တိတ်ဆိတ်ငြိမ်သက်လှသော ကျင့်ကြံရေးအခန်းငယ်အတွင်း ဖန့်ချန်၏ အရှိန်အဝါများသည် တစ်ဆင့်ပြီးတစ်ဆင့် အသွင်ကူးပြောင်းနေသည်။
ဝိညာဉ်စွမ်းအား လက်မတိုင်းသည် မျက်မြင်ကိုယ်တွေ့ပင် မသေမျိုးစွမ်းအား အဖြစ်သို့ ကူးပြောင်းသွားကြသည်။
ဤသည်မှာ ပိုးဖလံဘဝမှ လိပ်ပြာအဖြစ် အသွင်ပြောင်းလဲသကဲ့သို့ အနှစ်သာရပိုင်းဆိုင်ရာ အချိုးအကွေ့တစ်ခုပင် ဖြစ်သည်။
ပြောင်းလဲမှု ဖြစ်ပေါ်နေသည်မှာ ဝိညာဉ်စွမ်းအား တစ်ခုတည်း မဟုတ်ပေ။
သူ၏ အသွေးအသားနှင့် အရိုးအဆစ်များပါ ပါဝင်သည်။
ထိုပြောင်းလဲမှုများမှာ ပို၍ ကြီးမားလာသောအခါ ဖန့်လူသား၊ ဖန့်ထျန်းဇွန် နှင့် ဖန့်ရွှမ်ယန် ဟူသော ကိုယ်ပွားသုံးခုမှာ သူ၏ဘေးနားတွင် အလိုအလျောက် ပေါ်ထွက်လာပြီး ပုံပေါ်လာကြသည်။
မျက်ဝန်းများအတွင်း၌လည်း ရှေးဦး နတ်ဘုရားမျက်လုံး နှင့် တောက်ပသော နတ်ဘုရားမျက်လုံး တို့မှာ တစ်လှည့်စီ ပေါ်လာတတ်သည်။
ဖန့်ချန်သည် တစ်ခါတစ်ရံ သာမန်အတိုင်းဖြစ်နေပြီး တစ်ခါတစ်ရံတွင်မူ ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် ပုံစံသို့ ပြောင်းလဲသွားတတ်သည်။
သူ ကျင့်ကြံခဲ့ဖူးသမျှသော မသေမျိုးအတတ် အမျိုးမျိုးသည်လည်း ယခုအချိန်တွင် ထိန်းချုပ်၍မရဘဲ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေသည်။
ထိုပြောင်းလဲမှုများကို ဖန့်ချန်က အလွန်ပင် နှစ်ခြိုက်သဘောကျနေပြီး ၎င်းအတွင်း၌ နစ်မြောနေမိသည်။
အချိန်တိုင်း အချိန်တိုင်းတွင် မိမိ၏ အစွမ်းများမှာ တဟုန်ထိုး တိုးတက်နေသည်ကို ခံစားနေရသည်။
အချိန်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
မသိမသာပင် နှစ်ဝက်ခန့် ကြာညောင်းသွားလေပြီ။
ထိုနှစ်ဝက်အတွင်း ကျန်းချန်သည် အဆင့် ၁ မသေမျိုး အချို့ကို ခေါ်ဆောင်ကာ အပြင်ဘက်တွင် တောက်လျှောက် စောင့်ကြပ်နေခဲ့သည်။
ကျင့်ကြံရေးအခန်းအတွင်းမှ အရှိန်အဝါများမှာ အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် ကျန်းချန်၏ မျက်ဝန်းများအတွင်း၌ ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
'ဒီအဆင့်ကို ရောက်ပြီဆိုရင် အခြေခံအားဖြင့် အောင်မြင်ပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့... အကယ်လို့ မတော်တဆ တစ်ခုခုသာ ဖြစ်သွားရင်တော့ မူလအတိုင်း ပြန်ဖြစ်သွားမှာပဲ'
