ကျနော် နောက်ကို လှည့်ကြည့်လိုက်သည့်အခါ ရင်းနှီးသော မျက်နှာပိုင်ရှင် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
"ဆယ်လီနာ ကင်"
"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး အိုင်းရစ် ကို ကယ်ပေးပါဦး"
ကျနော့်ပုခုံးကို ဆုပ်ကိုင်ထားသော ဆယ်လီနာ ကင် ၏ လက်အစုံမှာ တုန်ရီနေavသည်။ အမြဲတမ်း ကြင်နာပြီး တည်ငြိမ်တတ်သော ဆယ်လီနာ ကင် က ဤကဲ့သို့သော မျက်နှာအမူအရာမျိုး အဘယ်ကြောင့် ဖြစ်နေရသနည်း။
"ဒီအတိုင်းသာ ဆက်သွားရင် အိုင်းရစ် သေသွားလိမ့်မယ်..."
ထိုအချိန်မှာပင် Ways of Survival ထဲမှ မြင်ကွင်းအချို့က ကျနော့်စိတ်ထဲသို့ ဖြတ်သန်းသွားသည်။
「 "အန်နာ... ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဒီလိုမျိုး လုပ်ဖို့ မလိုပါဘူး"
"ဒါက လိုအပ်တဲ့ ကိစ္စတစ်ခုပဲ"
"မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒါက... ကိုယ်စားလှယ်တွေက ဘာမှ မသိကြဘူးလေ။ နင် ဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်ရတာလဲ" 」
"ဒါဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက်လည်း ပါတယ်။ ဆယ်လီနာ... မမေ့ပါနဲ့၊ ငါတို့ဟာ ငါတို့ကို အချိန်မရွေး စားပစ်နိုင်တဲ့ သားရဲအုပ်စုထဲကို ပစ်ချခံထားရတာနော်" 」
ယခုအကျော့တွင် ထိုသို့မဖြစ်ပျက်သေးသော်လည်း မူရင်းဗားရှင်းမှာ ပြင်ဆင်ပြီးသား ဖြစ်နေခဲ့လေပြီ။ တစ်နည်းအားဖြင့်ဆိုရသော် အခြားအကျော့မှ အဖြစ်အပျက်များ ယခုအကျော့တွင် ဖြစ်ပျက်လာခြင်းမှာ ထူးဆန်းသောအရာမဟုတ်ပေ။ ထို့အပြင် တတိယမြောက် နောက်ပြန်ဆုတ်ခြင်း ဇာတ်လမ်းမှာ ပထမအကြိမ် ပြင်ဆင်မှုတွင် ဖျက်ပစ်ခြင်း ခံခဲ့ရ၏။
"ဆယ်လီနာ ကင်... ကျနော့်ကို သေချာ ပြောပြပါ၊ ဘာတွေ ဖြစ်ခဲ့တာလဲ"
ဆယ်လီနာ ကင် စကားမပြောနိုင်မီမှာပင် ကျနော့်ပတ်ဝန်းကျင်ရှိ ဒေါသထွက်နေသော နက္ခတ်များ၏ အသံများကို ကြားလိုက်ရသည်။
"ကိုယ်စားလှယ် တစ်ယောက်ကများ ရာရာစစကွာ"
ကြောက်မက်ဖွယ်ကောင်းသော အကြည့်များမှာ ကျနော်နှင့် ဆယ်လီနာ ကင် ထံသို့ စုပြုံကျရောက်လာသည်။ ဆယ်လီနာ ကင်သည် ကျောက်ရုပ်တစ်ခုလို တောင့်တင်းသွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင်သည် ကျနော့်ကို ကာကွယ်ရန် သူ၏ အရှိန်အဝါကို မြှင့်တင်လိုက်ပြီး ဆယ်လီနာ ကင် ၏ ပတ်ဝန်းကျင်တွင်လည်း ဖြစ်နိုင်စွမ်း ၏ မီးပွားများ ထွက်ပေါ်လာသည်။
