လော့ချန်သည် ဆေးဖော်ဆရာ ဖြစ်သည့်အားလျော်စွာ သူ၏ ကြွယ်ဝမှုမှာ သာမန်ကျင့်ကြံသူတို့ထက် များစွာသာလွန်လှပေသည်။
သူသည် အဆင့်မြင့် မှော်လက်နက် အများအပြားကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော် ယနေ့တိုင်အောင် ထိပ်တန်း မှော်လက်နက် ဟူသော ရတနာထူးတစ်ခုကိုမျှ ပိုင်ဆိုင်ခွင့် မရဖူးသေးချေ။
အမှန်စင်စစ် ယခု လေလံတင်နေသည့် ပစ္စည်းသည် သာမန်အဆင့်မြင့်မဟုတ်ဘဲ ထိပ်တန်း တိုက်ခိုက်ရေး အမျိုးအစားဖြစ်နေသည်။ ထိုအဆင့်ရှိ လက်နက်များထဲတွင် ဈေးနှုန်း အသင့်အတင့်ရှိသော အမျိုးအစား ဖြစ်လင့်ကစား ထိပ်တန်း ဆိုသည့် ဂုဏ်ပုဒ်က ရှိနေဆဲပင်။
သူတစ်ဦးတည်းတင် မဟုတ်ဘဲ ချီသန့်စင်အဆင့်ရှိ ကျင့်ကြံသူများ၏ ကိုးဆယ်ကိုးရာခိုင်နှုန်းမှာ ဤကဲ့သို့သော လက်နက်မျိုးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရန်ပင် ခဲယဉ်းလှသဖြင့် ပိုင်ဆိုင်ရန်ဆိုသည်မှာ အိပ်မက်တစ်ခုမျှသာ ဖြစ်ပေသည်။
မှော်လက်နက်များနှင့် ရတနာများကို ပုံမှန်အားဖြင့် အစီအရင်များနှင့် ကိုက်ညီမှု၊ ပစ္စည်းအရည်အသွေးနှင့် စွမ်းအားတို့အပေါ် မူတည်၍ အနိမ့်၊ အလတ်နှင့် အမြင့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။
သို့သော် ထိုစံနှုန်းသုံးခု၏ အထက်တွင် ထိပ်တန်းအဆင့် ဟူသော သီးသန့်နက်နဲသည့် အဆင့်တစ်ခု ရှိနေသေးကြောင်း ရှေးဟောင်းကျမ်းစာများတွင် ဖော်ပြချက်များ ရှိခဲ့ဖူးသည်။ ဤဖော်ပြချက်ကို သာမန်ကျင့်ကြံသူတို့က အယူအဆတစ်ခုအဖြစ် လက်ခံထားကြသော်လည်း၊ ရှေးရိုးစွဲ လက်နက်သွန်းလုပ်သူ အတတ်ပညာရှင်များကမူ လုံးဝ ပယ်ချထားကြသည်။
အကြောင်းမှာ စစ်မှန်သော ထိပ်တန်း မှော်လက်နက်ဟူသည် မရှိသောကြောင့် ဖြစ်သည်။ လူအများက ထိပ်တန်းအဆင့်ဟု ခေါ်ဆိုနေကြသည်မှာ အမှန်စင်စစ် ချို့ယွင်းချက်ရှိနေသော မှော်ရတနာ များသာ ဖြစ်သည်။
လက်နက်ပညာရှင်များသည် လက်နက်တစ်ခုကို သွန်းလုပ်သည့်အခါ ကြိုတင်သတ်မှတ်ထားသော ရည်မှန်းချက်အတိုင်းသာ လုပ်ဆောင်ကြသည်။
ထိုသူတို့သည် မိမိတို့ ဖန်တီးနေသော လက်နက်မှာ မည်သည့်အဆင့်သို့ ရောက်ရှိနိုင်သည်ကို ကောင်းစွာ သိရှိကြသည်။ အဆင့်နိမ့် ဖြစ်စေ၊ အဆင့်မြင့် ဖြစ်စေ သူတို့၏ စီမံကိန်းအတွင်း၌သာ ရှိပြီး၊ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းမှာ နောက်ဆုံးရလဒ်ပေါ်၌သာ မူတည်ပေသည်။
