“ဒါ ဘယ်အမာခံတပည့်ရဲ့ နယ်မြေသစ်ရှာဖွေရေးအဖွဲ့လဲဟ”
“အမာခံတပည့်ပိုင်တဲ့ အဖွဲ့တော့ မဟုတ်လောက်ဘူး၊ အမာခံအဖွဲ့ဆိုရင် ဝေစုခွဲတမ်းက ဒီလောက် မများနိုင်ဘူး။ ပြီးတော့ သူတို့ရဲ့ ကျင့်ကြံမှုက အဆင့် ၁ မသေမျိုးတောင် မဟုတ်သေးဘူးပဲ”
“ဒါဆို ကျွယ်မင်းကြယ်ကို မလာခင်ကတည်းက...”
“ငါ အရင်က ကြားဖူးသလိုပဲ၊ နံပါတ် ၄၃၂ နယ်မြေ စူးစမ်းရေးကြယ်မှာ ကံကောင်းတဲ့ကောင်တစ်ယောက်ရှိတယ်တဲ့။ ပထမဆုံးအကြိမ် ရှာဖွေရေးထွက်တာနဲ့တင် နတ်ဆေးပင် ၈ ပင်တောင် ရှာတွေ့ခဲ့တာဆိုလား...”
“သူပဲ ငါမှတ်မိပြီ၊ ဒါ ဟို နယ်မြေကိုးခု ရှာဖွေရေးအဖွဲ့ပဲ ”
နောက်ဆုံးတွင်တော့ လင်းယွမ်နှင့် ယွီဝူရှီးတို့ကို မှတ်မိသွားသူများ ရှိလာသည်။
သူတို့နှစ်ဦးမှာ ဤနေရာတွင် နေထိုင်သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သဖြင့် လူအတော်များများနှင့် ထိတွေ့ဖူးကြသူများ ဖြစ်သည်။
ထို့အပြင် ယခင်က ဝူရှန့်ငရဲတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာအချို့မှာလည်း လူအများ၏ ပါးစပ်ရာဇဝင်ဖြင့် ပြန့်နှံ့နေခဲ့ပြီးသား ဖြစ်သည်။
ဥပမာအားဖြင့် နယ်မြေကိုးခု ရှာဖွေရေးအဖွဲ့၏ ခေါင်းဆောင်မှာ အောက်နယ်မြေ ခြောက်ခုမှ လာသူဖြစ်ပြီး ဝူရှန့်ငရဲတွင် ရွှေရောင်ကျောက်ပြားပိုင်ရှင် ပါရမီရှင် နန်မင်ရှောက်ကျဲ ကို အလဲထိုးခဲ့သည်ဟူသော သတင်းမျိုး ဖြစ်သည်။
ထိုနယ်မြေကိုးခု ရှာဖွေရေးအဖွဲ့ခေါင်းဆောင်၏ ရရှိမှုများနှင့် ပတ်သက်၍လည်း လူအများ ကြားဖူးနားဝ ရှိကြသော်လည်း အတည်မပြုနိုင်ခဲ့ကြချေ။
လင်းယွမ်နှင့် ယွီဝူရှီးတို့ကို မေးမြန်းသူများ ရှိခဲ့သော်လည်း သူတို့နှစ်ဦးမှာ ဝန်လည်းမခံ၊ ငြင်းလည်းမငြင်းဘဲ နေခဲ့ကြသည်။
လူများကလည်း ထပ်မံ၍ အသေးစိတ် မမေးမြန်းရဲကြချေ။
အကြောင်းမှာ ဤနှစ်ဦးသည် အသစ်တက်လာသော အမာခံတပည့် ဟုန်ချီ နှင့် အလွန်ရင်းနှီးပြီး သူမ၏ အဖွဲ့ဝင်များ ဖြစ်နေသောကြောင့်ပင်။
ယခုမူ ထိုကောလာဟလများမှာ အတည်ဖြစ်သွားပြီ ဖြစ်သည်။
ထိုသတင်းများ၏ ၈၀ ရာခိုင်နှုန်းမှာ အမှန်တရားဖြစ်ကြောင်း လူတိုင်း အတပ်သိသွားကြပြီ။
မသေမျိုးကျောက်တုံး တစ်ထောင်ကျော်... ဤသည်မှာ သာမန်လူများ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော ငွေပမာဏကြီး ဖြစ်သည်။
မသေမျိုးအဆင့်မြင့် များအတွက်ပင်လျှင် အလွန်ဆွဲဆောင်မှုရှိသော ပမာဏပင်။
