"တစ်ခုခုမှားနေပြီ၊ သူက ထောင်ချောက်အစီအရင်ကို ကြိုခင်းထားတာပဲ၊ ဒါ ကြိုတင်ကြံစည်မှုပဲ"
"နောက်ကျသွားပြီကွ၊ ငါက အကြောင်းမရှိဘဲ မှောင်ခိုဈေးကွက်ကနေ စောစောထွက်လာတယ်လို့ မင်းတို့ ထင်နေတာလား"
ချိုးပိုင်က ရက်စက်စွာ လှောင်ပြုံးပြုံးရင်း သူ၏ ချီစွမ်းအင် ၃၀ ရာခိုင်နှုန်းကို ထုတ်ဖော်လိုက်သည်။
နောက်တစ်စက္ကန့်တွင် အပြာရောင် နဂါးကြီး သုံးကောင်မှာ သူတို့၏ အစွယ်နှင့် လက်သည်းများကို ထုတ်ဖော်ကာ ဝုန်းကနဲ ထွက်ပေါ်လာတော့သည်။ ကောင်းကင်ယံတွင် တစ်ပတ်ဝဲပြီးနောက် ထိုပုံရိပ်ကြီးများမှာ အောက်ရှိ ကျင့်ကြံသူ သုံးဦးထံသို့ တရှိန်ထိုး ဆင်းသက်လာကြသည်။
သို့သော် ဤသုံးဦးမှာလည်း အလွယ်တကူ အရှုံးပေးမည့်သူများ မဟုတ်ပေ။ သူတို့သည် တစ်ပြိုင်နက်တည်းမှာပင် မိမိတို့၏ မှော်လက်နက်များကို ဆင့်ခေါ်ကာ ပြင်းထန်သော တုံ့ပြန်တိုက်ခိုက်မှုကို စတင်လိုက်ကြသည်။
နယ်မြေတစ်ခုနှင့်တစ်ခု ကူးသန်းသွားလာရင်း ကုန်သွယ်မှု အတက်အကျကြားမှ အမြတ်ထုတ်ဝံ့သော ကျင့်ကြံသူများသည် သာမန်မဟုတ်ကြပေ။ ထိပ်တန်းအဆင့် မှော်လက်နက်၏ ရုတ်တရက် တိုက်ခိုက်မှုကို ခံရသော်လည်း၊ သူတို့သည် ပျာပျာသလဲ ဖြစ်နေသည့်ကြားမှပင် အထိအခိုက်မရှိဘဲ ခုခံထားနိုင်ကြသည်။
သို့သော် ထိုအရာမှာ ကြာရှည် မခံခဲ့ပေ။
အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်အပြီးတွင် အမျိုးသမီးကျင့်ကြံသူ စီမာဟွေ့နန်၏ မျက်နှာတွင် ရုတ်တရက် ထိတ်လန့်မှုတို့ လွှမ်းမိုးသွားသည်။
“မဟုတ်ဘူး၊ ဒီမှော်လက်နက်ထဲမှာ ကတိုးအဆီအနှစ်တွေ ပါနေတယ်၊ ဒါက ကျွန်မတို့ရဲ့ ချီစွမ်းအားကို ပိတ်ဆို့ပြီး တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ လျော့ကျစေတာပဲ ”
“အစ်ကိုကြီး.... မောင်လေး.... အသက်အောင့်ထားကြ ”
စီမာဟွေ့နန်က အော်ဟစ်သတိပေးရင်း မှော်စာရွက် အမြောက်အမြားကို ပစ်လွှတ်ကာ ပတ်ဝန်းကျင်ရှိ မြူဖြူများကို ဗုံးကြဲတိုက်ခိုက်လိုက်သည်။
သူမ ပြောနေသည်မှာ ထျန်းရှင်းကျီ မှောင်ခိုစျေးကွက်တွင် ပွင့်လင်းစွာ ဝန်ခံခဲ့သော အပြာရောင်ကတိုး မြွေနဂါးအလံ၏ ဆန်းကြယ်သော စွမ်းဆောင်ရည်တစ်ခုပင် ဖြစ်သည်။
ကောင်းကင်ထက်မှ ချီသန့်စင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ချိုးပိုင်က ယုတ်မာစွာ လှောင်ရယ်လိုက်သည်။
"နောက်ကျသွားပြီဟ…. နှာခေါင်းပိတ်ထားရုံနဲ့ ရမယ် ထင်နေတာလား"
