တစ်ဖက်လူများ ပေါ်လာချိန်တွင် လင်းယွမ်နှင့် ယွီဝူရှီးတို့၏ စိတ်လှုပ်ရှားတုန်လှုပ်သွားမှုကို ဖန့်ချန် ရိပ်မိလိုက်သည်။
လင်းယွမ်က မျက်နှာတွင် အတင်းအကျပ် ပြုံးလိုက်ရသော်လည်း လက်အုပ်ချီ၍ ဆိုသည်
“စီနီယာကျန်း... ကျနော်တို့ အထက်လူကြီးဆီမှာ ခွင့်တိုင်ခဲ့ပြီးပါပြီ။ ဒီတစ်ခေါက်က ခေါင်းဆောင်ကို လမ်းညွှန်ပေးဖို့ သီးသန့်လာခဲ့တာပါ”
“စီနီယာကျန်း... ဒီသူကတော့ ကျနော်တို့ နယ်မြေကိုးခု ရှာဖွေရေးအဖွဲ့ရဲ့ ခေါင်းဆောင် ဖန့်ချန် ပါ။ ဟုန်အမာခံ စစ်ဆေးပွဲတုန်းက ကနဦးအဖွဲ့ဖော်လည်း ဖြစ်ပါတယ်”
ယွီဝူရှီးက ဝင်ပြောသည်။
ပြောပြီးနောက် သူက ဖန့်ချန်ကို ပြုံးပြရင်း မျက်ရိပ်ပြလိုက်သည်
“ခေါင်းဆောင်... ဒီစီနီယာကျန်းက အခု ကျနော်တို့လိုပဲ ဟုန်အမာခံရဲ့ ရှာဖွေရေးအဖွဲ့ဝင် တစ်ယောက်ပါပဲ”
ထို့နောက် သူက ဖန့်ချန်ထံ စိတ်ချင်းဆက်သွယ်ကာ အသံလွှင့်လိုက်သည်
“ဒီလူက ကျန်းချန် တဲ့။ အကြီးအကဲအဖွဲ့ထဲက တစ်ယောက်နဲ့ ဆွေမျိုးတော်စပ်ပြီး ဟုန်မိတ်ဆွေရဲ့ ဘေးနားမှာ အဖွဲ့တွင်းကိစ္စအဝဝကို တာဝန်ယူဖို့ အထက်က ထည့်ပေးလိုက်တာ။ ဒီနှစ်တွေမှာ သူက ကျနော်နဲ့ လင်းယွမ်ကို တော်တော်လေး နှိပ်ကွပ်ခဲ့တာ။ စရိုက်က သိပ်မကောင်းဘူး၊ ဟုန်အမာခံအပေါ်မှာလည်း မရိုးသားတဲ့ စိတ်ကူးတွေ ရှိပုံရတယ်”
“အော်... သူကိုး”
ကျန်းချန်၏ မျက်နှာတွင် ခပ်မှိန်မှိန် အပြုံးတစ်ခု ပေါ်လာပြီး ဖန့်ချန်ကို အကဲခတ်သည့် အကြည့်ဖြင့် အထက်အောက် ကြည့်ရှုစစ်ဆေးနေသည်။
ထို့နောက် ယွီဝူရှီးဘက်သို့ လှည့်ကာ ဆိုသည်
“မင်းက ဘေးဒုက္ခကျော်လွှားခြင်း အဆင့်ပဲ ရှိသေးတာ။ မင်း စိတ်ချင်းဆက်သွယ်ပြီး ပြောတာတွေကို ငါ အတိုင်းသား ကြားနေရတယ်”
ယွီဝူရှီး၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး အားနာသလို ပြုံးလိုက်ရသည်။
“မင်းပဲ မဟုတ်လား... အရင်က ကိုယ့်သဘောနဲ့ကိုယ် သူတို့ကို ခေါ်ပြီး ဝိညာဉ်ခွဲထွက်ခဲ့လို့ အမှားအယွင်းဖြစ်ပြီး ယင်လောကမှာ ဆယ်နှစ်ကျော် ပိတ်မိနေခဲ့တာ ”
ကျန်းချန်က ဖန့်ချန်ကို လှောင်ပြုံးဖြင့် ကြည့်ကာ
“မင်းရဲ့ အောက်နယ်မြေ ခြောက်ခုက အကျင့်ဆိုးတွေကို ကျွယ်မင်နန်းတော်အထိ သယ်မလာနဲ့။ ကျွယ်မင်နန်းတော်မှာ ပထမဆုံး လုပ်ရမယ့်အလုပ်က စည်းကမ်းလိုက်နာဖို့ပဲ။ စည်းကမ်းလိုက်နာမှ အသက်ရှင်မယ်။ ဒီတစ်ခေါက်တော့ မင်းကံကောင်းလို့ ပြန်လာနိုင်တာ၊ နောက်တစ်ခါတော့ သေချာမှာ မဟုတ်ဘူး”
ခေတ္တရပ်ပြီးနောက်