မည်သည့်လက်နက်ပညာရှင်မျှ ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခုကို ရည်ရွယ်ချက်ရှိရှိဖြင့် မဖန်တီးကြပေ။ အကြောင်းမှာ ၎င်းသည် အဖြုန်းတီးဆုံး၊ အညံ့ဖျင်းဆုံးနှင့် အမိုက်မဲဆုံး လုပ်ရပ်ဖြစ်သောကြောင့်ပင်။ ထိပ်တန်းအဆင့် မှော်လက်နက်တိုင်းတွင် အနည်းဆုံး အစီအရင် သုံးခုပါဝင်ပြီး အလွန်အဆင့်မြင့်သည့် ကုန်ကြမ်းများကို အသုံးပြုထားသည်။
အခြေခံ ဗဟုသုတ ရှိသူတိုင်းသည် ထိုကဲ့သို့သော မှော်လက်နက်မျိုးကို မှော်ရတနာ တစ်ခုနှင့်သာ နှိုင်းယှဉ်နိုင်ကြောင်း ချက်ချင်း သိမြင်နိုင်ပေသည်။
ထို့ကြောင့် ထိပ်တန်းအဆင့် မှော်လက်နက် ဆိုသည်မှာ မှော်ရတနာ တစ်ခုကို သွန်းလုပ်စဉ်အတွင်း ချို့ယွင်းချက်ကြောင့် ထွက်ပေါ်လာသော ထုတ်ကုန်များသာ ဖြစ်သည်။
သို့သော် ထိုလက်နက်များသည် လုံးဝပျက်စီးသွားခြင်းမျိုး မဟုတ်ဘဲ မှော်ရတနာတစ်ခု၏ စွမ်းအား ဆယ်ပုံတစ်ပုံခန့်ကို ထိန်းသိမ်းထားနိုင်သည်။ လက်နက်ပညာရှင်များမှာ အခြားရွေးချယ်စရာမရှိတော့သဖြင့် ဆုံးရှုံးမှုအချို့ကို ပြန်လည်ကာမိစေရန် ထိုပစ္စည်းများကို ဈေးကွက်သို့ ရောင်းချလိုက်ကြရခြင်း ဖြစ်ပေသည်။
သို့သော်လည်း ထိုသို့သော မှော်ရတနာတစ်ခု၏ ဆယ်ပုံတစ်ပုံ စွမ်းအားကို အထင်မသေးသင့်ပေ။ ၎င်းသည် အဆင့်မြင့် မှော်လက်နက်မှန်သမျှ၏ စွမ်းဆောင်ရည်ထက် သာလွန်နေပြီးသား ဖြစ်သည်။ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုကို အခြားထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုကသာ ယှဉ်ပြိုင်နိုင်သည်။
ထိုစဉ်က ချင်လျန်ချန်းသည် ဓားအမြုတေများကို ကိုင်ဆောင်ထားသော ပိုင်ချီကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ သူ့၌ ထိုဓားအမြုတေများနှင့် ယှဉ်နိုင်သော ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုဖြစ်သည့် ခရမ်းရောင်မြစ်ဝတ်ရုံ ရှိနေခဲ့သောကြောင့် ဖြစ်သည်။
ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးသည် ချို့ယွင်းချက်ပါသော ပစ္စည်းဖြစ်လင့်ကစား မှော်ရတနာ တစ်ခု၏ တစ်စိတ်တစ်ပိုင်း စွမ်းအားကို ကိုင်ဆောင်ထားနိုင်ခြင်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် သို့မဟုတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကဲ့သို့ပင် အစွမ်းထက်လှပေသည်။ ထို့ကြောင့်ပင် ဤလက်နက်များ အဆမတန် ဈေးကြီးနေခြင်း ဖြစ်သည်။