ဤ ‘ဗဟိုခမ်းမ’ သည် နက္ခတ်များအတွက်သာ ဖြစ်သည်။ ဤနေရာမှာ စားတော်ဆက်အသင်းရှိသောနေရာ ဖြစ်သည်ကို ခေတ္တခဏမျှ ကျနော် မေ့လျော့သွားခဲ့မိသည်။
ဆယ်လီနာ ကင် သည် ထိတ်လန့်နေသော ရွှေငါးလေးတစ်ကောင်လို ပါးစပ်ကို ပိတ်ထားလိုက်ရပြီး လမ်းညွှန်သူတစ်ဦး၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရ၏။ ဆယ်လီနာ ကင် သည် မတွန်းလှန်နိုင်ဘဲ စင်မြင့်ထက်ကိုသာ နာကျင်စွာ စိုက်ကြည့်နေခဲ့သည်။
ဆယ်လီနာ ကင် ကျနော့်ကို ပြောပြမည့် ဇာတ်လမ်းမှာ Ways of Survival ထဲကအတိုင်း ဟုတ်မဟုတ် ကျနော် မသိသော်လည်း အချက်တစ်ချက်ကိုတော့ သေချာပေါက် သိလိုက်သည်။ ဆယ်လီနာ ကင် ကျနော့်ဆီ ရောက်လာရသည့် အကြောင်းရင်းမှာ အန်နာ ခရော့ဖ် စင်ပေါ်သို့ တက်လာရခြင်းနှင့် ဆက်စပ်နေလေသည်။
ကျနော် စိတ်ရှုပ်ထွေးစွာဖြင့် စင်မြင့်ကို ကြည့်နေစဉ်မှာပင် အန်နာ ခရော့ဖ် က အမူအရာကင်းမဲ့သော မျက်ဝန်းများဖြင့် ဆက်ပြောသည်။
"ကျမ ပြောပြမယ့် ဇာတ်လမ်းကတော့ လက်ကောက် ခရီးသွားအဖွဲ့ပဲ ဖြစ်ပါတယ်"
နက္ခတ်များမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။
"…လက်ကောက် ခရီးသွားအဖွဲ့ ဟုတ်လား"
"မှန်ပါတယ်"
"နင်က ပထမမျိုးဆက် ဇာတ်လမ်းဖြစ်တဲ့ ‘မကောင်းဆိုးဝါး လက်ကောက်’ ကို အတုယူပြီး လုပ်မလို့လား"
မကောင်းဆိုးဝါး လက်ကောက်ကို Ways of Survival မူရင်းထဲတွင် ဖော်ပြဖူးပြီး ‘တူကိုစားသောနဂါး’ သို့မဟုတ် ‘မိုးသောက်ကြယ်၏ ကလေးများ’ ထက်ပင် ပို၍ ရှေးကျသော ဂန္ထဝင်ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ထိုဇာတ်လမ်းမှာ ပထမမျိုးဆက်ထက်ပင် ပို၍ ရှေးကျကာ သုညမျိုးဆက်နှင့် ပို၍ နီးစပ်၏။
လက်ကောက် ခရီးသွားအဖွဲ့ ဆိုသည်မှာ လူ ၁၅ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့က ကပ်ဘေး၏ အရင်းအမြစ်ဖြစ်သော လက်ကောက်တစ်ခုကို သွားရောက် မီးရှို့ဖျက်ဆီးသည့် သာမန် စွန့်စားရေးခရီးစဉ် ဇာတ်လမ်းမျိုး ဖြစ်သည်။
ထုတ်လုပ်ရေး လုပ်ငန်းရှင် က ထိုစကားကို ကြားသည့်အခါ "ဟူး... အဲ့ဒီကိုယ်စားလှယ်မက အဲဒီလို ပျင်းစရာကောင်းတဲ့ ဇာတ်လမ်းကို ပြန်ဖော်ထုတ်ချင်နေတာလား" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
