“အော့....”
ပျို့အန်သံနှင့်အတူ သွေးတစ်လုပ်မှာ အရှိန်အဟုန်ဖြင့် ပန်းထွက်လာသည်။ သွေးများနှင့်အတူ ကြေမွနေသော ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအချို့ ပါလာခြင်းက ဒဏ်ရာ မည်မျှပြင်းထန်ကြောင်း သက်သေပြနေသည်။
သို့သော် ထိုသို့ ထိတ်လန့်ဖွယ် သွေးအန်နေသူမှာပင် အခြားတစ်ယောက်နှင့် ယှဉ်လျှင် အခြေအနေ ပိုကောင်းနေသေးသည်ဟု ဆိုရမည်။
စီမာဝမ်ကျဲသည် သူ၏ ဒုတိယမမ ကျောပေါ်တွင် အားကိုးတကြီး မှီလျက် လိုက်ပါလာသော အမျိုးသားကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ ထိုသူမှာ သူတို့၏ အစ်ကိုကြီး စီမာရှန့် ဖြစ်သည်။
စောစောက သူသည် သူ၏ အဆီအနှစ်ကို လောင်ကျွမ်းစေသော လျှို့ဝှက်နည်းစနစ်ကို သုံးခဲ့သည်၊ သွေးအဆီအနှစ်ဆေးလုံးကို မျိုချခဲ့သည်၊ ထို့နောက် နဂါးမြွေနှစ်ကောင်ကို တစ်ဦးတည်း ခုခံတိုက်ခိုက်ခဲ့သည်။
နောက်ဆုံးအခိုက်အတန့်တွင် အပြာရောင်ကတိုး မြွေနဂါးအလံမှ ဆင့်ခေါ်ထားသော နဂါးခြောက်ကောင်လုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသောအခါ၊ စီမာရှန့်သည် သူ၏ ဒုတိယမမ စီမာဟွေ့နန်ကို ဘေးသို့ အစွမ်းကုန် တွန်းထုတ်ကာ သေမင်းတမျှ ပြင်းထန်သော တိုက်ခိုက်မှုအားလုံးကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ရလဒ်အနေဖြင့် သူ၏ဒဏ်ရာမှာ အလွန်ပြင်းထန်သွားပြီး အသက်မှာ ဝိညာဉ်ကြိုးမျှင်လေးဖြင့်သာ ဆက်ထားရတော့သည်။
“မောင်လေး.... နင် အာရုံမလွင့်စမ်းနဲ့၊ သတိထားပြီး ငါတို့ နားဖို့အတွက် ဘေးကင်းတဲ့နေရာတစ်ခု အမြန်ရှာ ”
စီမာဟွေ့နန်က အမိန့်ပေးလိုက်သည်။
သူမ၏ အသံမှာ အရေးကြီးနေသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် တည်ငြိမ်မှု ရှိလှသဖြင့် စီမာဝမ်ကျဲ သတိပြန်ဝင်လာခဲ့သည်။ သူ ပတ်ဝန်းကျင်ကို အမြန်ဝေ့ကြည့်လိုက်ရာ မကြာမီမှာပင် အိမ်အိုတစ်လုံးကို တွေ့ရှိလိုက်သည်။
ဘေးကင်းမှု ရှိမရှိ အမြန်စစ်ဆေးပြီးနောက် လူအားလုံးကို အတွင်းသို့ ခေါ်ဆောင်ခဲ့သည်။ သူ စိတ်လျှော့လိုက်သည့် ခဏမှာပင် မူးဝေမှုကို ခံစားလိုက်ရသည်။
“ဒုတိယမမ…. အစ်ကိုကြီးကော ဘယ်လိုလဲ...."