“နန်မင်စီနီယာက မင်းတို့အတွက် အသနားခံပေးလို့သာပေါ့၊ မဟုတ်ရင် ဒီတစ်ခေါက် ခွင့်ပြုချက်မရှိဘဲ ယင်လောကထဲ ဝင်သွားတဲ့အတွက် မင်းတို့ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရလိမ့်မယ်”
စကားအဆုံးတွင် ကျန်းချန်က ခပ်အေးအေး ပြုံးလိုက်ရင်း
“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းပြန်လာနိုင်တာကို ဟုန်အမာခံ သိရင်တော့ သိပ်ဝမ်းသာမှာပဲ။ ဒီလူနှစ်ယောက် မင်းကို နေထိုင်မယ့်နေရာဆီ ခေါ်သွားပေးလိမ့်မယ်။ ဟုန်အမာခံ ပြန်မလာမချင်းတော့ လျှောက်မသွားတာ အကောင်းဆုံးပဲ။ ဒီနေရာက အမာခံတပည့်ရဲ့ နယ်မြေဖြစ်လို့ မင်း ခြေချခွင့်မရှိတဲ့ နေရာတွေ အများကြီး ရှိတယ်”
“စီနီယာကျန်း ပြောတာကို မင်း ကြားတယ်မလား ”
ကျန်းချန်ဘေးက အဆင့် ၂ မသေမျိုးက ခပ်အေးအေး ဆိုလိုက်သည်။
သူ၏ အေးစက်သော အကြည့်မှာ ဓားတစ်စင်းကဲ့သို့ပင်။
သူသည် အဆင့် ၂ မသေမျိုး၏ ထူထပ်လှသော မသေမျိုးစွမ်းအားများကို တမင်တကာ ထုတ်လွှတ်လိုက်ပြီး ဖိအားတစ်ခု ဖန်တီးလိုက်ရာ ယွီဝူရှီးနှင့် လင်းယွမ်တို့မှာ သတိမထားမိဘဲ ရုတ်တရက် အရှိန်ကြောင့် သွေးလေများ ထန်သွားကာ မျက်နှာများ နီရဲလာပြီး လည်ချောင်းထဲတွင် သွေးညှီနံ့ပင် ရလာကြသည်။
ဖန့်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ ဓားငယ်လေး မှာ ဤဖိအားကို သိရှိသွားပြီးနောက် အပြင်သို့ ထွက်ကာ တစ်ဖက်လူကို ယှဉ်ပြိုင်တိုက်ခိုက်ရန် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သွားသည်။
၎င်းသည် ယခုအခါ အဆင့် ၁၀ သို့ ရောက်ရှိနေပြီ ဖြစ်သလို ဓာတ်ငါးပါးတောင် ကိုလည်း စုပ်ယူထားသဖြင့် ယွမ်သံလိုက် ဓာတ်ငါးပါးဓား အဖြစ် ပြောင်းလဲသွားကာ အသိဉာဏ်နှင့် စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
ဖန့်ချန်က ဓားငယ်လေး၏ လှုပ်ရှားမှုကို ဖိနှိပ်ထားလိုက်သည်။
အကယ်၍ ဤလူများက ဓားငယ်လေးကို ဝိညာဉ်ရတနာ အဖြစ် သိသွားကြပါက မသေမျိုးကျောက်တုံး တစ်ထောင်ကျော်ထက်ပင် ပို၍ အလုခံရနိုင်ချေ ရှိသည်။
“ကျနော် နားလည်ပါပြီ”
ဖန့်ချန်က လက်အုပ်ချီ၍ ဆိုသည်။
“အင်း... နားလည်ရင် ပြီးတာပဲ”
ကျန်းချန်က ပြုံး၍
“မင်းက အောက်နယ်မြေ ခြောက်ခုက လာတာဆိုတော့ ကျွယ်မင်းကြယ်ကို ရောက်တဲ့အခါ အသားမကျမှာကို စိုးရိမ်လို့ပါ။ ငါကြားတာတော့ အောက်နယ်မြေ ခြောက်ခုက ကျင့်ကြံသူတွေက အရမ်း နုံအကြတယ်တဲ့။ တစ်နေ့ကုန် တွေးနေတာက ကိုယ့်ရဲ့ နယ်မြေကျဉ်းကျဉ်းလေးထဲမှာ မပြောပလောက်တဲ့ အရင်းအမြစ်လေးတွေ လုဖို့ပဲ။ ငါတို့လို ကောင်းကင် ထက်မှာ လွတ်လပ်စွာ ပျံသန်းနိုင်ဖို့ မစဉ်းစားတတ်ကြဘူး”