သို့သော် အန်နာ ခရော့ဖ် မှာ နက္ခတ်များ၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ဆက်ပြော၏။
"ဒီဇာတ်လမ်းကို ဦးဆောင်မယ့် လက်ကောက် ခရီးသွားအဖွဲ့ နဲ့ မိတ်ဆက်ပေးပါရစေ"
အန်နာ ခရော့ဖ် က လက်ခုပ်တီးလိုက်သည့်အခါ အန်နာ ခရော့ဖ်၏ နောက်ကွယ်တွင် ဧရာမ ဖန်သားပြင်ကြီးတစ်ခု ပေါ်လာသည်။ ထိုဖန်သားပြင်မှာ ခန်းမ၏ နံရံတစ်ဖက်လုံးကို ဖုံးလွှမ်းသွားသည့်အထိ ကြီးမားလှသည်။ ထိုဖန်သားပြင်ပေါ်တွင် ကိုယ်စားလှယ် ၁၅ ဦး စုဝေးနေသည့် ကျယ်ပြောလှသော တောအုပ်ကြီးကို မြင်တွေ့ရလေသည်။
—...ဒီနေရာက ဘယ်နေရာကြီးလဲ။
—အန်နာ ပြောတာ တကယ်ရော ဟုတ်ရဲ့လား။
—အားလုံးပဲ၊ သတိထားကြစမ်း၊ ငါတို့သာ ကောင်းကောင်း လုပ်နိုင်ရင် အမြင့်ဆုံးအဆင့် ထောက်ပံ့သူ တွေကို ရနိုင်မှာဟ။
သူတို့ ဘာတွေ ပြောနေကြသည်ကို ကျနော် သိနေသလိုပင်။ သေချာကြည့်လိုက်သည့်အခါ ထိတ်လန့်နေသော အိုင်းရစ် ကို သူတို့ကြားတွင် တွေ့လိုက်ရသည်။
ဒါကြောင့် ဆယ်လီနာ ကင် က...
မကြာမီမှာပင် ဒိုကဲဘီများ၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သော စနစ်မက်ဆေ့ချ် ပေါ်လာသည်။
[ဇာတ်ဝင်ခန်းအသေး ― လက်ကောက် ခရီးသွားအဖွဲ့ စတင်ပါပြီ။]
[ဤဇာတ်ဝင်ခန်းသည် အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုအပေါ် မူတည်၍ ဇာတ်လမ်းအသစ်များ ရရှိနိုင်ပါသည်။]
ဤဇာတ်ဝင်ခန်းတွင် ကိုယ်စားလှယ် စုစုပေါင်း ၁၅ ဦး ပါဝင်မည်။
ကိုယ်စားလှယ်အားလုံးသည် အမဲလိုက်ကွင်း၏ အလယ်ဗဟိုရှိ မီးတောင်သို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရောက်အောင် သွားရမည်။
စူးစမ်းရေးအဖွဲ့သည် ‘အကြွင်းမဲ့လက်ကောက်’ ကို ပိုင်ဆိုင်ထားပြီး၊ လက်ကောက်ကို မီးတောင်ချော်ရည်အတွင်းသို့ ပစ်ချဖျက်ဆီးနိုင်မှသာ ဇာတ်ဝင်ခန်း ပြီးမြောက်မည်။
ဇာတ်ဝင်ခန်း ပြီးမြောက်အောင်မြင်သော မည်သည့်ကိုယ်စားလှယ်မဆို စားတော်ဆက်အသင်း ထံတွင် ဆုတောင်းတစ်ခု တောင်းဆိုနိုင်သည်။
ပါဝင်သည့် အကြောင်းအရာများမှာ ကျနော် သိထားသော ဝတ္ထုထဲကအတိုင်းပင် ဖြစ်သည်။ မူလကပင် ‘မကောင်းဆိုးဝါး လက်ကောက်’ ဇာတ်လမ်းမှာ ဝတ္ထုတစ်ပုဒ်ကို ဂုဏ်ပြုထားခြင်း ဖြစ်၏။
