လော့ချန်သည် ဖိုရှန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ မီရှုဟွာ၏ လမ်းညွှန်မှုအောက်တွင် အချိန်အတော်ကြာ နေထိုင်လာခဲ့သူ ဖြစ်သည်။
ထိုမြေခွေးအိုကြီးထံမှ သူရရှိခဲ့သည်မှာ မှော်အတတ်များသာမကဘဲ ကျယ်ပြောလှသော လောကီဗဟုသုတ၊ ကျင့်ကြံခြင်းလောက၏ အတွေ့အကြုံများနှင့် လက်တွေ့အသုံးချ သင်ခန်းစာ အမြောက်အမြားလည်း အပါအဝင် ဖြစ်သည်။
ဥပမာအားဖြင့် လေလံပွဲတစ်ခုတွင် မည်သို့အသာစီးရအောင် ကစားရမည်ဟူသော နည်းဗျူဟာများမှာ မီရှုဟွာကိုယ်တိုင် လော့ချန်တို့တစ်စုကို အသေးစိတ် ရှင်းပြခဲ့ဖူးသည့် အဓိက အကြောင်းအရာများအနက် တစ်ခုပင် ဖြစ်သည်။
လေလံဆွဲရတော့မည် ဆိုလျှင် ပထမဆုံး စဉ်းစားရမည့်အချက်မှာ ၎င်း၏ အရေးပါမှုဖြစ်သည်။ မိမိအနေဖြင့် မရမက ရယူရန် လိုအပ်ခြင်း ရှိ၊ မရှိကို ဦးစွာ ဆုံးဖြတ်ရမည်။
ဒုတိယအချက်မှာ ပြိုင်ဘက် မည်မျှရှိသနည်းဟူသည်ကို တွက်ဆရန်ဖြစ်ပြီး နောက်ဆုံးအချက်မှာမူ မိမိ၏ လက်ဝယ်ရှိသော ဘဏ္ဍာရေး အင်အားပင် ဖြစ်သည်။
လော့ချန်၏ စုစုပေါင်း ကြွယ်ဝမှုမှာ ဝိညာဉ်ကျောက်တုံး ငါးထောင်ခန့်သာ ရှိသဖြင့် ဤကဲ့သို့သော ထိပ်တန်းမှောင်ခိုဈေးကွက်၌ အလွန်အမင်း များပြားသည်ဟု မဆိုနိုင်သော်လည်း နိုးထခြင်းဆေးရည်၏ အခြေခံလေလံဈေးနှင့် နှိုင်းယှဉ်လျှင်မူ လုံလောက်သည်ထက်ပင် ပိုနေပေသည်။
လေလံပွဲတွင် ပါဝင်ဆင်နွှဲသူ အများအပြား ရှိနေသဖြင့် ပြိုင်ဆိုင်မှုမှာ အစပိုင်းတွင် အလွန် ပြင်းထန်မည့်ပုံ ပေါက်နေသည်။ သို့သော် လေလံဈေးများမှာ တဖြည်းဖြည်းချင်းသာ မြင့်တက်နေပြီး အချို့မှာ နောက်ပြောင်သည့်အလား ဝိညာဉ်ကျောက်တုံး တစ်တုံးချင်းသာ တိုးပေးနေကြသည်။ ဤသည်ကပင် ပြိုင်ဆိုင်မှုမှာ ထင်သလောက် မခက်ခဲကြောင်း ပြသနေသည်။
အကြောင်းရင်းမှာ နောက်ထပ် နှစ်ပုလင်း ကျန်ရှိနေသေးသဖြင့် လေလံဆွဲသူတို့က အင်အားချန်ထားပြီး နောက်မှ အခွင့်အရေးကို မျှော်ကိုးကာ ထိန်းထားကြခြင်းကြောင့် ဖြစ်နိုင်သည်။
သို့သော် လော့ချန်အတွက်မူ ဤ နိုးထခြင်းဆေးရည်မှာ သူ၏ ရှေ့ဆက်မည့် ကျင့်ကြံခြင်းခရီးအတွက် မရမက ရယူရမည့် ရတနာတစ်ပါး ဖြစ်သည်။ ထို့ကြောင့် သူသည် မီရှုဟွာ၏ လေလံဗျူဟာကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းမှာ ပြိုင်ဘက်အားလုံး၏ ပါးစပ်ကို ပိတ်သွားစေမည့် ပြတ်သားလွန်းသော လေလံဈေးတစ်ခုပင်။
“ဝိညာဉ်ကျောက်တုံး တစ်ထောင်”
ဝိညာဉ်ကျောက်တုံး တစ်ထောင်ဟု ကြေညာလိုက်ချိန်တွင် ခန်းမတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြီးနောက် စိတ်လှုပ်ရှားမှုနှင့် အငြင်းပွားသံများ ဆူညံထွက်ပေါ်လာတော့သည်။
