သွေးအဆီအနှစ်ဆေးလုံး ဖော်စပ်နည်းကို ဖော်ထုတ်နိုင်ခဲ့သည်မှာ သုံးလကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထိုအတောအတွင်း လော့ချန်သည် ဆေးမီးဖိုရှေ့တွင် နေ့မအား ညမနား အချိန်ပေါင်းများစွာ အားထုတ်ခဲ့ရသည်။
ဆေးဖော်ပညာ ဆိုသည်မှာ ချီစွမ်းအင်ကို မီးလျှံအဖြစ် ပြောင်းလဲကာ ဆေးပင်တို့၏ အဆီအနှစ်ကို ပေါင်းစပ်ရခြင်းဖြစ်ရာ အနည်းငယ်မျှ အမှားအယွင်းရှိသည်နှင့် ဆေးဖိုပေါက်ကွဲကာ အားလုံး အချည်းနှီး ဖြစ်သွားတတ်သည်။ ဆယ်ကြိမ်မက ဖော်စပ်ရာတွင် နှစ်ကြိမ်သာ အောင်မြင်မှု အသီးအပွင့်ကို ဆွတ်ခူးနိုင်ခဲ့ခြင်းက ဤဆေးလုံး၏ ဖော်စပ်ရခက်ခဲပုံကို သက်သေပြနေသည်။
ပထမဆုံး အောင်မြင်သော အသုတ်တွင် ဆေးလုံး ငါးလုံး ရရှိခဲ့ပြီး၊ ဒုတိယအသုတ်တွင်မူ အဆင့်မြှင့်တင်ထားသော ဆေးဖိုမီး၏ အကူအညီဖြင့် ခုနစ်လုံး ရရှိခဲ့သည်။
စုစုပေါင်း ၁၂ လုံး….။
ထိုဆေးလုံးများထဲမှ တစ်လုံးကို သားရဲတစ်ကောင်ပေါ်တွင် အာနိသင်စမ်းသပ်ရန် အသုံးပြုခဲ့သည်။ နောက်ထပ် နှစ်လုံးကိုမူ သူ၏ အစ်ကိုကြီး ဝမ်ယွမ်ထံသို့ အသက်ကယ်ဆေးအဖြစ် ပေးအပ်ခဲ့ရာ လော့ချန်၏ လက်ဝယ်တွင် ကိုးလုံးသာ ကျန်ရှိတော့သည်။
ဤဆေးလုံးသည် ဆေးဖော်ဆရာတစ်ဦး၏ ကျွမ်းကျင်မှုနှင့် သည်းခံနိုင်စွမ်းကို စမ်းသပ်သည့် ဂမ္ဘီရရတနာတစ်ပါးပင် ဖြစ်သည်။
ဤမှောင်ခိုစျေးကွက် လေလံပွဲအတွက်မူ လော့ချန်သည် ဆေးလုံးခြောက်လုံးကိုသာ ယူဆောင်လာခဲ့သည်။ ကျန်သုံးလုံးကိုမူ အသက်အန္တရာယ်နှင့် ကြုံတွေ့လာနိုင်သည့် အရေးပေါ်အခြေအနေအတွက် မိမိထံတွင် အရန်အဖြစ် ဂရုတစိုက် သိမ်းဆည်းထားခဲ့သည်။
ဤသို့ ချန်ထားရန် ဆုံးဖြတ်ခြင်းမှာ စိတ်ကူးပေါက်ရာ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဘဲ လောကဓံ၏ အပြောင်းအလဲနှင့် အန္တရာယ်များကို အစစအရာရာ အကင်းဆုံး ဖြစ်စေရန် သူ၏ သဘာဝအတိုင်း စိစိစစ်စစ် တွက်ချက်ထားခြင်း ဖြစ်ပေသည်။
အမှန်စင်စစ် သွေးအဆီအနှစ်ဆေးလုံးတွင် အံ့ဩဖွယ်ရာ အာနိသင်ရှိသော်လည်း ၎င်း၏ ပြင်းထန်လွန်းသော ဘေးထွက်ဆိုးကျိုးမှာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သွေးကြောများကို ကြီးစွာ ထိခိုက်စေနိုင်ပေသည်။
ဆေးလုံးအတွင်းရှိ ဆူပွက်နေသော သွေးစွမ်းအင်များက ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသောအခါ ကျင့်ကြံသူ၏ စွမ်းအားကို ချက်ချင်း မြင့်တက်စေသော်လည်း၊ ဝိညာဉ်လမ်းကြောင်းများကို ဒဏ်ရာရစေသည်။
အကယ်၍ လောဘဇောဖြင့် သုံးကြိမ်ဆက်တိုက် အသုံးပြုမိပါက ထိုထိခိုက်မှုမှာ မည်သည့် နတ်ဆေးဖြင့်မျှ ပြန်လည်ကုစား၍ မရနိုင်တော့ဘဲ ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ကိုပင် အပြီးတိုင် ပျက်စီးစေနိုင်သည်။
