ဘေးဒုက္ခမုန်တိုင်းများ ဝိုင်းရံလာချိန်တွင် မည်သည့်နေရာသို့ ခြေဆန့်လျှင် အကောင်းဆုံးဖြစ်မည်နည်း။
အဖြေကား ရိုးရှင်းလှပေသည်။ သေချာပေါက် မြို့တွင်းပိုင်းသို့သာ ဖြစ်ပေတော့မည်။
တာဟဲစျေးမြို့တော်၏ လက်ရှိမငြိမ်မသက်မှုများသည် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကြောင့် စတင်ခဲ့ခြင်း ဖြစ်သော်လည်း ယနေ့တိုင် မြို့တွင်းပိုင်းသည်သာ အားကိုးထိုက်ဆုံးသော နားခိုရာဖြစ်နေဆဲပင်။
မြို့တွင်းပိုင်းကို အလွှာသုံးထပ် အစီအရင်ကြီးများဖြင့် ကျောက်တောင်ကြီးသဖွယ် အခိုင်အမာ ကာကွယ်ထားသလို၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးကလည်း စောင့်ကြပ်ကြည့်ရှုနေသည် ဖြစ်သောကြောင့်ပင်။ မိစ္ဆာသားရဲများ မည်မျှပင် သောင်းကျန်းလာပါစေ၊ ဤနေရာသည်သာ အလုံခြုံဆုံးသော ကျွန်းတစ်ကျွန်း ဖြစ်နေပေလိမ့်မည်။
ဤသို့ တွေးမိသူမှာ လော့ချန်တစ်ဦးတည်း မဟုတ်ပေ။
သူ မြို့ထဲသို့ ခြေချလိုက်သောအခါ လမ်းမများပေါ်တွင် လူများမှာ ပုရွက်ဆိတ်အုံသဖွယ် ပြည့်နှက်နေပြီး တစ်ဦးနှင့်တစ်ဦး ပုခုံးချင်းတိုက်လုနီးပါး အသက်ရှူရပင် ခက်ခဲလောက်အောင် ဖြစ်နေလေသည်။
ကံကောင်းထောက်မစွာဖြင့် လော့ချန်တွင် လမ်းရှင်းပေးမည့် အစောင့်အရှောက်များအပြင်၊ ချီသန့်စင်အဆင့် ၉ ရှိပြီး ပါရမီရှင်စာရင်းဝင် ကျင့်ကြံသူအဖြစ် ကျော်ကြားသော တွမ်ဖုန်းလည်း ပါရှိနေသဖြင့် အိမ်သို့ အခက်အခဲမရှိ ပြန်ရောက်ခဲ့သည်။
အိမ်ပြန်ရောက်ရောက်ချင်းမှာပင် လော့ချန်သည် ပြီးခဲ့သည့် တစ်လအတွင်း ရရှိခဲ့သော အမြတ်အစွန်းများကို တွမ်ဖုန်းနှင့် စာရင်းရှင်းလိုက်တော့သည်။ အခြေအနေကား မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးနှင့် တူနေလေရာ သူတို့၏ လက်နက်ဟောင်းများ ပြုပြင်ရောင်းချသည့် လုပ်ငန်းကို ခေတ္တ ရပ်ဆိုင်းထားရမည် မဟုတ်ပါလော။
ဤလုပ်ငန်းကို စတင်စဉ်ကပင် သူနှင့် တွမ်ဖုန်း သဘောတူညီမှု ရယူထားပြီးသား ဖြစ်သည်။ လော့ချန်ဘက်မှ မတည်ရင်းနှီးငွေနှင့် ကုန်ကြမ်းများအားလုံးကို ထုတ်ပေးပြီး တွမ်ဖုန်းဘက်မှ ကျွမ်းကျင်မှုနှင့် လုပ်အားကို စိုက်ထုတ်ရန် ဖြစ်သည်။
ရလဒ်အနေဖြင့် လော့ချန်သည် အမြတ်အစွန်းကို တစ်ဝက်စီခွဲရန် ရက်ရက်ရောရော ကမ်းလှမ်းခဲ့သည်။ ဤကာလအတွင်း သူတို့သည် ဝိညာဉ်ကျောက်တုံး နှစ်ထောင် ရရှိခဲ့ရာ တစ်ယောက်လျှင် တစ်ထောင်စီ ခွဲဝေယူခဲ့ကြသည်။
ထို့ပြင် လော့ချန်၏ မတည်ရင်းနှီးငွေ အများစုမှာ ဝယ်ယူထားသော တစ်ပတ်ရစ် မှော်လက်နက်များထဲတွင် ရောက်နေသဖြင့် ချက်ချင်း ငွေဖော်ရန် ခက်ခဲနေသေးသည်။