"သူ မသေသေးဘူး၊ နင် ဘာတွေ စိုးရိမ်နေတာလဲ "
စီမာဟွေ့နန်က မောင်ဖြစ်သူအား စိုက်ကြည့်ရင်း ဆေးတစ်ပုလင်း ပစ်ပေးလိုက်သည်။
ထို့နောက် သူမသည် အိတ်အတွင်းမှ အခြားဆေးလုံးပုံကြီးကို ထုတ်ယူကာ အမြန်ရွေးချယ်လိုက်ပြီး သတိမေ့နေသော စီမာရှန့်၏ ပါးစပ်အတွင်းသို့ ဆေးလုံးအချို့ကို အတင်းထည့်လိုက်သည်။ နောက်ဆုံးတွင် တန်ဖိုးကြီးလှသော ရွှေရောင်အရည်များ ပါဝင်သော ပုလင်းတစ်ပုလင်းလုံးကို သူ၏ လည်ချောင်းအတွင်းသို့ လောင်းထည့်လိုက်တော့သည်။
ထိုမျှနှင့် မရပ်တန့်ဘဲ သူမသည် ဆေးအာနိသင်များ အစ်ကိုဖြစ်သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့စေရန် သူမ၏ ကျန်ရှိသမျှ ချီစွမ်းအားကို အသုံးပြု၍ ကူညီပေးနေခဲ့သည်။
အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
မောင်နှမနှစ်ဦး၏ စိုးရိမ်တကြီး စောင့်ကြည့်နေမှုအောက်တွင် စီမာရှန့်သည် နောက်ဆုံး၌ မျက်လုံးပွင့်လာခဲ့သည်။ သူ ဝမ်းသာအားရဖြင့် ပြုံးပြရန်နှင့် စကားပြောရန် ကြိုးစားခဲ့သော်လည်း ပါးစပ်ဟလိုက်သည်နှင့် သွေးစိမ်းများမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာပြန်သည်။
“အစ်ကိုကြီး.... စကားမပြောနဲ့၊ စိတ်ကို တည်ငြိမ်အောင်ထားပြီး နိုးထခြင်းဆေးရည် အာနိသင်ရှိနေတုန်း ကိုယ့်ကိုယ်ကိုယ် ကုသပါဦး” ဟု စီမာဟွေ့နန်က တိုက်တွန်းလိုက်သည်။
သူမမှာ စီမာမောင်နှမ သုံးဦးထဲတွင် ဒုတိယမြောက် ဖြစ်သော်လည်း အဖွဲ့၏ အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင်ပင် ဖြစ်သည်။ စီးပွားရေး၊ လေလံပွဲ သို့မဟုတ် တိုက်ပွဲများတွင် သူမကသာ အမြဲ ဆုံးဖြတ်ချက်ချသူ ဖြစ်သည်။
အစောပိုင်းက သူမ၏ အခန်းကဏ္ဍ မှေးမှိန်နေခဲ့ခြင်းမှာ အစ်ကိုကြီးဖြစ်သူက အသက်စွန့်၍ တိုက်ခိုက်ခဲ့သောကြောင့်သာ ဖြစ်သည်။
နိုးထခြင်းဆေးရည်ဟူသော စကားကို ကြားလိုက်ရသောအခါ စီမာရှန့်၏ မျက်လုံးများထဲတွင် ခံစားချက်များ ဝေ့သီသွားပြီး မျက်ရည်များ ဝဲလာခဲ့သည်။ အငယ်ဆုံးဖြစ်သူ စီမာဝမ်ကျဲက အံ့ဩတကြီး ဟစ်အော်လိုက်သည်။
"ဒါ…. ဒါက မမ အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် သိမ်းထားတဲ့ ဝိညာဉ်ဆေး မဟုတ်လား…. ဘာလို့...."
“တံခါးဝမှာ သွားစောင့်ပြီး အန္တရာယ်ရှိမရှိ ကြည့်ထားစမ်း ”
စီမာဟွေ့နန်က သူမ၏ မောင်ငယ်ကို စိုက်ကြည့်ရင်း ငေါက်လိုက်သည်။
ထို့နောက် သူမ စီမာရှန်းဘက်သို့ ပြန်လှည့်လိုက်သည်။
သေခြင်းတရား၏ အရိပ်များ ဖုံးလွှမ်းနေသော သူမ၏ အစ်ကိုကြီးကို ကြည့်ရင်း သူမ၏ အကြည့်များမှာ ပျော့ပြောင်းသွားသည်။
အတင်းအကျပ် ပြုံးလိုက်ရင်း သူမ ဆိုသည်။
"အစ်ကိုကြီး.... ကျွန်မ တောင်းပန်ပါတယ်၊ အသက်ရှင်အောင် ကြိုးစားပေးပါ၊ ဒါက နိုးထခြင်းဆေးရည် တစ်ပုလင်းတည်းပါ၊ ကျွန်မတို့ သုံးယောက်လုံး အသက်ရှင်နေသရွေ့တော့ နောက်တစ်ပုလင်းကို တစ်နေ့နေ့မှာ နည်းလမ်းရှာပြီး ရအောင်ယူနိုင်မှာပါ၊ အစ်ကိုကြီးရဲ့ ဒဏ်ရာတွေက ပြင်းထန်ပေမဲ့ အခု ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ရင် အသက်ရှင်ဖို့ အခွင့်အလမ်း ရှိပါသေးတယ်"
စီမာရှန်းက နှုတ်ခမ်းကို လှုပ်ရှားသော်လည်း စကားလုံးများ ထွက်မလာပေ။ ခဏအကြာတွင် သူ အားနည်းစွာ ခေါင်းညိတ်ပြလိုက်သည်။
ဟွေ့နန်၏ အကူအညီဖြင့် သူ မတ်မတ်ထိုင်ကာ တင်ပျဉ်ခွေထိုင်ပြီး ဒဏ်ရာများကို ကုသရန် ချီစွမ်းအင်များကို စတင် လည်ပတ်စေတော့သည်။