"ထျန်းရှင်းကျီက မှော်လက်နက်တစ်ခုရဲ့ လျှို့ဝှက်ချက်အားလုံးကို ဘယ်တော့မှ ထုတ်မပြောဘူးကွ၊ မဟုတ်ရင် ဒါကို ဝယ်တဲ့သူရဲ့ နည်းလမ်းတွေက အကုန်ပေါ်ကုန်မှာပေါ့"
အမှန်စင်စစ် စီမာဟွေ့နန်နှင့် သူမ၏ မောင်နှမများက အသက်အောင့်ရန် အတတ်နိုင်ဆုံး ကြိုးစားနေကြသော်လည်း သူတို့၏ ချီစွမ်းအင် လည်ပတ်မှုမှာ သိသိသာသာ နှေးကွေးသွားဆဲပင် ဖြစ်သည်။ နံ့သာနံ့ကဲ့သို့ အနံ့အသက်မှာ သူတို့၏ ခန္ဓာကိုယ်ရှိ အပေါက်ငယ်များမှတစ်ဆင့် သူတို့၏ သွေးကြောများအတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။
"ဒုတိယမမ…. ကျွန်တော်တို့ ထွက်မပြေးနိုင်ရင် ဘာလုပ်ကြမလဲ"
"ဟွေ့နန်.... ဒီအတိုင်းဆိုရင် ငါတို့အားလုံး သေကုန်လိမ့်မယ်၊ ငါ သူတို့ကို တားထားမယ်၊ မင်းတို့နှစ်ယောက် ပြေးကြတော့ "
သုံးဦးထဲတွင် အကြီးဆုံးဖြစ်သူက ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ်အချို့ကို နှိပ်လိုက်ရာ သူ၏ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ နီမြန်းလာသည်။
ထို့နောက် သူ ဆေးလုံးတစ်လုံးကို အမြန်မျိုချလိုက်သည်။ တစ်ခဏအတွင်းမှာပင် သူ၏ ချီစွမ်းအင်မှာ ၃၀ ရာခိုင်နှုန်းကျော်အထိ ကြောက်မက်ဖွယ်ကောင်းအောင် မြင့်တက်လာခဲ့သည်။
အရိပ်ထဲတွင် ပုန်းနေသော လော့ချန် မျက်တောင်တခတ်ခတ် ဖြစ်သွားသည်။
ထိုလူကြီး မျိုချလိုက်သော ဆေးလုံးမှာ သူ လေလံတင်ခဲ့သော သွေးအဆီအနှစ်ဆေးလုံးပင် ဖြစ်သည်။ လော့ချန် ဤလူကို မှတ်မိနေခြင်းမှာ သူသည် လေလံဆွဲရာတွင် အချိန်ကိုက် လှုပ်ရှားပြီး ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်ဖြင့်သာ ဆေးလုံးတစ်လုံးကို ရယူနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ၎င်းမှာ သူရောင်းခဲ့သော ဆေးလုံး ခြောက်လုံးအနက် အနိမ့်ဆုံးစျေးပင်။
လော့ချန်သည် ထိုစဉ်က ဤလေလံဆွဲသူ၏ အတွေ့အကြုံရှိပုံကို ကြည့်ရင်း အနည်းငယ်ပင် မနာလိုဖြစ်ခဲ့မိသေးသည်။
‘အင်း... ဒါက အတော်ပဲ၊ အခုတော့ ချီသန့်စင် အဆင့်နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက် သွေးအဆီအနှစ်ဆေးလုံးအပေါ် ဘယ်လို တုံ့ပြန်သလဲဆိုတာ လက်တွေ့ ကြည့်ရတော့မယ်’
ဆေးအာနိသင် တက်လာသည်နှင့်အမျှ ထိုလူ၏ ချီစွမ်းအင်မှာ အရှိန်အဟုန်ဖြင့် ထိုးတက်လာပြီး ချိုးပိုင်၏ အထွတ်အထိပ်အဆင့်နှင့် နီးပါး တူညီလာတော့သည်။
သူ၏ လက်ထဲမှ စက်ဝိုင်းပုံ မှော်လက်နက်မှာ ဝိညာဉ်အလင်းများ ထွက်ပေါ်လာပြီး ခဏချင်းမှာပင် ကြီးမားသော ကွင်းသုံးကွင်းအဖြစ် ပြောင်းလဲသွားသည်။
