"လော့ဝူတီက တကယ်ပဲ သေသွားတာလား၊ တိုက်ပွဲက အဲ့ဒီလောက်တောင် ပြင်းထန်ခဲ့တာလား"
ဆေးဖော်ဆောင် အတွင်းဝယ် ဆေးနံ့သင်းသင်းတို့က လေထုထဲတွင် ဝေ့သီနေသော်လည်း လော့ချန်၏ စိတ်အာရုံမှာမူ ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သူသည် ပင်ပန်းနွမ်းနယ်နေသော ကျန်းဝမ်၏ မျက်နှာကို သေချာကြည့်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။ ကျန်းဝမ်၏ ပုံစံမှာ ရက်ပေါင်းများစွာ အိပ်စက်ခြင်းမရှိဘဲ ငရဲမှ ပြန်လာသူတစ်ဦးကဲ့သို့ ချည့်နဲ့နေသည်။ သူ၏ မျက်ဝန်းအိမ်များမှာ သိသိသာသာ ချောင်ကျနေပြီး နှုတ်ခမ်းများမှာလည်း ခြောက်ကပ်နေသည်။
ကျန်းဝမ်သည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို လေးလံစွာ ချလိုက်သည်။ သူ၏ မျက်ဝန်းအစုံမှာ အတိတ်က ကြောက်မက်ဖွယ်ရာ မြင်ကွင်းတို့ကို ပြန်လည်မြင်ယောင်နေသကဲ့သို့ ငေးငိုင်နေဆဲ ဖြစ်သည်။
“ငါ့ဘဝမှာ အဲ့ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး မိတ်ဆွေလော့၊ အိပ်ပျော်နေတဲ့ အချိန်မှာတောင် အိပ်မက်ထဲမှာ တိုက်ပွဲဝင်နေရသလိုပဲ၊ သွေးညှီနံ့တွေက နှာခေါင်းထဲက မထွက်ဘူး၊ အချိန်မရွေး ကိုယ့်ခေါင်းပေါ် ဓားကျလာမလားလို့ ထိတ်လန့်နေရတာ၊ ပြီးခဲ့တဲ့ ရက်တွေက…. ငရဲခန်းထဲမှာ အသက်ရှင်နေရသလိုပဲကွာ၊ လူတွေက လူနဲ့မတူတော့ဘူး၊ သွေးဆာနေတဲ့ မိစ္ဆာတွေလိုပဲ"
လော့ချန်၏ စူးစမ်းလိုသော အကြည့်ကို မြင်သောအခါ ကျန်းဝမ်သည် စိတ်ကိုအတင်းစုစည်းကာ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ရှင်းပြတော့သည်။
“ရွှေအမြုတေ ဂူသင်္ချိုင်းက တကယ်တော့ အဲ့ဒီလောက် မကျယ်ဘူး၊ ကောင်းကင်ဝိညာဉ်သိမ်းပိုက်ခြင်း အစီအရင်ရဲ့ လွှမ်းမိုးမှုအောက်မှာရှိတဲ့ နယ်မြေလေးပဲ၊ ဒါပေမဲ့ ပြဿနာက နေရာကျဉ်းကျဉ်းလေးထဲမှာ ကျင့်ကြံသူ ထောင်ပေါင်းများစွာ တိုးဝှေ့နေကြတာပဲ၊ ချီစွမ်းအားတွေက လေထုထဲမှာ ပြည့်နှက်နေပေမဲ့ လောဘတွေက ပိုပြီး ပြည့်နှက်နေတယ်၊ ဝိညာဉ်ဆေးပင် တစ်ပင်လောက် တွေ့တာနဲ့တင် သွေးချောင်းစီးတိုက်ပွဲက အကြီးအကျယ် ဖြစ်တော့တာပဲ"
“တိုက်ခိုက်ရေးခန်းမ သုံးခုရဲ့ အဓိက တာဝန်က ရန်သူကို ချေမှုန်းဖို့ ဖြစ်ပေမဲ့၊ တကယ့်တိုက်ပွဲထဲမှာတော့ ဆေးဝါးအဖွဲ့နဲ့ သတ္တုတူးဖော်ရေးအဖွဲ့က အားနည်းတဲ့ ကျင့်ကြံသူတွေကိုပါ ကာကွယ်ပေးဖို့ တာဝန်ယူရတယ်၊ ဒါပေမဲ့ သွေးရူးသွေးတန်း ဖြစ်နေတဲ့ စစ်မြေပြင်မှာတော့ ကာကွယ်ပေးဖို့ဆိုတာ စကားလုံးသက်သက်ပဲ ဖြစ်သွားတော့တာပေါ့၊ တိုက်ခိုက်ရေးသမားတွေကလည်း ကိုယ့်အသက်ကိုယ် လုနေရတာလေ"
“လော့အာဒူအကြောင်း မင်းသိတယ်မဟုတ်လား၊ သူက ကျင့်ကြံခြင်းအဆင့် နိမ့်ပေမဲ့ ဆေးပင်တွေကိုတော့ မျက်စိအတော် စူးရှတယ်၊ တစ်ရက်မှာ သူက သာမန်မြက်ပင်လေးလို့ ထင်ရတဲ့ အပင်တစ်ပင်ကို တွေ့လိုက်တာ၊ သေချာကြည့်လိုက်တော့မှ အဲ့ဒါက အနှစ်ငါးရာသက်တမ်းရှိတဲ့ ဒုတိယအဆင့် ဝိညာဉ်ဆေးပင် ဖြစ်နေတယ်….”
