ယုံချင့်နန်းဆောင်။
ချင်ယိသာမက မိဖုရားဆောင်ထဲရှိ အလှလေးများအားလုံး ဤနေရာတွင် စုဝေးနေကြခြင်းဖြစ်၏။
ဟန်းကော့က ပျင်းရိစွာ လဲလျောင်းနေပြီး သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အိပ်ချင်မူးတူး အရိပ်အယောင်လေးများ ရှိနေကာ ဖော်ပြ၍မရနိုင်သော မိခင်မေတ္တာ အငွေ့အသက်များက သူမ၏ တစ်ကိုယ်လုံးတွင် လွှမ်းခြုံနေလေသည်။
ချင်ယိက ဟန်းကော့၏ဘေးတွင် ရပ်ကာ သူမကို ကြင်နာယုယစွာ ကြည့်နေခဲ့သည်။
"လာ... ငါ့ကလေးလေး ဘာတွေလုပ်နေလဲဆိုတာ နားထောင်ကြည့်ရအောင်"
ချင်ယိက ညင်သာစွာ ပြုံးလိုက်ပြီး မစောင့်နိုင်တော့ဘဲ ဟန်းကော့၏ ဝမ်းဗိုက်နားသို့ ခေါင်းကို ကပ်ကာ နားထောင်လိုက်သည်။
မွှေးပျံ့သောရနံ့လေးက နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ကိုယ်ဝန်ဆောင်ပြီးနောက် ဟန်းကော့၏ ကိုယ်အပူချိန်က သာမန်လူများထက် ပိုမိုမြင့်မားနေပြီး ချင်ယိက သူမ၏ကိုယ်အပူချိန်ကို အလွယ်တကူ ခံစားသိရှိနိုင်ပေသည်။
သို့သော်လည်း အချိန်အတော်ကြာ နားထောင်ပြီးနောက်တွင် မည်သည့် လှုပ်ရှားမှုကိုမျှ မတွေ့ရချေ။
"ဘာလို့ ဒီကလေးလေးက မလှုပ်တာလဲ"
ချင်ယိက မျက်မှောင်ကြုတ်ကာ အံ့သြတကြီး မေးလိုက်သည်။
"ယောကျ်ားရယ်... ကလေးလေးက တစ်လပဲ ရှိသေးတာ၊ ပုံပန်းသဏ္ဍာန်တောင် မပေါ်သေးဘူးလေ။ ဘယ်လိုလုပ် လှုပ်ရှားမှု ရှိနိုင်ဦးမှာလဲ"
လျိုရီရီက ဘာပြောရမှန်းမသိဖြစ်သွားပြီး ချင်ယိကို ဟန်းကော့၏ အနားမှ ဆွဲဖယ်လိုက်လေသည်။
"ဟားဟားဟား... ဟုတ်သားပဲ"
ချင်ယိက ရုတ်တရက် သတိဝင်လာပြီး ရယ်မောကာ သူ၏ နောက်စေ့ကို ပွတ်သပ်လိုက်သည်။
ဖခင်တစ်ယောက်ဖြစ်လာတော့မည်ဟု ပထမဆုံး ကြားသိလိုက်ရသော ချင်ယိမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပေသည်။ အချိန်တွေ မြန်မြန်ကုန်သွားဖို့ကိုသာ သူ အမြဲတွေးနေမိပြီး သူ၏စိတ်ကူးထဲတွင် နောက်တစ်ခဏမှာပင် ကလေးလေးကို မွေးဖွားလာစေချင်နေသည်။
ထိုသို့ဆိုလျှင် ဖခင်တစ်ယောက်ဖြစ်ရခြင်း၏ ပျော်ရွှင်မှုကို သူ ခံစားနိုင်မည် မဟုတ်ပါလော။
သို့သော် သာမန်လူများပင် ကိုယ်ဝန် ဆယ်လလွယ်ပြီးမှသာ ကလေးမွေးဖွားနိုင်သည်ကို သူ မေ့နေခဲ့သည်။