ဇာတ်ဝင်ခန်း မက်ဆေ့ချ်မှာ ဆက်လက် ပေါ်လာသည်။
အမဲလိုက်ကွင်းအတွင်း မကောင်းဆိုးဝါး ဝိညာဉ်များစွာ ရှိနေသည်။ အကယ်၍ ခရီးသွားအဖွဲ့သည် ထိုဝိညာဉ်များ၏ ဖျက်ဆီးခြင်းကို ခံရပါက ဇာတ်ဝင်ခန်း ကျရှုံးပါမည်။
သတ်မှတ်ထားသော အချိန်အတွင်း အကြွင်းမဲ့လက်ကောက် ကို မဖျက်ဆီးနိုင်ပါက ဇာတ်ဝင်ခန်း ကျရှုံးပါမည်။
"အိုး... ဒီလို ဇာတ်ဝင်ခန်းမျိုးကို ပြင်ဆင်ထားတာကိုး။ စိတ်ဝင်စားစရာပဲ"
နက္ခတ်အချို့က သဘောကျစွာ တုံ့ပြန်ကြသည်။ ကျနော့်အမြင်တွင် ညံ့ဖျင်းစွာ ပုံဖော်ထားသော ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သော်လည်း နက္ခတ်များ ရှာဖွေနိုင်မည့် အရသာမျိုးတော့ ပါဝင်နေ၏။ ပြောရမည်ဆိုလျှင် ရှေးဟောင်းဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည်ကပြနေခြင်းပင်။ အန်နာ ခရော့ဖ် ၏ ရည်ရွယ်ချက်မှာ စားတော်ဆက်အသင်း ရှိ နက္ခတ်များ၏ မှတ်ဉာဏ်များကို နှိုးဆွရန် ဖြစ်သည်။
သို့သော်လည်း ထိုဇာတ်လမ်းမှာ စားတော်ဆက်အသင်း ရှိ နက္ခတ်များကို ကျေနပ်စေရန် လုံလောက်ရုံမျှသာ ရှိသေး၏။
"…ဒါတောင် တစ်ခုခု လိုနေသေးသလိုပဲ၊ နင်က ငါတို့ကို ဘာလုပ်စေချင်တာလဲ။ ဒီလိုပျင်းစရာကောင်းတာကို ထိုင်ကြည့်နေရုံပဲလို့တော့ မပြောနဲ့နော်"
"ဖန်သားပြင်မှာ မြင်တွေ့ရတဲ့အတိုင်းပဲ ရှင်တို့ရဲ့ ရွေးချယ်မှုကို စောင့်မျှော်နေတဲ့ ကိုယ်စားလှယ်တွေ ရှိပါတယ်"
"ငါတို့က သူတို့ရဲ့ ထောက်ပံ့သူ တွေ ဖြစ်ပေးရမှာလား"
"ဟုတ်ပါတယ်။ အဲဒီလိုလည်း ရွေးချယ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲဒါက သိပ်ပြီး စိတ်လှုပ်ရှားဖို့ မကောင်းလှဘူးလေ"
"နင် ဘာကို ဆိုလိုတာလဲ..."
"နက္ခတ်တွေအနေနဲ့ ဒီဇာတ်ဝင်ခန်းထဲမှာ တိုက်ရိုက် ပါဝင်နိုင်ပြီး လတ်ဆတ်တဲ့ ကိုယ်စားလှယ်တွေရဲ့ အရသာကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်"
အန်နာ ခရော့ဖ် ၏ စကားနှင့်အတူ နောက်ထပ် ဇာတ်ဝင်ခန်း မက်ဆေ့ချ်များ ထပ်မံပေါ်ထွက်လာသည်။
ဤဇာတ်ဝင်ခန်းတွင် စုစုပေါင်း ‘မကောင်းဆိုးဝါး ဝိညာဉ်’ ၁၅ ကောင် ပါဝင်မည်။
စားတော်ဆက်အသင်း ရှိ နက္ခတ်အားလုံးသည် ဦးသူစနစ်ဖြင့် ‘မကောင်းဆိုးဝါး ဝိညာဉ်’ နေရာအတွက် လျှောက်ထားနိုင်သည်။