ကွင်းတစ်ကွင်းချင်းစီမှာ သောင်းကျန်းနေသော နဂါး တစ်ကောင်ချင်းစီကို ပစ်မှတ်ထားလိုက်သည်။ သူ၏ အနေအထားကို ကြည့်ရသည်မှာ ထိုနဂါး သုံးကောင်လုံးကို သူတစ်ဦးတည်း တားဆီးထားပြီး သူ၏ မောင်နှမငယ်များကို ထွက်ပြေးရန် အခွင့်အရေး ပေးလိုပုံရသည်။
ကံမကောင်းစွာဖြင့် သူနှင့် ချိုးပိုင်ကြားရှိ ကျင့်ကြံခြင်းအဆင့်မှာ အလွန်ကွာခြားလွန်းလှသည်။ ထို့ပြင် ထိပ်တန်းအဆင့် မှော်လက်နက်လေး တစ်ခုတည်းနှင့် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ကိုင်ဆောင်ထားသော ထိပ်တန်း မှော်လက်နက်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
သူသည် နဂါးနှစ်ကောင်ကိုသာ အနိုင်နိုင် တားထားနိုင်ပြီး သူ၏ အားအင်များမှာ စတင် ကုန်ခမ်းလာတော့သည်။ တတိယတစ်ကောင်ကို မဆိုထားနှင့်၊ နှစ်ကောင်ကို ရင်ဆိုင်ရုံနှင့်ပင် သူ သွေးများ အန်နေရတော့သည်။ သူ၏ ဝတ်ရုံများမှာ စုတ်ပြဲကာ သွေးစိုနေသော ဒဏ်ရာများ ထွက်ပေါ်လာတော့သည်။
‘ချီစွမ်းအင် ပြန်ကန်ထွက်တာလား…. ဆေးရဲ့ အာနိသင်ကြောင့်လား’
သွေးအဆီအနှစ်ဆေးလုံးအား မျောက်ဝံသွေးကို အဓိက ပါဝင်ပစ္စည်းအဖြစ် သုံးထားသဖြင့် ၎င်းမှာ ခန္ဓာကိုယ်ကို အလွန်အမင်း ဝန်ပိစေသော မိစ္ဆာလမ်းစဉ်ဆေးမျိုး ဖြစ်သည်။ ဤသည်မှာ ၎င်း၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပေမည်။
လော့ချန်သည် ထောင့်တစ်နေရာတွင် ဝပ်နေရင်း ဆေး၏ အာနိသင်များကို မှတ်စုအမြန် ရေးမှတ်လိုက်သည်။ သူ ဤသည်ကို တတိယအကြိမ်မြောက် စမ်းသပ်ချက်အဖြစ် သတ်မှတ်လိုက်သည်။
ပထမအကြိမ်မှာ သားရဲတစ်ကောင်ပေါ်တွင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ်မှာ ဝမ်ယွမ်တစ်ယောက် ချီသန့်စင် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးပေါ်တွင် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူ့၌ အကောင်းဆုံး စမ်းသပ်ခံပုဂ္ဂိုလ်ဖြစ်သော ချီသန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေပြီ မဟုတ်ပါလော။
အကြီးဆုံးဖြစ်သူ၏ ရုတ်တရက် အားစိုက်ထုတ်မှုကို ရင်ဆိုင်ရချိန်တွင် ချိုးပိုင်၏ မျက်နှာမှာ သိသိသာသာ ပျက်သွားသည်။ သူ မမှားဘူးဆိုလျှင် ဤဆေးလုံးမှာ သူ မှောင်ခိုဈေးကွက်မှ ထွက်လာပြီးနောက် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး လေလံတင်ခဲ့သော ဆေးလုံးဖြစ်ရမည်။