ဝမ်ယွမ်ကဲ့သို့ ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်လျှင် သာမန် ချီစွမ်းအားကျင့်ကြံသူများမှာ ထိုဒဏ်ရာများကို ရှောင်လွှဲနိုင်မည် မဟုတ်ချေ။ တာအိုလမ်းစဉ်ကြီးကို ထာဝရအထိ လျှောက်လှမ်းရန် ရည်မှန်းထားသော လော့ချန်အနေဖြင့် သူ၏ အနာဂတ် အခြေခံအုတ်မြစ်ကို အန္တရာယ်ဖြစ်စေမည့် အရာမျိုးအား လုံးဝ လုပ်မည်မဟုတ်ချေ။
သူသည် ဤဆေးလုံးကို နောက်ဆုံးလက်နက်အဖြစ်သာ သဘောထားသည်။
လေလံပွဲအတွင်း သွေးအဆီအနှစ်ဆေးလုံး ခြောက်လုံးကို တစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး တစ်ရာ့နှစ်ဆယ်၊ ကိုးဆယ်၊ ရှစ်ဆယ်၊ ကိုးဆယ်နှင့် တစ်ရာစီဖြင့် အသီးသီး လေလံအောင်သွားခဲ့ပေသည်။
ပထမဆုံးတစ်လုံးကိုမူ အမြင့်ဆုံးလေလံစျေးဖြင့် ဝယ်ယူမည်ဟု ကတိပေးခဲ့သော ထျန်းရှင်းကျီကပင် လက်ဦးမှုရယူကာ ဝယ်ယူသွားခဲ့သည်။ ဤဆေးလုံးများက ဤမျှ ဈေးကောင်းရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိသည်မှာ အမှန်ပင်။
အဆုံးစွန် ပြောရလျှင် ၎င်းတို့မှာ ပထမအဆင့် အဆင့်နိမ့် ဆေးလုံးများမျှသာ ဖြစ်သည် မဟုတ်ပါလော။
သို့သော် လေလံအောင်သွားသူများက ဆေးလုံးများကို စိုးရိမ်တကြီးဖြင့် အပြေးအလွှား သိမ်းဆည်းလိုက်ကြပုံကို ကြည့်ရင်း လော့ချန် သဘောပေါက်လာခဲ့သည်။
အခြေအနေများ ပြောင်းလဲသွားပြီ မဟုတ်ပါလော။
အဆုံးအဖြတ်စင်မြင့် ပိတ်သိမ်းပြီးကတည်းက တာဟဲဈေးမြို့တော် အတွင်း တင်းမာမှုများမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ မြို့တော်မှာ မီးပွားတစ်ခုနှင့်တင် ပေါက်ကွဲတော့မည့် ယမ်းပုံကြီးကဲ့သို့ ဖြစ်နေသည်။ မကြာသေးမီက ရွှေအမြုတေအဆင့် ဂူသင်္ချိုင်းကို တွေ့ရှိခဲ့ခြင်းကလည်း မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်စေခဲ့သည်။
သွေးအဆီအနှစ်ဆေးလုံးများမှာ အသက်လုတိုက်ပွဲများ ကြုံလာပါက စွမ်းအားကို ပေါက်ကွဲထွက်လာစေပြီး ရန်သူကို အလစ်အငိုက်မိစေပြီး အသက်ဘေးမှ သီသီလေး လွတ်မြောက်စေရန် ကူညီပေးနိုင်သည်။ ရလဒ်ကိုသာ ကြည့်မည်ဆိုလျှင် ဤဆေးလုံးသည် မိစ္ဆာဆေးလုံး မဟုတ်ဘဲ စစ်မှန်သော အသက်ကယ်ဆေးလုံးသာ ဖြစ်ပေတော့သည်။ ဤသို့ တွေးလိုက်မိသည်နှင့် ဝိညာဉ်ကျောက်တုံး ခြောက်ရာ ရရှိခြင်းအပေါ် လော့ချန်၏ ပျော်ရွှင်မှုမှာ ပို၍ တိုးလာခဲ့သည်။
လေလံခန်းမကြီး၏ မီးရောင်များအောက်တွင် အေးစက်သော အငွေ့အသက်များ လွှမ်းခြုံနေဆဲပင်။
အခြားသော ကျင့်ကြံသူများ၏ ပစ္စည်းများကို လေလံတင်ပြီးနောက် ပွဲသည် တစ်ဦးချင်း အရောင်းအဝယ်ပြုလုပ်သည့် အပိုင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် လော့ချန်သည် သူ၏ နောက်ထပ် ပစ်မှတ်ဖြစ်သော ကျော့ရှင်းသည့် အမျိုးသမီးကျင့်ကြံသူထံသို့ အာရုံစိုက်လိုက်သည်။