ကျန်းချန်၏ စကားများမှာ အလွန်ပင် ပေါ်တင် ပညာပေးနေခြင်း ဖြစ်သည်။
အကယ်၍ တစ်ဖက်လူက စိတ်မထိန်းနိုင်ဘဲ ပြန်လည် တုံ့ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်ဆက်တွဲ နှိပ်ကွပ်မှုများ တန်းစီလာပေလိမ့်မည်။
လင်းယွမ်၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ယွီဝူရှီးက တားဆီးလိုက်သည်။
ယွီဝူရှီးက လက်အုပ်ချီ ပြုံးပြရင်း
“ကျနော်တို့ ခေါင်းဆောင်အတွက်တော့ အဲဒီကိစ္စ စီနီယာကျန်း စိုးရိမ်စရာ မလိုပါဘူး။ ခေါင်းဆောင်က အရင်တုန်းက လီအမာခံ၊ နန်မင်အမာခံ၊ နောက်ဆုံး ရှောက်ကျဲ နဲ့ တွေ့တုန်းကတောင် လူရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ခဲ့ဖူးဘူး။ ဒီတစ်ခေါက် ခေါင်းဆောင် ပြန်လာတော့ ကျိအမာခံ ကိုယ်တိုင်တောင် ခေါ်ယူမေးမြန်းပြီး သွန်သင်ပေးခဲ့သေးတာပဲ။ ကျွယ်မင်နန်းတော်ရဲ့ စည်းကမ်းတွေကိုတော့ သူ အတော်အတန် နားလည်ထားပြီးသားပါ”
ကျန်းချန်၏ မျက်နှာ အမူအရာမှာ ခဏမျှ ပြောင်းလဲသွားပြီးနောက် ဟန်ဆောင်ပြုံးဖြင့် ခေါင်းငြိမ့်ပြသည်
“အင်း... ဒါဆိုလည်း ကောင်းပြီ၊ သွားကြတော့”
“နှုတ်ဆက်ပါတယ်”
ဖန့်ချန်တို့ သုံးယောက် ထွက်ခွာသွားပြီးနောက် ကျန်းချန်ဘေးမှ အဆင့် ၂ မသေမျိုးက ရုတ်တရက် မဲ့ပြုံး ပြုံးလိုက်ကာ
“ကျန်းမိတ်ဆွေ... သူတို့က အမာခံတပည့်ရဲ့ အရှိန်အဝါနဲ့ ခင်ဗျားကို လာဖိနေတာပဲ၊ တော်တော် ရယ်ရတာပဲဗျာ။ ကိုယ့်မှာ ကံကောင်းမှုလေး နည်းနည်းရှိတာနဲ့ အမာခံတွေရဲ့ မျက်စိထဲ ရောက်မယ်လို့ တကယ် ထင်နေကြတာလားမသိဘူး။ ဒီအမာခံတွေက အပြင်ပန်းမှာ ပြုံးနေပေမဲ့ စိတ်ထဲမှာတော့ ဘယ်သူ့ထက်မဆို မာနကြီးကြတာ လူတိုင်း သိတာပဲ။ အကြီးအကဲအဖွဲ့ရဲ့ အမိန့်ကိုတောင် တစ်ခါတလေ ပြန်ငြင်းတတ်ကြတာ။ ဒီလို ပုရွက်ဆိတ်လေးတွေက ဘာများ အရေးပါမှာမို့လို့လဲ ”
“ငါ မသိဘူးလား မင်းက ငါ့ကို သတိပေးဖို့ လိုလို့လား ”
ကျန်းချန်၏ မျက်နှာ အုံ့မှိုင်းသွားရာ ထိုအဆင့် ၂ မသေမျိုးမှာ ကြောက်ရွံ့သွားရသည်။
“ဒီတစ်ခေါက် ကန့်သတ်နယ်မြေ လုပွဲမှာ ငါတို့ မပါဝင်နိုင်ခဲ့တာက အချို့အမာခံတွေက ဟန့်တားထားလို့ မဟုတ်လား။ ငါ့ဘိုးဘွားတွေ ကိုယ်တိုင် ထွက်ပြောတာတောင် မရဘူး။ ဒါပေမဲ့ အကြောင်းမရှိဘူး၊ အခု ငါတို့က အသစ်တက်လာတဲ့ အမာခံနောက်ကို လိုက်နေတာဆိုတော့ ဂုဏ်ထူးမှတ်တွေက မြန်မြန် ရလာမှာပဲ”
