"နှစ်ထောင်"
"သုံးထောင်"
"ဝိညာဉ်ကျောက်တုံး လေးထောင် "
လေလံမှူး၏ စကားပင် မဆုံးသေး။ လေလံခန်းမတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကာ စျေးနှုန်းများမှာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
လော့ချန်သည် မိမိလက်ထဲရှိ ပိုင်ဆိုင်မှုကို အလျင်အမြန် တွက်ချက်ကြည့်မိသည်။ သူ၌ လက်ငင်း ဝိညာဉ်ကျောက်တုံး သုံးထောင်ငါးရာ ရှိပြီး အဆင့်မြင့် မှော်လက်နက်တစ်ခုကိုပါ ထည့်တွက်မည်ဆိုလျှင်...
“ငါးထောင် ”
ခပ်ပြတ်ပြတ်နှင့် ဟိန်းထွက်လာသော အသံတစ်သံကြောင့် လော့ချန်၏ အတွေးစတို့ ရုတ်ချည်း ရပ်တန့်သွားရသည်။ သူတင်မကဘဲ စျေးပြိုင်နေကြသည့် ချီသန့်စင်အဆင့် ကျင့်ကြံသူအားလုံးလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ငြိမ်ကျသွားကြပေသည်။
အကြောင်းမှာ လေလံပွဲတစ်လျှောက်လုံး ကျောက်ရုပ်ကဲ့သို့ တိတ်ဆိတ်နေခဲ့သည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက နောက်ဆုံးတွင် ဝင်ရောက်အားပြိုင်လာခြင်းကြောင့် ဖြစ်ပေသည်။
လော့ချန် နှမြောတသစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤကဲ့သို့သော ရတနာမျိုးသည် မိမိတို့ကဲ့သို့ အဆင့်နိမ့် ကျင့်ကြံသူများအတွက် မဟုတ်ဘဲ အထက်တန်းလွှာ အင်အားကြီး ပုဂ္ဂိုလ်များအချင်းချင်း အာဏာပြရန်အတွက်သာ ဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်သွားသည်။
ယခုအချိန်မှစ၍ သူသည် လောဘဇောကို သတ်ကာ ပွဲကြည့်ပရိသတ်အဖြစ်သာ နေရန် လိုတော့သည်။ ကံမကောင်းစွာဖြင့် ကြည့်စရာပွဲမှာလည်း များများစားစား မရှိတော့ပေ။
အခြား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်ရာ သူ၏ အိုမင်းရင့်ရော်သော်လည်း အရှိန်အဝါကြီးမားလှသော အသံဩဇာမှာ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။
"ဒီမြေကမ္ဘာအမြစ်အတွက် ငါ ဝိညာဉ်ကျောက်တုံး ငါးထောင်ငါးရာ ပေးပါမယ်၊ ထပ်လောင်းအနေနဲ့ ကျင့်ကြံဖော် ကျိုးကို ငါ အကူအညီတစ်ခု ပြန်ပေးပါမယ်"
“ဟဲဟဲ.... ဒါဆိုရင်တော့ ခင်ဗျား အပိုင်ပဲပေါ့”
ကျိုးဟု အမည်ရသော ကျင့်ကြံသူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ခန်းမအတွင်းမှ အေးအေးလူလူ ထွက်ခွာသွားလေသည်။
ဟူး….