လော့ချန် ကိုယ်တိုင်လည်း ချို့ယွင်းချက်ပါသော မှော်ရတနာ တစ်ခုကို ပိုင်ဆိုင်ထားသေးသည်။ ၎င်းမှာ သူ၏ အသက်သွေးကြောသဖွယ် ဖြစ်သော လေးရောင်ခြယ်ဆေးအိုးပင် ဖြစ်သည်။
တိုက်ဆိုင်စွာပင် ယခုမြင်တွေ့နေရသော အလင်းပြန် ရတနာအိမ်မြှောင် နှင့် ထိုဆေးအိုးမှာ ပျံလွှားမြို့မှ လက်နက်သွန်းလုပ်ရေး ဆရာကြီး ဟူယန်ကျူး၏ လက်ရာများ ဖြစ်ကြသည်။ သို့သော် လေးရောင်ခြယ်ဆေးအိုးကို အဘယ်ကြောင့် ထိပ်တန်းအဆင့်ဟု မသတ်မှတ်ဘဲ အဆင့်မြင့်ဟုသာ သတ်မှတ်ထားရသနည်း။
ဟူယန်ကျူးသည် တိုက်ခိုက်ခြင်း၊ ဖိနှိပ်ခြင်း၊ ခုခံခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်း ဟူသော လုပ်ငန်းဆောင်တာ ငါးမျိုးကို ပေါင်းစပ်ထားသည့် မှော်ရတနာတစ်ခုကို ဖန်တီးရန် အလွန်အကျွံ ရည်မှန်းချက်ကြီးခဲ့သည်။
ထို့ကြောင့် သူသည် လေးရောင်ခြယ် ဆေးအိုးပေါ်တွင် အစီအရင် လေးခုကို အနုစိတ် ရေးထွင်းခဲ့သည်။ သို့သော် ပဉ္စမမြောက် အစီအရင်ကို ရေးထွင်းရန် ကြိုးစားသောအခါ နောက်ဆုံးအဆင့်တွင် ကံဆိုးစွာ ကျရှုံးသွားခဲ့သည်။ အသုံးပြုထားသော ထူးခြားသည့် ဝိညာဉ်ကုန်ကြမ်းများကြောင့်သာ ဆေးအိုး ပျက်စီးမသွားဘဲ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ပဉ္စမမြောက် အစီအရင်ကို မရေးထိုးနိုင်ခဲ့ခြင်းက သူမျှော်မှန်းထားသော မှော်ရတနာ၏ အကြမ်းထည်ပင် မဖြစ်လာခဲ့ခြင်းကို ဆိုလိုသည်။ ထို့အပြင် အစီအရင်များသည် ဟန်ချက်မညီဘဲ အချင်းချင်း ပဋိပက္ခဖြစ်နေသောကြောင့် နောက်ဆုံးတွင် အဆင့်မြင့် မှော်လက်နက်အထိ လျော့ကျသွားခဲ့ရသည်။
လော့ချန်သည် ဤအချက်အလက်အများစုကို တွမ်ဖုန်း ထံမှ သိရှိခဲ့ရခြင်း ဖြစ်သည်။ တွမ်မိသားစုမှာ လက်နက်သွန်းလုပ်သည့် မိသားစုဖြစ်ရာ ဤကဲ့သို့သော အကြောင်းအရာများကို ကျွမ်းကျင်စွာ သိရှိကြသည်။
“ဒီ အပြာရောင်ကတိုး မြွေနဂါးအလံက သစ်သားဓာတ် နဂါးသုံးကောင်ကို ဆင့်ခေါ်နိုင်ပြီး တစ်ကောင်စီမှာ ချီသန့်စင်အဆင့် ၉ ရဲ့ စွမ်းအားရှိတယ်၊ ထပ်လောင်းအနေနဲ့ နဂါးတွေဆီကနေ ရန်သူရဲ့ စွမ်းအင်ကို သိသိသာသာ လျော့ကျစေတဲ့ ကတိုးရနံ့တွေ ထွက်ပေါ်စေတယ်…."