ထိုအမျိုးသမီးမှာ သူ့ထံသို့ ညင်သာစွာ ချဉ်းကပ်လာပြီး မျက်နှာဖုံးနောက်ကွယ်မှ အံ့ဩဟန်ဖြင့် မေးလိုက်သည်။
“ကျင့်ကြံဖော်.... ရှင် ဒီ ရောင်စဉ်ပုလဲအနှစ်သာရ ငါးပုလင်းလုံးကို တကယ်ပဲ စိတ်ဝင်စားတာလား"
အမျိုးသမီးမှာ အံ့ဩနေမိသည်။ ဤပစ္စည်းကို မည်သူမျှ စိတ်ဝင်စားမည်မဟုတ်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။
သူမ၏ အသံကို ကြားလိုက်ရသောအခါ လော့ချန်သည် တစ်နေရာရာတွင် ကြားဖူးသကဲ့သို့ ထူးဆန်းသော ရင်းနှီးမှုကို ခံစားလိုက်ရသည်။ သို့သော် မည်သူဖြစ်ကြောင်း အတိအကျ မမှတ်မိသဖြင့် လောလောဆယ်တွင် အသာပင် လွှတ်ထားလိုက်သည်။ သူ၏ စိတ်ထဲတွင် ဤအမျိုးသမီးသည် သာမန်တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး မဟုတ်နိုင်ကြောင်း ရိပ်မိနေသည်။
"ဒီဆေးက နတ်မျက်စိမှော်အတတ်ကို အလွန်အကျွံ သုံးလို့ဖြစ်တဲ့ မျက်စိထိခိုက်မှုကို ထိရောက်အောင် ကုသပေးနိုင်တယ်လို့ ကြားဖူးလို့ပါ၊ အရန်အနေနဲ့ ဝယ်ထားချင်လို့ပါ။ ဈေးက ဘယ်လောက်လဲ" ဟု လော့ချန် မေးလိုက်သည်။
“အစောက လေလံမှာ တင်ထားတဲ့ အခြေခံစျေးအတိုင်းဆိုရင်ကော အဆင်ပြေမလား" ဟု ထိုအမျိုးသမီးက စိုးရိမ်တကြီး မေးသည်။ သူမ၏ လေသံတွင် အရောင်းအဝယ် အောင်မြင်ချင်စိတ်က ထင်ရှားနေသည်။
လော့ချန် မျက်မှောင် အသာကြုတ်ရင်း ပြန်ပြောလိုက်သည်။
“အဲ့ဒီစျေးအတိုင်းသာဆိုရင် ကျွန်တော် စောစောကတည်းက ဝယ်လိုက်မှာပေါ့ဗျာ။ မှောင်ခိုစျေးကွက်ထဲမှာ ဒီလောက်စျေးကြီးပေးဖို့ဆိုတာ စဉ်းစားစရာပဲ"
အမျိုးသမီး ကျင့်ကြံသူက ခါးသီးစွာ ပြုံးလိုက်ရင်း ဆိုသည်။
“ဒီထက်စျေးလျှော့ရင်တော့ ကျွန်မ အရင်းတောင် ပြန်ရမှာ မဟုတ်တော့ဘူးရှင်။ သယ်ယူပို့ဆောင်ခနဲ့ အန္တရာယ်တွေကလည်း ရှိသေးတယ်လေ"
ထိုအခါ လော့ချန်က စူးစမ်းသော အကြည့်ဖြင့် မေးလိုက်သည်။
"ကျွန်တော် သိသလောက်တော့ ဒီဆေးက ကျောက်စိမ်းအိုးဓားဂိုဏ်းက ထွက်တာဖြစ်ပြီး အပြင်မှာ ရောင်းလေ့ရောင်းထ မရှိဘူး၊ ရောင်းရင်တောင် တရားဝင်လေလံပွဲတွေမှာပဲ တွေ့ရတတ်တာ၊ ခင်ဗျားဆီမှာ ဒီဆေး ငါးပုလင်းလုံး ဘယ်လိုဖြစ်ပြီး ရှိနေတာလဲလို့ မေးပါရစေ။ ပြောဖို့ အဆင်မပြေရင်လည်း ရပါတယ်"
ကျော့ရှင်းသော အမျိုးသမီးက ခေါင်းခါပြလိုက်ရင်း ပွင့်လင်းစွာ ဆိုသည်။
"လျှို့ဝှက်စရာ မရှိပါဘူး၊ ဒီဆေးကို အခု တခြားဈေးမြို့တော်တွေက ဓားနန်းဆောင် ဆိုင်ခွဲတွေမှာ တစ်ပုလင်းကို တစ်ရာနဲ့ တင်ရောင်းနေပါပြီ၊ ကျွန်မက ထိုက်ရှန်းဈေးမြို့တော်ကနေ ငါးပုလင်း ဝယ်လာပြီး အမြတ်လေး နည်းနည်းရမလားလို့ လာရောင်းတာပါ"
‘ထိုက်ရှန်းဈေးမြို့တော်မှာတောင် ပစ္စည်းရှိနေပြီပဲ၊ ဘာလို့ တာဟဲဈေးမြို့တော်ကို မရောက်သေးတာလဲ….’