"ကျင့်ကြံဖော်…. ဒါက အလွန်အကျွံကြီး ဖြစ်မနေဘူးလား၊ ဒီပစ္စည်းက ဝိညာဉ်ဆေးနန်းဆောင်မှာ ငါးရာပဲ ပေးရတာလေ၊ မင်းက တကယ်ပဲ အလိမ်ခံချင်လို့ ဈေးပိုပေးနေတာလား"
“သောက်ရူးပဲကွာ.... အဲ့လောက် အကုန်ခံမယ့်အစား ဝိညာဉ်ဆေးနန်းဆောင်မှာ နောက်ထပ် နှစ်နှစ်လောက် စောင့်တာကမှ တန်ဦးမယ်” ဟု နောက်တစ်ဦးကလည်း သူ၏ ထင်မြင်ချက်ကို မဲ့ကာရွဲ့ကာ ပြောဆိုနေပြန်သည်။
"ထားလိုက်ပါ…. ဒီတစ်ပုလင်းတည်းနဲ့ ငြင်းမနေကြနဲ့ဦး၊ နောက်ထပ် နှစ်ပုလင်း ကျန်သေးတာပဲ" ဟု အလျှော့ပေးလိုသူအချို့က ဆိုကြသည်။
“သူက အသစ်လေးဖြစ်ရမယ်…. လက်ထဲ ပိုက်ဆံလေး နည်းနည်းရှိတာနဲ့တင် ဘဝင်မြင့်နေတာ၊ နောက်ပိုင်းမှာ ပိုအဖိုးတန်တဲ့ ရတနာတွေ လာဦးမှာကို ဒီကောင် သိပုံမရဘူး” ဟုလည်း အခြားတစ်ဖက်မှ ခနဲ့သံများ ထွက်ပေါ်လာတော့သည်။
ထိုသို့သော စောင်းမြောင်းပြောဆိုသံများ ရင်ဆိုင်ရသော်လည်း လော့ချန် တည်ငြိမ်စွာဖြင့် ရှိနေသည်။ သူသည် ထျန်းရှင်းကျီ၏ လှုပ်ရှားမှုကိုသာ အာရုံစိုက်ထားသည်။
ထျန်းရှင်းကျီ ချောင်းအသာဟန့်လိုက်သည်။
"ဝိညာဉ်ကျောက်တုံး တစ်ထောင်... တစ်ကြိမ်"
"ဝိညာဉ်ကျောက်တုံး တစ်ထောင်... နှစ်ကြိမ်”
“အခြေခံတည်ဆောက်ခြင်းအဆင့်ကို အထောက်အကူပြုတဲ့ ဒီနိုးထခြင်းဆေးရည်ကို စိတ်ဝင်စားတဲ့ ကျင့်ကြံဖော်များ ရှိသေးလားဗျာ"
“ဟဲဟဲ... မရှိတော့ပုံပဲ၊ ဝိညာဉ်ကျောက်တုံး တစ်ထောင်... သုံးကြိမ် ”
"ရောင်းချလိုက်ပါပြီ "
ငွေပေးချေပြီးနောက် ထိုနိုးထခြင်းဆေးရည်ပုလင်းမှာ သူ့အပိုင်ဖြစ်သွားခဲ့သည်။ လော့ချန်၏ တင်းမာနေသော ခန္ဓာကိုယ်မှာ နောက်ဆုံးတွင်မှ ပြေလျော့သွားတော့သည်။ ပုလင်းငယ်လေးကို ကြည့်ရင်း လော့ချန်သည် မျက်နှာဖုံးအောက်တွင် မပြုံးဘဲ မနေနိုင်တော့ပေ။
နိုးထခြင်းဆေးရည်သည် ဆေးဘုရင်ဂိုဏ်းမှ ထွက်ရှိသော အခြေခံတည်ဆောက်ခြင်းဆိုင်ရာ အထူးဆေးရည် ဖြစ်သည်။ သို့သော် ၎င်း၏ စစ်မှန်သော အာနိသင်မှာ ထျန်းရှင်းကျီ ပြောသကဲ့သို့ အခြေခံတည်ဆောက်ခြင်းကို အထောက်အကူပြုရုံမျှ မဟုတ်ပေ။
အမှန်စင်စစ် ထျန်းရှင်းကျီ လိမ်ပြောနေခြင်း မဟုတ်ပေ။ အခြေခံတည်ဆောက်ခြင်းအတွက် အကျိုးကျေးဇူး အနည်းငယ် ပေးသည်မှာ မှန်သော်လည်း ၎င်း၏ ပင်ကိုယ်ရည်ရွယ်ချက်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရာတွင် ကျရှုံးခဲ့ပါက ကျင့်ကြံသူ၏ ဇီဝစွမ်းအားကို ထိန်းသိမ်းပေးရန် ဖြစ်သည်။
ထိုခဏတာအတွင်း ကျင့်ကြံသူသည် ကျရှုံးမှုကြောင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော ချီစွမ်းအင်များကို ပြန်လည်စုစည်းကာ မိမိ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်သည်။