ကျန်းချန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။
မူလအတိုင်း ပြန်ဖြစ်သွားခြင်းမှာ ဘာမှမဖြစ်ဟု ဆိုနိုင်သော်လည်း နတ်ဆေးပင်တစ်ပင် ထပ်မံသုံးစွဲရမည် ဖြစ်သည်။
ကိုယ်ပိုင်အခြေခံကိုတော့ ထိခိုက်မှု မရှိနိုင်ပေ။
ဆန့်ကျင်ဘက်အားဖြင့် နောက်တစ်ကြိမ် အဆင့်တက်ချိန်တွင် ပို၍ ချောမွေ့သွားစေနိုင်သည်။
“မင်းတို့ ဒီအတောအတွင်း ဒီမှာနေရတာ ပင်ပန်းနေရောပေါ့။ တောင်စဉ်တစ်သိန်းထဲမှာ သွားပြီး ကင်းလှည့်လိုက်ကြဦး။ လောလောဆယ် ဘာသဘာဝဘေးအန္တရာယ်တွေ ရှိနေလဲဆိုတာ သွားကြည့်ကြ။ ငါတို့က ဒီနယ်မြေကို စောင့်ရှောက်ရသူတွေဖြစ်လို့ ဒီက သက်ရှိတွေအပေါ်မှာ တာဝန်ရှိတယ်”
ကျန်းချန်က ဘေးနားရှိ အဆင့် ၁ မသေမျိုးများကို အမိန့်ပေးလိုက်သည်။
အဆင့် ၁ မသေမျိုးများမှာ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တစ်ယောက်က တိုးတိုးလေး ဆိုသည်
“ဟုန်အမာခံက ကျနော်တို့ကို ဒီမှာ စောင့်ခိုင်းထားတာလေ။ အကယ်လို့ တာဝန် ပျက်ကွက်ခဲ့ရင်...”
“ဘာကြောက်နေတာလဲ ငါက အဆင့် ၃ မသေမျိုး၊ မင်းတို့က အဆင့် ၁ တွေ။ ငါ ဒီမှာ စောင့်နေတာက မင်းတို့ စောင့်နေတာထက် သူ့ရဲ့ ဘေးကင်းမှုကို ပိုပြီး မကာကွယ်နိုင်ဘူးလို့ ထင်နေတာလား ”
ကျန်းချန်က အေးအေးဆေးဆေးပင်
“ဒါမှမဟုတ် မင်းတို့က ငါက ဖန့်မိတ်ဆွေရဲ့ အဆင့်တက်မှုကို နှောင့်ယှက်ဖျက်ဆီးမယ်လို့ ထင်နေတာလား ”
“မထင်ရဲပါဘူး၊ မထင်ရဲပါဘူး ”
လူအချို့မှာ အလျင်အမြန်ပင် လက်အုပ်ချီလိုက်ကြသည်။
သူတို့ စဉ်းစားကြည့်လိုက်ရာ ကြီးကြီးမားမား အန္တရာယ်မရှိနိုင်ဟု ထင်ရသည်။
ထို့ပြင် တစ်ဖက်လူမှာ အဆင့် ၁ သို့ တက်လှမ်းနေခြင်းသာဖြစ်၍ ကျန်းချန်၏ ရာထူးနေရာကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်အနေဖြင့် ပြဿနာရှာရန် အကြောင်းပြချက် မရှိဟု ယူဆမိကြသည်။
ဤသည်ကို တွေးမိပြီးနောက် ကျန်းချန်ကို အငြိုးမထားစေရန်အတွက် သူတို့အားလုံး ထွက်ခွာသွားကြတော့သည်။
သူတို့ ထွက်သွားသည်နှင့် ကျန်းချန်သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် ရှေ့သို့ တိုးကာ ကျင့်ကြံရေးအခန်း ပြင်ပရှိ အကာအကွယ်အစီရင်ပေါ်သို့ လက်တစ်ဖက်ဖြင့် ဖိချလိုက်သည်။
ဘုန်း