ကံကောင်းသည်မှာ ဤနေရာသည် ကျွယ်မင်းကြယ် ဖြစ်ပြီး ကျွယ်မင်နန်းတော်၏ အချက်အချာနေရာ ဖြစ်နေခြင်းပင်။
လောဘတက်၍ ပစ္စည်းလုယူသည့် ကိစ္စမျိုး လုံးဝ ဖြစ်မလာနိုင်ချေ။
ထိုသို့သော ကိစ္စမျိုး ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် ခဏချင်းမှာပင် နှိမ်နင်းခြင်း ခံရပေလိမ့်မည်။
ထို့ကြောင့် လူများမှာ မနာလိုစွာ ကြည့်နေရုံမှတစ်ပါး ဘာမှ မတတ်နိုင်ကြချေ။
“အကြီးအကဲ ဖုန်း... ကျနော် ကတော့ ဒီဂုဏ်ထူးမှတ်တွေနဲ့ နတ်ဆေးပင်တစ်ပင် လဲချင်ပါတယ်။ မိတ်ဆက်ပေးစရာကောင်းတဲ့ မသေမျိုးလမ်းစဉ် ရှိရင် ပြောပြပေးပါဦး”
ဖန့်ချန်က ဆိုသည်။
“အင်း... မင်းက တက်လှမ်းခြင်းအဆင့်ဆိုတော့ အခြေခံကလည်း လုံလောက်နေပြီပဲ။ နတ်ဆေးပင်ကို သုံးလို့ရပါပြီ။ ဒါပေမဲ့ ကောင်းတဲ့လမ်းစဉ်ဆိုရင်တော့...”
အကြီးအကဲ ဖုန်းက ခေတ္တစဉ်းစားပြီး
“လမ်းစဉ်က ပိုကောင်းလေလေ၊ အဆင့် ၁ နတ်ဆေးပင်က ပိုဈေးကြီးလေလေပဲ။ ငါ မင်းအတွက် ရွေးချယ်စရာတချို့ ပေးမယ်”
ပြောပြီးနောက် သူသည် ဖန့်ချန်ထံသို့ စိတ်ချင်းဆက်သွယ်ကာ မသေမျိုးလမ်းစဉ် ဆယ်ခုကျော်ကို ပြောပြလိုက်သည်
“ဒီလမ်းစဉ်တွေအတွက် အဆင့် ၁ နတ်ဆေးပင်တွေကတော့ ဂုဏ်ထူးမှတ်နန်းဆောင်မှာ လောလောဆယ် ပစ္စည်းရှိတယ်။ ဒါပေမဲ့ စည်းကမ်းအရ မင်းလည်း တန်းစီရလိမ့်မယ်။ ဒီထဲမှာ လူသားမသေမျိုး လမ်းစဉ် အတွက် နတ်ဆေးပင်ကတော့ လောလောဆယ် လဲမယ့်သူ မရှိဘူး။ မင်း အဲဒါကို ရွေးရင်တော့ တန်းစီစရာ မလိုဘူး”
“ဒါပေမဲ့ ငါသိသလောက်တော့ လူသားမသေမျိုး လမ်းစဉ်က အများဆုံးမှ အဆင့် ၆ မသေမျိုးအထိပဲ ထွက်ဖူးသေးတယ်၊ အဆင့် ၇ နောက်ပိုင်း လမ်းစဉ် ရှိမရှိတော့ မသိဘူး”
ခေတ္တရပ်ပြီးနောက် အကြီးအကဲ ဖုန်းက ပြုံး၍ ဆိုသည်
“ဒါပေမဲ့ မင်းလည်း အဲဒီလောက်အထိ အဝေးကြီး တွေးမနေပါနဲ့ဦး။ မင်းရဲ့ ပါရမီနဲ့ ကံဇာတာအရဆိုရင် အဆင့် ၄ ဒါမှမဟုတ် အဆင့် ၅ အထိ ရောက်သွားရင်တင် တော်တော်လေး ဟန်ကျနေပါပြီ”
“ဒါဆိုရင်တော့... ကျနော် လူသားမသေမျိုး လမ်းစဉ်ကိုပဲ ရွေးပါ့မယ်”
ဖန့်ချန်က ခေါင်းငြိမ့်လိုက်သည်။
သူက ဆက်ပြောသည်
“အကြီးအကဲ ဖုန်း... ဒီနတ်ဆေးပင်ကို ကျနော် နဲ့အတူ ပြန်ယူသွားလို့ ရမလား ကျနော် ရဲ့ ကျင့်ကြံမှု အခြေခံက လုံးဝပြည့်စုံပြီလို့ ခံစားရမှပဲ သုံးချင်လို့ပါ”