“အဲ့ဒါက အခြေခံတည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲလေ၊ အဲ့ဒီဆေးပင်ရဲ့ ပွင့်ချပ်တွေက ဝိညာဉ်အလင်းတန်းလေးတွေ ထွက်နေတာကို သူက အရင်ဆုံး မြင်သွားတာ"
“ပြဿနာက အဲ့ဒီဆေးပင်က ငါတို့ရန်ဘက် ရွှမ်ယီအဖွဲ့ရဲ့ နယ်မြေထဲမှာ သွားပေါက်နေတာ၊ သူတို့ ကင်းလှည့်နေတဲ့ နေရာနဲ့ အတော်လေး နီးတယ်"
“လော့အာဒူက သူတစ်ယောက်တည်း သွားယူလို့ မရမှန်း သိတော့ သူ့ဦးလေး လော့ဝူတီကို သွားခေါ်တယ်၊ ညမှောင်တဲ့အချိန်မှာ သူတို့နှစ်ယောက် ခိုးဝင်ပြီး ဘယ်သူမှ မသိအောင် ခူးဖို့ ကြိုးစားကြတာပေါ့၊ သူတို့ စိတ်ကူးထဲမှာတော့ ဒီဆေးပင်ကို ရရင် အခြေခံတည်ဆောက်ခြင်းအဆင့်က လက်တစ်ကမ်းမှာပဲ ရှိတော့မယ်လို့ ထင်နေကြတာ….”
“ဒါပေမဲ့ ကံတရားက သူတို့ကို မျက်နှာသာမပေးခဲ့ဘူး၊ ဆေးပင်ကို နှုတ်ယူနေတုန်းမှာပဲ နယ်မြေကင်းလှည့်နေတဲ့ ရွှမ်ယီအဖွဲ့ ကျင့်ကြံသူတွေက သူတို့ကို မိသွားတော့တာပဲ၊ အဲ့ဒီမှာတင် တိုက်ပွဲက ရှောင်လွှဲလို့ မရတော့ဘူးပေါ့”
ကျန်းဝမ်က ခါးသီးစွာ ဆက်ပြောသည်။
“လော့အာဒူကတော့ နေရာတင် သေဆုံးသွားတယ်၊ သူ့ဦးလေး ရှေ့မှာတင် ခေါင်းပြတ်သွားတာ၊ လော့ဝူတီကတော့ သွေးရူးသွေးတန်းနဲ့ ဆေးပင်ကို လုယူပြီး ထွက်ပြေးနိုင်ခဲ့ပေမဲ့ ဖိုရှန်းဂိုဏ်း စခန်းကို ပြန်မရောက်နိုင်ခဲ့ဘူး၊ ဘေးကင်းရာ မရောက်ခင်မှာပဲ ဆေးပင်ရဲ့ ဝိညာဉ်အရှိန်အဝါကို အနံ့ခံမိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့ ရွှမ်ယီဂိုဏ်းသားတွေရဲ့ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်တာကို ခံလိုက်ရတယ်”
“အခြေခံတည်ဆောက်ခြင်းကို အထောက်အကူပြုတဲ့ ဒုတိယအဆင့် ဝိညာဉ်ဆေးပင်လေကွာ၊ ဘယ်သူကများ လောဘမတက်ဘဲ နေမှာလဲ၊ အဲ့ဒီနေရာမှာတင် လော့ဝူတီဟာ ဝိုင်းရံပိတ်ဆို့ခံရပြီး အရှင်လတ်လတ် အပိုင်းပိုင်း အတစ်တစ် အကျိတ်ခံလိုက်ရတာပဲ၊ သူ့ရဲ့ နာမည်ကျော် တောင်ဆင်းကျား ဆိုတဲ့ ဂုဏ်ပုဒ်ဟာလည်း အဲ့ဒီမှာတင် နိဂုံးချုပ်သွားတော့တာပဲ၊ ကျားတစ်ကောင်က ဝံပုလွေအုပ်ကြားမှာ အကိုက်ခံလိုက်ရသလိုမျိုးပေါ့"
အကြောင်းစုံကို ကြားပြီးနောက် လော့ချန် အံ့သြသွားရသည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း သူ၏ ဦးဆောင်မှုအောက်တွင် ဆေးဖော်ဆောင်မှ ကျင့်ကြံသူများအား စွယ်စုံဆေးကျမ်းကို အလွတ်ရအောင် ကျက်မှတ်ခိုင်းခဲ့သည်မှာ အကျိုးမဲ့မဖြစ်ခဲ့ပေ။
