ထိုလမ်းမပေါ်တွင် လူတိုင်းက ပုဂ္ဂိုလ်ကြီးအဖြစ် တလေးတစား ဆက်ဆံကြသော ဟူသခင်ကြီးမှာ ထိုသို့ပင် ဒူးထောက်ကျသွားတော့သည်။
သူသည် စည်းကမ်းတကျနှင့် ကျောပြင်ကို မတ်မတ်ထားကာ ရိုရိုသေသေ ဒူးထောက်နေခြင်း ဖြစ်သည်။
ရောက်လာကြသူများမှာ တစ်ယောက်ထက်တစ်ယောက် ရာထူးဂုဏ်သိန် ကြီးမားလွန်းလှသဖြင့် ဘေးလူများအနေနှင့်လည်း ဤမြင်ကွင်းကို အထူးအဆန်းဟု မထင်ကြတော့ချေ။
အားလုံးမှာ ရှန်ကျင်းမြို့တော်တွင် ကောင်းကင်ကို ကိုင်လှုပ်နိုင်သည့် အာဏာစက်ရှိသော ထိပ်တန်းပုဂ္ဂိုလ်ကြီးများ မဟုတ်ပါလား။
ဟူလင်ကျုံး ဒူးထောက်နေသော်လည်း ထိုပုဂ္ဂိုလ်ကြီးများမှာ သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ကြချေ။
အချင်းချင်း ပြုံးရယ်နှုတ်ဆက်ကာ စကားအနည်းငယ် ပြောဆိုပြီးနောက် ခေါက်ဆွဲဆိုင်အတွင်းသို့ တညီတညွတ်တည်း ဝင်လာကြသည်။
ဝိညာဉ်ငယ်လေးကို ဓားစာခံလုပ်ထားသည့် ကောင်မှာ ကိုယ်လက်များ တောင့်တင်းသွားပြီး လက်ထဲမှ ကလေးငယ်မှာလည်း ပြုတ်ကျသွားတော့သည်။
ကလေးငယ်မှာ ချက်ချင်းပင် ကျွယ်ဝူတိ၏ ရင်ခွင်ထဲသို့ ပြေးဝင်ကာ အသည်းအသန် ဖက်ထားတော့သည်။
သူ၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ကျန်ရှိနေဆဲပင်။
ဖန့်ချန်၏ ခြေထောက်အောက်တွင် အနင်းခံထားရသော သခင်လေးဟူမှာ ကြောင်အသွားပြီးနောက် မျက်ဝန်းထဲတွင် ဝမ်းသာအားရ ဖြစ်မှုများ ပေါ်လာသည်။
သူ၏ ဦးလေးဖြစ်သူမှာ ဤမျှအထိ မျက်နှာပွင့်လန်းပြီး မိမိကို ကယ်တင်ရန်အတွက် ဤမျှအထိများပြားသော ယင်အရှင် များကို ဖိတ်ခေါ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။
သူ စကားမပြောရသေးခင်မှာပင် ရှကျီက ဖန့်ချန်ကိုကြည့်ကာ မတတ်သာသလို ပြုံးပြလိုက်သည်
“ဘာလို့ ငါ့ဆီ တိုက်ရိုက်မလာတာလဲ၊ ဒီအထိတောင် ရောက်လာရသေးတယ်”
“သခင်လေး... အောက်ခြေက တချို့လူတွေက ဒီနှစ်တွေမှာ အေးအေးဆေးဆေး နေရတာ များသွားပုံရတယ်၊ ငါ့အမြင်တော့ တစ်ချက်လောက် ပြန်ပြုပြင်ဖို့ လိုနေပြီထင်တယ်”
ချီထျန်းရန်က ပြုံး၍ ဆိုသည်။
ကျွယ်ဝူတိ ဇနီးမောင်နှံမှာ မှင်တက်ကာ ကြောင်ကြည့်နေကြပြီး ဖန့်ချန်၏ ခြေဖဝါးအောက်မှ သခင်လေးဟူမှာမူ မျက်နှာတစ်ခုလုံး ဝေဝေဝါးဝါး ဖြစ်သွားရသည်။
သူခေါ်လာသော လက်ပါးစေ လေလွင့်ဝိညာဉ် ဆယ်ဂဏန်းခန့်မှာလည်း သူ့နည်းတူပင် အခြေအနေကို နားမလည်နိုင်ဘဲ ကြောင်အအကြီး ဖြစ်နေကြတော့သည်။
“သခင်လေး... ကျနော် မျိုး လက်အောက်ငယ်သားတွေကို သေချာမထိန်းသိမ်းနိုင်လို့ အပြစ်ပေးတာကို ခံယူပါ့မယ်”
တုယွန်းရွှီက သက်ပြင်းသဲ့သဲ့ ချလိုက်ကာ လက်အုပ်ချီ၍ ဆိုသည်။
“တစ်ယောက်ယောက် လာရင် ရပြီဥစ္စာ... အားလုံးက ဘာလို့ ဒီကို စုလာကြတာလဲ တခြားလူတွေ မသိမှာ စိုးလို့လား ”