"ဒါပေမဲ့ သူ့ရဲ့ အားနည်းချက်ကလည်း ထင်ရှားပါတယ်၊ အဲဒါကတော့ ထိပ်တန်းအဆင့် မှော်လက်နက်တွေရဲ့ တူညီတဲ့ အားနည်းချက်ဖြစ်တဲ့ စွမ်းအင် အမြောက်အမြား စားသုံးခြင်းပါပဲ၊ ချီသန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူတွေက တစ်ကြိမ်ပဲ သုံးနိုင်ပြီး အဆင့် ၉ ကျင့်ကြံသူတွေကတော့ နှစ်ကြိမ် သုံးနိုင်ပါတယ်"
ထျန်းရှင်းကျီသည် အလွန်ပင် ရိုးသားသည်ဟု ဆိုရမည်။ သူသည် အလံ၏ စွမ်းအားကို ချီးမွမ်းပြောဆိုနေစဉ်မှာပင် အားနည်းချက်များကိုလည်း သေချာစွာ ထောက်ပြခဲ့သည်။ ဤနည်းအားဖြင့် ဝယ်ယူသူများ အသုံးပြုရာတွင် အခက်အခဲ ရှိခဲ့လျှင်ပင် နဂါးရတနာ မှောင်ခိုဈေးကွက်က ကြိုတင် သတိမပေးခဲ့ဟု အပြစ်ဆို၍ မရနိုင်တော့ချေ။
သို့သော် ဤအားနည်းချက်ကို မည်သူမျှ ဂရုမစိုက်ကြပေ။ အကြောင်းမှာ ထိပ်တန်းအဆင့် မှော်လက်နက်များသည် အခြေခံအားဖြင့် မှော်ရတနာ ဖြစ်လာရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ရာ၊ ချီစွမ်းအား အမြောက်အမြား လိုအပ်ခြင်းမှာ သဘာဝပင် ဖြစ်သည်။ ချို့ယွင်းချက်ပါသော ထွက်ကုန်များ ဖြစ်လင့်ကစား ဤ ပင်ကို အားနည်းချက်မှာ ပါလာစမြဲ ဖြစ်သည်။
အလားတူပင် လော့ချန်၏ လေးရောင်ခြယ်ဆေးအိုးတွင်လည်း ဤအားနည်းချက် ရှိသည်။ သို့သော် လော့ချန်၏ စွမ်းအင်မှာ အခြားသူများထက် သာလွန်ထူးကဲလှသဖြင့် တိုက်ပွဲမဝင်သရွေ့ ပုံမှန်အတိုင်း အသုံးပြုနိုင်သည်။ တိုက်ပွဲအတွင်း၌မူ စွမ်းအင်ကုန်ဆုံးမှု အနည်းဆုံးဖြစ်စေရန် စွမ်းရည်တစ်ခုကိုသာ အသက်သွင်းလေ့ရှိသည်။
ထျန်းရှင်းကျီ၏ အသေးစိတ် ရှင်းလင်းချက်ကို နားထောင်ပြီးနောက် လော့ချန်သည် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ကာ လေလံပွဲတွင် ပါဝင်လိုသော ဆန္ဒ အနည်းငယ် ဖြစ်ပေါ်လာသည်။
သို့သော် ပထမဆုံး လေလံဈေးမှာ ဝိညာဉ်ကျောက်တုံး ၆၀၀၀ ဟု ကြားလိုက်ရချိန်တွင် ထိုအတွေးကို ချက်ချင်းပင် ရုတ်သိမ်းလိုက်ရတော့သည်။ သူ၌ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ငါးထောင်သာ ရှိရာ ဤလူများကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။
“ခြောက်ထောင်တစ်ရာ”
“ခြောက်ထောင်ငါးရာ”
“ဝိညာဉ်ကျောက်တုံး ခြောက်ထောင်ကိုးရာ…. ငါက ရွှေအမြုတေ ဂူသင်္ချိုင်းမှာ အခွင့်အရေး ရှာဖို့အတွက် အသုံးတည့်မယ့် မှော်လက်နက် တစ်ခုကို အသည်းအသန် လိုအပ်နေတာ၊ မင်းတို့ ဘယ်လောက်ပဲ ပေးပေး ဒီရတနာက ငါ့အပိုင်ပဲ ”