ပြင်းထန်လှသော တုံ့ပြန်မှုစွမ်းအားတစ်ခု လွင့်စဉ်လာရာ ကျန်းချန်မှာ အပြင်းအထန် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ပေတစ်ထောင်ခန့် လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများ ထွက်ကာ အတော်လေး သနားစဖွယ် ဖြစ်သွားရသည်။
“ဒါက ဘယ်လိုဖြစ်တာလဲ ”
ကျန်းချန်မှာ တုန်လှုပ်ချောက်ချားသွားပြီး ထိုလိုဏ်ဂူကို စိုက်ကြည့်နေမိသည်။
ထိုပေါ်ရှိ အစီရင်မှာ ဤမျှ ကြောက်စရာကောင်းနေပြီး သူကဲ့သို့ အဆင့် ၃ မသေမျိုးကိုပင် တုံ့ပြန်တိုက်ခိုက်နိုင်သည်လား အဘယ်ကြောင့်နည်းတစ်ဖက်လူမှာ တက်လှမ်းခြင်းအဆင့် သာ ရှိသေးသည် မဟုတ်ပါလား။
အစီရင် အထပ်တစ်ရာ ချထားလျှင်ပင် သူ့မျက်စိထဲတွင် ပဲပြားကဲ့သို့ နူးညံ့နေသင့်သည် မဟုတ်ပါလား
သူသည် မယုံကြည်နိုင်ဘဲ လိုဏ်ဂူဆီသို့ ထပ်မံ ပြေးဝင်သွားပြန်သည်။
ရလဒ်မှာမူ အစောကအတိုင်းပင် ဖြစ်သည်။
“ဒီအစီရင်က အဆင့် ၃ မသေမျိုး ချထားတာ သေချာတယ်။ မဟုတ်ဘူး... အဆင့် ၄ တောင် ဖြစ်နိုင်တယ်။ ဘယ်သူများလဲ...”
ကျန်းချန်၏ မျက်နှာမှာ အမဲရောင် သန်းသွားသည်။
သူ့မျက်စိအောက်တွင် မည်သည့် အဆင့် ၄ မသေမျိုးက ဤနေရာ၌ အစီရင် ချသွားသည်ကို သူ လုံးဝ စဉ်းစားမရပေ။
သို့သော် သူ၏ လုပ်ရပ်အားလုံးကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ကိုမူ သူ မသိရှိခဲ့ပေ။
ဟင်းလင်းပြင်ထဲတွင် ကြီးမားလှသော နဂါးနက်လှေကြီးမှာ အရှိန်အဝါများကို ဖုံးကွယ်၍ ရပ်နားထားသည်။
စီနီယာအစ်မကြီးသည် လက်ကို နောက်ပစ်ကာ ကျန်းချန်ကို အေးစက်စွာ ကြည့်နေသည်။
လူပြက်တစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
ကြာနီနတ်မိမယ်သည် စီနီယာအစ်မကြီး၏ ဘေးတွင် ရပ်နေရင်း တိုးညှင်းစွာ ဆိုသည်
“စီနီယာအစ်မကြီး... ကျန်းအကြီးအကဲ စီစဉ်ပေးလိုက်တဲ့ ဒီလူက စိတ်ဓာတ်မကောင်းဘူး။ ဒီနှစ်တွေမှာ ကျမရဲ့ အရင်အဖော်တွေကိုလည်း အမြဲ နှိပ်ကွပ်ခဲ့တယ်။ ဒါတင်ဆိုရင်တော့ ကျန်းအကြီးအကဲရဲ့ မျက်နှာကို ထောက်ပြီး ကျမ ဘာမှ မပြောပါဘူး။ ဒါပေမဲ့ အခု သူ့ရဲ့ လုပ်ရပ်က စည်းကို ကျော်သွားပြီ။ ကျင့်ကြံသူတစ်ယောက် အဆင့် ၁ မသေမျိုး ဖြစ်ဖို့ဆိုတာ ဘယ်လောက် အရေးကြီးလဲ။ တကယ်လို့ သူသာ အနှောင့်အယှက် ပေးနိုင်ခဲ့ရင် ဖန့်မိတ်ဆွေရဲ့ အချိန် နှစ်ပေါင်းတစ်ရာ ဆုံးရှုံးသွားနိုင်သလို ဂုဏ်ထူးမှတ်နဲ့ လဲထားတဲ့ နတ်ဆေးပင်လည်း အလဟဿ ဖြစ်သွားလိမ့်မယ်”