တစ်ဖက်တွင်မူ တံခါးကို စောင့်ကြပ်နေသော စီမာဝမ်ကျဲမှာ အခြေအနေ အတော်လေး ကောင်းမွန်နေသည်။ အကြောင်းမှာ သူသည် တိုက်ပွဲတွင် အဓိက တိုက်ခိုက်သူ မဟုတ်ဘဲ အစီအရင်၏ အားနည်းချက်ကို ရှာဖွေရာတွင်သာ အချိန်ကုန်ခဲ့သောကြောင့် ဖြစ်သည်။
စောစောက ဆေးတစ်လုံး သောက်ထားခဲ့သဖြင့် သူ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာသည်။ သူ၏ အာရုံတစ်ဝက်ကို အပြင်ဘက်သို့ ထားရှိပြီး ကျန်တစ်ဝက်ကိုမူ အတွင်းသို့ အာရုံပြုထားသည်။ သူ၏ စိုးရိမ်နေသော စိတ်နှလုံးမှာ တဖြည်းဖြည်း တည်ငြိမ်လာတော့သည်။
“ထူးဆန်းတာပဲ.... နောက်ဆုံးမှ ပေါ်လာတဲ့လူက သူတို့မျက်စိရှေ့တင် ထိပ်တန်း မှော်လက်နက်ကို လုသွားရုံတင်မကဘူး၊ ငါတို့ ထွက်ပြေးဖို့ လမ်းပွင့်အောင် အစီအရင်ရဲ့ အချက်အခြာကို တမင်တကာ ဖျက်ဆီးပေးသွားတာ၊ အဲ့ဒီလူက ဘယ်သူပါလိမ့်၊ အခွင့်အရေးရရင်တော့ ကျေးဇူးဆပ်ရမယ်”
"ဒုတိယမမ.... အဲ့ဒါ ဘယ်သူ ဖြစ်နိုင်မယ် ထင်လဲ၊ ကျွန်တော်တို့ တာဟဲဈေးမြို့တော်မှာ လူတွေ အများကြီး သိတာပဲ၊ ကျွန်တော်တို့ သိတဲ့လူပဲ ဖြစ်နေမလား"
"ဒုတိယမမ…."
အချိန်အတော်ကြာသည်အထိ အဖြေမရသဖြင့် စီမာဝမ်ကျဲ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ကုတင်အောက်ခြေရှိ နံရံကို မှီလျက် သတိလစ်နေသော စီမာဟွေ့နန်ပေါ်သို့ ကျရောက်သွားတော့သည်။
ထိပ်တန်းအဆင့် မှော်လက်နက်၏ အစွမ်းမှာ အလွယ်တကူ ခုခံနိုင်သော အရာမဟုတ်ပေ။ အကြီး နှစ်ဦးမှာ တိုက်ခိုက်မှုများကို ထိပ်တိုက် ရင်ဆိုင်ခဲ့ရသဖြင့် အငယ်ဆုံးမောင်လေးသာ ဒဏ်ရာ အနည်းဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။
"ဒုတိယမမ... ကျွန်တော့်ကို ဒီလိုကြီး ခြောက်မနေပါနဲ့ဗျာ"
"ဆေး.... ဆေး ဘယ်မှာလဲ…."
….
"သူတို့ ငါ့နောက်ကို မလိုက်လာကြဘူးလား"
လော့ချန်၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွတ်သွားသည်။
‘မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ငါ့ရဲ့ ထွက်ပြေးတဲ့ အရှိန်နဲ့ ရုတ်တရက် လှုပ်ရှားမှုအောက်မှာ သာမန်လူတွေ လိုက်မှီဖို့ မဖြစ်နိုင်ဘူး၊ တကယ်လို့ တခြား လုယက်သူတွေသာ ရောက်မလာရင် အဲ့ဒီ သိုလှောင်အိတ်ကလည်း ငါ့ပိုင် ဖြစ်နေမှာ’
သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ချီစွမ်းအင်များကို ဖုံးကွယ်လိုက်သည်။ တိတ်ဆိတ်စွာပင် အနားရှိ တံခါးတစ်ခုကို တွန်းဖွင့်လိုက်ပြီး သူ၏ နတ်မျက်စိဖြင့် အတွင်းပိုင်းကို အကဲခတ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် သူ၏ အကြည့်မှာ ဗီရိုတစ်ခု၏ အောက်ခြေရှိ နေရာတစ်ခုသို့ ကျရောက်သွားသည်။
လော့ချန် မျက်ခုံးပင့်လိုက်မိပြီး ကျေနပ်သော အမူအရာ ပေါ်လာသည်။
မိနစ်အနည်းငယ်အကြာတွင် သူသည် ခြောက်သွေ့နေသော ကောက်ရိုးပုံပေါ်၌ တင်ပျဉ်ခွေ ထိုင်နေလိုက်သည်။
ဤနေရာ၏ ယခင်ပိုင်ရှင်မှာ အလွန် သတိကြီးသူ ဖြစ်ပုံရသည်။ ဤအိမ်မှာ ဝေးလံပြီး လူသူကင်းမဲ့သော နေရာတွင် ရှိနေရုံတင်မကဘဲ မြေအောက်ခန်းတစ်ခုကိုပါ လျှို့ဝှက်စွာ တည်ဆောက်ထားသေးသည်။ လော့ချန်၏ နတ်မျက်စိမှော်အတတ်သာ မပါလျှင် ဤနေရာကို လုံးဝ ရှာတွေ့မည် မဟုတ်ပေ။
ရယ်စရာကောင်းသည်မှာ အဝင်ဝကို ကာကွယ်ထားသော စွမ်းအင်ထောင်ချောက်၏ အနည်းငယ်သော လှုပ်ခတ်မှုကပင် ဤနေရာကို သဲလွန်စ ပေးလိုက်ခြင်း ဖြစ်သည်။ ဖုံးလေ ပေါ်လေဆိုသည်မှာ ထင်ရှားနေသည်။