ထိုမက်ဆေ့ချ်ကို မြင်လိုက်ရသည့် ခဏမှာပင် ကျနော် တုန်လှုပ်သွားမိသည်။ အန်နာ ခရော့ဖ် သည် အစကတည်းက ဤအချက်ကို ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ သူ၏ဇာတ်လမ်းမှာ ပထမမျိုးဆက်၏ အငွေ့အသက်ကို ဖော်ကျူးရင်း နက္ခတ်များ၏ တဏှာကို ဖြည့်ဆည်းပေးမည့် ဇာတ်ဝင်ခန်းတစ်ခုပင်။
နက္ခတ်များမှာ အရင်ကနှင့်မတူဘဲ အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင် ပင်လျှင် စိတ်ဝင်တစား ရှိနေပုံရသည်။ နက္ခတ်တစ်ပါးက ဤဇာတ်ဝင်ခန်းမှ အန်နာ ခရော့ဖ်က ဘာရမလဲဟု မေးမြန်းသည့်အခါ အန်နာ ခရော့ဖ်က ဘာမှမလိုချင်ကြောင်းနှင့် အားလုံး ပျော်ရွှင်ရန်သာ မျှော်လင့်ကြောင်း အရှက်မရှိ ပြုံးလျက် ပြန်ဖြေခဲ့သည်။ အန်နာ ခရော့ဖ်သည် ဤသို့ပြောခြင်းဖြင့် သူ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
[စားတော်ဆက်အသင်း မှ နက္ခတ်များသည် ကိုယ်စားလှယ် ‘အန်နာ ခရော့ဖ်’ အပေါ် နှစ်သက်သဘောကျမှု ပြသနေကြပါသည်။]
အန်နာ ခရော့ဖ် ၏ ပရိယာယ်မှာ နက္ခတ်များ၏ ရက်စက်မှုထက်ပင် သာလွန်နေသည်။ အန်နာ ခရော့ဖ်သည် မိမိရည်မှန်းချက်အတွက်ဆိုလျှင် မည်သူ့ကိုမဆို စတေးရန် ဝန်မလေးသူ ဖြစ်၏။ ယူဂျွန်ဟော့ ကိုပင် ဆယ်ကြိမ်မက နောက်ကျောဓါးဖြင့် ထိုးခဲ့ဖူးသူပင်။
"ဒါဆိုရင် နောက်တစ်မိနစ်မှာ ဇာတ်ဝင်ခန်းကို စတင်ပါမယ်၊ ပါဝင်လိုတဲ့ နက္ခတ်တွေအနေနဲ့ ရွေးချယ်မှုဇယားမှာ လက်မှတ်ရေးထိုးပေးကြပါ"
အန်နာ ခရော့ဖ်၏ စကားအဆုံးတွင် ကျနော့်မျက်စိရှေ့၌ ရွေးချယ်မှုဇယားတစ်ခု ပေါ်လာသည်။
[သင်သည် ဤဇာတ်ဝင်ခန်းတွင် ပါဝင်လိုပါသလား။]
[လက်ရှိ လျှောက်ထားသူ အရေအတွက် - ၂/၁၅]
ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးရာတွင် ထိုဇာတ်လမ်း၏ ဇာတ်ကောင်များကို ဝါးမြိုပစ်ရန် အခွင့်အရေး ရရှိခြင်းပင် ဖြစ်သည်။ လျှောက်ထားသူ အရေအတွက်မှာ လျင်မြန်စွာ မြင့်တက်လာသည်။
[လက်ရှိ လျှောက်ထားသူ အရေအတွက် - ၅/၁၅]
ကျနော် ဤနေရာသို့ လာရခြင်း၏ အကြောင်းရင်းကို ပြန်လည်သတိရလိုက်သည်။ ‘မိစ္ဆာဘုရင် ရွေးချယ်ပွဲ’ အတွက် မဟာမိတ်များ လိုအပ်သည်။ ထိုသို့ဖြစ်ရန် ဤဇာတ်ဝင်ခန်းတွင် ပါဝင်ပြီး အခြားနက္ခတ်များနှင့် ဇာတ်လမ်းများ ဝေမျှခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