“ငါ ငယ်ငယ်ကတည်းက ဂုဏ်ထူးမှတ်တွေ စုလာတာ အခုဆိုရင် ဂုဏ်ထူးမှတ် ၅၀၀၀ ပြည့်ဖို့ သိပ်မလိုတော့ဘူး။ ငါသာ အမာခံ ဖြစ်သွားရင် သူတို့နဲ့ တန်းတူ ထိုင်ရတော့မှာ”
ဘေးမှ အဆင့် ၁ နှင့် ၂ မသေမျိုးများမှာ အချင်းချင်း ကြည့်လိုက်ကြရင်း ပြုံး၍ မြှောက်ပင့်စကားများ ဆိုကြလေတော့သည်။
“အဲဒီ ဖန့်ချန် ကို... မင်းတို့ တစ်ခုခု အကြောင်းပြပြီး နှင်ထုတ်လိုက်ကြ။ ဘယ်လို မျိုးရိုးကမို့လို့ ငါနဲ့ နာမည် တူရတာလဲ ”
ကျန်းချန်က ရုတ်တရက် အမိန့်ပေးလိုက်သည်။
လူများမှာ စိတ်လှုပ်ရှားသွားကြပြီး ခေါင်းငြိမ့်လိုက်ကြသည်။
လင်းယွမ်တို့ နှစ်ယောက်၏ ကျင့်ကြံရေးလိုဏ်ဂူများမှာ အတူတူပင် ရှိကြသည်။
ထိုနေရာတွင် လွတ်နေသော လိုဏ်ဂူတစ်ခုကိုလည်း ဖန့်ချန်အတွက် သူတို့ ကြိုတင် ပြင်ဆင်ပေးထားသဖြင့် တိုက်ရိုက်ပင် ဝင်ရောက် နေထိုင်နိုင်သည်။
“ခေါင်းဆောင်... အဲဒီ ကျန်းချန်က မရိုးရှင်းဘူး။ သူက ကျနော်တို့လိုပဲ အပြင်ပန်း ကျင့်ကြံသူ အဆင့်ပဲ ရှိပေမဲ့ သူ့ရဲ့ မျိုးရိုးက မသေးဘူး။ အကြီးအကဲအဖွဲ့ထဲက တစ်ယောက်ယောက်ရဲ့ မြေး ဖြစ်နိုင်တယ်”
ယွီဝူရှီးက ဖန့်ချန်၏ လိုဏ်ဂူအတွင်းရှိ ဖုန်များကို ဂါထာဖြင့် သန့်ရှင်းပေးရင်း သတိပေးလိုက်သည်။
“အဲဒီကောင်က သူ့မျိုးရိုးက ကျနော်တို့ထက် သာနေတာကို အားကိုးပြီး ကျနော်တို့ကို နေရာတကာ လာနှိပ်ကွပ်နေတာ။ ကျနော်သာ သူ့လို မျိုးရိုးရှိရင် အခုလောက်ဆို အဆင့် ၄ မသေမျိုးတောင် ဖြစ်နေလောက်ပြီ”
လင်းယွမ်က ခနဲ့လိုက်သည်။
ယွီဝူရှီးက လင်းယွမ်ကို ကြည့်ကာ ခေါင်းခါပြသည်
“မင်း သူ့ကို အထင်သေးလွန်းတယ်။ ငါ ကျွယ်မင်ယင်လောကမှာတုန်းက စုံစမ်းကြည့်ဖူးတယ်။ ကျန်းချန်က တကယ်တော့ အဆင့် ၄ ဒါမှမဟုတ် အဆင့် ၅ မသေမျိုးတောင် အစောကြီးကတည်းက ဖြစ်နိုင်နေတာ။ သူက အဆင့် ၃ မှာပဲ ရပ်နေတာက ဂုဏ်ထူးမှတ်တွေကို နတ်ဆေးပင်နဲ့ မလဲလို့ပဲ။ အရင်က ရခဲ့တဲ့ မသေမျိုးကျောက်တုံးတွေကိုလည်း သက်တမ်းရှည်ဖို့အတွက်ပဲ သုံးခဲ့တာ။ အဓိကက အမာခံတပည့် စစ်ဆေးမှုကို ဝင်ဖို့ပဲ”
“သူက ရည်မှန်းချက်ကြီးတယ်၊ ပါရမီလည်း မဆိုးဘူး။ အကယ်၍ စစ်ဆေးခွင့် ရသွားရင် အမာခံ ဖြစ်သွားဖို့ အခွင့်အလမ်း အများကြီး ရှိတယ်။ အခုတော့ ငါတို့က သူ့ကွယ်ရာမှာ နှစ်ခွန်းလောက် ပြောနိုင်သေးပေမဲ့ သူသာ အမာခံ ဖြစ်သွားရင်တော့...”