“ဒီနေရာက မဆိုးဘူးပဲ၊ မြို့ထဲကို အဝင်အထွက်လုပ်ဖို့ ငါ့ရဲ့ အမာခံစခန်းတစ်ခုအနေနဲ့ သုံးလို့ရတယ်”
လော့ချန် ကျေနပ်သွားပြီး စောစောက တိုက်ပွဲကို ပြန်လည် သုံးသပ်ကြည့်သည်။ သူ၏ နောက်သို့ လိုက်လာနိုင်မည့် သဲလွန်စများ ကျန်မကျန် သေချာအောင် စစ်ဆေးနေခြင်း ဖြစ်သည်။
ချိုးပိုင်ဟု အမည်ရသော ထိုချီသန့်စင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူမှာ အမှန်ပင် သာမန်မဟုတ်ပေ။ သူသည် နဂါးရတနာ မှောင်ခိုဈေးကွက်မှ အထွတ်အထိပ်အဆင့် မှော်လက်နက်ကို ပါးနပ်စွာ ရယူခဲ့ပြီး အမြန် ထွက်ခွာခဲ့သည်။
အစပိုင်းတွင် ချိုးပိုင်မှာ အပြောသာရှိပြီး အလုပ်မရှိသူဟု လော့ချန် ထင်ခဲ့သော်လည်း အပြင်ဘက်ရှိ ရေတွင်းအနားတွင် အချောင်းခံရန် ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုမျှမကဘဲ ချိုးပိုင်မှာ လေလံပွဲအတွင်း၌လည်း သူလျှိုများ ထားရှိခဲ့သေးသည်။ ထို့ကြောင့် သူသည် လေလံဆွဲသူများထဲမှ အနိုင်ကျင့်ရန် အလွယ်ဆုံးသူများကို ရွေးချယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုသူလျှိုမှာ လော့ချန်နှင့် နိုးထခြင်းဆေးရည်အတွက် လေလံပြိုင်ခဲ့သူပင် ဖြစ်သည်။
ချိုးပိုင်နှင့် လျိုဟန်….။
သူတို့၏ စကားများအရ သူတို့သည် တောက်ပစမ်းရေစျေးမြို့တော်မှ ဖြစ်ပုံရသည်။
တောက်ပစမ်းရေစျေးမြို့တော်မှာ အလွန် ဆင်းရဲပြီး အရင်းအမြစ်များ ရှားပါးသည်ဟု သိရသည်။ ထို့ကြောင့် ထိုနေရာတွင် တစ်ကိုယ်တော်ကျင့်ကြံသူများ ပေါများပြီး သွေးချောင်းစီးသော တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
စောစောက တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် သူတို့တွင် အမှန်ပင် စွမ်းဆောင်ရည် ရှိကြသည်။ ထောင်ချောက်ဆင်ခြင်း သို့မဟုတ် ထိပ်တိုက် တိုက်ခိုက်ခြင်းများတွင် သာမန် အဆင့် ၉ ကျင့်ကြံသူများထက် များစွာ သာလွန်သည်။
လော့ချန် တော်လှပြီဟု ထင်ထားသော စီမာမောင်နှမများကိုပင် သူတို့ အလွယ်တကူ ကစားသွားနိုင်ခဲ့သည်။ အဆုံးစွန် ပြောရလျှင် သူတို့မှာ တောက်ပစမ်းရေစျေးမြို့တော်မှ ဖြစ်ကြသည်။ ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး နောက်ကျော ဓားနှင့်ထိုးရန် ဝန်မလေးကြပေ။
သူ မှတ်မိသလောက်ဆိုလျှင် ချိုးပိုင်ကို သတ်လိုက်သော မှော်လက်နက်မှာ တစ်ဦးချင်း လေလံပွဲတွင် တင်ထားသော ထူးဆန်းသည့် ထိပ်တန်း မှော်လက်နက်များထဲမှ တစ်ခုပင် ဖြစ်သည်။
ခေါင်းမာသော အလောင်းကောင်….။
ထူးဆန်းသော အမည်နှင့်အညီ ထူးဆန်းသော အာနိသင်ရှိသည့် မှော်လက်နက် ဖြစ်သည်။ ၎င်းမှာ ရန်သူ၏ ခန္ဓာကိုယ်ကို ကိုက်မိမှသာ အာနိသင် ပြနိုင်သဖြင့် အနည်းငယ် အဆင်မပြေလှပေ။
သို့သော် ထိုအားနည်းချက်ရှိသော်လည်း အံ့ဩစရာကောင်းသော စွမ်းအား ရှိနေသည်။ တစ်ခါ ကိုက်မိသည်နှင့် ရန်သူမှာ ချက်ချင်း မလှုပ်နိုင်တော့ဘဲ အလောင်းကောင်ကဲ့သို့ တောင့်တင်းသွားတော့သည်။ ထို့နောက်တွင် ပြင်းထန်လှသော ယင်ချီများ ထွက်ပေါ်လာပြီး ရန်သူ၏ ခန္ဓာကိုယ်ကို ပြာဖြစ်အောင် လုပ်ပစ်လိုက်သည်။
စောစောက စွမ်းဆောင်ရည်ကို ကြည့်လျှင် ၎င်း၏ အသုံးဝင်မှုမှာ အမှန်ပင် အံ့ဩစရာပင်။ ချိုးပိုင်ကဲ့သို့ အထွတ်အထိပ် ကျင့်ကြံသူပင် ထိုအရာကို မယှဉ်နိုင်ခဲ့ပေ။
“တစ်ခုခုတော့ မှားနေပြီ၊ လျိုဟန် ပေါ်လာတဲ့ပုံစံကို ကြည့်ရင် သူ့ရဲ့ ရုတ်တရက် တိုက်ခိုက်မှုက ကြိုတင် ကြံစည်ထားတာပဲ….”