လော့ချန် ခဏမျှ စဉ်းစားပြီးနောက် ဝိညာဉ်ကျောက်တုံး ၅၀၀ ထုတ်ပေးလိုက်သည်။
"သတင်းအချက်အလက်တွေ ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားပြောတဲ့ဈေးအတိုင်းပဲ ဝယ်ပါ့မယ်"
အမျိုးသမီး ကျင့်ကြံသူသည် ဝမ်းသာအားရဖြင့် ကျောက်စိမ်းပုလင်း ငါးပုလင်းကို လော့ချန်ထံသို့ အမြန် လွှဲပြောင်းပေးလိုက်သည်။ အရောင်းအဝယ် ပြီးဆုံးသွားပြီဖြစ်သော်လည်း အမျိုးသမီး ကျင့်ကြံသူက စူးစမ်းလိုစိတ်ဖြင့် ထပ်မေးလိုက်သည်။
“ရှင့်မှာ သွေးအဆီအနှစ်ဆေးလုံးတွေ ကျန်သေးလားဟင်”
“ဗျာ”
“ကျွန်မတို့ မောင်နှမ ၃ ယောက်က တခြားစျေးမြို့တော်ကြီးတွေထဲမှာလည်း အဆက်အသွယ်တွေ ရှိနေတယ်။ ရှင့်ဘက်မှာ ပစ္စည်း အများကြီး ရှိမယ်ဆိုရင် ကျွန်မတို့ ပူးပေါင်းလုပ်ဆောင်နိုင်တယ်။ အမြတ်အစွန်းတွေကိုလည်း ရှင် စိတ်ချလက်ချ ရရှိနိုင်အောင် ကျွန်မ အာမခံပေးမယ်"
ဤအမျိုးသမီးနှင့် သူမ၏ အဖော်နှစ်ဦးမှာ တာဟဲဈေးမြို့တော်တွင် မရှိသော အခြားဒေသထွက် ကျင့်ကြံခြင်းပစ္စည်း အများအပြားကို ထုတ်ပြခဲ့သည်။ အစပိုင်းတွင် သူတို့အား လုယက်သတ်ဖြတ်သူများဟု ထင်ခဲ့သော်လည်း အမှန်စင်စစ် နယ်လှည့်ကုန်သည်များသာ ဖြစ်နေသည်။
လော့ချန် ချက်ချင်းပင် ပြတ်သားစွာ ခေါင်းခါလိုက်သည်။ သူသည် မိမိ၏ ဆေးဖော်စပ်နိုင်စွမ်းကို လူသိရှင်ကြား ချပြရန် အဆင်မသင့်သေးပေ။
“မရှိတော့ဘူးဗျ၊ အစကတည်းက ကျွန်တော့်မှာလည်း နည်းနည်းလေးပဲ ရှိတာ၊ ကျွန်တော့်ဆရာ ပေးထားတာတွေ ကုန်သလောက် ဖြစ်နေပြီ"
ပြောပြောဆိုဆို သူ တွန့်ဆုတ်မနေဘဲ လှည့်ထွက်လာခဲ့သည်။ လတ်တလောတွင် သွေးအဆီအနှစ်ဆေးလုံးများကို အမြောက်အမြား ရောင်းချရန် သူ ဆန္ဒမရှိပေ။ ဤဆေး၏ အာနိသင်မှာ အလွန်ထူးခြားလှသည်။ အမြောက်အမြား ရောင်းချမည်ဆိုပါက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီးများ၏ အာရုံစိုက်မှုကို မလွဲမသွေ ခံရပေလိမ့်မည်။
အစစအရာရာ စေ့စပ်သေချာပြီး သတိကြီးသော ထျန်းရှင်းကျီပင်လျှင် တစ်လုံးကို လက်ဦးမှုယူ သိမ်းပိုက်ခဲ့သည် မဟုတ်ပါလော။
မိမိကိုယ်မိမိ အားကိုးနိုင်သည့် စွမ်းအားနှင့် ဩဇာရှိလာမှသာ အမြောက်အမြား ထုတ်လုပ်ရန် လော့ချန် စဉ်းစားမည် ဖြစ်မည်။ ထိုအချိန်အထိ သတိထားခြင်းကသာ အကောင်းဆုံး လမ်းစ ဖြစ်သည် မဟုတ်လော။
သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း အမျိုးသမီး ကျင့်ကြံသူ၏ မျက်လုံးများတွင် နောင်တရိပ်များ ပေါ်လွင်နေသည်။
"ဟွေ့နန် .... သူ့မှာ သွေးအဆီအနှစ်ဆေးလုံးတွေ အများကြီး မရှိဘူးလား"