ပြောလိုက်သူမှာ ကျားနက်မျက်နှာဖုံး စွပ်ထားသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ လေသံမှာ ပြတ်သားလွန်းလှသည်။ ထို့ပြင် သူသည် သူ၏ စွမ်းအင်များကိုပါ တမင်ထုတ်ဖော်လိုက်ရာ ချီသန့်စင် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ ဖိအားပေးနိုင်သော အရှိန်အဝါကြောင့် လူအုပ်ကြီးမှာ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။
လော့ချန်၏ မျက်ခုံးများ တွန့်သွားသည်။
ချီသန့်စင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး….။
ဤလူမှာ ဧကန်မုချ တာဟဲဈေးမြို့တော်မှ ဒေသခံမဟုတ်ဘဲ အခြားဒေသမှ လာသူဖြစ်ပေလိမ့်မည်။
ရွှေအမြုတေ ဂူသင်္ချိုင်းအတွက် ပြိုင်ဆိုင်မှုမှာ ပိုမို ပြင်းထန်လာပုံရသည်။ အခြားဒေသမှ ကျင့်ကြံသူများပင် ဆွဲဆောင်ခြင်း ခံနေရပြီ ဖြစ်သည်။
ဆက်လက် လေလံဆွဲရန် ရည်ရွယ်ထားသော အချို့သော ကျင့်ကြံသူများသည် သူ၏ အရှိန်အဝါကို မြင်ပြီးနောက် လက်လျှော့လိုက်ကြသည်။ ၎င်းမှာ ပထမဆုံး လေလံပစ္စည်းသာ ရှိသေးရာ နောက်ပိုင်းတွင် ပို၍ တန်ဖိုးရှိသော ရတနာများ ရှိလာဦးမည် ဖြစ်သည်။ လေလံပွဲကြောင့် ဤလူနှင့် ရန်ငြိုးဖွဲ့ရခြင်းမှာ မထိုက်တန်ပေ။
နောက်ဆုံးတွင် ထိပ်တန်းအဆင့် အပြာရောင်ကတိုး မြွေနဂါးအလံကို ကျားမျက်နှာဖုံးနှင့် ကျင့်ကြံသူက ရရှိသွားခဲ့သည်။ သို့သော် ငွေပေးချေချိန်တွင် အနည်းငယ် အခက်တွေ့စရာ မြင်ကွင်း ဖြစ်ပေါ်လာသည်။
သူ၏ လက်ထဲတွင် ဝိညာဉ်ကျောက်တုံး အလုံအလောက် မရှိနေခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ကျန်ရှိသော တန်ဖိုးအတွက် အခြားသော ဝိညာဉ်ကုန်ကြမ်းများကို အစားထိုး ထုတ်ပေးခဲ့သည်။ ဤသည်ကို မြင်သောအခါ လေလံလက်လျှော့လိုက်သော ကျင့်ကြံသူတို့မှာ စိတ်ထဲမှ နောင်တရသွားကြသည်။
ဤလူ၏ ကျင့်ကြံမှုအဆင့်မှာ မြင့်မားနိုင်သော်လည်း သူ၏ အိတ်ကပ်မှာမူ အလွတ်နီးပါးပင်။ သူသည် အရှိန်အဝါဖြင့် ဟန်ရေးပြခဲ့ခြင်းသာ ဖြစ်သည်။
အကယ်၍ သူတို့သာ နောက်ထပ် အနည်းငယ်မျှ ဆက်၍ လေလံဆွဲခဲ့လျှင် အနိုင်ရရှိနိုင်မည် ဖြစ်သည်။ ထိပ်တန်းအဆင့် မှော်လက်နက်ကို ရရှိပြီးနောက် ကျားနက်ကျင့်ကြံသူသည် အလွန် ကျေနပ်သွားပြီး နဂါးရတနာခန်းမမှ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
"ဟက်…. ဒီလူက မြေခွေးလိုပဲ ကောက်ကျစ်ချက်က၊ ပိုက်ဆံမရှိဘဲနဲ့ ချမ်းသာသလို ဟန်ဆောင်လိုက်သေးတယ်၊ သူ့ အရှိန်အဝါနဲ့ သူများကို ခြိမ်းခြောက်ပြီး ဒီရတနာကို ဈေးပေါပေါနဲ့ ရအောင်ယူသွားတာ….”