လော့ချန်သည် လျိုဟန်၏ လှုပ်ရှားမှုတိုင်းကို ပြန်လည် စဉ်းစားနေမိသည်။
ချိုးပိုင်၏ ဘေးတွင် ပုခုံးချင်းယှဉ် ရပ်လိုက်သည်မှစ၍ မြှောက်ပင့်ပြောဆိုခြင်းနှင့် ပုခုံးကို ပုတ်လိုက်ခြင်းအထိ အရာအားလုံးမှာ နောက်ဆုံး လှုပ်ရှားမှုအတွက် သေချာစွာ စီစဉ်ထားခြင်း ဖြစ်သည်။
"တကယ်ကို ယုတ်မာတဲ့ လူစိမ်းတွေပဲ၊ အကြံအစည်တွေက အင်မတန်မှ ညစ်ပတ်တာပဲ"
လော့ချန် မဲ့ပြုံး ပြုံးလိုက်ရင်း နောင်တွင် တောက်ပစမ်းရေစျေးမြို့တော်မှ ကျင့်ကြံသူများနှင့် ဆက်ဆံရလျှင် အလွန်အမင်း သတိထားရန် ဆုံးဖြတ်လိုက်သည်။
‘ဒါနဲ့.... ဟွေ့နန် ထွက်ပြေးနိုင်ပါ့မလား….’
ဟွေ့နန်ကို တွေးမိသောအခါ လော့ချန်၏ မျက်နှာတွင် ခံစားချက်များ ရှုပ်ထွေးသွားသည်။ သူမသည် လေလံပွဲတွင် မှော်ကြာရွက် ဟူသော ထူးဆန်းသည့် မှော်လက်နက်ကို လေလံဆွဲခဲ့သူ ဖြစ်သည်။
ထိုစဉ်က သူမ၏ အသံကို ရင်းနှီးနေခဲ့သော်လည်း နောက်ပိုင်း သူမ၏ အဖော်မှ "ဟွေ့နန်" ဟု ခေါ်လိုက်မှသာ လော့ချန် သတိရသွားခြင်း ဖြစ်သည်။
သူမမှာ အခြားမဟုတ်။ လော့ချန် မြို့ပြင် စမ်းချောင်းအိမ်လေးတွင် နေထိုင်စဉ်က တွေ့ခဲ့ရသော၊ လပြည့်ညတောင်တန်းမှ ထွက်ပြေးလာခဲ့သည့် တစ်ကိုယ်တော်ကျင့်ကြံသူများထဲမှ တစ်ဦး မဟုတ်ပါလော။
ထိုစဉ်က အခြားသူများက လော့ချန်အား အဖတ်မလုပ်ခဲ့သော်လည်း သူမ တစ်ဦးတည်းကသာ ဤနေရာမှာ စိတ်မချရသဖြင့် နေရာရွှေ့ရန် စေတနာနှင့် အကြံပေးခဲ့သည်။
သူမ၏ အကြံပေးချက်မှာ မှန်ကန်ခဲ့သည်ဟု ဆိုရမည်။ သားရဲများ တိုက်ခိုက်ခြင်း မရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကောင်းထင်အယ် ကိစ္စမှာလည်း ထိုမျှပင် အန္တရာယ်ကြီးခဲ့သည်။
စောစောက လော့ချန် အရာအားလုံးကို သေချာ မြင်တွေ့ခဲ့ရသည်။ ထိပ်တန်း မှော်လက်နက်၏ နောက်ဆုံး တိုက်ခိုက်မှုမှာ ထိုသုံးဦးလုံးကို ချက်ချင်း သေစေခဲ့သည် မဟုတ်ပေ။ သူတို့၏ မှော်စာရွက်ကိုသာ ဖျက်ဆီးလိုက်ပြီး ပြင်းထန်သော ဒဏ်ရာများသာ ရရှိစေခဲ့သည်။
လော့ချန်သည် ရှုပ်ထွေးနေသော အခြေအနေကို အခွင့်ကောင်းယူကာ ထိပ်တန်းအဆင့် မှော်လက်နက်ကို လုယူခဲ့သော်လည်း ဟွေ့နန်တို့ကို တစ်ဖက်တစ်လမ်းမှ ကူညီရန်လည်း ဝန်မလေးခဲ့ပေ။
မြူဖြူအစီအရင်မှာ အလံအချို့နှင့် ပြုလုပ်ထားသော ရိုးရှင်းသည့် အစီအရင်သာ ဖြစ်သည်။ အချက်အခြာ နေရာကို ရှာတွေ့နိုင်လျှင် အလွယ်တကူ ဖျက်ဆီးနိုင်သည်။ သာမန်လူများအတွက်မူ ထူထပ်သော မြူများကြောင့် မဖြစ်နိုင်သော်လည်း သူ၏ နတ်မျက်စိမှော်အတတ်နှင့်မူ အချက်အခြာနေရာကို အလွယ်တကူ ရှာတွေ့ခဲ့သည်။ ၎င်းမှာ သာမန် ကျောက်ကြိတ်ဆုံတစ်ခု ဖြစ်သည်။