"အင်း.... သူ့မှာ နည်းနည်းပဲ ရှိတယ်တဲ့"
"တကယ် နှမြောစရာပဲ၊ ဒီဆေးလုံးတွေက နှင်းကြာပန်းဈေးမြို့တော် ဒါမှမဟုတ် တောက်ပစမ်းရေစျေးမြို့တော်မှာဆိုရင် ဈေးကောင်းရမှာ သေချာတယ်"
….
လော့ချန်သည် နဂါးရတနာ ခန်းမအတွင်းမှ တစ်ဦးတည်း တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့သည်။
အဝင်ဝတွင် အနက်ရောင်ဝတ် ကျင့်ကြံသူတစ်ဦးက လော့ချန်ထံသို့ ချဉ်းကပ်လာသည်။
"ကျင့်ကြံဖော်.... ဒါက ခင်ဗျားအတွက် နဂါးရတနာ ပန်းဖန်လုံး ပါ၊ နောင်မှာ မှောင်ခိုဈေးကွက်ရဲ့ အစီအရင်တွေထဲကို လွတ်လပ်စွာ ဝင်ထွက်နိုင်ဖို့ ဒါကို သုံးလို့ရပါတယ်၊ ကျွန်တော်တို့ရဲ့ နဂါးရတနာ မှောင်ခိုဈေးကွက်ကို တစ်လတစ်ကြိမ် ကျင်းပလေ့ရှိပါတယ်၊ ကျင်းပမယ့်ရက်တွေကိုတော့ ဒီဘောလုံးမှာ ပြသပေးနေပါလိမ့်မယ်"
လော့ချန်သည် လက်ထဲမှ ပန်းဖန်လုံးကို ကြည့်ရင်း အံ့အားသင့်သွားသည်။
"တကယ်လို့ ကျွန်တော်က တာဟဲဈေးမြို့တော်မှာ မရှိရင်ကော"
"အဲ့လိုဆိုလည်း ပြနေမှာပါပဲ၊ ဒါပေမဲ့ တခြားဈေးမြို့တော်တွေမှာ ကျင်းပမယ့် အချိန်တွေကို ပြပေးမှာပါ"
ထိုစကားကို ကြားသောအခါ လော့ချန် ပို၍ အံ့အားသင့်သွားသည်။
‘ဒါက ဘာကို ဆိုလိုတာလဲ၊ အခွဲတွေ အများကြီးရှိတဲ့ မှောင်ခိုဈေးကွက်များလား’
လော့ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ခင်ဗျားတို့ မှော်ခိုစျေးကွက်က မြို့တိုင်းမှာ အခွဲတွေ ရှိတာလား"
အနက်ရောင်ဝတ် ကျင့်ကြံသူက ခေါင်းခါပြသည်။
"တချို့နေရာတွေမှာ ရှိပြီး တချို့နေရာတွေမှာတော့ မရှိသေးပါဘူးဗျ"
သူ၏ စကားမှာ တည်ငြိမ်လှသော်လည်း လော့ချန်၏ ရင်ထဲတွင်မူ အံ့ဩတုန်လှုပ်နေမိသည်။ နဂါးရတနာ မှောင်ခိုဈေးကွက်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးတည်း၏ လုပ်ငန်းဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။ ဤမျှကြီးမားသော အင်အားစုက နောက်ကွယ်တွင် ရှိနေလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
သို့သော် ဤအင်အားစုမှာ မည်သည့်ဘက်မှ ဖြစ်နိုင်ပါသနည်း။
လော့ချန် မထွက်ခွာမီမှာပင် အနက်ရောင်ဝတ် ကျင့်ကြံသူ၏ နားရွက်များ လှုပ်ခတ်သွားပြီး သူ့အား တားလိုက်သည်။
"ဟင်"
လော့ချန်၏ မျက်နှာမှာ မဲမှောင်သွားသည်။
အနက်ရောင်ဝတ် ကျင့်ကြံသူက ခပ်ဖွဖွ ပြုံးလိုက်သည်။
"ခင်ဗျားက နဂါးရတနာ မှောင်ခိုဈေးကွက်ကို ပထမဆုံးအကြိမ် လာတာဖြစ်လို့ မထွက်ခွာခင်မှာ ကျွန်တော်က အကြံပေးချက်လေး အချို့ ပြောပြချင်ပါတယ်"
"အော်... ဒါဆိုရင်တော့ ပြောပါ၊ ကျွန်တော် နားထောင်ပါ့မယ်"
ဝုန်း….