ရေတို ကြည့်လျှင် ဤရင်းနှီးမြှုပ်နှံမှု၌ လော့ချန် အရှုံးပေါ်နေသကဲ့သို့ပင်။
“နှမြောဖို့ကောင်းလိုက်တာ၊ အချိန်က အရမ်းနည်းသွားတယ်” ဟု လော့ချန် သူ၏ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို သိမ်းရင်း ပြောလိုက်သည်။
တွမ်ဖုန်းကလည်း မကျေမနပ်ဖြစ်ဟန်ဖြင့် သက်ပြင်းကြီး ချလိုက်ရင်း ခါးသီးစွာ ပြန်ပြောလိုက်သည်။
“ဟုတ်တယ်၊ အချိန် နည်းနည်းလောက်သာ ပိုရရင် ဒီထက် အဆပေါင်းများစွာ ပိုမြတ်မှာပဲ”
သို့သော် လောကတွင် အရာအားလုံးမှာ မိမိအလိုအတိုင်း ဖြစ်လာသည်က ရှားလှသည်။ တည်ငြိမ်သော အခြေအနေကသာ ကျင့်ကြံသူများကို အေးချမ်းစွာ ကျင့်ကြံနိုင်ပြီး သာယာမှုကို ခံစားနိုင်စေခြင်း ဖြစ်သည်။
သို့သော် မငြိမ်မသက်ဖြစ်နေသော အချိန်မျိုးတွင်လည်း ထူးခြားသော ပါရမီရှင်အချို့ ထင်ရှားကျော်ကြားလာတတ်သည်။ သို့သော် လော့ချန်ကမူ သွေးချောင်းစီးသော စစ်ပွဲများထက် တည်ငြိမ်အေးချမ်းသော ကျင့်ကြံမှု ပတ်ဝန်းကျင်ကိုသာ ပို၍ မြတ်နိုးမိလေသည်။
….
တိတ်ဆိတ်သော ညဉ့်နက်ပိုင်းတွင် ခြံဝင်းအိမ်လေးမှာ လုံးဝ ငြိမ်သက်နေသည်။
လရောင်မြက်မှာ ပြတင်းတံခါးမှ ကျရောက်လာသော လရောင်အောက်ဝယ် သူ၏ ဖြူလွှလွှအရွက်များကို ဖြန့်ကားလျက် ချီစွမ်းအင်များကို ငမ်းငမ်းတက် စုပ်ယူနေလေသည်။ အခန်းထဲရှိ အမွှေးတိုင်အိုးလေးမှလည်း စိတ်ကို တည်ငြိမ်စေသော ရနံ့များ သင်းပျံ့ထွက်ပေါ်နေသည်။
အနှစ်သာရ မွေးမြူရည်ဖြင့် ရေစိမ်ပြီးနောက် လော့ချန်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ညစဉ်ပြုလုပ်မြဲအတိုင်း နွေဦးကျင့်စဉ်ကို ကျင့်ကြံနေသည်။
အချိန်အတော်ကြာပြီးနောက် သူသည် ကျင့်ကြံမှုမှ ဖြည်းဖြည်းချင်း နိုးထလာကာ ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို အဖြူရောင် အသက်ရှူငွေ့များအဖြစ် နဂါးငွေ့တန်းသဖွယ် မှုတ်ထုတ်လိုက်သည်။ သူ၏ အကြည့်မှာ မျက်စိရှေ့တွင် ပေါ်လာသော အခြေအနေပြကြေးမုံပြင် ပေါ်ရှိ ကျင့်ကြံခြင်း တိုးတက်မှုဆီသို့ ရောက်သွားတော့သည်။
အဆင့် - ချီသန့်စင် အဆင့် ၈ (၃၀/၁၀၀)
ချီသန့်စင် အဆင့်ရှစ်သို့ ရောက်ခဲ့သည်မှာ သုံးလေးလခန့် ရှိပြီဖြစ်သော်လည်း တိုးတက်မှုမှာ ထက်ဝက်ပင် မရှိသေးပေ။ သာမန် ကျင့်ကြံသူတစ်ဦးအတွက်ဆိုလျှင် ဤအရှိန်မှာ အံ့ဩလောက်အောင် မြန်ဆန်နေပြီဟု ဆိုရမည် ဖြစ်သော်လည်း၊ အဆင့်ခုနစ်မှ အဆင့်ရှစ်သို့ သုံးလအတွင်း တက်လှမ်းနိုင်ခဲ့ဖူးသော လော့ချန်အတွက်မူ ဤနှေးကွေးမှုမှာ သိသာလွန်းလှသဖြင့် မကျေမနပ် ဖြစ်မိလေသည်။ အကြောင်းမှာ သူသည် သာမန် ကျင့်ကြံသူ မဟုတ်သောကြောင့်ပင် ဖြစ်သည်။