"ဟားဟား၊ ငါတော့ အနုပညာလက်ရာကို စားပစ်တော့မယ်"
"ဒါက မျှော်လင့်ထားတာထက် ပိုကောင်းနေတာပဲ"
ကျနော် ကိုယ်တိုင်လည်း ကျနော် မုန်းတီးခဲ့သော ‘နက္ခတ်’ တစ်ပါး ဖြစ်လာပြီဆိုသည်ကို ဝန်ခံရမည့် အချိန်ရောက်နေပြီ ဖြစ်နိုင်လေသည်။
[လက်ရှိ လျှောက်ထားသူ အရေအတွက် - ၉/၁၅]
ထိုစဉ် ကျနော့်နားထဲ၌ ‘ဘတ်’ ခနဲ အသံတစ်ခု ကြားလိုက်ရပြီး ဘီယူ၏ စခရင်လေး ပေါ်လာသည်။ ထိုစခရင်တွင် ယူဂျွန်ဟော့ ၏ လက်ရှိ အခြေအနေကို ပြသနေလေသည်။
— ၈၅၇ ကြိမ်မြောက် ပြိုင်ပွဲကို စတင်ပါတော့မယ်။
ယူဂျွန်ဟော့ မှာ အတော်အတန် ပို၍ သန်မာလာပုံရပြီး ပြိုင်ဘက်များကို အနည်းဆုံး လှုပ်ရှားမှုဖြင့်သာ အနိုင်ယူနေခဲ့သည်။ သူ၏ တည်ငြိမ်သော လှုပ်ရှားမှုများကို ကြည့်ရင်း ထုံးစံအတိုင်း ကျနော်စဉ်းစားမိသည်။
‘ငါ့နေရာမှာ ယူဂျွန်ဟော့ သာဆိုရင် ဘာလုပ်မလဲ’
ထိုအခိုက်အတန့်တွင် ယူဂျွန်ဟော့ နှင့် ကျနော် မျက်လုံးချင်း ဆုံသွားသလို ခံစားလိုက်ရသည်။ သူက ကျနော် ကြည့်နေသည်ကို သိလိမ့်မည်မဟုတ်သော်လည်း ကျနော့်ကို စကားလှမ်းပြော နေသလိုပင်။
「 "ငါ ဘယ်နှစ်ကြိမ်ပဲ နောက်ပြန်ဆုတ်ရပါစေ၊ ငါ့ရဲ့ ရွေးချယ်မှုက အတူတူပဲ" 」
သူသည် ဤရွေးချယ်မှုကို အကြိမ်ပေါင်းများစွာ လုပ်ခဲ့သည်ကို ကျနော် မြင်ဖူးပြီးသား ဖြစ်၏။
「 "ငါ မင်းတို့အားလုံးကို တစ်ယောက်မကျန် သတ်ပစ်မယ်" 」
ယခုအချိန်အထိ ကျနော်သည် ယူဂျွန်ဟော့ နှင့် မတူညီသော ရွေးချယ်မှုများကို အမြဲတမ်း လုပ်ဆောင်ခဲ့သည်။ ကျနော်သည် ယူဂျွန်ဟော့ မဟုတ်ပေ။ ပြင်းထန်သော တုံ့ပြန်မှုများ ကြားမှာပင် ကျနော်သည် ကွဲပြားသော လမ်းစဉ်ကို အမြဲ လျှောက်လှမ်းခဲ့သည်။
ပါစီဖုန်း သည် အဝေးတစ်နေရာမှ ကျနော့်ကို စောင့်ကြည့်နေ၏။ ပါစီဖုန်းသည် စိတ်ဝင်စားစရာ တစ်ခုခု ဖြစ်လာရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အချိန်အကြာကြီး ရှင်သန်ခဲ့သော နက္ခတ်များသည် တကယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းများ ဘယ်ကစသည်ကို ကောင်းကောင်း သိကြသည်။ ထို့ကြောင့် ကျနော် ဘာလုပ်တော့မည်ကို ပါစီဖုန်း နားလည်နေပေလိမ့်မည်။
[လက်ရှိ လျှောက်ထားသူ အရေအတွက် - ၁၄/၁၅]