စီနီယာအစ်မကြီးက ခေါင်းညိတ်ကာ
“မှန်တယ်။ ကျန်းချန်ရဲ့ ဒီလုပ်ရပ်က စည်းကမ်းဖောက်ဖျက်လိုက်တာပဲ။ ငါ ဒီမြင်ကွင်းကို ကျန်းအကြီးအကဲဆီ ပို့လိုက်ပြီ။ သူ ကြည့်ပြီးရင်တော့ ကျန်းချန်ကို သူ့ဘာသာသူ ထွက်ခွာသွားခိုင်းလိမ့်မယ်”
ခဏရပ်ပြီးနောက် သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာကာ ကြာနီနတ်မိမယ်ကို ကြည့်လိုက်သည်
“တကယ်တော့ ကျန်းအကြီးအကဲက ဒီလူကို နင့်ဘေးမှာ ထားပေးတာ ဘာရည်ရွယ်ချက်လဲဆိုတာ နင် မသိတာ မဟုတ်ပါဘူး။ ကျန်းချန်ရဲ့ စိတ်ဓာတ်က နည်းနည်း ညံ့ပေမဲ့ သူက အမာခံတပည့် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်။ ကျန်းအကြီးအကဲက နင်တို့ နှစ်ယောက်ကို နီးစပ်စေချင်တာ။ နင်ကလည်း ဒါကို သိနေလို့ ကျန်းချန်က စည်းကမ်းမဲ့တာ တစ်ခုခု လုပ်လိမ့်မယ်လို့ ကြိုတွေးပြီးမှ ဖန့်ချန်ရဲ့ လိုဏ်ဂူရှေ့မှာ စောင့်ကြပ်ခိုင်းဖို့ သဘောတူခဲ့တာ မဟုတ်လား”
“စီနီယာအစ်မကြီးကိုတော့ ဖုံးကွယ်လို့ မရပါဘူး။ ဒါပေမဲ့ ကျန်းချန်က ဘယ်လောက်အထိ လုပ်မလဲဆိုတာတော့ မသေချာခဲ့ဘူး။ တကယ်လို့ သူသာ ဒီလို စိတ်ပုတ်မျိုး မရှိခဲ့ရင် ကျမရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် လက်ခံဖို့ ဝန်မလေးပါဘူး”
ကြာနီနတ်မိမယ်က ဆိုသည်။
စီနီယာအစ်မကြီးက ပြုံး၍
“နင် အထင်ကြီးနေတဲ့ ဒီဖန့်ချန်က တကယ်ပဲ မဆိုးဘူး။ သူ့လိုဏ်ဂူက အစီရင်က ဖျက်ရခက်တယ်။ ဒီအစီရင်ကို ချထားတဲ့သူရဲ့ ကျင့်ကြံမှုကလည်း မနိမ့်ဘူး။ ဒါ နင့်လက်ချက်လား ”
“...”
ကြာနီနတ်မိမယ်၏ စိတ်ထဲတွင် ဖန့်ချန် ဤသို့ မည်သို့လုပ်လိုက်သည်ကို နားမလည်သော်လည်း သူမက ငြင်းဆိုခြင်း မပြုခဲ့ပေ။
“သူ အဆင့် ၁ မသေမျိုး ဖြစ်တာနဲ့ နင်တို့ ငါနဲ့အတူ လင်းကွေ့ကြယ်တာရာ ကို လိုက်ခဲ့ကြ။ ဒီတစ်ခေါက် လင်းကွေ့ကြယ်တာရာကို သွားရုံတင်မကဘဲ အောက်နယ်မြေ ခြောက်ခုဆီကိုပါ သွားရဦးမယ်”
စီနီယာအစ်မကြီးက ဆက်ပြောသည်
“ဖန့်ချန်က အောက်နယ်မြေ ခြောက်ခုက လာတာဆိုတော့ အဲဒီဒေသအကြောင်း သိလောက်တယ်။ ငါ့အတွက် လမ်းပြပေးနိုင်လိမ့်မယ်”
“အောက်နယ်မြေ ခြောက်ခု ”
ကြာနီနတ်မိမယ်မှာ အံ့အားသင့်သွားပြီး ထူးဆန်းသောအမူအရာဖြင့်