သူ၏ ဝိညာဉ်အမြစ်မှာ ညံ့ဖျင်းသော်လည်း သူ အသုံးပြုခွင့်ရသော အရင်းအမြစ်များမှာ ကျန်လူများထက် များစွာ သာလွန်ပေသည်။
သူသည် မြူသန့်စင် ဆေးလုံး များကို အမြဲသောက်သလို၊ စိမ်ငြိမ်အမွှေးတိုင်များကိုလည်း အမြဲထွန်းထားလေသည်။ လရောင်မြက်နှင့်အတူ ကျင့်ကြံသလို၊ ဝိညာဉ်ကြောဂူများနှင့် ချီစုဆုံအစီအရင် အောက်တွင်လည်း ကျင့်ကြံလေ့ရှိသည်။ ထို့ပြင် အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံး များကိုလည်း အချိန်မှန် မှန်မှန် သောက်သုံးနေခဲ့သူ ဖြစ်သည်။
ဤမျှ ပေါများလှသော အရင်းအမြစ်များသည် ဂိုဏ်းကြီးများမှ တပည့်ရင်းများပင် ခံစားခွင့် မရနိုင်သောအရာများ ဖြစ်ပေလိမ့်မည်။ ဂိုဏ်းကြီးများမှ တပည့်များသည် ပိုမိုနက်နဲသော ပညာရပ်များနှင့် ဆရာကောင်းများ၏ လမ်းညွှန်မှုကို ရရှိနိုင်သော်လည်း၊ လော့ချန်တွင်မူ စနစ်မှ အပြစ်အနာအဆာများ ပြင်ဆင်ပေးထားသော နွေဦးကျင့်စဉ် ရှိနေသည် မဟုတ်ပါလော။
ထို့ကြောင့် သူ၏ လက်ရှိ ကျင့်ကြံခြင်း အခြေအနေမှာ ဂိုဏ်းကြီးများမှ တပည့်များထက်ပင် ပိုကောင်းသည်ဟု ဆိုနိုင်သည်။
"ချီသန့်စင်အဆင့် ၈ မှာ ရှိနေတာက အခုထိတော့ မလုံခြုံသေးဘူး၊ ဒါပေမဲ့ ဒါက လောလောဆယ် ငါ အကောင်းဆုံး လုပ်နိုင်တဲ့ အခြေအနေပဲ၊ အခုကစပြီး အဆင့် ၉ မရောက်မချင်း အရာရာမှာ လူမသိအောင် နေရမယ်၊ မဟုတ်ဘူး…. အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်တဲ့အထိကို ငြိမ်ငြိမ်လေး နေရမယ်"
လော့ချန် ပတ်ဝန်းကျင်ကို ကြည့်ရင်း မကျေမနပ် ရေရွတ်လိုက်သည်။
ဝိညာဉ်ကြောလိုဏ်ဂူများ၏ ကြွယ်ဝလှသော ချီစွမ်းအင်များကို ယဉ်ပါးနေပြီဖြစ်ရာ သာမန် မြို့တွင်းနေအိမ်၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာ နှိုင်းယှဉ်စရာပင် မရှိတော့ပေ။
“ငါ လခြမ်းတောင်ကြားကို ပြန်ပြီး ကျင့်ကြံဖို့ လိုတယ်၊ ဒီနေရာက ငါ့ကို အများကြီး နှောင့်နှေးစေတယ်၊ မိစ္ဆာသားရဲတွေ သောင်းကျန်းတာက သိပ်မကြာပါစေနဲ့လို့ပဲ မျှော်လင့်ရမှာပဲ ’
နောက်တစ်နေ့ နံနက်စောစောတွင် လော့ချန်သည် ချင်းဟယ်တောင်နှင့် ပတ်သက်သော သတင်းများကို စုံစမ်းရန် တုန်းဖန်းလျန်ကို လွှတ်လိုက်သည်။