“အနိုင်ရပြီးတာနဲ့ တခြားသူတွေ ပစ်မှတ်ထားမှာ ကြောက်လို့ အပြေးအလွှား ထွက်သွားတာပဲကြည့်"
“ယုတ်မာတဲ့ လူစိမ်းကောင်”
အနီးအနားမှ ကဲ့ရဲ့သံများကို ကြားရသောအခါ လော့ချန်သည် အရေးကြီးသော အချက်တစ်ချက်ကို ရုတ်တရက် သတိပြုမိလိုက်သည်။
မှောင်ခိုဈေးကွက် လေလံပွဲများသည် ကျောက်စိမ်းအိုး ဓားနန်းဆောင်မှ တရားဝင် လေလံပွဲများနှင့် လုံးဝ မတူပေ။ ကျင့်ကြံသူတစ်ဦးသည် နဂါးရတနာ မှောင်ခိုဈေးကွက်မှ ထွက်ခွာသွားသည်နှင့် နောက်ပိုင်း ဖြစ်ပျက်သမျှသည် သူတို့နှင့် မသက်ဆိုင်တော့ချေ။
အိမ်ရှင်ဖြစ်သူ ထျန်းရှင်းကျီမှာမူ မျက်နှာဖုံး စွပ်ထားသောကြောင့် သူ၏ အမူအရာကို မမြင်ရသော်လည်း သစ်သားစားပွဲပေါ်ကို လက်ချောင်းများဖြင့် တတောက်တောက် ခေါက်ရင်း ရယ်မောလိုက်သည်။
"ဒါက ငါတို့ မှောင်ခိုဈေးကွက်ရဲ့ လုပ်ထုံးလုပ်နည်းပဲ၊ လေလံဆွဲတယ်ဆိုတာ မျက်စိလျင်ဖို့၊ ချမ်းသာဖို့နဲ့ သတ္တိရှိဖို့ လိုတယ်၊ မင်းတို့ထဲမှာ သတ္တိရှိတဲ့လူရှိရင် ဈေးပေါပေါနဲ့ ရတနာတွေ ရအောင် ကြိုးစားကြည့်လို့ ရပါတယ်"
ထို အပြာရောင်ကတိုး မြွေနဂါးအလံ မှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ခုနစ်ထောင်ငါးရာခန့် တန်ဖိုးရှိသည်။ နောက်ဆုံးအဆင့် လေလံပြိုင်ပွဲများကို ကျော်ဖြတ်လိုက်ခြင်းဖြင့် ကျားနက်ကျင့်ကြံသူသည် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို သက်သာစေခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
"ကဲ…. ဒုတိယမြောက် လေလံပစ္စည်းကို သွားကြရအောင်”
“လူတိုင်း သတိထားကြည့်ကြပါ၊ နိုးထခြင်းဆေးရည် သုံးပုလင်းပါ၊ အခြေခံလေလံဈေး တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး ငါးရာကနေ စပါမယ်၊ ပထမတစ်ပုလင်းကနေ စကြစို့"
ဈေးနှုန်းမှာ နည်းပါးသော်လည်း ကျင့်ကြံသူများ၏ စိတ်အားထက်သန်မှုကို မလျှော့ချနိုင်ပေ။ ထိုစကားများ ပြောပြီးပြီးချင်းပင် တိတ်ဆိတ်နေသော နဂါးရတနာခန်းမမှာ ဆူညံသွားတော့သည်။
“ခြောက်ရာ”
“ခုနစ်ရာ”
“ခုနစ်ရာငါးဆယ်”
"ငါ ရှစ်ရာ ပေးတယ်၊ ငါနဲ့ ပြိုင်တဲ့သူ ဘယ်သူမှ ဒီအခန်းထဲက အသက်ရှင်လျက် ထွက်မသွားစေရဘူး"
“မင်းက ဘယ်သူ့ကို ဖြဲခြောက်နေတာလဲ၊ ဒါက နဂါးရတနာ ခန်းမကွ၊ သတ္တိရှိရင် စမ်းကြည့်လိုက်လေ၊ ငါက ရှစ်ရာနဲ့ တစ်တုံး ပေးတယ်”
“မင်း ”
လေလံဈေးများမှာ တရိပ်ရိပ် တက်လာသလို၊ အပြန်အလှန် စိန်ခေါ်သံများလည်း ဆူညံလာသည်။ ဆဲဆိုသံများနှင့် ကြိမ်းမောင်းသံများမှာလည်း မနည်းလှပေ။
ထိုရုန်းရင်းဆန်ခတ် ဖြစ်နေသော လေလံဈေးများကြားတွင် လော့ချန်၏ အကြည့်တို့မှာ တည်ငြိမ်သွားသည်။ သူသည် မတုန်မလှုပ်သော ယုံကြည်ချက်ဖြင့် စကားတစ်ခွန်းကို ဟစ်အော်လိုက်တော့သည်။
“တစ်ထောင်”
***