အကယ်၍ အခြေခံတည်ဆောက်ခြင်း ကျရှုံးသွားလျှင်ပင် ခန္ဓာကိုယ်ကို အမြဲ ထိခိုက်ပျက်စီးသွားခြင်းမျိုး မဖြစ်စေပေ။ အချိန်အနည်းငယ်ယူပါက ချီသန့်စင်အဆင့် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနိုင်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ထပ်မံကြိုးစားနိုင်မည် ဖြစ်သည်။ ဤဆေးရည်မှာ ဝိညာဉ်ဆေးနန်းဆောင်တွင် တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ငါးရာသာ ရှိသဖြင့် မဈေးကြီးလှပေ။
သို့သော် ဤဆေးရည်မှာ ဝယ်လိုအား အလွန်များပြီး ရရှိရန် ခက်ခဲသော အမျိုးအစားထဲတွင် ပါဝင်သည်။
ဝိညာဉ်ဆေးနန်းဆောင်သို့ ပစ္စည်းရောက်တိုင်း တစ်ကိုယ်တော်ကျင့်ကြံသူများက ချက်ချင်း လက်ဦးမှုယူ ဝယ်ယူကြလေ့ရှိသည်။ ဆေးဘုရင်ဂိုဏ်းသည် ဤဆေးရည် ထောက်ပံ့မှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ ဝိညာဉ်ဆေးနန်းဆောင်တွင် နှစ်စဉ် ရရှိသည်ဟု ဆိုသော်လည်း တစ်ကိုယ်တော်ကျင့်ကြံသူ အများအပြားမှာမူ ဝယ်ယူခွင့် မရကြပေ။
လော့ချန်သည် မိမိ၏ ဝိညာဉ်အမြစ်ငါးခုကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရာတွင် အခက်အခဲရှိမည်ကို အမြဲစိုးရိမ်နေခဲ့သည်။
အခြေတည်ဆေးလုံး တစ်လုံး၊ နှစ်လုံးနှင့်ပင် အောင်မြင်ရန် အာမခံချက် မရှိပေ။ ကျရှုံးခဲ့လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ခန့်မှန်းရခက်သလို ခံနိုင်ရည်ရှိရန်လည်း ခက်ခဲလှသည်။
ယခုမူ နိုးထခြင်းဆေးရည် တစ်ပုလင်း လက်ဝယ်ရှိနေပြီဖြစ်ရာ အနည်းဆုံး ကျရှုံးမှုတစ်ကြိမ်ကိုမူ သူ ခံနိုင်ရည်ရှိသွားပြီ ဖြစ်သည်။ မိမိအသက်ကို ကာကွယ်ရန် အခွင့်အရေးအတွက် ဝိညာဉ်ကျောက်တုံး တစ်ထောင် အကုန်ခံရခြင်းမှာ တန်လွန်းလှသည်။
ဤသည်မှာ အရှုံး လုံးဝ မဟုတ်ပေ။ မအောင်မြင်မီ ကျရှုံးခြင်းအတွက် ကြိုတင်ပြင်ဆင်နေသော သူ၏ ချဉ်းကပ်ပုံကို အခြားသူများက မည်သို့ မြင်မည်ကို သူ မသိချေ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ၏ သဘာဝအတိုင်း အသေးစိတ် ပြင်ဆင်တတ်ခြင်းပင် ဖြစ်သည်။
လော့ချန်သည် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖြင့် အမှန်ပင် ဈေးပိုပေးလိုက်ရခြင်းလော။
နောက်ထပ် နိုးထခြင်းဆေးရည် နှစ်ပုလင်း၏ လေလံစျေးများကို ကြားရသောအခါ လော့ချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ပွင့် ပေါ်လာတော့သည်။
"ဝိညာဉ်ကျောက်တုံး တစ်ထောင်နှစ်ရာ... တစ်ကြိမ် "
"ဝိညာဉ်ကျောက်တုံး တစ်ထောင်နှစ်ရာ... နှစ်ကြိမ် "