မွန်းတည့်ချိန်တွင် တုန်းဖန်းလျန် အပြေးအလွှား ပြန်ရောက်လာပြီး သတင်းကောင်း ပါလာခဲ့သည်။ သားရဲသောင်းကျန်းမှုမှာ အမှန်တကယ် ပေါက်ကွဲထွက်လာခြင်း မရှိသေးပေ။ မြို့ပြင် အရှေ့ဘက်ပိုင်း၏ နေရာအချို့ကို တိုက်ခိုက်ပြီးနောက် သားရဲများမှာ အရှေ့ပိုင်းလွင်ပြင်အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြပြီ ဖြစ်သည်။
ကျောက်စိမ်းအိုးဓားဂိုဏ်းမှ တာဝန်ခံမြောင် နှင့် တပည့်ရင်းလော့ တို့ကိုယ်တိုင် ဝင်ရောက် ဖြေရှင်းခဲ့ကြပြီး အဖွဲ့ကို ဦးဆောင်ခဲ့ကြသည်ဟု ဆိုသည်။ သူတို့သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖန်ရင်ရှုံ၏ ဓားအမြုတေ အစအနကိုပင် အသုံးပြုကာ သားရဲများကို မောင်းထုတ်ခဲ့ကြခြင်း ဖြစ်သည်။
လက်ရှိတွင် အရှေ့ဘက်ခရိုင်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်။ လူအများမှာလည်း အရှေ့ပိုင်းလွင်ပြင်ရှိ ရွှေအမြုတေဂူသင်္ချိုင်း၏ အသေးစိတ် အချက်အလက်များကို စုံစမ်းနေကြပြီ ဖြစ်သည်။
လော့ချန် အများနည်းတူ စိတ်ဝင်စားမိသော်လည်း သူ၏ ပထမဦးစားပေးမှာ လခြမ်းတောင်ကြားသို့ ပြန်ရန် ဖြစ်သည်။ ကျင့်ကြံခြင်းကို လစ်ဟင်း၍ မဖြစ်ပေ။
ထို့ပြင် လခြမ်းတောင်ကြားနှင့် အရှေ့ပိုင်းလွင်ပြင်မှာ ထိစပ်နေခြင်း မရှိဘဲ တာဟဲဈေးမြို့တော်၏ တစ်ဖက်တစ်ချက်စီဖြစ်သော အရှေ့နှင့် အနောက်တွင် တည်ရှိနေသည်။ နှိုင်းယှဉ်ကြည့်လျှင် ဤဘက်အခြမ်းမှာ များစွာ ပို၍ ဘေးကင်းသည်။
အိမ်နီးချင်း လပြည့်ညတောင်တန်းတွင် ဘာပြဿနာမှ မရှိပါက ထိုသို့ ယူဆနိုင်သည်။ သို့သော် လော့ချန်၏ အမြင်အရ လပြည့်ညတောင်တန်းမှာ ယခုအခါ များစွာ ပို၍ ဘေးကင်းနေပြီဖြစ်သည်။
ဟွေ့ယဲ့တောင် အနားတွင် ဝိညာဉ်ဝံပုလွေများ မရှိတော့ရုံတင်မကဘဲ အလှမ်းဝေးသော ချန်ယင်းတောင် တွင်ပင် အနည်းငယ်သာ ကျန်တော့သည်။ ထိုဝိညာဉ်ဝံပုလွေများ အားလုံး ဘယ်ရောက်ကုန်သည်ကိုမူ မည်သူမျှ မသိကြပေ။
စီကုန်းရှို့ကျားမှာမူ အန္တရာယ်များကြားတွင် လော့ချန်တစ်ယောက် လခြမ်းတောင်ကြားသို့ ပြန်လာပြီး တာဝန်ယူသည်ကို မြင်ရသဖြင့် အတော်လေး အံ့ဩသွားသည်။
လော့ချန်၏ အကြောင်းပြချက်မှာ ရိုးရိုးလေးပင်။
"ဆေးဖော်စပ်တဲ့ ကြီးမြတ်တဲ့ လုပ်ငန်းကြီးက ရပ်တန့်သွားလို့ မဖြစ်ဘူး၊ ဒါက ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမ ထောင်ပေါင်းများစွာရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ဆိုင်တယ်၊ သူတို့ ဒုက္ခရောက်နေတာကို ကျွန်တော် မကြည့်ရက်ဘူး "
ဤအကြောင်းပြချက်ကြောင့် စီကုန်းရှို့ကျား တွေးလိုက်မိသည်။