ထိုအိုမင်းသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီးသည် သက်ပြင်းတစ်ချက်ကို လေးလံစွာချပြီးနောက် ထျန်းရှင်းကျီထံသို့ လျှောက်လှမ်းသွားသည်။ လူနှစ်ဦးမှာ စကားမဆိုဘဲ ခေတ္တမျှ စိုက်ကြည့်နေကြပြီးနောက် ထျန်းရှင်းကျီက သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ ဝိညာဉ်ကျောက်တုံးများ ပေးချေပြီးနောက် ထိုပုဂ္ဂိုလ်ကြီးသည် မြေကမ္ဘာအမြစ်ကို ယူဆောင်ကာ ခန်းမထဲမှ ထွက်ခွာသွားလေတော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း မြေကမ္ဘာအမြစ်ကို မျှော်လင့်၍ လာကြသော ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ အများအပြားမှာ ရင်ထဲ၌ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းသွားကြသည်။ ဓားနန်းဆောင် လေလံပွဲများရှိ အခြေတည်ဆေးလုံးများမှာ သူတို့နှင့် လက်လှမ်းမမီနိုင်လောက်အောင် ဝေးကွာနေခဲ့သည်။ ယခုမူ အခြေတည်ဆေးလုံးထက် အာနိသင်နည်းသော မြေကမ္ဘာအမြစ်ကိုပင် ဩဇာကြီးမားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများက စကားအနည်းငယ်ဖြင့် အလွယ်တကူ သိမ်းပိုက်သွားကြချေပြီ။ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် ရှင်သန်ရန် လမ်းစ မရှိတော့သကဲ့သို့ပင်။
လော့ချန် အနည်းငယ် စိတ်ပျက်သွားမိသော်လည်း ခေတ္တအကြာတွင် စိတ်လှုပ်ရှားမှုအသစ်များက အစားထိုး ဝင်ရောက်လာပြန်သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ကိုယ်ပိုင်ပစ္စည်း လေလံတင်ခန်းက သူ၏အမြင်ကို လုံးဝ ကျယ်ပြန့်သွားစေခဲ့သည်။ ထူးဆန်းပြီး ဆန်းပြားလှသော ပစ္စည်းအမျိုးမျိုးက သူ၏အာရုံကို ချက်ချင်း ဖမ်းစားလိုက်တော့သည်။
“ကဲ... အားလုံး ကြည့်လိုက်ကြဦး၊ ရင်စည်းလေး တစ်ခုပါ” ဟု ရောင်းချသူက ခပ်တည်တည်ဖြင့် ကြေညာလိုက်သည်။
“ဒါက မှော်ကြာရွက် တဲ့၊ ကြည့်လိုက်ရင်တော့ သာမန် အဆင့်လတ် မှော်လက်နက်တစ်ခုလို့ ထင်ရပေမဲ့၊ တကယ်တော့ ထိပ်တန်းအဆင့် မှော်လက်နက်နဲ့ နီးပါးတူတဲ့ တိုက်ခိုက်မှုမျိုးကို ပြုလုပ်နိုင်ပါတယ်….”
“မယုံရင်တော့ အလင်းပြန် ရတနာအိမ်မြှောင် နဲ့ စစ်ဆေးကြည့်နိုင်တယ်၊ ဒါပေမဲ့ စစ်ဆေးခကိုတော့ လေလံအောင်တဲ့သူကပဲ စိုက်ရမှာနော်”
လူအုပ်ကြီး၏ စိတ်ဝင်စားမှုများကြားတွင် ထိုရင်စည်းကို ကြီးမားလှသော အလင်းပြန် ရတနာအိမ်မြှောင် ပေါ်သို့ တင်လိုက်သည်။ သံလိုက်အိမ်မြှောင်၏ လက်တံမှာ အပြာရောင်အမှတ်အသား၏ အလယ်ဗဟိုသို့ ဦးစွာခုန်တက်သွားရာ ၎င်းမှာ အဆင့်လတ် ရေဓာတ်မှော်လက်နက် ဖြစ်ကြောင်း ပြသနေသည်။
ရုတ်တရက်ဆိုသလိုပင် လက်တံမှာ အပြာရောင်အမှတ်အသား၏ အထွတ်အထိပ်သို့ ထိုးတက်သွားပြီး တုန်ခါနေတော့သည်။ ဤသည်မှာ ၎င်း၏ အမြင့်ဆုံးစွမ်းအားမှာ အဆင့်မြင့် လက်နက်များ၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပြီး ထိပ်တန်းအဆင့် မှော်လက်နက်နှင့် အနီးစပ်ဆုံး ဖြစ်နေကြောင်း ညွှန်ပြနေခြင်းပင်။
လေလံကို ဦးဆောင်နေသော တစ်ကိုယ်တော်ကျင့်ကြံသူက ခပ်ဖွဖွ ပြုံးလိုက်သည်။
"မှော်ကြာရွက်မှာ အလွန်ထူးခြားတဲ့ အာနိသင်ရှိပြီး သီးသန့် အသုံးပြုနည်းလည်း လိုအပ်ပါတယ်၊ ပထမအချက်ကတော့ ဒါကို အမျိုးသမီးကျင့်ကြံသူပဲ သုံးရမှာပါ၊ ဒုတိယအချက်ကတော့ ဒါကို ခန္ဓာကိုယ်နဲ့ ထိကပ်ပြီး ဝတ်ဆင်ထားရမှာဖြစ်သလို ချီစွမ်းအင်နဲ့လည်း အချိန်ကြာမြင့်စွာ မွေးမြူပေးရမှာ ဖြစ်ပါတယ်….”