‘ငါ အဲဒီမှာ ရှိမနေတာ နှမြောဖို့ကောင်းလိုက်တာ၊ မဟုတ်ရင် ငါလည်း အရန်အဖြစ် တစ်လုံးလောက် ဝယ်ထားမှာ’
လော့ချန် မှတ်စုထုတ်နေစဉ်မှာပင် တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိလာသည်။
စီမာမောင်နှမများထဲမှ အကြီးဆုံးမှာ နဂါးနှစ်ကောင်ကို တစ်ဦးတည်း တားထားစဉ်၊ ဒုတိယမမ စီမာဟွေ့နန်က တတိယမြောက်နဂါးကို တစ်ဦးတည်း ရင်ဆိုင်နေရသည်။ တစ်ချိန်တည်းမှာပင် အငယ်ဆုံးဖြစ်သူမှာ အစီအရင်ကို ရူးသွပ်စွာ တိုက်ခိုက်ရင်း ထွက်ပေါက်ရှာရန် အသည်းအသန် ကြိုးစားနေသည်။
ရုတ်တရက်ဆိုသလို စိတ်ပျက်အားငယ်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“အစ်ကိုကြီး.... ဒုတိယမမ…. မရတော့ဘူး၊ ဒီအစီအရင်ကို တခြားတစ်ယောက်ယောက်က ထိန်းချုပ်ထားတာ"
ထိုစကားပင် မဆုံးသေး၊ အကြီးဆုံးဖြစ်သူမှာ သွေးတစ်လုပ် အန်လိုက်ရသည်။ စက်ဝိုင်းပုံ မှော်လက်နက်မှာ သစ်သားနဂါး၏ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် အပိုင်းပိုင်းအစစ ကွဲအက်ကာ လွင့်ထွက်သွားတော့သည်။
“မောင်လေး…. လာကူဦး ”
စီမာဟွေ့နန်က အသံတိုးတိုးဖြင့် အော်ဟစ်လိုက်ပြီး မှော်စာရွက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ကာကွယ်ရေး အတားအဆီးတစ်ခု ချက်ချင်း ပြန့်ကားလာသည်။ ဤမှော်စာရွက်၏ အာနိသင်ကို သိပုံရသဖြင့် မောင်ငယ်ဖြစ်သူမှာ အနားသို့ အမြန်ကပ်လာပြီး အတားအဆီးကို ထောက်ပံ့ရန် သူ၏ ချီစွမ်းအင်များကို အဆက်မပြတ် ပို့လွှတ်နေတော့သည်။ နောက်သို့ လွင့်ထွက်သွားသော အစ်ကိုကြီးမှာလည်း ပြန်လာကာ ဝိုင်းဝန်းကူညီတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးသုံးကောင်မှာ အတားအဆီးကို မနားတမ်း ကိုက်ခဲတိုက်ခိုက်နေကြသည်။ အခြေအနေမှာ ပို၍ အန္တရာယ်ကြီးလာချေပြီ။
လော့ချန် မှတ်စုများရေးရင်း လန့်သွားမိသည်။
‘တခြားတစ်ယောက် ရှိနေသေးတယ်၊ ချိုးပိုင်မှာ အဖော်ရှိနေတာလား’
ဤအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် အခြားတစ်ဖက်မှ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ သို့သော် ပေါက်ကွဲသံမှာ တစ်ကြိမ်တည်းသာ ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။
“တောက်…. ချီသန့်စင် အဆင့်ငါးလေးကတောင် ငါးပွက်ရာ ငါးစာချဖို့ ချောင်းနေသေးတာလား"