‘ဒီလော့လေးက ဘယ်လိုများ စကားတွေကို အေးအေးဆေးဆေး ပြောထွက်နေရတာလဲ၊ ပြောလိုက်ရင်လည်း အမြဲတမ်း တရားမျှတနေတာပဲ’
လော့ချန် ဆေးဖော်စပ်ခြင်းလုပ်ငန်းများကို ပြန်လည် လုပ်ဆောင်လိုက်သည်နှင့် ဂိုဏ်းအတွင်းရှိ စိုးရိမ်ထိတ်လန့်နေသော လေထုမှာ ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။
ဂိုဏ်း၏ လေထု ဆိုသည်မှာ ဆေးဖော်ခန်းမ နှင့် ကပ်လျက်ရှိသော ဆေးဝါးခန်းမ တို့ကိုသာ ဆိုလိုခြင်း ဖြစ်သည်။ အခြားသော သားရဲခန်းမနှင့် သတ္တုတွင်းခန်းမ တို့မှာမူ ခန်းမခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်ကိုယ်တိုင် အရှေ့ပိုင်းလွင်ပြင်သို့ သွားနေကြသဖြင့် ခေါင်းဆောင်မဲ့ ဖြစ်နေကြသည်။
မကြာသေးမီက အခြေအနေများမှာ အတော်လေး ရှုပ်ထွေးနေသည်။ ထို့ကြောင့် မီကျွင်းဖျင်မှာ အလုပ်များလွန်းသဖြင့် အသက်ရှူပင် မဝနိုင်အောင် ဖြစ်နေရသည်။
မွန်းလွဲပိုင်းတွင် ဆေးဖော်စပ်ပြီးနောက် လော့ချန်သည် စီကုန်းရှို့ကျားနှင့် ထပ်မံ စကားစမြည် ပြောဖြစ်ကြသည်။
"ဂူသင်္ချိုင်း တိုက်ပွဲက ဘယ်လိုအခြေအနေ ရှိနေပြီလဲ မသိဘူးနော်"
စီကုန်းရှို့ကျားက အလွန်စိုးရိမ်သော အမူအရာဖြင့် "သိပ်တော့ အခြေအနေ မကောင်းလှဘူးလို့ ထင်တယ်" ဟု ဆိုသည်။
"ခင်ဗျားက အမြဲတမ်း အတွင်းသတင်းတွေ သိနေတာပဲ၊ ပြောပါဦး"
လော့ချန်၌ ဂိုဏ်းအတွင်းရေး အဆက်အသွယ် ရှိသော်လည်း အရှေ့ပိုင်းလွင်ပြင်နှင့် ပတ်သက်သော သတင်းအချက်အလက်များတွင်မူ ရှေ့ရှိ အဘိုးကြီးက သူ့ထက် များစွာ ပိုသိသည်။
စီကုန်းရှို့ကျားက ခါးသီးစွာ ပြုံးလိုက်ပြီး ဆိုသည်။
"ဒါက အတွင်းသတင်း မဟုတ်ပါဘူး၊ ပတ်ဝန်းကျင်ကို လျှောက်မေးကြည့်ရင်တောင် အရှေ့ပိုင်းလွင်ပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သိနိုင်ပါတယ်"
သူ ရှင်းပြလိုက်သောအခါမှ လော့ချန်သည် အရှေ့ပိုင်းလွင်ပြင်ရှိ အခြေအနေများ မည်မျှအထိ ဆိုးရွားနေကြောင်း သဘောပေါက်သွားတော့သည်။
အစပိုင်းတွင် အရာရာမှာ စနစ်တကျ ရှိနေပြီး လူတိုင်းက ရတနာများနှင့် ရှားပါးဆေးပင်များကို တူးဖော်ရန်သာ အာရုံစိုက်ခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်ကိုယ်တော်ကျင့်ကြံသူများမှာ အခွင့်ကောင်းယူကာ အကြီးအကျယ် လုယက်တိုက်ခိုက်မှုများကို စတင်လာကြသည်။
အဆုံးစွန် ပြောရလျှင် ဆေးပင်တစ်ပင် ရရန် ရက်ပေါင်းများစွာ ပင်ပင်ပန်းပန်း တူးနေရမည့်အစား အခြားလူဆီမှ လုယူလိုက်ခြင်းက ပို၍ မြန်ဆန်သည် မဟုတ်ပါလော။