“ရတာပေါ့၊ လူသားမသေမျိုး အဆင့် ၁ နတ်ဆေးပင်က လျှို့ဝှက်ချက်မှ မဟုတ်တာ။ လူအများစုက ဘာလဲဆိုတာ သိကြတယ်။ သာမန်လူတွေ မသိနိုင်တဲ့ လမ်းစဉ်မျိုးဆိုရင်တော့ အမာခံတစ်ယောက်ရဲ့ ရှေ့မှာတင် သုံးရတာမျိုး ရှိတတ်တယ်”
အကြီးအကဲ ဖုန်းက ခေါင်းငြိမ့်ပြသည်။
ဖန့်ချန်လည်း ဂုဏ်ထူးမှတ်များကို နှုတ်ယူခိုင်းပြီး လူသားမသေမျိုး အဆင့် ၁ နတ်ဆေးပင်ကို လဲလှယ်လိုက်တော့သည်။
ဖန့်ချန်က ဂုဏ်ထူးမှတ်များကို နတ်ဆေးပင်နှင့် လဲလှယ်လိုက်သည်ကို မြင်သောအခါ အချို့လူများက မျက်မှောင်ကြုတ်သွားကြပြီး နှမြောစရာကောင်းသည်ဟု ထင်မြင်ကြသည်။
လင်းယွမ်ပင်လျှင် ဝင်ရောက်ဖျောင်းဖျသည်
“ခေါင်းဆောင်... ဂုဏ်ထူးမှတ်တွေကို အရင် သိမ်းထားလိုက်ပါလား၊ မသေမျိုးကျောက်တုံးတွေနဲ့ပဲ တိုက်ရိုက်ဝယ်လိုက်ပါ”
ဖန့်ချန်က ပြုံး၍ ခေါင်းခါပြကာ အကြောင်းပြချက်ကို မပြောချေ။
လင်းယွမ်က ဘာကြောင့် ဂုဏ်ထူးမှတ်တွေကို သိမ်းခိုင်းလဲဆိုတာ သူ သိသည်။
ဂုဏ်ထူးမှတ် ၅၀၀၀ ပြည့်ရင် အမာခံတပည့် စစ်ဆေးမှုကို ဝင်ခွင့် လျှောက်လို့ရတာကြောင့် မဟုတ်ပါလား
ဒါပေမဲ့ ဂုဏ်ထူးမှတ် ၅၀၀၀ ပြည့်အောင် စုရမှာက ဘယ်လောက်တောင် ကြာဦးမှာလဲ သူကတော့ ဒီကိစ္စအတွက် အချိန်အများကြီး မဖြုန်းချင်ချေ။
မသေမျိုးကျောက်တုံးတွေ ရှိနေတာက ပိုပြီး အဆင်ပြေသည်။
အမာခံတပည့် ဖြစ်ဖို့ဆိုတာကတော့ အစီရင်ဗဟိုချက် တစ်ခု ရတာနဲ့ ကြာနီနတ်မိမယ်လိုမျိုး ချက်ချင်း တက်လှမ်းလို့ ရတာပဲ။
သာမန်ကျင့်ကြံသူတွေအတွက် ကျွယ်မင်နန်းတော်ကို မဖြတ်သန်းဘဲ မဖြစ်နိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပေမဲ့ ဖန့်ချန်အတွက်တော့ မှန်လေး ရှိနေသရွေ့ အရာအားလုံးက ဖြစ်နိုင်ခြေ ရှိသည်။
မသေမျိုးကျောက်တုံးသာ လုံလောက်အောင် ပေးနိုင်ပါစေ။
အကြီးအကဲ ဖုန်းမှာ ခေတ္တမျှ ထွက်သွားပြီးနောက် ကျောက်စိမ်းသေတ္တာ တစ်ခုကို ကိုင်ဆောင်၍ ပြန်ရောက်လာသည်။
“ဒီသေတ္တာပေါ်မှာ အကာအကွယ်အစီရင် ပါပြီးသား၊ မင်း မဖွင့်သရွေ့တော့ ဒီနတ်ဆေးပင်ရဲ့ အရှိန်အဝါကို ဘယ်သူမှ ခံစားမိမှာ မဟုတ်ဘူး”
အကြီးအကဲ ဖုန်းက ပြုံး၍ ဆိုသည်
“ဒီသေတ္တာကလည်း တော်တော်လေး ကောင်းတဲ့ ပစ္စည်းတစ်ခုပါ၊ နတ်ဆေးပင် လဲတဲ့အတွက် လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ”
အရှိန်အဝါကို ခံစားလို့ မရဘူးလား
ဒါဆိုရင်တော့ တကယ်ကို ကောင်းတဲ့ ပစ္စည်းပဲ။
ဖန့်ချန်၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
