက်အသင်းလည်း တကယ်ကို နိမ့်ကျသွားပြီပဲ။ အစားအစာတစ်ခုက စင်ပေါ်မှာ စကားပြောနေတာကို ငါ မယုံနိုင်ဘူး"
"ဒီဘက်ခေတ် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွေကတော့ ပျက်စီးနေပြီ"
ဤနေရာမှာ စားတော်ဆက်အသင်း ဖြစ်သည်။ ဤပွဲမှာ အစားအသောက် ဝါသနာပါသော နက္ခတ်များအတွက် ဂရုတစိုက် ရွေးချယ်ထားသော ‘ဇာတ်လမ်းများ’ ၏ စားသောက်ပွဲ ဖြစ်၏။ မည်မျှပင် သဘာဝကျသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေပါစေ ‘လတ်ဆတ်သော ကိုယ်စားလှယ်များ’ မှာမူ ထိုဇာတ်လမ်း၏ အဓိက ပါဝင်ပစ္စည်းများသာ ဖြစ်ကြသည်။
အန်နာ ခရော့ဖ် သည် ထိုအချက်ကို သိလျက်နှင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်၏။
"ကျမမှာ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့ ကျမက ပထမဆုံး အစီအစဉ်ရဲ့ တင်ဆက်သူပါ"
ထို့ကြောင့်ပင် ဤအမျိုးသမီးမှာ ကြောက်စရာကောင်းလှသည်။
"နင် ဘယ်လို အစားအစာမျိုး ပြင်ဆင်ထားလဲဆိုတာ ငါတို့ မသိဘူး"
"အခုချက်ချင်း ထုတ်ပြလိုက်တော့"
ပတ်ဝန်းကျင် အခြေအနေမှာ တင်းမာလာပြီး ယူဖရိုဆီနီက အမြန်ကြားဝင်ဖြန်ဖြေရန် ကြိုးစားလိုက်သည်။
[ကဲ… အားလုံးပဲ။ အရမ်း စိတ်မလှုပ်ရှားကြပါနဲ့ဦး... သားကောင်ရဲ့ စကားကို နားထောင်ပေးတာလည်း အဆင်ပြေတာပဲမဟုတ်လား။ ရှင်တို့ရဲ့ အစားအစာအပေါ်မှာ အနည်းငယ်တော့ စိတ်ရှည်ပေးသင့်တာပေါ့]
ယူဖရိုဆီနီက တက်ကြွသော ဟန်ပန်ဖြင့် ပြုံးလိုက်သည့်အခါ ဆူပူနေသော နက္ခတ်များမှာ ခေတ္တခဏမျှ ငြိမ်ကျသွားသည်။ ပါးနပ်လှသော အန်နာ ခရော့ဖ် ကလည်း ဤအခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။
"မကြာသေးမီနှစ်တွေအတွင်းမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုဟာ ရိုးအီနေတဲ့ ဇာတ်လမ်းတွေနဲ့ ပြည့်နှက်နေပါတယ်"
စိန်ခေါ်မှုဆန်သော အစပြုမှုကြောင့် နက္ခတ်များမှာ သူမအပေါ် အာရုံစိုက်လာကြသည်။ အန်နာ ခရော့ဖ် က ဆက်ပြောသည်။
"ပြန်လာသူတွေ၊ လူဝင်စားတွေ၊ ဓားသခင်တွေ၊ ကိုးဆင့်မြောက် စက်ဝိုင်း မှော်ဆရာတွေ... ပရောဟိတ်တွေတောင် တူနေကြပြီ။ အဲဒါတွေ အားလုံးက တခြားသူတွေထက် ပိုပြီး အစွမ်းထက်လာဖို့ကနေပဲ စတင်တာပါ..."
အန်နာ ခရော့ဖ် ၏ မျက်နှာပေါ်တွင် မှေးမှိန်သော အပြုံးတစ်ခု ပေါ်လာ၏။
"ဒါဟာ ခဏတာ ပျော်ရွှင်မှုအတွက်ပဲ ဖန်တီးထားတဲ့ ဇာတ်လမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ဒီနေ့ခေတ် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုရဲ့ လက်တွေ့ဘဝပါပဲ"
နက္ခတ်များမှာ အံ့သြသွားပုံရသည်။ သူတို့၏ အစားအစာက ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေခြင်းအပေါ် အံ့အားသင့်နေကြ သလိုပင်။ သို့သော် အန်နာ ခရော့ဖ် ၏ ဇာတ်လမ်းမှာ အစပျိုးရုံသာ ရှိသေးသည်။
"အရင်က ဒီလိုမျိုး မဟုတ်ခဲ့ပါဘူး။ အနည်းဆုံးတော့ ပထမမျိုးဆက် ဇာတ်လမ်းတွေတုန်းက လမ်းကြောင်းက တခြားစီပါပဲ"
နက္ခတ်များမှာ မူးယစ်သွားသလိုဖြစ်နေကြပြီး အန်နာ ခရော့ဖ် ၏ နောက်ထပ်စကားလုံးများကို စောင့်ဆိုင်းနေကြသည်။
"အဲဒီတုန်းက နက္ခတ်တွေဟာ ဇာတ်လမ်းတွေကို မြတ်နိုးခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းတွေက တန်ဖိုးရှိလို့ပဲ။ ဒိုကဲဘီတွေက အကြောင်းအရာတစ်ခု ပေးတယ်၊ နက္ခတ်တွေက အဲဒီအကြောင်းအရာရဲ့ ပုံသဏ္ဍာန်နဲ့ အလှတရားကို ရှာဖွေကြတယ်။ အဲဒီအချိန်တုန်းက ဇာတ်လမ်းတွေဟာ ‘အနုပညာ’ နယ်ပယ်ကို အမှန်တကယ် ရောက်ရှိခဲ့ကြတာပါ"