“တစ်နှစ်လောက် ကျင့်ကြံပြီးရင်တော့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ ဝတ်ဆင်ထားသူက ဒီရင်စည်းကို ထုတ်ပြလိုက်ရုံပါပဲ၊ ကြီးမားတဲ့ ဝိညာဉ်ငါးကြင်းဖြူကြီး ထွက်ပေါ်လာပြီး ရန်သူကို အပြတ်အသတ် ချေမှုန်းပါလိမ့်မယ်"
လော့ချန်မှာ မှင်သက်သွားရပြီး သူကြားလိုက်ရသည့်အရာကို ဇဝေဇဝါ ဖြစ်သွားတော့သည်။ မည်ကဲ့သို့သော ကျင့်ကြံသူက မည်သည့်ရည်ရွယ်ချက်ဖြင့် ဤကဲ့သို့သော အရာကို တကူးတက ဖန်တီးခဲ့ရသနည်းဟု စဉ်းစားမရနိုင်အောင် ဖြစ်နေသော်လည်း ထိုမှော်လက်နက်၏ အံ့ဩဖွယ်ကောင်းသော ထိရောက်မှုကိုမူ သူ မငြင်းနိုင်ပေ။
လော့ချန် အနည်းငယ် စိတ်ဝင်စားသွားသော်လည်း အမျိုးသမီးကျင့်ကြံသူသာ ဝတ်ဆင်ရမည်ဟူသော ကန့်သတ်ချက်ကြောင့် လက်လျှော့လိုက်ရသည်။
နောက်ဆုံးတွင် ထိုရတနာမှာ ဆိတ်ငြိမ်သော်လည်း ကျော့ရှင်းသော အမျိုးသမီးကျင့်ကြံသူတစ်ဦးထံသို့ ဝိညာဉ်ကျောက်တုံး ၇၀၀ ဖြင့် ရောက်ရှိသွားတော့သည်။
လူတိုင်းမှာ ထိုအမျိုးသမီးကို တိတ်တဆိတ် ကြည့်လိုက်ကြရာ သိသိသာသာ ပြားချပ်နေသော သူမ၏ ကိုယ်လုံးကိုယ်ပေါက်ပေါ်သို့ အကြည့်များ ရောက်သွားကြသည်။
မျက်နှာဖုံးစွပ်ထားသဖြင့် သူမ၏ အမူအရာကို မည်သူမျှ မမြင်ရပေ။ သူတို့ မြင်လိုက်ရသည်မှာ သူမ၏ ရှေ့တွင် အမျိုးသားနှစ်ဦးက တပြိုင်နက်တည်း ရပ်လိုက်ကြပြီး အကြည့်များကို ကာကွယ်ပေးလိုက်ခြင်းသာ ဖြစ်သည်။
လော့ချန် ထိုမြင်ကွင်းကို ကြည့်ရင်း တိတ်တဆိတ် ရေရွတ်မိသည်။
"သူနဲ့ သိပ်မလိုက်သလိုပဲ…. ကူချိုင်ယီတို့၊ ဖုန်းရှတို့နဲ့ ဆိုရင် ပိုလိုက်ဖက်မှာပဲ "
ခဏအကြာတွင် ထိုအမျိုးသမီးကျင့်ကြံသူသည် စန္ဒကူးစားပွဲသို့ ချဉ်းကပ်လာကာ သူမအပေါ်သို့ စူးစိုက်ကြည့်နေသော အကြည့်များကို တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်သည်။
"ရောင်စဉ်ပုလဲအနှစ်သာရ ငါးပုလင်းပါ၊ အခြေခံစျေး တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ်ပါ၊ ကျင့်ကြံဖော်တို့ စိတ်ဝင်စားရင် လေလံဆွဲနိုင်ပါတယ်" ဟု သူမက ကြေညာလိုက်သည်။