ကျနော် ရွေးချယ်မှုဇယားဆီသို့ လက်လှမ်းလိုက်သည်။
အိုင်းရစ် ဗလာဒီမီရိုဗ်နာ ရီဘီဇိုဗာ ကို မော်စကိုမြို့တွင် မွေးဖွားခဲ့သည်။ အိုင်းရစ်သည် တော်လှန်ရေး ဇာတ်လမ်းများကို နားထောင်ရင်း ကြီးပြင်းလာခဲ့ရသူ ဖြစ်၏။ အိုင်းရစ် အနှစ်သက်ဆုံး တော်လှန်ရေးသမားများမှာ ချေဂွေဗားရား နှင့် ကားလ်မတ်စ် တို့ ဖြစ်ကြသည်။
သို့သော် အိုင်းရစ် မွေးဖွားလာသော ကမ္ဘာကြီးမှာ တော်လှန်ရေး ခေတ်ကာလ မဟုတ်တော့ပေ။ လောဘဇောနှင့် အရင်းအနှီးများကသာ လွှမ်းမိုးထားပြီး အရင်းရှင်များကသာ အရာရာကို ဆုံးဖြတ်နေသည့် ကမ္ဘာကြီးသာ ဖြစ်၏။ ဤခေတ်တွင် ‘တော်လှန်ရေး’ ဆိုသည်မှာ မရှိနိုင်တော့ကြောင်း အိုင်းရစ် သည် ငယ်စဉ်ကတည်းက သဘောပေါက်ခဲ့သည်။
ဒိုကဲဘီများ ပေါ်မလာခင် အချိန်အထိပေါ့။
-ဟားဟား၊ ဒါ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာပဲ။ အပင်မျှင်တွေက ဘုရင်ဖြစ်နေတဲ့ ကမ္ဘာကြီးပေါ့လေ
အိုင်းရစ် သည် နိုင်ငံအများအပြား ပြိုလဲသွားသည်ကို မြင်တွေ့ခဲ့ရပြီး သူ စောင့်မျှော်နေသော တော်လှန်ရေးကြီး စတင်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ ရှိသူနှင့် မရှိသူဟူ၍ ခွဲခြားထားသော ကမ္ဘာကြီးမှာ မငြိမ်မသက်ဖြစ်နေသော ဒီရေလှိုင်းများကြားသို့ တစ်ဖန် ပြန်လည် နစ်မြုပ်သွားခဲ့သည်။
တော်လှန်ရေး ဖြစ်ပေါ်လာနိုင်သည်။ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်သည်။ အနည်းဆုံးတော့ ယနေ့အထိ အိုင်းရစ် သည် ထိုအချက်ကို အခိုင်အမာ ယုံကြည်ခဲ့၏။
"အားးးး"
"ကယ်ပါဦး။ ကျေးဇူးပြုပြီး ကယ်ပေးပါ"
ကိုယ်စားလှယ်တစ်ဦး၏ ခန္ဓာကိုယ်အထက်ပိုင်းမှာ လုံးဝ ပြတ်တောက်သွားခဲ့သည်။
[တကယ့်ကို လတ်ဆတ်တဲ့ အသားပဲ]
ကိုယ်စားလှယ်များမှာ ဧရာမ သွားကြီးများ၏ ကိုက်ဖြတ်ခြင်းကို ခံနေရသည်။ မကောင်းဆိုးဝါး ဝိညာဉ်များမှာ သူတို့၏ နှုတ်ခမ်းများမှ စီးကျလာသော ဇာတ်လမ်းများကို သုတ်လိုက်ရင်း တဟားဟား ရယ်မောနေကြသည်။
[ငါတော့ စိတ်ပျက်မိတယ်။ ဒါက နင် ငါတို့ကို စားစေချင်တဲ့ ဇာတ်လမ်းလား]
[မလောပါနဲ့။ မိတ်ဆွေကြီး။ ခဏလောက် စောင့်ပါဦး။ ဇာတ်ဝင်ခန်းက အခုမှ စကာစပဲ ရှိသေးတာလေ]
[ငါက ဘယ်လို စောင့်ရမှာလဲ။ ဒါက အတုအယောင် ဇာတ်လမ်းတစ်ပုဒ်ပဲလေ...]
"အ... အားးး... အားးး..."