နက်မှောင်နေသော ညကောင်းကင်ယံအား မိုးကြိုးသံကြီးက ဖြတ်သန်းသွားသည်။
မျက်စိကျိန်းမတတ် လျှပ်စီးတဝင်းဝင်းမှာ မှောင်မိုက်နေသော ကမ္ဘာကြီးကို တစ်ခဏချင်း အလင်းပေးလိုက်သည်။ လမ်းမများပေါ်တွင် လေပြင်းများ တိုက်ခတ်နေပြီး သစ်ရွက်ခြောက်များမှာ လေထဲတွင် လွင့်ဝဲနေကြသည်။
နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ရာ မိုးသက်လေပြင်းများမှာ ပို၍ စိတ်မချရတော့ပေ။ မကြာမီတွင် ကောင်းကင်မှ မိုးသည်းထန်စွာ ရွာချတော့မည်မှာ သေချာသည်။
ကျဉ်းမြောင်းသော လမ်းကြားတစ်ခု၏ အရိပ်အောက်တွင် လော့ချန်သည် တိတ်ဆိတ်စွာ ရပ်နေရင်း မိုးမှောင်ကျနေသော ကောင်းကင်ယံကို မော့ကြည့်နေသည်။ သူ၏ ခေါင်းပေါ်မှ ဝေဝေဝါးဝါး ပုံရိပ်များမှာ ည၏ မှောင်မိုက်မှုအတွင်းသို့ အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားကြသည်။
"ကိုးသင်္ချိုင်း၊ ခုနစ်စင်ကြယ်ကုန်းမြင့်၊ မြောက်လမ်းမက လမ်းကြားသုံးခု.... ပြီးတော့ မြို့ထဲကို ပြန်တဲ့ လမ်းမကြီး၊ အဲ့ဒီနေရာတွေက ခုနက ကျင့်ကြံသူဝမ် ပြောပြသွားတဲ့ အချောင်းခံရနိုင်ဆုံး နေရာတွေပဲ"
မှောင်ခိုဈေးကွက်ဆိုသည်မှာ စိတ်မချရကြောင်းမှာ လူတိုင်းသိသော အမှန်တရား ဖြစ်သည်။ ထို စိတ်မချရခြင်းတွင် အချက်များစွာ ပါဝင်သည်။
လေလံပစ္စည်းများမှာ အရည်အသွေး အာမခံချက် သို့မဟုတ် ဝန်ဆောင်မှုများ မရှိသဖြင့် နောင်တွင် ဒုက္ခပေးနိုင်ခြင်း၊ လေလံပွဲအတွင်း မမျှော်လင့်သော ကိစ္စများ ဖြစ်ပေါ်နိုင်ခြင်း စသည်တို့ ဖြစ်သည်။ အဖြစ်အများဆုံးမှာမူ လေလံပွဲအပြီးတွင် လုယက်ခံရခြင်းပင်။
ဂိုဏ်းကြီးများ၏ တရားဝင်လေလံပွဲများ အပြီးတွင်ပင် လုယက်မှုများ ရှိတတ်ရာ စိတ်မချရသော မှောင်ခိုဈေးကွက်မှာမူ ပြောနေရန်ပင် မလိုတော့ပေ။ လော့ချန်သည် ဤနေရာသို့ မလာမီကပင် သေချာစွာ ပြင်ဆင်ခဲ့သည်။
ရုပ်ဖျက်ခဲ့သည်၊ နာမည် ပြောင်းလဲခဲ့သည်။ စွမ်းအင်စီးဆင်းမှုကို ပြောင်းလဲခဲ့ပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားခဲ့သည်။ သို့သော် ဝမ်မျိုးနွယ် ကျင့်ကြံသူက မထွက်ခွာမီ သူ့အား အကြံပေး လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထိုကျင့်ကြံသူက မှောင်ခိုဈေးကွက်မှ ထွက်လာလျှင် မည်သည့်လမ်းများမှာ အန္တရာယ်အရှိဆုံး ဖြစ်ကြောင်းကိုပင် အသေးစိတ် ပြောပြခဲ့သည်။ ဤသည်မှာ သူ့အပေါ် စေတနာပြလိုခြင်း ဖြစ်ပေလိမ့်မည်။