အမှန်စင်စစ် လော့ချန်သည် လျိုဟန်ကို တားဆီးရန် ထိုသုံးဦးကို အသုံးချခဲ့ခြင်း ရှိမရှိ ဆိုသည်မှာ ပြောရန် ခက်သော်လည်း အနည်းဆုံးတော့ စီမာမောင်နှမများကို ထွက်ပြေးရန် အခွင့်အရေး ပေးခဲ့သည်မှာ အမှန်ပင်။
ဖြစ်ပျက်ခဲ့သမျှကို သေချာ ပြန်လည်သုံးသပ်ပြီးနောက် သဲလွန်စ မကျန်ခဲ့ကြောင်း အတည်ပြုပြီးမှသာ လော့ချန် စိတ်အေးနိုင်တော့သည်။
“နဂါးရတနာ မှောင်ခိုဈေးကွက်က ကျင့်ကြံသူတွေ ငါ့ကို မလိမ်ခဲ့ဘူးပဲ၊ သူတို့ တကယ်ပဲ ကူညီခဲ့ကြတာပဲ”
မြောက်လမ်းမ၏ လမ်းကြားသုံးခုမှာ လုယက်သူများအတွက် နေရာကောင်း ဖြစ်သည်။ သူ ထွက်သွားပြီးနောက်တွင်လည်း နောက်ထပ် ကျင့်ကြံသူများစွာ ရောက်ရှိလာကြသည်။
လော့ချန်သည် ဤ အကြံပေးချက်ကို စေတနာတစ်ခုအဖြစ် မှတ်သားထားလိုက်သည်။ ထို့နောက်တွင်မူ သူ ဝမ်းသာအားရဖြင့် အလံကို ထုတ်လိုက်သည်။
သူ အားရပါးရ ပြုံးလိုက်ရင်း ရေရွတ်လိုက်သည်။
"သစ်သားဓာတ် အထွတ်အထိပ်အဆင့် မှော်လက်နက်ပဲ၊ ဒါက ငါနဲ့ တကယ်ကို ထိုက်တန်တာပဲ "
လော့ချန်၌ ဤထိပ်တန်းအဆင့် မှော်လက်နက်နှင့် ပတ်သက်သော လက်စွဲစာအုပ် မရှိပေ။ သူ သိသမျှ သတင်းအချက်အလက်များမှာ မှောင်ခိုဈေးကွက် လေလံပွဲအတွင်း ထျန်းရှင်းကျီ၏ မိတ်ဆက်စကားများသာ ဖြစ်သည်။
ဤကဲ့သို့သော မှောင်ခိုဈေးကွက်မျိုးတွင် စီစဉ်သူများသည် လေလံပစ္စည်း၏ ကောင်းကွက်၊ ဆိုးကွက်အားလုံးကို ဘယ်သောအခါမှ အပြည့်အစုံ ထုတ်ဖော်ပြောလေ့ မရှိပေ။ ထိုသို့ပြောခြင်းမှာ ဝယ်သူအတွက် လျှို့ဝှက်ချက်များနှင့် အကျိုးအမြတ်များကို ပေါ်သွားစေနိုင်သောကြောင့် ဖြစ်သည်။
အပြာရောင်ကတိုး မြွေနဂါးအလံကို ဥပမာထားကြည့်လျှင် ၎င်း၏ ကတိုးနံ့မှာ နှာခေါင်းနှင့် ပါးစပ်မှတစ်ဆင့်သာ ဝင်ရောက်ခြင်း မဟုတ်ဘဲ ရန်သူ၏ ချွေးပေါက်များနှင့် အပ်စိုက်မှတ်များမှတစ်ဆင့်ပါ စိမ့်ဝင်နိုင်သဖြင့် အလွန် ယုတ်မာပြီး ထိရောက်သော လက်နက်တစ်ခု ဖြစ်သည်။
၎င်းကို ခုခံရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်သလောက်ပင်။
စီမာမောင်နှမများမှာ ချီသန့်စင်အဆင့် ၉ များဖြစ်ကြပြီး လွတ်လပ်စွာ သွားလာကုန်သွယ်နိုင်သူများ ဖြစ်ကြသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားရခြင်းမှာ ဤအာနိသင်ကြောင့် ဖြစ်သည်မှာ သေချာသည်။
သို့သော် ထျန်းရှင်းကျီသည် ဤမှော်လက်နက်၏ အားနည်းချက်အားလုံးကိုမူ ထုတ်ပြောခဲ့ခြင်း မရှိပေ။ သူသည် ချီသန့်စင်အဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးမှာ နဂါးသုံးကောင်ကို တစ်ကြိမ်သာ ဆင့်ခေါ်နိုင်ပြီး၊ အဆင့် ၉ ကျင့်ကြံသူမှာ နှစ်ကြိမ် ဆင့်ခေါ်နိုင်သည်ဟုသာ ပြောခဲ့သည်။