ဖန့်ချန်က ရယ်မောလိုက်ပြီး သခင်လေးဟူကို နင်းထားရာမှ ခြေထောက်ကို ဖယ်ကာ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် ကျွယ်ဝူတိကို ကြည့်ကာ ဆိုသည်
“သိုင်းနတ်ဘုရားဌာနက မင်းနဲ့ တော်တော်သင့်တော်မယ်လို့ ငါထင်တယ်၊ သွားပြီး စမ်းကြည့်ချင်လား မင်းက ခေါက်ဆွဲဆိုင်ရှင် လုပ်နေဖို့ မသင့်တော်ဘူး”
“သိုင်းနတ်ဘုရားဌာန ကျုပ်လား ”
ကျွယ်ဝူတိမှာ ကြောင်သွားရသည်။
သူ သတိပြန်ဝင်လာချိန်တွင်မူ ဖန့်ချန်သည် အခြားသော ယင်အရှင်များနှင့်အတူ စကားတပြောပြောဖြင့် ဆိုင်ပြင်သို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ယင်အရှင် အသီးသီး၏ လက်အောက်ငယ်သား အချို့မှာ ဖန့်ချန်တို့နောက်သို့ လိုက်ပါသွားကြပြီး အချို့မှာမူ ထိုနေရာကို ပိတ်ဆို့ထားရန် ကျန်ရစ်ခဲ့ကြသည်။
ဟူသခင်ကြီးသည် ဖန့်ချန်နှင့် ဤယင်အရှင်များ မည်မျှအထိ ရင်းနှီးကြောင်း၊ ထိုထက်မက ယင်အရှင်များကပင် ဖန့်ချန်ကို ဝန်းရံကာ အရိုအသေပေးသည့် အမူအရာဖြင့် ထွက်ခွာသွားကြသည်ကို မြင်လိုက်ရချိန်တွင်မူ သူ၏မျက်နှာမှာ လုံးဝ မျှော်လင့်ချက်မဲ့သွားတော့သည်။
ဤနေရာတွင် ကျန်ရစ်ခဲ့သော ဌာနအသီးသီးမှ အရာရှိများမှာ ရာထူးမနိမ့်ကြချေ။
နေကင်းလှည့်နတ်ဘုရား တစ်ဦးက ဟူသခင်ကြီး၏ ရှေ့သို့ လျှောက်လာကာ ပြုံး၍ မေးလိုက်သည်
“ဒီလမ်းက မင်းအပိုင်လား နာမည်က ဘယ်သူလဲ ”
“ကျ... ကျနော် မျိုး နာမည်က ဟူလင်ကျုံး ပါ အရှင်”
ဟူသခင်ကြီးမှာ စကားများ ထစ်ငေါ့နေတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ရှင်များနှင့် လမ်းသွားလမ်းလာများမှာ ယခုမှပင် သတိပြန်ဝင်လာကြပြီး အသက်ရှူမှားမတတ် အံ့သြသွားကြရသည်။
သူတို့အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ တူညီစွာ ပေါ်ပေါက်နေသည်မှာ
'ထိုပုဂ္ဂိုလ်က... ဘယ်သူလဲ '
“မင်းရဲ့ အထက်လူကြီးက ဘယ်သူလဲ... ထားလိုက်ပါတော့၊ ဒီကိစ္စက ငါနဲ့ မဆိုင်တော့ဘူး”
ထိုနေကင်းလှည့်နတ်ဘုရားက ရယ်မောလိုက်ပြီးနောက် ကျောခိုင်းကာ လှည့်ကြည့်လိုက်သည်။
တရားသူကြီးဌာန၏ တူညီဝတ်စုံများကို ဝတ်ဆင်ထားသော လေလွင့်ဝိညာဉ် အုပ်စုတစ်စုမှာ ဖြည်းညှင်းစွာ လျှောက်လာကြသည်။
သူတို့ထဲမှ တစ်ယောက်က နေကင်းလှည့်နတ်ဘုရားနှင့် စကားအနည်းငယ် ပြုံးရယ်ပြောဆိုပြီးနောက် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
ဟူသခင်ကြီး၊ သခင်လေးဟူနှင့် သူခေါ်လာသော လေလွင့်ဝိညာဉ် ဆယ်ဂဏန်းခန့်တို့မှာ တရားသူကြီးဌာန၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး လမ်းမပေါ်တွင်ပင် ခေါ်ဆောင်သွားခြင်း ခံရတော့သည်။
ဟူသခင်ကြီးမှာ လမ်းလျှောက်ရာတွင်ပင် ယိုင်တိုင်တိုင် ဖြစ်နေပြီး သူ၏ ကျောပြင်မှာ ကြည့်ရသည်မှာ အလွန်ပင် သနားစဖွယ် ဖြစ်နေတော့သည်။
“တရားသူကြီးဌာနကို အဖမ်းခံရတာဆိုတော့...”
“ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး...”
ဟူသခင်ကြီးတော့ သွားပြီဆိုသည်ကို လူတိုင်း ခန့်မှန်းမိကြသည်။
သို့သော် ရာဇဝတ်အရာရှိ ရာထူးရှိပြီး တရားဝင် ဝန်ထမ်းတစ်ဦးဖြစ်သော ပုဂ္ဂိုလ်မှာ ဤမျှလွယ်လွယ်ကူကူနှင့် ပြုတ်ကျသွားလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
တရားသူကြီးဌာန၏ လက်ထဲသို့ ရောက်သွားပြီဆိုလျှင် မသေလျှင်ပင် အရေခွံတစ်လွှာ ကွာသွားသည်အထိ ခံရပေလိမ့်မည်။
“အရှင် အဲဒီပုဂ္ဂိုလ်က အမှန်တကယ် ဘယ်သူလဲဗျာ”
ဟူသခင်ကြီးသည် ရုတ်တရက် မကျေမနပ်ဖြစ်စွာဖြင့် လှည့်ကြည့်ကာ ထိုနေကင်းလှည့်နတ်ဘုရားကို အော်ဟစ်မေးမြန်းလိုက်သည်။
ထိုနေကင်းလှည့်နတ်ဘုရားမှာ နှုတ်ခမ်းကို လှုပ်ယမ်းလိုက်သော်လည်း အသံမထွက်ချေ။
သို့သော် သူ၏ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ပြီး ဟူသခင်ကြီးမှာ ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ တုန်လှုပ်သွားကာ မတ်တပ်ပင် မရပ်နိုင်တော့ဘဲ လူအများက တွဲခေါ်သွားကြရတော့သည်။
“ငရဲမင်း ... သူက ငရဲမင်း ဖြစ်နေတာပဲ...”
ဟူသခင်ကြီးသည် ငိုရမလို၊ ရယ်ရမလို ဖြစ်နေတော့သည်။
ခေါက်ဆွဲဆိုင်မှ ကိစ္စမှာ ဤနေရာတွင်ပင် ပြီးဆုံးသွားခဲ့ပြီ။
သိုင်းနတ်ဘုရားဌာနမှ ဝိညာဉ်တစ်ဦးသည် ဆိုင်ထဲသို့ ဝင်လာကာ ကျွယ်ဝူတိကို တစ်ချက်ကြည့်ပြီး ပြုံး၍ ဆိုသည် ။
“ခုနက အရှင်က မှာကြားသွားတယ်၊ မင်းအနေနဲ့ သိုင်းနတ်ဘုရားဌာနကို ဝင်လို့ရတယ်၊ ဒါပေမဲ့ မင်းရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တယ်”
“ကျုပ်...”