အထူးသဖြင့် ဆေးပင်အလုပ်သင်များမှာ အပင်တစ်ပင်၏ အနံ့ကို ခံကြည့်ရုံနှင့်ပင် သက်တမ်းကို သိနိုင်သည့်အဖြစ် လေ့ကျင့်ပေးထားရာ၊ လော့အာဒူကဲ့သို့ ပေါ့ပေါ့နေတတ်သူပင်လျှင် ဤပညာကို တတ်မြောက်သွားပုံရသည်။ သို့သော် ကံဆိုးလှသည်မှာ ထိုပညာသည်ပင် သူ၏ဦးလေးကို သေတွင်းထဲသို့ ခေါ်ဆောင်သွားသည့် လမ်းစ ဖြစ်ခဲ့ရသည်။
"ကောင်းကင်ဝိညာဉ်သိမ်းပိုက်ခြင်း အစီအရင် မကျုံ့ခင်က ဖြစ်တာမလား၊ ဂိုဏ်းချုပ်မီကရော ဘာပြောလဲ" ဟု လော့ချန်က မေးလိုက်သည်။
ဇန်ဝင်က နှာခေါင်းရှုံ့လိုက်ပြီး ဆိုသည်။
"သူက ဘာပြောမှာလဲ၊ အဆုံးမှာတော့ လော့ဝူတီနဲ့ သူ့တူက အဲ့ဒီဆေးပင်ကို ကိုယ်ပိုင်ဖို့အတွက် တိတ်တဆိတ် သွားခူးခဲ့တာပဲလေ၊ မီရှုဟွာက နယ်မြေဟောင်း ခရီးစဉ်အတွက် စည်းကမ်းတွေ ထုတ်ပြီးသား၊ ဖိုရှန်းဂိုဏ်းက တစ်ဖွဲ့တည်းအနေနဲ့ လှုပ်ရှားရမယ်၊ ရသမျှ ပစ္စည်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကို ကိုယ်တိုင်ယူနိုင်ပေမဲ့ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဂိုဏ်းကို အပ်ရမယ်"
“ပြန်ရောက်မှသာ ဆုလာဘ်တွေကို ခွဲဝေပေးမှာ၊ အဲ့ဒီ ဆေးပင်ကိုသာ အပ်လိုက်ရင် လော့ဝူတီက ဘာမှ ရမှာ မဟုတ်ဘူး၊ ဒါကြောင့် သူက ကိုယ်တိုင်သိမ်းချင်ခဲ့တာ၊ ဒါပေမဲ့ အဘိုးကြီးမီက အဲ့ဒီအချိန်မှာ ဝိညာဉ်ဆေးပင်တွေကို စိတ်မဝင်စားဘူး၊ သူက ပိုကြီးမားတဲ့ ရှေးဟောင်းရတနာတွေကိုပဲ စောင့်ကြည့်နေတာ၊ ဒါကြောင့် သူက နည်းနည်းပါးပါး ဆူပူပြီး၊ အရေးမပါတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ အနည်းငယ်ကို သတ်ပြပြီး ဒီကိစ္စကို ဒီအတိုင်းပဲ လွှတ်ထားလိုက်တယ်၊ လော့ဝူတီ သေသွားတာကိုတောင် သူက နှမြောပုံမပြဘူး"
“ထားလိုက်ပါတော့၊ ဘာလို့ ဒါတွေ ပြောနေဦးမှာလဲ၊ ငါသာ ထပ်ပြီး ပြောနေရင် အဲ့ဒီသွေးပျက်စရာ မြင်ကွင်းတွေကြောင့် ငါ့ဘဝတစ်လျှောက်လုံး အိပ်မက်ဆိုးတွေ မက်နေတော့မှာ၊ မျက်စိမှိတ်လိုက်တိုင်း အဲ့ဒီအသားစတွေ လွင့်နေတာကိုပဲ မြင်နေရတယ်"
လော့ချန်က ကျန်းဝမ်အား နှစ်သိမ့်လိုက်သည်။
“ကဲပါ…. အစ်ကိုကြီးရယ်၊ အဲ့ဒီလောက်ကြီးလည်း မဆိုးပါဘူး၊ ခင်ဗျား အသက်ရှင်လျက် ပြန်လာနိုင်တာပဲလေ၊ ရတနာတွေလည်း မနည်းရခဲ့မှာပါ”