"ဝိညာဉ်ကျောက်တုံး တစ်ထောင်နှစ်ရာ... သုံးကြိမ် ရောင်းချလိုက်ပါပြီ "
နောက်ဆုံး ပုလင်းကို ရရှိသွားသူမှာ အံ့ဩစရာကောင်းလောက်အောင်ပင် ‘ငါနဲ့ ပြိုင်တဲ့သူ ဘယ်သူမှ ဒီအခန်းထဲက အသက်ရှင်လျက် ထွက်မသွားရစေရဘူး’ ဟု ကြိမ်းဝါးခဲ့သည့် အဆင့်ကိုး ကျင့်ကြံသူပင် ဖြစ်သည်။
ယခုအချိန်တွင် သူ၏ မျက်နှာမှာ မဲမှောင်နေပြီး ဝိညာဉ်ကျောက်တုံး တစ်ထောင်တစ်ရာဖြင့် တစ်ပုလင်း ရရှိသွားသော အခြားတစ်ဦးနှင့် လော့ချန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
လော့ချန် အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းကို တွန့်လိုက်သည်။
‘သူများနဲ့ လိုက်တုချင်တယ်ဆိုရင်လည်း ရဲရင့်တဲ့ ဈေးနှုန်းလေးတော့ ပေးလေ၊ ခြိမ်းခြောက်စကားတွေ ပြောနေရုံနဲ့ ဘယ်သူက ကြောက်မှာလဲ၊ နောက်ဆုံးတော့လည်း အံကြိတ်ပြီး ဝယ်ခဲ့ရတာပဲ မဟုတ်လား၊ တကယ်လို့ တစ်ယောက်ယောက်ကသာ စိတ်ဝင်တစားနဲ့ တစ်တုံး နှစ်တုံးလောက် တိုးပေးလိုက်ရင် ရူးသွားလောက်တယ်’
ထို့နောက်တွင် ထျန်းရှင်းကျီသည် နဂါးရတနာ မှောင်ခိုဈေးကွက်ကို ကိုယ်စားပြု၍ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ပြတော့သည်။ အဆင့်မြင့် မှော်လက်နက်များ၊ အဆင့်မြင့် မှော်စာရွက်များ၊ အဆင့်လတ် မြူသန့်စင်ဆေးလုံးများ၊ ကျင့်စဉ်ကျမ်းများနှင့် ရုပ်သေးရုပ် တစ်ခုပင် ပါဝင်သည်။
ချီသန့်စင်အဆင့် အထွတ်အထိပ်နှင့် ညီမျှသော တိုက်ခိုက်ရေးစွမ်းအားရှိသည့် ရုပ်သေးရုပ်ကို ထုတ်ပြလိုက်ချိန်တွင် လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။ ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး တစ်သောင်းနီးပါးအထိ မြင့်တက်သွားခဲ့သည်။
ထိုအချိန်တွင် လော့ချန် အနည်းငယ် မိန်းမောသွားမိသည်။
သူသည် မှောင်ခိုဈေးကွက် လေလံပွဲတစ်ခုတွင် ရှိနေခြင်းလော သို့မဟုတ် ဓားနန်းဆောင်မှ စီစဉ်သော ပွဲတစ်ခုတွင် ရှိနေခြင်းလော။ ယနေ့ခေတ် တစ်ကိုယ်တော် ကျင့်ကြံသူတို့မှာ ဤမျှအထိ ကြွယ်ဝနေကြပါသလော။ လော့ချန် မိမိ၏ ချမ်းသာသော ဆေးဖော်ဆရာ ဟူသော ဂုဏ်သတင်းနှင့် အမှန်တကယ် ထိုက်တန်ခြင်း ရှိ၊ မရှိကိုပင် သံသယဝင်လာမိသည်။
သို့သော် နောက်ဆုံးဈေးနှုန်းကို အိုမင်းနေသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက အော်ဟစ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါမှ အားလုံးမှာ အဓိပ္ပာယ်ရှိသွားတော့သည်။