ဟန်းကော့၏ ဝမ်းဗိုက်ထဲရှိ ကလေးငယ်လေးဆိုလျှင် ကိုယ်ဝန်ဆောင်ရန် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ဦးမည်ဖြစ်ရာ ပြောနေစရာပင် မလိုတော့ချေ။
တစ်လတည်းဖြင့် ဟန်းကော့၏ ဝမ်းဗိုက်အောက်ပိုင်းက ဖောင်းတက်လာသည့် အရိပ်အယောင်မျှပင် မပြသေးရာ ဘယ်လိုလုပ်ပြီး သန္ဓေသား လှုပ်ရှားမှု ရှိနိုင်ပါမည်နည်း။
"အရူးကြီး"
မိန်းကလေးများက ချင်ယိကို ကြည့်ကာ ပြုံးစိစိဖြင့် မနေနိုင်ဘဲ လှောင်ပြောင်လိုက်ကြရာ သူတို့၏ ကြည်လင်သော ရယ်မောသံလေးများက နန်းဆောင်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ကလေးလေး... သားရဲ့ အဖေကို ကြည့်ပါဦး၊ အရူးကြီးကျနေတာပဲ"
ဟန်းကော့က မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခုဖြင့် သူမ၏ ဝမ်းဗိုက်ထဲရှိ ကလေးလေးကို တိုးတိုးလေး ပြောလိုက်လေသည်။
"ကိုယ့်ယောကျ်ားကိုတောင် ရယ်ရဲတယ်ပေါ့လေ၊ မိသားစုစည်းမျဉ်းနဲ့ အပြစ်ပေးလိုက်ရမလား"
ချင်ယိက ရက်စက်သည့်ဟန် ဖမ်းကာ မိန်းကလေးများကို ဝေ့ဝဲကြည့်လိုက်သည်။
"ဟိဟိ... လာလေ"
ထင်မှတ်မထားစွာပင် လျိုရီရီနှင့် အခြားမိန်းကလေးများက လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ နောက်ပြောင်ကာ ပြောလိုက်ကြသည်။
"လာပါ... ကျွန်မတို့အားလုံးလည်း ယောကျ်ားအတွက် မင်းသားလေးတစ်ပါး မွေးပေးချင်နေကြတာ"
အမြဲတမ်း တည်ငြိမ်ရင့်ကျက်လေ့ရှိသော လျိုရီရီပင်လျှင် မျက်စိတစ်ဖက်မှိတ်ကာ နောက်ပြောင်လိုက်သည်။
သူမ၏ လှပသော မျက်လုံးအစုံက မြူခိုးများ ရစ်သိုင်းနေသည့်အလား အလွန်အမင်း ဆွဲဆောင်မှု ရှိနေလေသည်။
"အဟမ်း"
ယခုတော့ ချင်ယိ အလှည့်ရောက်သွားပြီး နောက်ဆုတ်သွားရသည်။
ဟန်းကော့ ကိုယ်ဝန်ရှိသွားကတည်းက လျိုရီရီအပါအဝင် ဤနတ်မိမယ်လေးများတစ်စုသည် ပို၍ပို၍ တွယ်ကပ်လာကြပြီး ချင်ယိနှင့်အတူ အိပ်စက်ရန် အလုအယက် ဖြစ်နေခဲ့ကြသည်။
ဟန်းကော့ကို အားကျနေမှုက လျိုရီရီနှင့် အခြားမိန်းကလေးများကို ငြိမ်ငြိမ်မထိုင်နိုင်အောင် ဖြစ်စေခဲ့ပြီး ချင်ယိ၏ကလေးကို ကိုယ်ဝန်ဆောင်ချင်နေကြခြင်း ဖြစ်၏။
ယခင်က အတူအိပ်စက်ခြင်းကို ငြင်းဆန်လေ့ရှိသော မိန်းကလေးများပင်လျှင် ယခုအခါ ဆက်လက် မငြင်းဆန်ကြတော့ချေ။