“ဟက်... မင်းက မျက်စိမှိတ်လိုက် ဖွင့်လိုက်တိုင်း မှော်လက်နက်တွေ တိုက်ခိုက်နေတာ၊ လူတွေရဲ့ အော်ဟစ်သံတွေနဲ့ အသားစတွေ လွင့်စင်နေတာကို မမြင်ဖူးလို့ပါ၊ ငါ ဘယ်လိုခံစားနေရလဲဆိုတာ မင်း နားမလည်ပါဘူး၊ သေခြင်းတရားနဲ့ လက်တစ်လုံးခြားနေရတဲ့ ဒုက္ခကိုပေါ့"
ကျန်းဝမ်က သူ့လက်ကို ဆန့်ထုတ်လိုက်ရင်း ဆိုသည်။
“တော်ပြီ…. ငါ့ကို အံ့ဖွယ်တစ်သောင်းဆေးလုံး အမြန်ပေးဦး၊ ငါ ထျန်းရှန်းမျှော်စင်သွားပြီး မိန်းမလှလေးတွေရဲ့ နူးညံ့တဲ့ စကားသံတွေကြားမှာ စိတ်ဖြေရဦးမယ်၊ သူတို့ရဲ့ သင်းပျံ့တဲ့ ရနံ့တွေကမှ ငါ့နှာခေါင်းထဲက သွေးညှီနံ့တွေကို ပျောက်အောင် လုပ်ပေးနိုင်လိမ့်မယ်"
အံ့ဖွယ်တစ်သောင်းဆေးလုံး အနည်းငယ်မှာ လော့ချန်အတွက် ဘာမှမဟုတ်ပေ။ အဆင့်မြင့် အံ့ဖွယ်တစ်သောင်းဆေးလုံး သုံးလုံးကို ထုတ်ပေးရင်း လော့ချန် ရယ်မောကာ ဆိုသည်။
"မိတ်ဆွေကျန်း…. ခင်ဗျားက စိတ်သစ်လူသစ်နဲ့ အခြေချတော့မယ်လို့ ကြံနေတာ မဟုတ်ဘူးလား၊ ဘာလို့ ထျန်းရှန်းမျှော်စင်ကို ပြေးနေသေးတာလဲ"
“အိမ်က ပန်းက တောပန်းကို မမီဘူးကွ၊ တောပန်းကမှ ပိုပြီး ရင်ခုန်စရာကောင်းတာ”
ကျန်းဝမ်က မျက်စိတစ်ဖက်မှိတ်ပြကာ ရယ်မောရင်း ဆေးလုံးများကို သိမ်းဆည်းကာ ထွက်သွားရန် ပြင်သည်။ သူ အထွက်တွင် ခဏရပ်၍ ပြန်လှည့်ကြည့်လိုက်သည်။
“ဒီရက်ပိုင်း သတိထားဦးနော် မိတ်ဆွေလော့၊ ငါတို့ ဂိုဏ်းသားတွေ တောင်ပေါ်မှာ အများကြီး ဆုံးရှုံးခဲ့ရတယ်၊ အင်အားနည်းသွားပြီဆိုတော့ တခြားဂိုဏ်းတွေက အခွင့်အရေး ချောင်းနေလိမ့်မယ်၊ အထူးသဖြင့် မင်းလို ဆေးဖော်တဲ့လူကို ပြန်ပေးဆွဲချင်တဲ့သူတွေ ရှိနိုင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သွားလာရင် ဂရုစိုက်"
ပြောပြီးသည်နှင့် သူ၏ ကိုယ်ရောင်ကိုယ်ဝါ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
လော့ချန်သည် ထိုသတင်းဆိုးများကြားဝယ် မိမိကိုယ်မိမိ ဘေးကင်းရာ၌ ရှိနေခြင်းအတွက် သက်ပြင်းကိုသာ ခပ်ဖွဖွ ချလိုက်မိသည်။ သွေးချောင်းစီးနေသော ထိုစစ်တလင်းသို့ မလိုက်ပါသွားခဲ့ခြင်းမှာ သူ၏ ဘဝတွင် အကောင်းဆုံးသော ဆုံးဖြတ်ချက်ပင် ဖြစ်ပေလိမ့်မည်။
အသက်အန္တရာယ်နှင့် ရင်းပြီး ရတနာလုနေကြသည်ထက် ဆေးဖော်ဆောင်အတွင်း အေးချမ်းစွာ ဆေးဖော်စပ်နေရခြင်းကသာ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်အတွက် ပို၍ အကျိုးမြတ်ရှိလှပေသည်။