ကျွယ်ဝူတိသည် သိစိတ်မပါဘဲ ဇနီးဖြစ်သူကို လှမ်းကြည့်လိုက်သည်။
အမျိုးသမီး၏ မျက်ဝန်းများမှာ ပြတ်သားနေသည်
"သွားပါ၊ သေချာပေါက် သွားရမယ်။ မောင်ကြီး သိုင်းနတ်ဘုရားဌာနကို ရောက်သွားမှ ဒီနေ့လိုမျိုး ကိစ္စတွေ ထပ်မဖြစ်မှာ”
“အဲဒီ ကျွယ်ဝူတိ သိုင်းနတ်ဘုရားဌာနကို ရောက်လာရင် မင်းတို့ သေချာ ဂရုစိုက်ကြည့်ပေးဦး”
ဖန့်ချန်က မှာကြားလိုက်သည်။
ရှုကျင်းထော်က အသာအယာ ခေါင်းငြိမ့်ပြသည်။
ရှကျီက ပြုံး၍ ဆိုသည်
“သူ ခုနက ငါ့ကို မမှတ်မိဘူးပဲ၊ ငါ့ကို မေ့သွားပုံရတယ် ”
သူက ခေတ္တရပ်ကာ
“ကျွယ်ဝူတိ ရှန်ကျင်းကို ရောက်တာ မကြာသေးဘူး၊ ငါ လျှို့ဝှက်အစောင့်အရှောက်ရေးဌာနကို သူ့ကို စောင့်ကြည့်ခိုင်းထားတယ်၊ ဒါပေမဲ့ ဒီနှစ်တွေမှာတော့ ထူးထူးခြားခြား လှုပ်ရှားမှု မရှိပါဘူး”
“ပြဿနာတော့ မရှိပါဘူး၊ ဒါပေမဲ့ မတော်တဆမှု မဖြစ်အောင်တော့ ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပဲ”
ဖန့်ချန်က ရယ်မောလိုက်သည်။
အားလုံးသည် လျှို့ဝှက်အစောင့်အရှောက်ရေးဌာနသို့ ရောက်ရှိလာကြပြီး ယင်လောကငယ်အတွင်းရှိ ဒီနှစ်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေ အရပ်ရပ်ကို အစီရင်ခံကြသည်။
ခြုံငုံကြည့်လျှင် ယင်လောကငယ်၏ စနစ်မှာ အစပိုင်းကထက် အများကြီး ပိုမိုကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
ဇောင်းယင်းဌာနသည်လည်း လမ်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကာ အောက်ဆင်းသူ ရှိလာတိုင်း ဇောင်းယင်းဌာနတွင် မိမိသဘောအရ လာရောက် စာရင်းသွင်းကြတော့သည်။
သို့သော်လည်း ဖူထူလောက ဘက်နှင့် ယှဉ်လျှင်မူ ယင်လောကငယ်၏ အခွန်အခ အများစုမှာ ပြန်လည် အသုံးပြုနေရသဖြင့်
ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားသည့် လက်ကျန်ငွေမှာ သိပ်မများလှဘဲ ယင်သက်တမ်း တစ်သိန်းကျော်ခန့်သာ ရှိတော့သည်။
“လူအင်အား များလာသလို ဌာနအသစ်တွေလည်း အများကြီး ထပ်တိုးထားတော့ အသုံးစရိတ်က များတာ သဘာဝပါပဲ”
ဖန့်ချန်က အသာအယာ ခေါင်းငြိမ့်လိုက်ပြီး အထူးတလည် စီစဉ်စရာ မရှိတော့ချေ။
ထိုနေရာရှိ ဌာနကြီးအားလုံးမှာ လမ်းမှန်ပေါ်သို့ ရောက်နေပြီဖြစ်သဖြင့် နောက်ပိုင်းတွင် အချိန်ယူကာ ဖြည်းဖြည်းချင်း တိုးတက်ပြောင်းလဲသွားရန်သာ လိုအပ်တော့သည်။
အခြားသော ယင်အရှင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီးနောက် နောက်ဆုံးတွင် ဖန့်ချန်နှင့် ရှကျီ နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
“ငါ အထက်နယ်မြေသုံးခု ဘက်မှာ တွေ့ခဲ့တာက... အဲဒီက ထိပ်တန်းအင်အားစုတွေဟာ ဖူထူလောကထဲမှာ ယင်လောကငယ်လိုမျိုး ယင်ဌာနတွေ ဖွင့်ထားကြတယ်”
ဖန့်ချန်က ဆက်ပြောသည်