လော့ချန်သည် ထိုရုပ်သေးရုပ်အတွက် ဝင်ရောက်မပြိုင်ဆိုင်ခဲ့ပေ။ ၎င်းမှာ တိမ်ပြိုဂိုဏ်း အကြီးအကဲကိုယ်တိုင် ဖန်တီးခဲ့ခြင်းဟု ဆိုသော်လည်း သူ စိတ်မဝင်စားပေ။ သူသည် ဝိညာဉ်ကျောက်တုံး ၉၀၀ ပေးကာ ကျင့်စဉ်ကျမ်းတစ်စောင်ကိုသာ လေလံဆွဲခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် အခြေခံကျင့်စဉ်များကို ဂိုဏ်းကြီးများက တင်းကျပ်စွာ ထိန်းချုပ်ထားပြီး အပြင်၌ ပျံ့နှံ့နေသည်မှာ အကျဉ်းချုပ် များသာ ဖြစ်သည်။
သို့သော် မှော်အတတ်များမှာမူ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည်။ အကြောင်းမှာ မှော်အတတ်များသည် သင်ယူရန် လွယ်ကူသော်လည်း ကျွမ်းကျင်ရန် ခက်ခဲခြင်း၊ အသက်သွင်းရန် နှေးကွေးခြင်းနှင့် စွမ်းအင် အမြောက်အမြား စားသုံးခြင်း စသည့် အားနည်းချက်များ ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် မှော်မှော်အတတ်ကျမ်းများ၏ ဈေးနှုန်းမှာ အမြဲတမ်း နိမ့်ပါးနေလေ့ရှိသည်။
တစ်ခါက လော့ချန်သည် ဝမ်ယွမ်ထံမှ ချီသန့်စင်အဆင့် အခြေခံမှော်အတတ် ၅ မျိုး ကို ဝိညာဉ်ကျောက်တုံး ၂၀၀ ဖြင့် ရရှိခဲ့သည်။ ဈေးကြီးသော မှော်အတတ်များမှာ များသောအားဖြင့် ဓာတ်ကြီးငါးပါးဂိုဏ်းမှ ရောင်းချသော အဆင့်မြှင့်တင်ထားသည့်အတတ်များသာ ဖြစ်သည်။
လော့ချန် ဤကျမ်းအတွက် ဝိညာဉ်ကျောက်တုံး ၉၀၀ အကုန်ခံရခြင်းမှာ ၎င်း၏ အဆင့်အတန်းကြောင့် ဖြစ်သည်။
၎င်းမှာ ဒုတိယအဆင့် မီးဓာတ် မှော်အတတ် မြေပြိုခြင်း ဖြစ်သည်။
‘မြေဓာတ်အမည်ပေးထားတဲ့ မီးဓာတ်မှော်အတတ်တစ်ခုလား….’
လော့ချန် ဝေခွဲမရဖြစ်နေစဉ်မှာပင် နောက်ဆုံး လေလံပစ္စည်း ထွက်ပေါ်လာတော့သည်။
"မြေကမ္ဘာအမြစ်"
လော့ချန် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။ စန္ဒကူးသားစားပွဲပေါ်တွင် လူ့လျှာနှင့် တူသော အရာတစ်ခုမှာ ငြိမ်သက်စွာ ရှိနေသည်။ သူသာမက လူတိုင်း၏ အကြည့်များမှာလည်း ထိုအရာပေါ်သို့ ကျရောက်နေကြပြီ ဖြစ်သည်။
ထျန်းရှင်းကျီက သိမ်မွေ့စွာ ပြုံးလိုက်သည်။
"ကျင့်ကြံဖော် အများအပြားဟာ ဒီပစ္စည်းအတွက်နဲ့ တမင်သက်သက် လာကြတာလို့ ကျွန်တော် ယုံကြည်ပါတယ်၊ နှစ်ရှစ်ရာသက်တမ်းရှိတဲ့ မြေကမ္ဘာအမြစ်ပါ၊ ဒါကို တိုက်ရိုက် စားသုံးမယ်ဆိုရင် အခြေခံတည်ဆောက်ခြင်း အောင်မြင်နိုင်ခြေကို ၂၀ ရာခိုင်နှုန်း တိုးစေနိုင်ပါတယ်၊ ဒါဟာ အဆင့်နိမ့် အခြေတည်ဆေးလုံးထက် ၁၀ ရာခိုင်နှုန်းပဲ လျော့နည်းတာပါ"
“သြော်.... တကယ်လို့ ခင်ဗျားတို့အနေနဲ့ ဆေးဖော်ဆရာကြီးတစ်ဦးကို ဖိတ်ခေါ်ပြီး အဆင့်လတ် အခြေတည်ဆေး အဖြစ် ဖော်စပ်နိုင်မယ်ဆိုရင်တော့ အောင်မြင်မှုနှုန်းဟာ ၄၀ ရာခိုင်နှုန်းအထိ ရှိလာမှာပါ၊ ကျွန်တော် အများကြီး ထပ်မပြောတော့ပါဘူး၊ အခြေခံဈေးကတော့ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကနေ စပါမယ်….”
***