ဤအခြေအနေမှာ ဖိုရှန်းဂိုဏ်း နှင့် ရွှမ်ယီအဖွဲ့ တို့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာချိန်တွင် အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ကောင်းကင်ဝိညာဉ်သိမ်းပိုက်ခြင်း အစီအရင် ရုတ်တရက် ကျုံ့သွားပြီး ချီသန့်စင်အဆင့် ကျင့်ကြံသူအားလုံးကို အပြင်သို့ နှင်ထုတ်ကာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုသာ အတွင်း၌ ကျန်ရစ်စေခဲ့ချိန်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။
အပြင်ဘက်တွင် ကျန်ရစ်ခဲ့သော ထောင်ပေါင်းများစွာသော ကျင့်ကြံသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူများ၏ ထိန်းချုပ်မှု မရှိတော့သဖြင့် မိမိကိုယ်ကိုယ် မထိန်းနိုင်ကြတော့ပေ။
ဖိုရှန်းဂိုဏ်း၊ ရွှမ်ယီအဖွဲ့နှင့် တာကျန်းဂိုဏ်းမှ ကျင့်ကြံသူ အနည်းငယ်တို့မှာ အချင်းချင်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ ကျန်ရှိသော တစ်ကိုယ်တော် ကျင့်ကြံသူများမှာလည်း ထိုရှုပ်ထွေးမှုများကြားတွင် အခွင့်အရေးရရန် အသည်းအသန် တိုက်ခိုက်နေကြသည်။
"မင်း လော့အာဒူ ကို မှတ်မိသေးလား" ဟု စီကုန်းရှို့ကျားက မေးလိုက်သည်။
"ဟက်…. အဲ့ဒီကောင်စုတ်လေးကို ဘယ်လိုလုပ် မေ့နိုင်မှာလဲ"
လော့အာဒူမှာ လော့ချန် စည်းကမ်းချက်များ ထုတ်ပြန်ပြီးပြီးချင်းမှာပင် ဆေးဖော်ဆောင်မှ ထွက်ခွာပြီး ရွှေအမြုတေ နယ်မြေဟောင်းသို့ သွားမည်ဟု ပထမဦးဆုံး ကြေညာခဲ့သူ ဖြစ်ကြောင်း လော့ချန် ကောင်းကောင်း မှတ်မိသည်။
ထွက်သွားခြင်းက ပြဿနာမဟုတ်သော်လည်း လော့ချန် စည်းကမ်းထုတ်ပြီးချင်းမှာမှ ထိုသို့လုပ်ခြင်းမှာ သူ၏မျက်နှာကို ဖျက်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
"သူ သေပြီ "
စီကုန်းရှို့ကျား သက်ပြင်းချလိုက်သည်။
"မနေ့က ဆေးဖော်ဆောင်က မီးထိန်းသမားတစ်ယောက် အသက်လုပြီး ပြန်ပြေးလာတယ်။ သူက အရမ်းလန့်နေပြီးတော့ ပုံမှန်လစာရတဲ့ မီးဖိုစောင့်အလုပ်ကပဲ ပိုဘေးကင်းတယ်လို့ တွေးမိသွားပုံရတယ်၊ အဲ့ဒါကြောင့် ဆေးဖော်ဆောင်ကို ပြန်လာချင်နေတာ"
"အော"
လော့ချန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
စီကုန်းရှို့ကျားက အမြန်ပင် စိတ်အေးအောင် ပြောလိုက်သည်။