ဖြစ်နိုင်သည်မှာ သွေးအဆီအနှစ်ဆေးလုံး အနည်းငယ်ကြောင့် ဖြစ်ပေလိမ့်မည်။ သို့သော် သူ၏ အကြံပေးချက်မှာ အတော်လေး စဉ်းစားစရာ ဖြစ်နေသည်။ လော့ချန်သည် မေးစေ့ကို ပွတ်ရင်း တွေးတောနေမိသည်။
‘သူက အဲ့ဒီ အတွေ့အကြုံတွေကို ဘယ်က ရတာလဲ’
‘မှောင်ခိုဈေးကွက်ကို နှစ်ပေါင်းများစွာ ဦးစီးရင်း ထွက်သွားသူတွေကြားက ပဋိပက္ခတွေကို ကြည့်ပြီး ကောက်ချက်ချထားတာလား၊ ဒါမှမဟုတ် သူကိုယ်တိုင်က သူများကို မကြာခဏ လုယက်တတ်လို့ အဲ့ဒီလမ်းတွေကို သဘောကျနေတာလား၊ ဒါမှမဟုတ် သူပြောတဲ့လမ်းတွေကို ငါ ရှောင်သွားအောင် တမင်လုပ်ပြီး တခြားတစ်နေရာမှာ စောင့်နေမှာလား….’
အမှန်စင်စစ် လော့ချန်သည် အရာရာကို အလွန်အကျွံ တွေးတောနေမိခြင်း ဖြစ်သည်။
သို့သော် တစ်ဦးတည်း ခရီးသွားသူအနေဖြင့် ကာကွယ်ပေးမည့်သူ သို့မဟုတ် လမ်းကြောင်းကြည့်ပေးမည့်သူ မရှိသဖြင့် သတိအလွန်ကြီးခြင်းကသာ အကောင်းဆုံး ဖြစ်သည် မဟုတ်လော။
အသေအချာ စဉ်းစားပြီးနောက် လော့ချန်သည် သူ၏ စွမ်းအင်များကို ဖုံးကွယ်လိုက်ပြီး မြောက်လမ်းမဆီသို့ တိတ်ဆိတ်စွာ ဦးတည်လိုက်သည်။ မြို့ထဲသို့ ပြန်သည့် လမ်းမကြီးမှာ စိတ်မချရကြောင်းကို သူ သိပြီးသား ဖြစ်သည်။
မြောက်လမ်းမ တစ်ဝိုက် လူမနေသော အိမ်အိုများစွာ ရှိပြီး တစ်ကိုယ်တော်ကျင့်ကြံသူများကို ရံဖန်ရံခါ ငှားရမ်းလေ့ရှိသည်။ ကျောက်စိမ်းအိုးဓားနန်းဆောင်သည် ထိုနေရာကို ပုံမှန် စစ်ဆေးလေ့ရှိပြီး ရေရှည်နေထိုင်သူများထံမှ အခွန် ကောက်ယူလေ့ရှိသည်။ သို့သော် မကြာသေးမီက ကျောက်စိမ်းအိုးဓားနန်းဆောင်မှ ကျင့်ကြံသူများသည် မြို့ပြင်ကို စောင့်ကြပ်ခြင်း မရှိတော့ပေ။
လော့ချန်သည် အစပိုင်းတွင် တည်းခိုရန် နေရာတစ်ခု ရှာဖွေကာ မိုးလင်းမှ မြို့ထဲသို့ တိတ်ဆိတ်စွာ ပြန်ရန် ရည်ရွယ်ခဲ့သည်။ သို့သော် အကြံပေးချက်ကို ရရှိပြီးနောက်တွင် ပို၍ သတိထားရန် သူ ဆုံးဖြတ်လိုက်သည်။
ထိုစဉ်မှာပင် ရှေ့ရှိ ဟောင်းနွမ်းနေသော ရပ်ကွက်အတွင်း၌ တိုက်ပွဲတစ်ခု စတင် ဖြစ်ပွားနေသည်ကို သူ သတိပြုမိလိုက်သည်။