လင်းယွမ်၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။
ယွီဝူရှီး ပြောသည်မှာ မှန်ကန်ကြောင်း သူ သိသော်လည်း ထိုဆယ်နှစ်ကျော်ပတ်လုံး နှိပ်စက်ခံရ၊ အရှက်ခွဲခံရသည်ကို တွေးမိတိုင်း စိတ်ထဲတွင် ဒေါသထွက်နေမိသည်။
“ခေါင်းဆောင်သာ သူ့ထက် အရင် အမာခံ ဖြစ်သွားရင်တော့ သူ ဒီလောက် မိုက်ရိုင်းရဲမှာ မဟုတ်ဘူး”
လင်းယွမ်က အကြာကြီး အောင့်ထားပြီးမှ ဤတစ်ခွန်းကို ပြောလိုက်သည်။
ယွီဝူရှီးကတော့ ရယ်ချင်သွားသော်လည်း လင်းယွမ်ကို ပြန်မပြောတော့ချေ။
အမာခံတပည့် ဖြစ်ဖို့
ကြာနီနတ်မိမယ်လိုမျိုး လူ့လောကနယ်မြေ ကိုးခုရဲ့ အမြင့်ဆုံး ကံတရား မျိုးနဲ့ ဆုံမှသာ ဖြစ်နိုင်သည်။
မဟုတ်ပါက အမာခံဖြစ်ရန် ခက်ခဲမှုမှာ သာမန်ကျင့်ကြံသူများ စိန်ခေါ်နိုင်သည့် အရာ မဟုတ်ချေ။
“ခေါင်းဆောင်... လိုဏ်ဂူကို သန့်ရှင်းရေး လုပ်ပေးထားပါပြီ။ ကျနော်တို့ နှစ်ယောက် တာဝန်ပြန်ထမ်းဆောင်ဖို့ သွားရဦးမယ်။ ခေါင်းဆောင် ဒီမှာပဲ ခဏ နားနေပါ၊ ကျနော်တို့ အလှည့်ကျတာဝန် ပြီးတာနဲ့ ပြန်လာပြီး ဆုံကြတာပေါ့”
ယွီဝူရှီးက ဆိုသည်။
“ခေါင်းဆောင်... ဒီလိုဏ်ဂူထဲမှာပဲ နေနော်၊ အပြင်မထွက်နဲ့။ ဟုန်အမာခံ မရှိတုန်း ကျန်းချန်က ပြဿနာ လာရှာမှာကို ကျနော် စိုးရိမ်လို့”
လင်းယွမ်က မှာကြားသည်။
ဖန့်ချန်က ပြုံး၍ ခေါင်းငြိမ့်ပြသည်
“သွားကြပါ၊ ငါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ပါတယ်”
သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ဖန့်ချန်သည် သူ၏ နယ်နိမိတ်ဘူးသီး ထဲမှ ဟွမ်ဝူကျိ နှင့် ယွမ်သံလိုက် ရွှေဓာတ်အငွေ့အသက် တစ်ခုကို ထုတ်လိုက်သည်။
“ဟွမ်ဝူကျိ .. အကာအကွယ်အစီရင် လေးငါးထပ်လောက် ခိုင်ခိုင်မာမာ ချပေးထားပါ။ ငါ အဆင့် ၁ မသေမျိုး ဖြစ်ဖို့ ပြင်ဆင်တော့မယ်”
***