သူသည် သေတ္တာကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး လင်းယွမ်တို့နှင့်အတူ ဂုဏ်ထူးမှတ်နန်းဆောင်မှ ထွက်ခွာလာခဲ့သည်။
တံခါးဝသို့ ရောက်ချိန်တွင် အဆင့် ၁ မသေမျိုး အချို့က ရှေ့သို့ လာရောက် နှုတ်ဆက်ကြသည်။
ဖန့်ချန်ကလည်း တစ်ယောက်ချင်းစီကို ပြုံး၍ ပြန်လည် နှုတ်ဆက်ကာ အချင်းချင်း နာမည်ဖလှယ်ကြပြီး အပေါ်ယံ မိတ်ဆွေများ ဖြစ်သွားကြသည်။
“ခေါင်းဆောင်... ငါတို့ အရင်နေရာကို မပြန်တော့ဘူး။ ဟုန်အမာခံမှာ ကိုယ်ပိုင် ကျင့်ကြံရေး နယ်မြေ ရှိတယ်၊ အဲဒီကိုပဲ သွားကြရအောင်”
လင်းယွမ်က ဖန့်ချန်အား ယခင်က ကျိုးချွမ် စီစဉ်ပေးထားသော အခန်းသို့ ပြန်မည့်အစား အသစ်နေရာသို့ သွားရန် ပြောလိုက်သည်။
“ဟုန်မိတ်ဆွေက ကိုယ်ပိုင် နယ်မြေတောင် ရနေပြီလား ”
“ဟုတ်ပါ့ ခေါင်းဆောင်ရဲ့ နဂါးနက်လှေ တောင် ရထားသေးတယ်။ ကျနော် ပြောတာ မဟုတ်ပါဘူး၊ အဲဒီ နဂါးနက်လှေ တစ်စင်းတည်းနဲ့တင် သာမန် အဆင့် ၁၊ အဆင့် ၂ မသေမျိုးတွေက ဟုန်အမာခံကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”
“အစီရင် မသေမျိုးအတတ်သာ အချောသတ်သွားရင် အစွမ်းက ဒီထက်ပိုပြီး ကြောက်စရာ ကောင်းလာလိမ့်မယ် ”
လင်းယွမ်နှင့် ယွီဝူရှီးတို့က ဆိုကြသည်။
ကျွယ်မင်နန်းတော်၏ အမာခံတပည့်များတွင် ကိုယ်ပိုင် ကျင့်ကြံရေးနယ်မြေများ ရှိကြပြီး ၎င်းတို့သည် ကျွယ်မင်းကြယ်၏ နေရာအနှံ့အပြားတွင် ပျံ့နှံ့တည်ရှိနေကာ ဗဟိုဂိုဏ်းကြီးအတွင်း၌သာ ကန့်သတ်ထားခြင်း မဟုတ်ချေ။
ဥပမာအားဖြင့် ကြာနီနတ်မိမယ်၏ လက်ရှိ နယ်မြေမှာ ကျွယ်မင်းကြယ်၏ တောင်ဘက်ဒေသ၊ တောင်စဉ် တစ်သိန်း ဟု ခေါ်သော နေရာတွင် ရှိသည်။
ထိုနေရာရှိ တောင်စဉ်တစ်သိန်းမှာ အမှန်တကယ်ပင် တောင်တန်းပေါင်း တစ်သိန်းမက ရှိနေခြင်း ဖြစ်သည်။
နယ်မြေမှာ အလွန်ကျယ်ပြောပြီး တောင်တန်းကြီးများမှာ ရှုပ်ထွေးစွာ ယှက်နွယ်နေကာ ထိုတောင်တန်းများကြားတွင် ရေတွက်၍မရနိုင်သော လူသားနိုင်ငံများစွာ မှီတင်းနေထိုင်ကြသည်။
ကျွယ်မင်နန်းတော်၏ အမာခံတပည့်များကို ကျွယ်မင်းကြယ် အနှံ့အပြားတွင် ခွဲဝေထားရခြင်း၏ အဓိက အကြောင်းရင်းမှာ ထိုဒေသများကို စောင့်ကြပ်ရန် ဖြစ်သလို၊ တစ်ဖက်တွင်လည်း မရေမတွက်နိုင်သော သာမန်လူသားများထဲမှ အမာခံတပည့် ဖြစ်လာနိုင်မည့်သူများကို ရှာဖွေဖော်ထုတ်ရန် တာဝန်ရှိသောကြောင့်ပင် ဖြစ်သည်။