အိုင်းရစ်၏ ထိတ်လန့်နေသော အပေါင်းအဖော်များမှာ ဧရာမ ‘အရှိန်အဝါ’ ရှေ့မှောက်တွင် သေးများပင် ထွက်ကျကုန်ကြသည်။ ‘တော်လှန်ရေး’ ဆိုသော စကားလုံးမှာ ဤမျှလောက်အထိ အဓိပ္ပာယ်မဲ့လိမ့်မည်ဟု အိုင်းရစ် ပထမဆုံးအကြိမ် စဉ်းစားမိလာသည်။
အိုင်းရစ် မတွန်းလှန်နိုင်ခဲ့ပေ။ ဤကဲ့သို့သောအရာများကို မည်သူမှ ရင်ဆိုင်နိုင်မည်မဟုတ်။
"အိုင်းရစ်။ ပြေးတော့။ အမြန်ပြေး"
အိုင်းရစ်သည် လုပ်ဖော်ကိုင်ဖက်များ၏ အော်ဟစ်သံများကို ကြားရင်း ထွက်ပြေးခဲ့သည်။ သူ ဂုဏ်ယူရသော ဆံပင်နှစ်ဖက်မှာ သွေးနှင့် ချွေးများကြောင့် ဖရိုဖရဲ ဖြစ်နေသော်လည်း အိုင်းရစ် ဂုဏ်မစိုက်နိုင်တော့ပေ။ တစ်ချိန်တည်းမှာပင် တောအုပ်အတွင်း ပျံ့လွင့်နေသော လုပ်ဖော်ကိုင်ဖက်များ၏ အော်ဟစ်သံများကိုလည်း အိုင်းရစ် ကြားနေရသည်။
မကောင်းဆိုးဝါး ဝိညာဉ်များ၏ ခြေသံများမှာ ပိုမို နီးကပ်လာခဲ့သည်။ အိုင်းရစ် ဘာဖြစ်သွားမည်ဆိုသည်မှာ ထင်ရှားနေသည်။
ထွက်ပြေးရမယ်ဟုတ်လား။ ချီးပဲ။ သူက ဘယ်ကို ပြေးနိုင်မှာလဲ။ သေးငယ်လှသော ဒီဇာတ်ခုံပေါ်မှာ သူက ဘယ်ကိုများ လွတ်အောင် ပြေးနိုင်မှာလဲ။
ကျယ်ပြောလှသော သစ်ပင်တန်းကြီးများက အိုင်းရစ်ကို ဝိုင်းရံထားသည်။ အိုင်းရစ် ဘယ်လောက်ပဲ ပြေးပြေး ဤဇာတ်ခုံမှ ထွက်ခွာနိုင်မည်မဟုတ်ပေ။
အိုင်းရစ်သည် ‘အစိုးရ’ မဟုတ်သော အရာတစ်ခုကို ပထမဆုံးအကြိမ် ကျိန်ဆဲမိလိုက်သည်။ သူသည် နက္ခတ်များကို ကျိန်ဆဲသည်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ကို ကျိန်ဆဲသည်။ ဤဇာတ်လမ်းကိုလည်း ကျိန်ဆဲ၏။
သို့သော်ငြားလည်း အိုင်းရစ် ဆုတောင်းနေဆဲပင်။
ကျေးဇူးပြုပြီး တစ်ယောက်ယောက်က ဒီဇာတ်လမ်းကို ပြောင်းလဲပေးပါ။ သေးငယ်လှတဲ့ ကယ်တင်ခြင်းမျိုးဆိုရင်တောင် ရပါပြီ။ တောင်းဆိုပါတယ်။ ဆုတောင်းပါတယ်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က သင့်ကို စောင့်ကြည့်နေပါသည်။]
အိုင်းရစ် အံ့သြသွားရလောက်အောင်ပင် ကယ်တင်ခြင်းတရားက အိုင်းရစ်ကို မျက်နှာမူလာခဲ့သည်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ် က သင်နှင့် ‘ထောက်ပံ့သူ ကတိကဝတ်’ တစ်ခုကို ပြုလုပ်လိုပါသည်။]