"ဟက်.... တကယ်ပဲ လုယက်သူတွေ ရှိနေတာပဲ"
ချီစွမ်းအားများ ပေါက်ကွဲထွက်လာသည့် အသံနှင့်အတူ သံချောင်းချင်း ထိခိုက်သံများက ညအမှောင်ကို ခွဲထွက်လာသည်။
“စီမာတို့.... မင်းတို့ဆီက ဝိညာဉ်ကျောက်တုံးတွေကို အခုချက်ချင်း အပ်စမ်း၊ မင်းတို့ မောင်နှမတွေရဲ့ အသက်ကို နှမြောရင် အခုချက်ချင်း ဒူးထောက်လိုက်”
စီမာ ဆိုသည်မှာ တစ်ဦးတည်း၏ အမည် မဟုတ်ဘဲ ကျင့်ကြံသူ သုံးဦးကို ရည်ညွှန်းခြင်း ဖြစ်သည်။
ခေါင်းဆောင်ဖြစ်သူ အမျိုးသမီးကျင့်ကြံသူက ရွံရှာစွာဖြင့် တံတွေးထွေးလိုက်ရင်း ပြန်အော်လိုက်သည်။ သူမ၏ လက်ထဲတွင် ဓားတစ်စင်းက တောက်ပနေသည်။
“တောက်…. အိမ်မက်မက်မနေနဲ့၊ ချိုးပိုင်.... ဒီနေရာက ကျောက်စိမ်းအိုး ဓားဂိုဏ်းရဲ့ လက်အောက်မှာ ရှိတာရှင့်၊ ရှင်တို့ ဒီမှာ လုယက်ဖို့ သတ္တိရှိလှချည်လား ”
“ဟားဟား.... စီမာဟွေ့နန် မင်းမသိသေးဘူးလား၊ ကျောက်စိမ်းအိုး ဓားဂိုဏ်းက လူတွေက မြို့ပြင်ဘက်က ဥပဒေကို လုံးဝ ဂရုမစိုက်တော့ဘူးဟ၊ သူတို့က ရွှေအမြုတေ ဂူသင်္ချိုင်းမှာပဲ အာရုံရောက်နေကြတာ၊ ဒီမှာ မင်းတို့ သေသွားရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ဘူး"
မျက်နှာကြမ်းကြမ်းနှင့် လူတစ်ဦးက အရူးတစ်ယောက်လို အော်ဟစ် ရယ်မောလိုက်ပြီး၊ လက်ကို ဝေ့ယမ်းကာ ကြီးမားသော အလံတစ်ခုကို ထုတ်ဖော်လိုက်သည်။ ၎င်းမှာ ထိပ်တန်းအဆင့် မှော်လက်နက်ဖြစ်သည့် အပြာရောင်ကတိုး မြွေနဂါးအလံပင် ဖြစ်သည်။ အလံအတွင်းမှ အေးစက်သော အဆိပ်ငွေ့များနှင့်အတူ မြွေဟောက်များ၏ တွန်သံကဲ့သို့သော အသံများ ထွက်ပေါ်လာသည်။
“ပြေးကြ ဒါက အဆိပ်မြူတွေပဲ ”
စီမာဟွေ့နန်တို့ သုံးဦးလုံး ထွက်ပြေးရန် ပြင်လိုက်ကြသော်လည်း၊ ထူထပ်သော မြူဖြူများက ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူတို့၏ ထွက်ပေါက်အားလုံးကို ရက်စက်စွာ ပိတ်ဆို့လိုက်တော့သည်။
မြူများအတွင်းမှ အပြာရောင် မြွေပုံရိပ်များက ကျင့်ကြံသူများ၏ ချီစွမ်းအင်ကို စုပ်ယူရန် ချောင်းမြောင်းနေကြသည်။
လော့ချန်သည် အမှောင်ထဲတွင် ပုန်းကွယ်နေရင်း ဤတိုက်ပွဲကို စူးစမ်းကြည့်နေမိသည်။
ဝင်ရောက်ကူညီသင့်သလား၊ အသာကြည့်နေသင့်သလားဟူသော အတွေးက သူ၏ စိတ်ထဲတွင် အားပြိုင်နေတော့သည်။
***