ထိုအမည်ကို ကြားလိုက်ရချိန်တွင် တစ်ကိုယ်တော်ကျင့်ကြံသူ အများစုမှာ စိတ်ဝင်စားမှု လျော့ကျသွားကြသည်။ သို့သော် လော့ချန်၏ မျက်လုံးများမှာမူ တောက်ပသွားတော့သည်။ ဤအရာမှာ ချီသန့်စင်အဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ မျက်စိညောင်းညာမှုကို ကုသရန် အသုံးပြုနိုင်သော အရာဖြစ်သည်။
ပုံမှန်အသုံးပြုပါက ယင်ချီ၊ ညစ်ညမ်းစွမ်းအင်နှင့် မိစ္ဆာချီ စသည့် အညစ်အကြေးများကို အလွယ်တကူ ခွဲခြားသိမြင်နိုင်စေသည်။ ၎င်း၏ အဓိက ပါဝင်ပစ္စည်းတစ်ခုမှာ ယင်သားရဲ၏ အခွံမှ မွေးမြူထားသော ရှားပါးသည့် မီးခိုးပုလဲ ဖြစ်သည်ဟု ဆိုကြသည်။
လော့ချန်သည် သူ၏ နတ်မျက်စိမှော်အတတ် ပါရမီရှင်အဆင့်သို့ ရောက်ရှိစဉ်က တစ်ပုလင်း ရရှိခဲ့ဖူးသည်။ ထိုစဉ်က မျက်စိကို အလွန်အကျွံ အသုံးပြုခဲ့သဖြင့် မျက်လုံးမှ သွေးများပင် ထွက်ခဲ့ရသည်။ မီရှုဟွာက စိုးရိမ်သဖြင့် မီကျွင်းဖျင်မှတစ်ဆင့် သူ့ထံသို့ တစ်ပုလင်း ပို့ပေးခဲ့ခြင်း ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ထိုစဉ်က တစ်ပုလင်းလုံး ကုန်သွားသော်လည်း ထူးခြားသော အာနိသင်ကို မတွေ့ခဲ့ရပေ။ သို့သော် ချင်ယွမ်ဇီ၏ ကျမ်းထဲတွင် ၎င်းသည် ဆေးဖော်စပ်သူများအတွက် အလွန် အကျိုးရှိသည်ဟု ဖော်ပြထားသည်ကို သတိရသဖြင့် ပို၍ဝယ်ကာ ပုံမှန်အသုံးပြုရန် သူ စဉ်းစားလိုက်သည်။
ကံမကောင်းစွာဖြင့် ဝိညာဉ်ဆေးနန်းဆောင်တွင် ၎င်းကို မရောင်းချပေ။ အမှန်စင်စစ် ဤသည်မှာ ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ထုတ်လုပ်သော ပစ္စည်းဖြစ်သဖြင့် ဝိညာဉ်ဆေးနန်းဆောင်တွင် ရှိမည်မဟုတ်ပေ။ မည်သူမျှ လေလံမဆွဲသည်ကို သတိပြုမိသဖြင့် လော့ချန်သည် လေလံဆွဲမည့် အစီအစဉ်ကို ဖျက်လိုက်ပြီး ရောင်းချသူ၏ ပုံသဏ္ဌာန်ကိုသာ မှတ်သားထားလိုက်တော့သည်။
အမျိုးသမီးကျင့်ကြံသူက နောက်ထပ် နှစ်ကြိမ်ခန့် ခေါ်ဆိုသော်လည်း စိတ်ဝင်စားသူ မရှိသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။ ဤကဲ့သို့သော ဆေးမျိုးမှာ ဈေးကွက်ဝယ်လိုအား မရှိသည်မှာ မထူးဆန်းပေ။