ဖန့်ချန်နှင့် လင်းယွမ်တို့သည် တည်နေရာ ကူးသန်းခြင်း အစီရင် မှတစ်ဆင့် တောင်စဉ်တစ်သိန်းအတွင်းရှိ ကြာနီနတ်မိမယ်၏ နယ်မြေသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုနေရာတွင် တောင်တန်းပေါင်း ဆယ်ဂဏန်းခန့်မှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်နေပြီး နတ်ငှက်များနှင့် ထူးဆန်းသော သတ္တဝါများ၊ ရေတံခွန်များနှင့် ထူးခြားသော ကျောက်ဆောင်များကို နေရာအနှံ့ မြင်တွေ့ရသည်။
ဝိညာဉ်စွမ်းအား ထူးကဲမှုကို ပြောရမည်ဆိုလျှင် ချင်းယွီနတ်ဘုရားဂိုဏ်း ကဲ့သို့သော နေရာများထက် အဆပေါင်း ရာနှင့်ချီ၍ သာလွန်လှသည်။
ဤနေရာတွင် ကျင့်ကြံမည်ဆိုပါက အထက်သုံးဆင့် ကျင့်ကြံသူများပင်လျှင် ဝိညာဉ်စွမ်းအား ကြွယ်ဝမှုကြောင့် ကျင့်ကြံမှု အရှိန်အဟုန်မှာ များစွာ တိုးတက်လာပေလိမ့်မည်။
သူတို့ သုံးယောက် ရောက်ရှိချိန်တွင် ကျင့်ကြံရေးနယ်မြေအတွင်း၌ လှုပ်ရှားသွားလာနေသော ကျင့်ကြံသူ အတော်များများကို တွေ့မြင်နေရသည်။
“ငါတို့အပြင် တခြားကျင့်ကြံသူတွေလည်း ဒီမှာ ရှိနေတာလား ”
ဖန့်ချန်က စပ်စုကာ မေးလိုက်သည်။
လင်းယွမ်နှင့် ယွီဝူရှီးတို့၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး လင်းယွမ်က ခနဲ့တဲ့တဲ့ အပြုံးဖြင့် ဆိုသည်
“ဒါက ကျွယ်မင်နန်းတော်က အကြီးအကဲတစ်ယောက် စီစဉ်ထားတာလေ။ ဟုန်အမာခံရဲ့ ဘေးမှာ ငါတို့လောက်ပဲ ရှိနေလို့ မဖြစ်ဘူးဆိုပြီး ကျင့်ကြံသူ ရာနဲ့ချီကို ဒီမှာ နေရာချပေးထားတာ။ အဲဒီထဲမှာ...”
“မင်းတို့နှစ်ယောက်က မိစ္ဆာသန့်စင်မျှော်စင်မှာ တာဝန်ကျနေတာ မဟုတ်ဘူးလား ဘာလို့ ခွင့်ပြုချက်မရှိဘဲ လူ့လောကကို ပြန်လာကြတာလဲ ”
ရုတ်တရက် လူရိပ် ဆယ်ဂဏန်းခန့်မှာ လေပေါ်မှ ပျံသန်းရောက်ရှိလာသည်။
ရှေ့ဆုံးမှလူ၏ အရှိန်အဝါမှာ အလွန်ပင် ကြီးမားလှပြီး အဆင့် ၃ မသေမျိုး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် အရပ်ရှည်ပြီး သပ်ရပ်သော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ တစ်ကိုယ်လုံးမှ မသေမျိုးစွမ်းအား များမှာ ထူထပ်စွာ ထွက်ပေါ်နေသည်။
သူ၏ နောက်ကွယ်မှ လူများမှာလည်း အနိမ့်ဆုံး အဆင့် ၁ မသေမျိုးများ ဖြစ်ကြပြီး အချို့မှာ အဆင့် ၂ မသေမျိုးများ ဖြစ်ကြသည်။
သူတို့သည် လင်းယွမ်နှင့် ယွီဝူရှီးတို့ကို လှောင်ပြောင်လိုသော အကြည့်များဖြင့် ကြည့်နေကြလေတော့သည်။
***