လူအများကမူ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးမှာ သုံးကြိမ် ဆင့်ခေါ်နိုင်မည်ဟု ထင်ကြပေလိမ့်မည်။ အဆုံးစွန် ပြောရလျှင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူ၏ ချီစွမ်းအင်မှာ အမြင့်ဆုံးအထိ သန့်စင်ပြီးသား ဖြစ်ရာ အခြားသူများထက် များစွာ သာလွန်သည်။ နောက်ထပ် တစ်ကြိမ် ပို၍ ဆင့်ခေါ်နိုင်ခြင်းမှာ ပြဿနာ မရှိသင့်ပေ။
သို့သော် လက်တွေ့တွင်မူ ချိုးပိုင်ကဲ့သို့ စွမ်းအားကြီးသူပင် နှစ်ကြိမ်သာ ဆင့်ခေါ်နိုင်ခဲ့သည်။
“မဟုတ်မှလွဲရော…. ချိုးပိုင်က တမင် ဟန်ဆောင်နေတာလား”
လော့ချန် မသေချာပေ။ သူ တိတ်တဆိတ် စမ်းသပ်ကြည့်ရန် လိုအပ်သည်။ အခြား လျှို့ဝှက်ချက်များ သို့မဟုတ် အားနည်းချက်များ ရှိနိုင်သေးသည်။
သေချာသည့် အချက်တစ်ခုမှာ ဤမှော်လက်နက်၏ စွမ်းအားပင် ဖြစ်သည်။ ၎င်းမှာ အလွန် စွမ်းအားကြီးလှပြီး လော့ချန်၏ လက်ဝယ်ရှိ မီးတောက်လှံ ထက် များစွာ သာလွန်သည်။
"နောက်ထပ် အားကိုးရတဲ့ လက်နက်တစ်ခု ရပြန်ပြီ" လော့ချန် ပြုံးလိုက်မိသည်။
လော့ချန်သည် ချိုးပိုင်၏ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးလိုက်ပြီး အခြေခံ သန့်စင်ခြင်း ပြုလုပ်ကာ အပြာရောင်ကတိုး မြွေနဂါးအလံကို သိမ်းဆည်းလိုက်သည်။
သူသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း လေလံပွဲမှ ရရှိခဲ့သည်များကို ပြန်လည် စစ်ဆေးကြည့်သည်။ သူ ဝယ်ယူခဲ့သည်မှာ အလွန်မများလှဘဲ နိုးထခြင်းဆေးရည် တစ်ပုလင်း၊ မီးဓာတ်မှော်ပညာ လက်စွဲစာအုပ်နှင့် ရောင်စဉ်ပုလဲအနှစ်သာရ ငါးပုလင်းတို့သာ ဖြစ်သည်။
၎င်းတို့မှာ တိုက်ခိုက်ရေးစွမ်းအားကို ချက်ချင်း မြှင့်တင်ပေးနိုင်မည် မဟုတ်သော်လည်း ကျင့်ကြံခြင်းအတွက်မူ အလွန်ကောင်းမွန်သော အရင်းအမြစ်များ ဖြစ်ကြသည်။
မီးဓာတ်မှော်ပညာ လက်စွဲစာအုပ်တွင်မူ ဒုတိယအဆင့် မှော်ပညာတစ်ခု ပါဝင်သည်။ အကယ်၍ ချီသန့်စင်အဆင့်မှာပင် ကျွမ်းကျင်အောင် တတ်မြောက်နိုင်မည်ဆိုလျှင် နောက်ထပ် အားကိုးရမည့် လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။
"တကယ် ရလိုက်တာကတော့ သွေးအဆီအနှစ်ဆေးလုံးရဲ့ ဈေးကွက်နဲ့ တန်ဖိုးကို အတည်ပြုနိုင်ခဲ့တာပဲ "
လော့ချန်၏ မျက်လုံးများမှာ ဝမ်းသာမှုကြောင့် တောက်ပနေသည်။
သွေးအဆီအနှစ်ဆေးလုံး၏ ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းကြောင့် ၎င်း၏ တန်ဖိုးအပေါ် သူ အမြဲ စိုးရိမ်ခဲ့ရသည်။ အဆုံးစွန် ပြောရလျှင် သူသည် ဆေးနည်းကို ဖော်ထုတ်ရန် များစွာ အားထုတ်ခဲ့ရပြီး စတင်ရန်အတွက်ပင် အောင်မြင်မှုမှတ် ၁၀ မှတ် အကုန်ခံခဲ့ရသည် မဟုတ်ပါလော။
အကယ်၍ ၎င်းမှာ တန်ဖိုးမရှိဘဲ မိမိကိုယ်တိုင် သုံးစွဲရန်အတွက်သာ အဆင်ပြေမည်ဆိုလျှင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။ သို့သော် ယခုမူ အမြတ်အစွန်းများစွာ ရနိုင်ကြောင်း သိလိုက်ရချေပြီ။