ဝဲလည်နေသော မြူဖြူများကြားမှ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူ၏ လက်တစ်ဖက်တွင် ကြေမွနေသော အလောင်းတစ်ခုကို ဆွဲထားသည်။ သူ၏ အကြည့်မှာ ဒဏ်ရာရနေသော စီမာမောင်နှမများပေါ်သို့ ရောက်သွားပြီးနောက် တွန့်ဆုတ်မနေဘဲ ရှေ့သို့ခုန်တက်ကာ ချိုးပိုင်၏ ဘေးတွင် ပုခုံးချင်းယှဉ်၍ ရပ်လိုက်သည်။
သူ၏ မနာလိုသော အကြည့်များမှာ ချိုးပိုင်၏ လက်ထဲရှိ ကြီးမားသော အလံပေါ်သို့ ကျရောက်နေသည်။
“အဲ့ဒီ ထိပ်တန်းအဆင့် မှော်လက်နက်က တကယ့်ကို ကြောက်စရာကြီးပဲနော် ”
လျိုဟန်၏ အားကျနေသော အကြည့်မှာ ချိုးပိုင်၏ လက်ထဲမှ ကြီးမားသော အလံပေါ်သို့ ကျရောက်နေသည်။ ချိုးပိုင်က အားရပါးရ ရယ်မောလိုက်ရင်း ဆိုသည်။
“သေချာတာပေါ့ကွ၊ ငါက ဝိညာဉ်ကျောက်တုံး ခုနစ်ထောင်နီးပါး အကုန်ခံထားရတာ…. နေဦး၊ မဟုတ်သေးဘူး ”
လျိုဟန်က ထပ်မံ ပြောကြားလိုက်သည်။
“တကယ်တော့ သူပြောတာလည်း မမှားပါဘူး.... အထွတ်အထိပ်အဆင့်ဆိုတာလည်း ချီသန့်စင် အဆင့် ၉ ပဲ မဟုတ်လား"
"အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး၊ ကြာရင် ကိစ္စတွေ ရှုပ်ကုန်လိမ့်မယ်၊ လျိုဟန်.... ငါ့အတွက် ခဏလောက် ကြည့်ပေးထားဦး"
ထိုသို့ပြောပြီးနောက် ချိုးပိုင် ဟိန်းဟောက်လိုက်သည်။ ကြီးမားလှသော ချီစွမ်းအားများမှာ သောင်းကျန်းနေသော မြစ်ရေကဲ့သို့ ပေါက်ကွဲထွက်လာသည်။
ဝုန်း…. ဝုန်း…. ဝုန်း….
နောက်ထပ် နဂါးသုံးကောင် ကောင်းကင်သို့ ပျံတက်သွားပြန်သည်။ နဂါး ခြောက်ကောင်လုံး၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ဒုတိယအဆင့် ကာကွယ်ရေး အတားအဆီးမှာ တစ်ချက်ကလေးပင် မခံနိုင်ဘဲ ပေါက်ကွဲသွားတော့သည်။
ဘုန်း….
နားကွဲမတတ် အသံကြီး ဟိန်းထွက်သွားသည်။ ပေါက်ကွဲမှု၏ ရိုက်ခတ်မှုကြောင့် ထိုသုံးဦးမှာ မီတာ ရာနှင့်ချီ၍ လွင့်ထွက်သွားတော့သည်။ လေထဲတွင်ပင် သူတို့၏ ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် ထွက်ပေါ်လာသည်။ မြေပြင်ပေါ်သို့ ကျလာချိန်တွင်မူ သူတို့မှာ အဝတ်စုတ်ထုပ်ကြီးများအလား လှုပ်ရှားမှု မရှိတော့ပေ။
“အစ်ကိုချိုးက တကယ်ကို အစွမ်းထက်တာပဲဗျာ၊ တစ်ယောက်တည်းနဲ့ အဆင့်တူ ကျင့်ကြံသူ သုံးယောက်ကို အပြတ်ရှင်းလိုက်တာပဲ"
လျိုဟန်က ချိုးပိုင်၏ ပုခုံးကို ပုတ်ရင်း စိတ်အားထက်သန်စွာ ချီးကျူးလိုက်သည်။ ချိုးပိုင်က အသက်ကို ပြင်းပြင်းရှူကာ ပြုံးလိုက်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့သည်။
“တောက် ”
“ဟဲဟဲ….”