"မင်းရဲ့ အမိန့်ရှိနေတော့ ငါ သူ့ကို ပြန်လက်မခံခဲ့ပါဘူး၊ ဒါပေမဲ့ သူ့ကို မငြင်းခင်မှာ တောင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သူ့ဆီကနေ အများကြီး သိခဲ့ရတယ်၊ ကျင့်ကြံသူ ထောင်ပေါင်းများစွာက ထိန်းမရအောင် ရှုပ်ထွေးနေတဲ့ တိုက်ပွဲတွေထဲမှာ ပိတ်မိနေကြတာ၊ လူတိုင်းက သွေးဆာပြီး ရူးသွပ်နေကြတာပဲ၊ လော့အာဒူလို အညတရကောင်မျိုးကတော့ အသက်ရှင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး"
ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ တိုက်ခိုက်နေကြသည်ကို တွေးမိသောအခါ လော့ချန်၏ ဦးရေပြားပင် တုန်သွားသည်။
"ဒါဆို သားရဲသောင်းကျန်းမှုကော ဘယ်လိုလဲ"
"သားရဲသောင်းကျန်းမှု ဖြစ်ရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ် "
စီကုန်းရှို့ကျားက လက်ကို ဖြန့်ပြလိုက်သည်။
"သားရဲတွေရဲ့ နယ်မြေထဲမှာ လူတွေအများကြီး တိုက်ခိုက်နေကြတာကို သားရဲတွေက ဒီအတိုင်း ငြိမ်နေမယ်လို့ မင်းထင်လို့လား၊ သူတို့ အချိန်အတော်ကြာအောင် အောင့်ထားခဲ့ကြတာ၊ ဒါပေမဲ့ အရင်က ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေတောင် အခုတော့ အန္တရာယ်ရှိနေပြီ….”
“အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ ပေါ်မလာတော့တဲ့အခါမှာ ရွှေဝိညာဉ်မျောက် တွေနဲ့ မျောက်ဝံတွေ ဦးဆောင်တဲ့ သားရဲတွေက ကျင့်ကြံသူတွေကို လိုက်လံ သတ်ဖြတ် စားသောက်ကြတော့တာပဲ၊ အဲ့ဒီတော့ အဆင့်နိမ့် တစ်ကိုယ်တော်ကျင့်ကြံသူတွေက အုပ်စုလိုက် ထွက်ပြေးကြတယ်၊ သားရဲတွေကလည်း လိုက်ကြတယ်၊ အဲ့ဒီကနေ သားရဲသောင်းကျန်းမှု အသေးစားလေး ဖြစ်လာရတာပဲ"
ထိုနေ့က လော့ချန် ချင်းဟယ်တောင်ကို ခဏမျှ လှမ်းကြည့်ခဲ့စဉ်က မြင်တွေ့ခဲ့ရသော ထိုကြီးမားလှသော သားရဲအုပ်ကြီးမှာ အသေးစားမျှသာ ဖြစ်သည် ဆိုပါလား။
အကြီးစားသာ ဆိုပါက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကို လော့ချန် စိတ်ပင် မကူးကြည့်ဝံ့တော့ပေ။
"အဓိက တပ်ဖွဲ့တွေလည်း မကြာခင် ပြန်လာကြတော့မှာပါ" ဟု လော့ချန် ပြောလိုက်သည်။
"အဲ့ဒီလိုပဲ မျှော်လင့်ရတာပေါ့"
ကောင်းကင်ဝိညာဉ်သိမ်းပိုက်ခြင်း အစီအရင် ကျုံ့သွားခြင်းကြောင့် ချီသန့်စင်အဆင့် ကျင့်ကြံသူအားလုံးမှာ အခွင့်အရေးများအတွက် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားကြပြီ ဖြစ်သည်။
တောင်ထဲတွင်လည်း သားရဲသောင်းကျန်းမှု ဖြစ်ပွားနေသဖြင့် အောက်ခြေအဆင့် ကျင့်ကြံသူများမှာ ဆုတ်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
စီကုန်းရှို့ကျားသည် သူ၏ သားဖြစ်သူကို တွေးတောရင်း "မြန်မြန်ပြန်လာရင် ပိုကောင်းတာပေါ့ " ဟု နောက်တစ်ကြိမ် ရေရွတ်လိုက်မိတော့သည်။
***