သူမအနေဖြင့် မှောင်ခိုဈေးကွက်ရှိ ချီသန့်စင်အဆင့် နောက်ဆုံးအဆင့် သို့မဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ စိတ်ဝင်စားလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ဝယ်သူ မရှိခဲ့ပေ။
သူမ ဆင်းသွားပြီးနောက် အခြားသော ကျင့်ကြံသူတစ်ဦးက ကိုယ်ပိုင်ပစ္စည်းများကို လေလံတင်ရန် တက်လာပြန်သည်။ လော့ချန်သည် စိတ်ဝင်တစားဖြင့် ဆက်လက်စောင့်ကြည့်နေခဲ့ရာ ထူးခြားသော မှော်လက်နက်အချို့ကြောင့် သူ၏ အမြင်များ ကျယ်ပြန့်သွားခဲ့သည်။ မည်သည့် လက်နက်ဖြစ်ကြောင်း ခွဲခြားမရသည့်အခါတိုင်း အလင်းပြန် ရတနာအိမ်မြှောင်ကို အသုံးပြု၍ စစ်ဆေးလေ့ရှိသည်။
လူအုပ်ကြီး အနည်းငယ် ပါးသွားသောအခါ လော့ချန် အသက် ပြင်းပြင်းရှူကာ တိတ်ဆိတ်စွာဖြင့် ရှေ့သို့ လှောက်လှမ်းသွားလိုက်သည်။
"သွေးအဆီအနှစ်ဆေးလုံးပါ၊ ပထမအဆင့် အဆင့်နိမ့် ဆေးလုံး ဖြစ်ပါတယ်၊ ဒါကို သုံးလိုက်မယ်ဆိုရင် ချီသန့်စင်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ တိုက်ခိုက်ရေးစွမ်းအားကို တစ်ခဏအတွင်း ၃၀ ရာခိုင်နှုန်းအထိ တိုးလာစေမှာပါ၊ ခရီးသွားရင်း ရန်သူရှင်းဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ရတနာတစ်ခုပါပဲ။ အခြေခံလေလံစျေးကတော့..."
အစပိုင်းတွင် မည်သူမျှ ဂရုမစိုက်ကြပေ။ သို့သော် လော့ချန်က ဆေးလုံး၏ ထူးခြားသော အာနိသင်များကို ရှင်းပြလိုက်သောအခါ လူတိုင်း၏ အာရုံမှာ သူ့ထံသို့ ချက်ချင်း ရောက်ရှိလာတော့သည်။
လော့ချန် ချောင်းတစ်ချက် ဟန့်လိုက်ပြီး "တစ်လုံးကို ဝိညာဉ်ကျောက်တုံး ငါးဆယ်ပါ" ဟု ပြောလိုက်သည်။ ဤအခြေခံလေလံစျေးမှာ ယနေ့ နဂါးရတနာ မှောင်ခိုဈေးကွက်တွင် အနိမ့်ဆုံးဈေးပင် ဖြစ်ပေလိမ့်မည်။
ဤစျေးနှုန်းမှာ အနိမ့်ဆုံးဖြစ်သော်လည်း ပထမအဆင့် အဆင့်နိမ့် ဆေးလုံးအတွက်မူ အဆမတန် မြင့်မားလွန်းနေပေသည်။ ဆေးလုံး ဆယ်လုံးပါသော ချီစွမ်းအင်ဖြည့်ဆေးလုံး တစ်ပုလင်းလျှင် ပုံမှန်အားဖြင့် ဝိညာဉ်ကျောက်တုံး တစ်ရာသာ ရှိရာ တစ်လုံးလျှင် ဆယ်တုံးသာ ကျသင့်သည်။
အာနိသင် ပိုကောင်းသော မြူသန့်စင်ဆေးလုံးပင်လျှင် တစ်လုံးကို ဝိညာဉ်ကျောက်တုံး နှစ်ဆယ်သာ ကျသင့်သည်။ ထိုဆေးများမှာ ဆေးဘုရင်ဂိုဏ်း၏ ယုံကြည်စိတ်ချရမှုနှင့် ဝိညာဉ်ဆေးနန်းဆောင်၏ ဝန်ဆောင်မှုများ ပါဝင်ပြီးသား ဖြစ်သည်။