“ငါ လူအင်အား တစ်သုတ်ကို ရွေးချယ်ပြီး သူတို့ဆီကို လွှတ်ဖို့ စီစဉ်မယ်၊ အဲဒီကနေ သတင်းအချက်အလက်တွေကို ဖြည်းဖြည်းချင်း စုဆောင်းလို့ရတာပေါ့ ဒါပေမဲ့ အဲဒီကို သွားပြီးရင် ပြန်လာဖို့က အတော်လေး ခက်ခဲလိမ့်မယ်၊ ဒါကြောင့် လူရွေးတဲ့အခါမှာ မင်း သေချာ စဉ်းစားဆုံးဖြတ်ရမယ်”
“အဲဒီ အင်အားစုတွေကလည်း ဖူထူလောကမှာ ယင်ဌာနတွေ ဖွင့်ထားတာလား ”
ရှကျီမှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းငြိမ့်ပြသည်
“ကောင်းပါပြီ၊ ငါ လူရွေးလိုက်မယ်၊ လူတစ်ထောင်ဆိုရင် လောက်ပါ့မလား ”
“မလောက်ရင် နောက်မှ ထပ်တိုးတာပေါ့၊ လောလောဆယ် တစ်ထောင်ဆိုရင် လုံလောက်ပါတယ်၊ သူတို့ကို အဆင့်မြှင့်တင်ပေးဖို့ ယင်သက်တမ်းကတော့ လောက်မှာပါ”
ဖန့်ချန်က ခေါင်းငြိမ့်လိုက်သည်။
စေလွှတ်မည့် လျှို့ဝှက်အစောင့်အရှောက်များမှာ မိမိ၏ လူယုံများသာ ဖြစ်ရမည်ဖြစ်သဖြင့် သူတို့ကို တစ်ယောက်ချင်းစီ အဆင့်မြှင့်တင်ပေးရန် လိုအပ်သည်။
သူတို့၏ ကျင့်ကြံမှုမှာ မမြင့်မားလှသဖြင့် ကုန်ကျမည့် ယင်သက်တမ်းမှာလည်း သိပ်မများလှချေ။
ငရဲမင်းအမိန့်ပြား ထဲတွင် ယခုအခါ ယင်သက်တမ်း ၁.၆ သန်း ရှိနေသဖြင့် အပြည့်အဝ တွက်ချက်ကြည့်လျှင် လုံလောက်သည်ထက် ပိုပါသေးသည်။
ကျန်ရှိနေသည်များကိုလည်း ကျွယ်မင်ယင်လောက သို့ ပြန်လည် သယ်ဆောင်သွားနိုင်ပါသေးသည်။
ထိုအချက်ကို စဉ်းစားပြီးနောက် ဖန့်ချန်သည် ရှကျီကို အချို့ကိစ္စများ မှာကြားခဲ့ပြီး ယင်လောကငယ်မှ ထွက်ခွာကာ ငရဲမင်းနန်းဆောင် သို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာသို့ မလာဖြစ်သည်မှာ နှစ်ပေါင်း တစ်ရာနီးပါး ရှိခဲ့ပြီဖြစ်ကာ သူ အဓိက လာရခြင်းမှာ လောကနှစ်ခုကြားရှိ အကာအကွယ်တံတိုင်း ၏ အခြေအနေကို ကြည့်ရှုရန် ဖြစ်သည်။
အကယ်၍ လောကနှစ်ခုကြားရှိ အကာအကွယ်တံတိုင်း ပေါက်ထွက်သွားမည့် အန္တရာယ်ရှိပါက ငရဲမင်းအမိန့်ပြားထဲမှ ယင်သက်တမ်းများကို ဤနေရာတွင် ဦးစားပေး အသုံးပြုရမည် ဖြစ်သည်။
ယခင်အတိုင်းပင် ငရဲမင်းနန်းဆောင်မှာ ခြောက်ကပ်နေပြီး ဖန့်ချန်မှလွဲ၍ အခြားသူ မရှိချေ။
လောကနှစ်ခုကြားရှိ အကာအကွယ်တံတိုင်းရှေ့သို့ ရောက်လာချိန်တွင် နံရံမှာ အရင်ကထက် ပိုမို ကြည်လင်နေသကဲ့သို့ ရှိနေပြီး တစ်ဖက်ခြမ်းရှိ လူအချို့မှာ ထိုတံတိုင်းကို ဖောက်ထွက်ရန် အသည်းအသန် ကြိုးစားနေကြသည်ကို ခပ်ရေးရေး မြင်တွေ့နေရသည်။
ဖန့်ချန်သည် ဘာမှမစဉ်းစားဘဲ လက်ကို ဆန့်ထုတ်ကာ တံတိုင်းပေါ်သို့ ဖိတင်လိုက်သည်။
ခဏချင်းမှာပင် ယင်သက်တမ်း ခြောက်သိန်းကို ထည့်သွင်းပေးလိုက်ရာ လောကနှစ်ခုကြားရှိ အကာအကွယ်တံတိုင်းမှာ တစ်ဖန် ပြန်လည် ခိုင်ခံ့ထူထဲသွားတော့သည်။
တစ်ဖက်ရှိလူများမှာ ဒေါသတကြီး ဖြစ်နေပုံရသော်လည်း သူတို့ ဘာတွေပြောနေကြသည်ကိုမူ မကြားရချေ။
ဖန့်ချန်က ပြုံးလိုက်ပြီး ငရဲမင်းနန်းဆောင်မှ ထွက်ခွာလာခဲ့လေတော့သည်။
***