ဤသည်မှာပင် ကျင့်ကြံသူတစ်ဦး၏ စံပြဘဝဟု ဆိုရမည် ဖြစ်သော်လည်း အခြားသော ကျင့်ကြံသူများမှာမူ လော့ချန်နှင့် ကွဲပြားလှပေသည်။ လောဘဇောတိုက်ကာ တစ်နေ့လုံး သတ်ဖြတ်ခြင်းဖြင့်သာ အချိန်ကုန်နေကြသည့် ထိုသူများသည် ကျင့်ကြံခြင်း၏ သိမ်မွေ့နက်နဲသော အနုပညာရပ်များကို မေ့လျော့နေကြပြီး အစွမ်းသတ္တိနှင့် ကြွက်သားအားကိုးကာ ကြမ်းတမ်းနေကြသူများသာ ဖြစ်သည်။
လော့ချန်၏ အမြင်တွင်မူ ထိုသူတို့မှာ မြင့်မြတ်သော ကျင့်ကြံသူများထက် သွေးညှီနံ့စွဲနေသည့် သားသတ်သမားများနှင့်သာ ပို၍ တူနေတော့သည်။
“ဒါနဲ့…. ငါ့ရဲ့ အစ်ကိုဝမ် ဘယ်ရောက်နေတာလဲ၊ သူလည်း မပြန်လာသေးဘူးလား"
အခြေအနေကို လာသတင်းပို့သော လက်အောက်ငယ်သားက လက်ကို ဖြန့်ပြလိုက်ပြီး "ကျွန်တော်လည်း မသိဘူးခင်ဗျ " ဟု ဆိုသည်။
….
ဝမ်ယွမ် ပျောက်နေသည်။
ဖိုရှန်းဂိုဏ်းမှ ကျင့်ကြံသူများသည် ဈေးမြို့တော်သို့ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ ဆုံးရှုံးမှုများဖြင့် ပြန်ရောက်လာကြသလို အချို့မှာလည်း စိတ်လှုပ်ရှား ပျော်ရွှင်စွာ ပြန်ရောက်လာကြသည်။ သို့သော် ဝမ်ယွမ်မှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လော့ချန် သိလိုက်ရသည်။
ရေနဂါးခန်းမမှာ နယ်မြေဟောင်း တိုက်ပွဲတွင် ပါဝင်ခဲ့ကြောင်း သူ သိထားသည်။ ရေနဂါးခန်းမမှ ကျင့်ကြံသူ အများအပြားမှာ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲဖြင့် ပြန်ရောက်နေကြပြီ ဖြစ်သော်လည်း ဝမ်ယွမ်ကိုမူ ဘယ်မှာမှ ရှာမတွေ့ပေ။
ဘာကြောင့်မှန်းမသိဘဲ လော့ချန်၏ စိတ်ထဲတွင် စိုးရိမ်မှုများ ဝင်ရောက်လာသည်။ ဝမ်ယွမ်မှာ သူ၏ အရင်းနှီးဆုံးသူ အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်ပြီး ကျောချင်းကပ် ယုံကြည်ရသော အဖော်တစ်ဦးလည်း ဖြစ်သည်။
အကယ်၍ တစ်ခုခု ဖြစ်သွားခဲ့လျှင် ပုဂ္ဂိုလ်ရေးအရ ဆုံးရှုံးမှုတစ်ခု ဖြစ်ရုံတင်မကဘဲ ဖိုရှန်းဂိုဏ်းအတွင်း တိုးတက်လာသော မိမိ၏ အရှိန်အဝါကိုလည်း အကြီးအကျယ် ထိခိုက်စေပေလိမ့်မည်။
သို့သော် ထိုစိုးရိမ်မှုမှာ သုံးရက်အကြာတွင် ပျောက်ကွယ်သွားခဲ့သည်။
ညဉ့်နက်ပိုင်း အရာရာ တိတ်ဆိတ်နေချိန်တွင် လော့ချန်သည် ကျေနပ်အားရသော မျက်နှာအမူအရာဖြင့် ဆေးဖော်စပ်ခန်းထဲမှ ထွက်လာခဲ့သည်။