လျိုဟန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး နောက်သို့ အမြန် ဆုတ်လိုက်သည်။
“အစ်ကိုချိုး…. ဘာလို့ အဲ့လောက်တောင် လန့်သွားတာလဲ၊ ဒါက နဂါးရတနာ မှောင်ခိုစျေးကွက် မှာ ကျွန်တော် ဝယ်ခဲ့တဲ့ ထူးဆန်းတဲ့ မှော်လက်နက်လေး တစ်ခုပါပဲ၊ ကျေးဇူးပြုပြီး ခဏလောက် အချိန်ယူ ခံစားကြည့်လိုက်ပါဦး"
ချိုးပိုင်၏ ပုခုံးပေါ်တွင် လူ့ပါးစပ်နှင့် တူသော အရာတစ်ခု ထွက်ပေါ်လာသည်။ ထိုပါးစပ်မှာ ချိုးပိုင်၏ ပုခုံးကို တင်းတင်းကြပ်ကြပ် ခဲထားပြီး နက်မှောင်သော အလင်းတန်းများမှာ ဝန်းရံလျက် ရှိနေသည်။
ချိုးပိုင်၏ မျက်လုံးများမှာ ဒေါသနှင့် ထိတ်လန့်မှုကြောင့် ပြူးထွက်နေသည်။ သူသည် မလှုပ်ရှားနိုင်ဘဲ ထိုနေရာမှာတင် ကျောက်ရုပ်ကဲ့သို့ ဖြစ်နေတော့သည်။ နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိုအလင်းတန်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ရှဲ….
ထို့နောက်တွင်မူ သူသည် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး အရိုးပင် မကျန်တော့ပေ။ ချီသန့်စင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးမှာ ဤသို့ပင် ကျဆုံးသွားခဲ့လေပြီ။ သိုလှောင်အိတ် တစ်လုံးနှင့် ကြီးမားသော အလံကြီးသာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာတော့သည်။
လျိုဟန် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ချိုးပိုင် မသေခင် ပြန်လည် တိုက်ခိုက်လာမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အဆုံးစွန် ပြောရလျှင် ချိုးပိုင်မှာ အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်ရာ ထိပ်တန်းအဆင့် မှော်လက်နက်ကို နှစ်ကြိမ်ပဲ သုံးနိုင်သည်ဟူသော စကားမှာ လိမ်နေခြင်းလည်း ဖြစ်နိုင်သည် မဟုတ်ပါလော။
သို့သော် ယခုမူ သူ၏ တစ်ကြိမ်တည်းသုံး ထူးဆန်းသော မှော်လက်နက်မှာ အောင်မြင်သွားပြီဖြစ်ရာ အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။ ချိုးပိုင်၏ ပိုင်ဆိုင်မှုအားလုံး၊ စီမာမောင်နှမများထံမှ ရမည့် အမြတ်အစွန်းများနှင့် သူ၏ စေ့စပ်သော ပြင်ဆင်မှုများကြောင့် လျိုဟန်သည် ရွှေအမြုတေဂူသင်္ချိုင်းကို တစ်ဦးတည်း စူးစမ်းရန် ယုံကြည်ချက် အပြည့် ရှိသွားပြီ ဖြစ်သည်။
ပြုံးရွှင်သော မျက်နှာဖြင့် သူသည် ချီစွမ်းအင် နှစ်ခုကို သိုလှောင်အိတ်နှင့် အပြာရောင်ကတိုး မြွေနဂါးအလံဆီသို့ လွှတ်တင်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာမှာ ဒေါသနှင့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီး အော်ဟစ်လိုက်တော့သည်။
"လူယုတ်မာ…."