“စီနီယာအစ်မကြီး... အောက်နယ်မြေ ခြောက်ခုကို ဘာသွားလုပ်မလို့လဲ ”
“ဒါ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ ကျွယ်မင်နန်းတော်နဲ့ မဆိုင်ဘူး။ အကယ်လို့ နင် မလိုက်ချင်ရင်လည်း ငါ သူ့တစ်ယောက်တည်းကို ခေါ်သွားရင် ရတယ်။ ငါ့ရဲ့ အဖွဲ့ဝင်တွေကတော့ ဒီမှာပဲ ကျန်ခဲ့လိမ့်မယ်”
“ရပါတယ်၊ စီနီယာအစ်မကြီးနဲ့အတူ လိုက်ခဲ့ပါ့မယ်။ ကျမ လည်း အောက်နယ်မြေ ခြောက်ခုကို တစ်ခါမှ မရောက်ဖူးတော့ စိတ်ဝင်စားမိသား”
သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း ကျန်းချန်သည် ကျင့်ကြံရေးအခန်းကို ထပ်မံ တိုက်ခိုက်နေပြန်သည်။
ရလဒ်မှာမူ အချည်းနှီးပင်။
မအောင်မြင်မှု သုံးကြိမ် ဖြစ်သွားပြီးနောက် ကျန်းချန်သည် ထပ်မံ မကြိုးစားတော့ဘဲ ဝတ်စုံကို သပ်သပ်ရပ်ရပ် ပြန်ပြင်လိုက်ကာ ဘာမှ မဖြစ်ခဲ့သကဲ့သို့ တည်ငြိမ်သော မျက်နှာထားကို ပြန်လည် တပ်ဆင်လိုက်သည်။
အချိန်များမှာ နောက်ထပ် လအနည်းငယ် ထပ်မံ ကုန်ဆုံးသွားသည်။
လင်းယွမ် နှင့် ယွီဝူရှီး တို့သည် တာဝန်ကျချိန် ပြီးဆုံး၍ ပြန်ရောက်လာကြသည်။
ဖန့်ချန်မှာ အဆင့်တက်နေဆဲဖြစ်ပြီး ကျန်းချန်က အပြင်မှာ စောင့်နေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာထားများမှာ ပြောမပြတတ်အောင် ထူးဆန်းနေတော့သည်။
“မင်းတို့ ငါ ဒီမှာ ရှိနေတာကို စိတ်မချတာလား ”
ကျန်းချန်က သူတို့နှစ်ဦး ရပ်နေပြီး မထွက်သွားသည်ကို မြင်သောအခါ ပြုံး၍ မေးလိုက်သည်။
“စီနီယာကျန်းကလည်း နောက်နေပြန်ပြီ။ စီနီယာကျန်း ဒီမှာ စောင့်ပေးနေမှတော့ ခေါင်းဆောင်အတွက် စိတ်ပူစရာ ဘာရှိမှာလဲ”
ယွီဝူရှီးက ပြုံး၍ လက်အုပ်ချီ ဆိုသည်။
“ဒါဆိုရင်လည်း... မင်းတို့ ဘာလို့ မသွားကြသေးတာလဲ ”
ကျန်းချန်၏ မျက်နှာတွင် အပြုံးရှိနေဆဲပင်။
ယွီဝူရှီး နှင့် လင်းယွမ် တို့၏ အမူအရာများ ပြောင်းလဲသွားသည်။
လင်းယွမ်သည် ကျန်းချန်၏ နှိပ်ကွပ်မှုများကို ထပ်မံ သည်းမခံနိုင်တော့ဘဲ ဆဲဆိုလိုက်လေတော့သည်
“ကျန်းချန်... ခွေးသား မင်း လွန်မလာနဲ့နော်။ မဟုတ်ရင် ငါ ဟုန်အမာခံဆီ သွားပြီး မင်းအကြောင်း တိုင်လိုက်မယ် ”
ကျန်းချန် တစ်ခဏမျှ ဆွံ့အသွားသည်။
လင်းယွမ်က သူ့ကို ဤသို့ ဆဲရဲလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် တုံ့ပြန်ရန် ခဏမျှ ကြောင်သွားရလေသည်။