အကြိမ်ကြိမ် ကျရှုံးပြီးနောက်တွင် သူသည် သွေးအဆီအနှစ်ဆေးလုံး တစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ ကျွမ်းကျင်မှုမှာ ယခုအခါ ၂၀/၁၀၀ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
တာဟဲဈေးမြို့တော်သို့ ကျင့်ကြံသူ အများအပြား ပြန်ရောက်လာကြရာ အသက်ရှင်ကျန်ရစ်သူများမှာ အနည်းနှင့်အများ တစ်ခုခု ရရှိခဲ့ကြသည်။ ခေတ္တမျှတွင် တာဟဲဈေးမြို့တော်မှာ အားနည်းသွားမည့်အစား ထူးဆန်းသော စည်ကားမှုမျိုး ပြသနေသည်။ သို့သော် ထိုစည်ကားမှုအောက်တွင် ရှုပ်ထွေးမှုများက စတင်အုံကြွနေသည်။
လော့ချန်သည် ဤအခြေအနေကို မနှစ်သက်သော်လည်း သူ၏ သွေးအဆီအနှစ်ဆေးလုံးများမှာမူ ဤအခြေအနေအတွက် အကောင်းဆုံး ဖြစ်နေသည်။
‘ငါ နည်းနည်းလောက် ထပ်ပြီး စုထားရင် မှောင်ခိုဈေးကွက်ကို ယူသွားလို့ ရပြီ’ ဟု သူ တွေးလိုက်သည်။
‘ဒီတစ်ခါတော့ တခြား မှောင်ခိုဈေးကွက် သေးသေးလေး လေးခုမှာ သွားရောင်းကြည့်ရင် ကောင်းမလားပဲ’
လော့ချန်တစ်ယောက် သူ၏ နောက်ထပ်ခြေလှမ်းများကို တွက်ချက်နေစဉ် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားသည်။
နွေဦး လရောင်မှာ ချိုင့်ဝှမ်းရှိ တောင်ကမ်းပါးများပေါ်တွင် ဖြာကျနေပြီး ဆေးဖော်စပ်ရေးခန်းမထဲသို့ အလင်းတန်းများ ဝင်ရောက်နေသည်။ နံရံအနီးရှိ အရိပ်ထဲတွင် ပုံရိပ်တစ်ခု ထိုင်နေသည်ကို လော့ချန် တွေ့လိုက်ရသည်။ အကယ်၍ သူ၏ အမြင်သာ မစူးရှလျှင် ထိုလူကို လုံးဝ သတိထားမိမည် မဟုတ်ပေ။
လော့ချန်ကို မြင်သောအခါ ထိုလူက သေရည်ပုလင်းကို မြှောက်ပြလိုက်သည်။
"သောက်မလား"
သွေးညှီနံ့….။
သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ရုံဖြင့် လော့ချန်သည် ပြင်းထန်လှသော သွေးညှီနံ့ကို ခံစားလိုက်ရသည်။ ရှေ့တွင် ရှိနေသောသူမှာ လူတစ်ယောက်မဟုတ်ဘဲ သွေးဆာနေသော သားရဲတစ်ကောင်အလား ခံစားရသည်။
နွမ်းနယ်နေသော မျက်လုံးများကို ကြည့်ရင်း လော့ချန် ထိုလူကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ဒဏ်ရာ ဘာမှမတွေ့ရပေ။ ထိုအစား ထိုလူ၏ အရေပြားမှာ ပို၍ပင် စင်ကြယ်နေပြီး ထူးဆန်းစွာ ဖြူဖျော့နေသည်။ အလွန်ဖြူဖျော့နေသဖြင့် ဤသူမှာ ဝမ်ယွမ် ဟုတ်၊ မဟုတ်ပင် လော့ချန် သံသယဝင်လာမိသည်။
"သောက်လေ.... ဘာကို တွန့်ဆုတ်နေတာလဲ၊ ဒါက ရွှေဝိညာဉ်မျောက်အိုကြီးရဲ့ ဂူထဲကနေ ငါခိုးလာတာ၊ ချီသန့်စင်အဆင့် ကျင့်ကြံသူတွေအတွက် အရမ်းကောင်းတယ်"