ပုံရိပ်တစ်ခုမှာ လေဟုန်စီး၍ ဆင်းသက်လာသော သိန်းငှက်တစ်ကောင်အလား၊ မိုးသက်လေပြင်းများကို အခွင့်ကောင်းယူကာ အံ့ဩစရာကောင်းသော အရှိန်ဖြင့် ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပုံရိပ်မှာ အပြာရောင်ကတိုး မြွေနဂါးအလံရှိရာသို့ ရောက်ရှိသွားသည်။ သူ၏ ချီစွမ်းအင်များမှာ ကြီးမားသော လက်ဝါးကြီးအဖြစ် ပြောင်းလဲသွားပြီး လျိုဟန်၏ ချီစွမ်းအင်များကို ဘေးသို့ ဖယ်ထုတ်လိုက်သည်။
အလံကို ဆွဲယူပြီးနောက် ထိုပုံရိပ်မှာ မိုးသက်လေပြင်းများကြားသို့ ပျောက်ကွယ်သွားတော့သည်။ ထိုမျှမကသေးဘဲ ထိုပုံရိပ်မှာ မထွက်ခွာမီ တိုက်ခိုက်မှု နှစ်ခုကို ပြုလုပ်သွားခဲ့သေးသည်။ တစ်ခုမှာ လေထဲရှိ သိုလှောင်အိတ်ကို ထိမှန်သွားပြီး၊ နောက်တစ်ခုမှာ မြူဖြူများကြားရှိ ကြီးမားသော ကျောက်ကြိတ်ဆုံကြီးကို ထိမှန်သွားခြင်း ဖြစ်သည်။
လျိုဟန်၏ မျက်လုံးများမှာ ဒေါသကြောင့် မီးတောက်မတတ် ဖြစ်နေသည်။
သိုလှောင်အိတ်များမှာ အကြမ်းခံသော အရာများ မဟုတ်ပေ။ အထူးသဖြင့် အဆင့်နိမ့် ကျင့်ကြံသူများ၏ အိတ်များမှာ တိုက်ပွဲအတွင်း ပျက်စီးလွယ်သည်။ အကယ်၍ ပျက်စီးသွားပါက အတွင်းရှိ ပစ္စည်းအများစုမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတတ်ပြီး အနည်းငယ်သာ ကျန်ရစ်တတ်သည်။
“အဲ့ဒီ အယုတ်တမာကောင်…. အထွတ်အထိပ်အဆင့် မှော်လက်နက်ကို လုသွားရုံတင်မကဘူး၊ သဲလွန်စတွေကိုပါ ဖျောက်သွားချင်တာလား….”
လျိုဟန် တွန့်ဆုတ်မနေဘဲ အနက်ရောင် တိုက်ခိုက်မှုကို ခုခံရန် သူ၏ အစွမ်းကုန် ထုတ်သုံးလိုက်သည်။
၎င်းမှာ သာမန် လေပြေညင်းတစ်ခုကဲ့သို့သာ ခံစားရပြီး အဆင့်နိမ့် မှော်လက်နက်တစ်ခု၏ စွမ်းအားပင် မရှိပေ။ လက်တစ်ဖက်ဖြင့် သိုလှောင်အိတ်ကို ဖမ်းကိုင်ရင်း၊ လျိုဟန်သည် ဟင်းလင်းပြင်ထဲသို့ အခြားလက်တစ်ဖက်ဖြင့် လှမ်းလိုက်ရာ လောင်ကျွမ်းနေသော ဆေးနံ့သင်းနေသည့် ကျောက်စိမ်းမှုန့် အနည်းငယ်ကိုသာ ဖမ်းမိတော့သည်။
"မင်း ဘယ်သူလဲဆိုတာ ငါ မသိစေနဲ့၊ သိတာနဲ့ မင်းရဲ့ အရေခွံကို ခွာပြီး အရိုးတွေကို တစ်ခုချင်း ချိုးပစ်မယ် "
လျိုဟန် အသက် ပြင်းပြင်းရှူလိုက်ပြီး အနည်းဆုံးတော့ ချိုးပိုင်၏ သိုလှောင်အိတ်ကို ရလိုက်သေးသည်ဟု မိမိကိုယ်ကိုယ် ဖြေသိမ့်လိုက်သည်။ ထို့ပြင် မြေပြင်ပေါ်ရှိ အဆင့် ၉ ကျင့်ကြံသူ သုံးဦးထံမှ ရမည့် အရာများလည်း ရှိသေးသည် မဟုတ်ပါလော။
စီမာမောင်နှမများမှာ ဈေးကွက်အနှံ့ လှည့်လည်ကုန်သွယ်သူများ ဖြစ်ကြပြီး ယနေ့တွင် သူတို့၏ ပစ္စည်းအများစုကို ရောင်းချခဲ့ကြသည်။ သူတို့၏ ပိုင်ဆိုင်မှုမှာ အလွန်များပြားမည်မှာ သေချာသည်။
သို့သော် မှန်းချက်နှင့် နှမ်းထွက်မှာ မကိုက်ခဲ့ချေ။
လျိုဟန် တစ်ယောက် မြေပြင်ကို ကြည့်ရင်း ဆွံ့အနေသည်။ အလောင်း သုံးလောင်း ရှိခဲ့သော နေရာမှာ ယခုအခါ ဘာမှမရှိဘဲ ဟောင်းလောင်း ဖြစ်နေလေသည်။
"ငါ့ရဲ့ သိုလှောင်အိတ် သုံးလုံး ဘယ်ရောက်သွားတာလဲ…."
***