"အထူးသဖြင့် အခုလို မငြိမ်မသက်ဖြစ်နေတဲ့ အချိန်၊ တိုက်ခိုက်မှုတွေနဲ့ သွေးထွက်သံယိုမှုတွေ များလာတဲ့ အချိန်မျိုးက သွေးအဆီအနှစ်ဆေးလုံးအတွက် အကောင်းဆုံး အချိန်ပဲ"
အရုဏ်တက်လာချိန်တွင် လန်းဆန်းသော နံနက်ခင်း လေပြေလေးက တာဟဲဈေးမြို့တော်ကို ဖြတ်သန်း တိုက်ခတ်သွားသည်။
မနေ့ည မိုးသက်လေပြင်းများကြောင့် မြို့ပြင်တွင် မြေသင်းရနံ့များ သင်းပျံ့နေသည်။ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ကျန်ရစ်ခဲ့သော သွေးနံ့များမှာလည်း အများစု ကွယ်ပျောက်သွားပြီ ဖြစ်သည်။
ကျင့်ကြံသူ အများအပြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ မျှော်လင့်ထားသည့်အတိုင်း ယနေ့မှာ ဈေးငယ်လေး တစ်နေ့ ဖြစ်ပုံရသည်။
လော့ချန်သည် လူအုပ်ကြားထဲတွင် ရောနှောကာ မြို့ထဲသို့ တိတ်တဆိတ် ဝင်လာခဲ့သည်။ မြို့တံခါးတွင် ကျိုးယွမ်လီ စောင့်ကြပ်နေသည်ကို မြင်ရသော်လည်း အခြားအစောင့်အရှောက်များကိုမူ မတွေ့ရပေ။
“ကြည့်ရတာ ကျိုးယွမ်လီက မီရှုဟွာ အယုံကြည်ရဆုံးလူ ဖြစ်ပုံရတယ်၊ မဟုတ်ရင် ဒီလောက်စောစောကြီး ဒီမှာ ရှိနေစရာ အကြောင်းမရှိဘူး”
လော့ချန် လှည့်မကြည့်ဘဲ ကျိုးယွမ်လီအား ဖြတ်လာခဲ့သည်။ ထိုသို့ ဖြစ်နိုင်ကြောင်းကိုလည်း သူ ကြိုတင် ရိပ်မိပြီးသား ဖြစ်သည်။
အစောင့်အရှောက် ငါးဦးထဲတွင် ကျိုးယွမ်လီမှာ အစွမ်းအထက်ဆုံးနှင့် အတည်ငြိမ်ဆုံး ဖြစ်သည်။ မီရှုဟွာတစ်ယောက် လော့ချန်အား စောင့်ကြည့်ရန် သူ့ထံ တာဝန်ပေးထားခြင်းမှာ အဓိပ္ပာယ်ရှိလှသည်။
ဤသည်မှာ လော့ချန်အတွက် ပြဿနာ မဟုတ်ပေ။ အနည်းဆုံးတော့ နေ့စဉ် လုံခြုံရေးအတွက် ယုံကြည်ရသောသူ တစ်ဦး ရှိနေသည် မဟုတ်ပါလော။
လော့ချန်သည် သူရရှိခဲ့သော အမြတ်အစွန်းများကို တွေးကာ ကျေနပ်စွာဖြင့် ခြံဝင်းအိမ်လေးထဲသို့ ပြန်လာခဲ့သည်။ နေ့အလင်းရောင် အပြည့်အဝ ထွက်ပေါ်လာချိန်ကျမှသာ သူ သမ်းဝေရင်း ပေါ်ထွက်လာတော့သည်။
ချင်လျန်ချန်းက သူ၏ ပျင်းရိသော အမူအရာကို မြင်သော် ရယ်မောကာ စနောက်လိုက်သည်။
"မင်း မနေ့ညက သူခိုးသွားလုပ်တာလား"
လော့ချန် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြုံးပြလိုက်သည်။
သူ အမှန်ပင် တစ်ခုခုကို ခိုးယူခဲ့သည် မဟုတ်လော။ အခိုးခံလိုက်ရသူမှာ ဒေါသထွက်လွန်းသဖြင့် ရင်ကွဲနာကျနေလောက်ပြီ ဖြစ်သည်။
ထိပ်တန်းအဆင့် မှော်လက်နက်ကြီး တစ်ခုလုံးကို မျက်စိရှေ့တင် လုယူခံလိုက်ရခြင်း ဖြစ်သည်။ သူယူလာခဲ့သော သိုလှောင်အိတ်ထဲတွင် ထိုဆုံးရှုံးမှုကို ပြန်ကာမိမည့် အဖိုးတန်ပစ္စည်းများ ပါဝင်ပါစေဟုသာ မျှော်လင့်ရတော့သည်။
***