လော့ချန်သည် သူ၏ ခွက်ထဲရှိ ကြည်လင်နေသော ဝိညာဉ်သေရည်ကို ကြည့်လိုက်သည်။ ၎င်း၏ ရွှေရောင်မှာ အရည်ပျော်နေသော ရွှေနှင့်ပင် တူလှသည်။ သူ အလိုအလျောက် တံတွေး မျိုချလိုက်မိသည်။ အထဲတွင် ပါဝင်သော ချီစွမ်းအင် ပမာဏမှာ အံ့မခန်းပင်။
တစ်ငုံတည်းဖြင့် သောက်ချလိုက်ပြီးနောက် လော့ချန်သည် သူ၏ တစ်ကိုယ်လုံး ပူနွေးသွားကာ ခန္ဓာကိုယ်ထဲတွင် မီးတစ်ပုံ လောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ချီစွမ်းအင်များမှာ ဆူပွက်နေသော အိုးတစ်လုံးအလား ငြိမ်သက်ခြင်း မရှိဘဲ လှုပ်ရှားလာသည်။
"အစ်ကိုဝမ်.... အစ်ကို ချီသန့်စင်အဆင့် ၉ ကို ရောက်သွားပြီလား"
ဝမ်ယွမ်က ရယ်မောလိုက်ပြီး "ဟဲဟဲ…. မင်း မျက်စိ တော်တော်စူးတာပဲ " ဟု ဆိုသည်။
ဝမ်ယွမ်သည် ယနေ့တွင် အလွန် စိတ်ကောင်းဝင်နေကြောင်း လော့ချန် သတိထားမိသည်။ သူတို့ ယခင် စကားပြောခဲ့စဉ်တွင် သူ ဤမျှအထိ မပြုံးခဲ့ဖူးပေ။
"အစ်ကို အကြီးအကျယ် မြတ်ခဲ့တယ်ပေါ့" ဟု လော့ချန် မေးလိုက်သည်။
ဝမ်ယွမ်က သက်ပြင်းချလိုက်ပြီး ဆိုသည်။
"မဆိုးပါဘူး…. အနည်းဆုံးတော့ ငါ ချီသန့်စင်အဆင့် အထွတ်အထိပ် ရောက်ဖို့အတွက် ကျင့်ကြံခြင်း အရင်းအမြစ်တွေ လုံလုံလောက်လောက် ရခဲ့တယ်"
ထိုစကားကို ကြားသောအခါ လော့ချန် အံ့ဩသွားသည်။ ဝမ်ယွမ်မှာ အဆင့် ၈ မှ ၉ သို့ တက်လှမ်းသွားရုံတင်မကဘဲ အထွတ်အထိပ်အဆင့် ရောက်ရန်အတွက်ပါ အရင်းအမြစ်များ လုံလောက်စွာ ရရှိခဲ့သည်ဆိုလျှင် သူ မည်မျှအထိ ရရှိခဲ့သည်ကို စဉ်းစားကြည့်၍ပင် မရတော့ပေ။
"ငါ ဒီည ဒီကိုလာတာက မင်းကို တစ်ခုခုပေးဖို့ပဲ"
လော့ချန်၏ နှလုံးခုန်သံ မြန်သွားသည်။
‘ဘာလဲ.... ဒီအစ်ကိုဝမ် ကောင်းတဲ့ ပစ္စည်းတွေကို ငါ့ ခွဲပေးမလို့လား’
ဝမ်ယွမ်သည် သိုလှောင်အိတ် တစ်လုံးကို စားပွဲပေါ်မှတစ်ဆင့် သူ့ဆီသို့ တွန်းပို့လိုက်သည်။ လော့ချန်သည် ထိုအိတ်ကို သံသယစိတ်ဖြင့် ယူလိုက်သည်။ ၎င်းတွင် ချီစွမ်းအင် တံဆိပ်ခတ်နှိပ်ထားခြင်း မရှိသဖြင့် ဝမ်ယွမ် ဖျက်ဆီးထားပြီးသား ဖြစ်ပေမည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ တံဆိပ်နှင့် မတူဘဲ ချီသန့်စင်အဆင့် ကျင့်ကြံသူ၏ ချီစွမ်းအင် တံဆိပ်မှာ ဖျက်ဆီးရန် အလွန်လွယ်ကူသည်။ အဆင့်မြင့်သော ကျင့်ကြံသူတစ်ဦးက လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ဖျက်ဆီးနိုင်သလို၊ အဆင့်နိမ့်သူတစ်ဦးကလည်း အချိန်ယူ၍ ဖြည်းဖြည်းချင်း ဖျက်ဆီးနိုင်သည်။