သာမန်ဆေးလုံးများထက် ငါးဆခန့် ပိုမိုစျေးကြီးနေခြင်းကြောင့် လူအများက ဇဝေဇဝါ ဖြစ်နေကြပေသည်။ သို့ရာတွင် မည်သူမျှ စျေးနှုန်းကို မကန့်ကွက်ဝံ့ကြဘဲ ၎င်း၏ ထိရောက်မှုကိုသာ စိုးရိမ်နေကြပေသည်။
“တကယ်ပဲ အဲ့ဒီလို အာနိသင် ရှိတာလား"
“ဒါက မိစ္ဆာလမ်းစဉ် ဆေးလုံးလား"
"မိစ္ဆာလမ်းစဉ်ဆေးလုံး ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ အာနိသင်ရှိရင် ပြီးတာပဲ၊ ကျင့်ကြံဖော်... ငါတို့ကိုတော့ လာမလိမ်နဲ့နော် "
မှောင်ခိုဈေးကွက်တွင် မည်သူမျှ တရားသောလမ်း၊ မိစ္ဆာလမ်းဟူ၍ ခွဲခြားမနေကြပေ။ ဆေးလုံး၏ အရင်းအမြစ်ထက် ထိရောက်မှုကိုသာ အဓိကထားကြသည်ကို လော့ချန် ကောင်းစွာ နားလည်ပေသည်။ သံသယများကို ရင်ဆိုင်ရသောအခါ သူ လက်ကို အေးဆေးစွာ ပိုက်လိုက်ပြီး ထျန်းရှင်းကျီထံသို့ လှည့်ကြည့်လိုက်သည်။
“အကြီးတန်း ထျန်းရှင်းကျီ.... ဒါကို စစ်ဆေးပေးဖို့ တောင်းဆိုပါရစေ”
အလင်းပြန် ရတနာအိမ်မြှောင်သည် အဆင့်အတန်းနှင့် စွမ်းအားကိုသာ စစ်ဆေးနိုင်သော်လည်း ဆေးလုံးများ၏ အာနိသင်ကိုမူ ကျွမ်းကျင်သူကိုယ်တိုင် စစ်ဆေးရန် လိုအပ်သည်။ သို့သော် ထျန်းရှင်းကျီသည် စောစောက ကြွားလုံးထုတ်ခဲ့ဖူးရာ သူ၌ ယုံကြည်ချက် အချို့ ရှိပေလိမ့်မည်။
လူအုပ်ကြီး၏ မျှော်လင့်ချက်များကြားတွင် ထျန်းရှင်းကျီသည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ အသေအချာ စစ်ဆေးပြီးနောက် မြည်းစမ်းကြည့်လိုက်ရာ သူ၏အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ထို့နောက်တွင် သူသည် သွေးအဆီအနှစ်ဆေးလုံးပုလင်းကို သူ၏ သိုလှောင်အိတ် အတွင်းသို့ အသာအယာ ထည့်သွင်းလိုက်တော့သည်။
"ဒီတစ်ပုလင်းက ငါ့အပိုင်ပဲ၊ လေလံမှာ အမြင့်ဆုံးရတဲ့ဈေးနဲ့ မင်းကို ငါ ပြန်ပေးမယ်"
လော့ချန် ပြုံးလိုက်မိသည်။ ဤသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူ့ဘက်တွင် ရပ်တည်ပေးလိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလော။
“ကဲ.... အားလုံးပဲ၊ လေလံဆွဲနိုင်ပါပြီ ”
***