…အနုပညာ။ အန်နာ ခရော့ဖ်သည် တကယ်ကို ကြောက်စရာကောင်းသော အမျိုးသမီး ဖြစ်၏။ ကိုယ်စားလှယ်တစ်ဦး၏ အနေအထားမှနေ၍ ဤသို့ ပြောနိုင်ခြင်းပင်။ နက္ခတ်များမှာ အန်နာ ခရော့ဖ် ၏ စကားကြောင့် အတိတ်ကို လွမ်းဆွတ်နေကြပုံရသည်။ သူတို့ထဲတွင် ပါစီဖုန်းကိုလည်း မြင်လိုက်ရသည်။ သူတို့အားလုံးမှာ ထိုခေတ်ကာလများမှ ရှင်သန်ကျန်ရစ်ခဲ့ကြသော နက္ခတ်များ ဖြစ်ကြ၏။
"စိတ်ဝင်စားစရာပဲ။ ဒါဆို ငါတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် ဇာတ်လမ်းမျိုး နင့်မှာ ရှိလို့လား"
စကားပြောလိုက်သူမှာ ခမ်းမထောင့်ကို မှီရပ်နေသော မိစ္ဆာဘုရင် တစ်ပါး ဖြစ်သည်။ အန်နာ ခရော့ဖ် သည် ထိုစိန်ခေါ်မှုကြောင့် ထိတ်လန့်မသွားဘဲ ပြုံးလိုက်သည်။
"မှန်ပါတယ်။ ပျောက်ဆုံးသွားတဲ့ ‘ပထမမျိုးဆက်’ ဇာတ်လမ်းတွေကို ရှင်တို့ဆီ ကျမက ပြန်ယူဆောင်လာပေးတော့မှာပါ"
နက္ခတ်များ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ လူတိုင်း မိမိနားကိုပင် မိမိ မယုံနိုင်ဖြစ်နေကြသည်။
"ရှင်တို့က ဓားသခင်တွေ ဒါမှမဟုတ် ကိုးဆင့်မြောက် စက်ဝိုင်း မှော်ဆရာတွေကို မကြိုက်ကြဘူး။ သွေး၊ ချွေး၊ မျက်ရည်နဲ့ ကြိုးစားအားထုတ်မှုတွေ ပါဝင်တဲ့ ဇာတ်လမ်းတွေကိုပဲ ခင်ဗျားတို့ ကြိုက်ကြတာ။ အဲဒီလို ဇာတ်လမ်းမျိုးကို တင်ဆက်ဖို့အတွက် ကျမ ဒီနေ့ ဒီကို လာခဲ့တာပါ"
အန်နာ ခရော့ဖ် ၏ စကားအပေါ် နက္ခတ်များမှာ ပုံစံအမျိုးမျိုးဖြင့် တုံ့ပြန်ကြသည်။ အချို့က ကိုယ်စားလှယ်တစ်ဦးက သူတို့ကို လှောင်ပြောင်နေသည်ဟု အော်ဟစ်ကြသလို၊ အချို့ကလည်း အန်နာ ခရော့ဖ် ပြောနေသည့်အရာကို စိတ်ဝင်စားနေကြ၏။ ကျနော့်ဘေးနားရှိ ထုတ်လုပ်ရေး လုပ်ငန်းရှင်ကဲ့သို့ပင် သံသယဖြင့် တုံ့ပြန်သော နက္ခတ်များလည်း ရှိသည်။
"…အဲ့ကောင်မကတော့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ။ အခုခေတ် စားတော်ဆက်အသင်းက အဲဒီလို ဇာတ်လမ်းတွေကို စိတ်ဝင်စားမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား"
"ဟုတ်ပါတယ်"
ပထမမျိုးဆက်ထဲတွင် တကယ့်ကို ကောင်းမွန်သော ဇာတ်လမ်းအချို့ ရှိခဲ့သည်မှာ မှန်သော်လည်း ခေတ်ကာလက ပြောင်းလဲသွားပြီ ဖြစ်သည်။ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းများကို တွေ့ကြုံဖူးပြီးသား နက္ခတ်များသည် ပထမမျိုးဆက်ကို အတုယူထားသော ဇာတ်လမ်းများအပေါ် စိတ်လှုပ်ရှားကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း... အန်နာ ခရော့ဖ် သည် ဤအချက်ကို မသိဘဲ မနေပေ။ အန်နာ ခရော့ဖ်သည် Ways of Survival တစ်ခုလုံးတွင် အရည်အချင်းအရှိဆုံး ကိုယ်စားလှယ် ဖြစ်၏။
Ways of Survival ထဲမှ အန်နာ ခရော့ဖ်နှင့် ပတ်သက်သည့် အစိတ်အပိုင်းများကို ကျနော် ပြန်လည်စဉ်းစားကြည့်လိုက်သည်။ မူရင်းဝတ္ထုထဲတွင် အန်နာ ခရော့ဖ် သည် စားတော်ဆက်အသင်း ပွဲတော်၌ ဤကဲ့သို့သော အစီအစဉ်မျိုးကို တစ်ခါမျှ မကျင်းပခဲ့ဖူးပေ။ သို့သော်လည်း ဤအရာနှင့် ဆင်တူသော တစ်စုံတစ်ခုတော့ ရှိရမည်။
ထိုအချိန်မှာပင် တစ်စုံတစ်ဦးက ကျနော့်ပုခုံးကို လှမ်းကိုင်လိုက်သည်။
"ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်"
***