"ဟာ.... ဒီအိတ်က ဆံ့တဲ့ ပမာဏ တော်တော်များသားပဲ၊ အနည်းဆုံး ၃ ကုဗမီတာ လောက်တော့ ရှိရမယ် "
လော့ချန်တွင် သိုလှောင်အိတ် အများအပြား ရှိသည်။
သူ ပထမဆုံး ရခဲ့သော အိတ်မှစ၍ သူ သတ်ခဲ့သော ကျင့်ကြံသူများထံမှ ရခဲ့သော အိတ်များအထိ အားလုံးမှာ ကုဗမီတာ တစ်ဝက် ဆံ့သော အခြေခံအိတ်များ ဖြစ်ကြသည်။ ထိုကဲ့သို့ အိတ်များပင်လျှင် ရတနာနန်းဆောင်တွင် ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့်အထိ အဆမတန် ဈေးကြီးလှသည်။
သို့သော် အခက်အခဲ မရှိလိုလျှင် မှောင်ခိုဈေးတွင် ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့်ဖြင့် ဝယ်ယူနိုင်သည်။ ပမာဏ များစွာ ဆံ့သော အိတ်များမှာမူ အမှန်ပင် ဈေးကြီးလှသည်။
"မင်း ကြိုက်ရင် မင်းပဲ ယူထားလိုက်ပါ" ဟု ဝမ်ယွမ်က ပြုံး၍ ဆိုသည်။
"ဟား... အစ်ကို တကယ်ကို ရက်ရောတာပဲ "
လော့ချန်သည် ထိုအိတ်ကို ပျော်ရွှင်စွာ ဆော့ကစားနေပြီးနောက် အတွင်းမှ ပစ္စည်းများကို ထုတ်လိုက်သည်။
များလှသည် မဟုတ်ပေ။ သေရည်တစ်ပုလင်းနှင့် ပထမအဆင့် အဆင့်နိမ့် မှော်လက်နက်ဖြစ်သော သမုဒ္ဒရာမြှုပ်အိုး တစ်လုံးသာ ဖြစ်သည်။
သေရည်ပုလင်းကို ဖွင့်လိုက်သောအခါ မွှေးကြိုင်လှသော ရနံ့ ထွက်ပေါ်လာသည်။ လော့ချန်သည် စောစောက တစ်ငုံ သောက်ဖူးသဖြင့် ၎င်းမှာ ရွှေဝိညာဉ်မျောက်များ ဖော်စပ်ထားသော သေရည်ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။ အကျိုးအာနိသင်မှာ အံ့မခန်းပင်။
ဤကဲ့သို့ သေရည်တစ်ပုလင်းမှာ ဝိညာဉ်ကျောက်တုံး အနည်းဆုံး တစ်ထောင်ခန့်ဖြင့် အလွယ်တကူ ရောင်းချနိုင်သည်။ အစ်ကိုဝမ် အမှန်ပင် ရက်ရောလှပေသည်။
လော့ချန်သည် ပြုံးရွှင်လျက်ပင် မှော်လက်နက်ကို ဖွင့်ရန် ပြင်လိုက်သည်။ သို့သော် သူ အနည်းငယ်မျှ ဟလိုက်သည်နှင့် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ၎င်းကို ချက်ချင်း ပြန်ပိတ်လိုက်တော့သည်။
ထိုသို့ ခဏလေး ဟလိုက်ရုံဖြင့်ပင် ဆေးဖော်ခန်းမ တစ်ခုလုံးမှာ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်သော အလွန်ပြင်းထန်လှသည့် ရနံ့များဖြင့် ပြည့်နှက်သွားတော့သည်။
လော့ချန် တံတွေးကို အသည်းအသန် မျိုချလိုက်ပြီး ထိတ်လန့်တကြား တိုးတိုးလေး မေးလိုက်သည်။
"အစ်ကိုဝမ်.... အစ်ကို ရူးသွားပြီလား"