ထို့ကြောင့် အင်ပါယာအရှင်သခင်သည် ညစဉ်ညတိုင်း ပြုံးစိစိဖြစ်နေသော နတ်မိမယ်လေးများ တစ်စုကို ရင်ဆိုင်နေရလေသည်။
အထူးသဖြင့် စူးတာ့ကျီရောက်လာပြီးနောက် မည်သည့်အချိန်ကတည်းကမှန်းမသိ၊ လျိုရီရီနှင့် အခြားမိန်းကလေးများက စူးတာ့ကျီနှင့်ပေါင်းကာ သူမထံမှ အိပ်ခန်းတွင်း လှည့်ကွက်မျိုးစုံကို သင်ယူခဲ့ကြသည်။
ဤအချိန်တွင် အင်ပါယာအရှင်သခင်၏ ညစဉ်ဘဝသည် နာကျင်ပေမယ့် ပျော်ရွှင်နေရပြီး အနည်းငယ်ပင် ခံနိုင်ရည်မဲ့လုနီးပါး ဖြစ်နေရလေတော့သည်။
အကြိမ်တိုင်းတွင် အင်ပါယာအရှင်သခင်က သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အားကိုးကာ မိန်းကလေးများကို အရှုံးပေးသွားစေခဲ့သော်လည်း ချင်ယိအနေဖြင့် အနည်းငယ် ထိန်းချုပ်ရပေမည်။
ဤအတိုင်းသာ ဆက်သွားနေပါက မိန်းကလေးများ၏ ကျန်းမာရေးအတွက် ကောင်းမွန်သော ကိစ္စတစ်ခု မဟုတ်ချေ။
"ဟိဟိ"
ချင်ယိ၏ အမူအရာကို မြင်သောအခါ မိန်းကလေးများက ထပ်မံ ရယ်မောလိုက်ကြပြန်သည်။
ရုတ်တရက် ယုံချင့်နန်းဆောင်တစ်ခုလုံးသည် အလှတရားများဖြင့် ပြည့်နှက်သွားလေသည်။
ချင်ယိက ညင်သာစွာ ချောင်းဟန့်လိုက်ပြီး အင်ပါယာအရှင်သခင်၏ ခန့်ညားမှုကို ပြသရန် ပြင်ဆင်လိုက်သည်။
"အရှင်မင်းကြီးကို သံတော်ဦးတင်ပါတယ်၊ ကျုံးကျိုးက ယင်ယန်ဂိုဏ်းချုပ်၇ အရှင်မင်းကြီးကို ဝင်ရောက်ဖူးမြော်ခွင့် တောင်းခံနေပါတယ်"
ဤအချိန်တွင် ကျောက်ယွင်၏အားပါသော အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
"ယင်ယန်ဂိုဏ်းချုပ်လား"
.........
ချန်လုံနန်းဆောင်။
နဂါးရစ်ခွေနေသော တိုင်လုံးကြီးများက ဤခမ်းနားထည်ဝါသော နန်းတော်ကြီးကို ထောက်မထားခဲ့သည်။
လေးလံသော ကနဦးစွမ်းအင်များက နန်းဆောင်ထဲတွင် ညင်သာစွာ လွင့်မျောနေ၏။
မှေးမှိန်နေပြီး မရေမတွက်နိုင်သော လျှို့ဝှက်ချက်များ ပါဝင်နေကာ ကနဦးစွမ်းအင်များထဲတွင် ကျယ်ပြောလှသော ကမ္ဘာကြီးတစ်ခု သန္ဓေတည်နေသည့်အလား ချန်လုံနန်းဆောင်ကို ထာဝရ နန်းတော်ကြီးတစ်ခုကဲ့သို့ ဖြစ်စေလေသည်။
နန်းဆောင်၏ အလယ်ဗဟိုရှိ နဂါးပလ္လင်ပေါ်တွင် ချင်ယိက ထိုင်နေပြီး ကျယ်ပြောလှသော လောကကြီးကို ခြေအောက်တွင် နင်းထားသည့်အလား ငုံ့ကြည့်နေပေသည်။
ရွှေရောင်နဂါးစွမ်းအင်များက ချင်ယိ၏ ပတ်လည်တွင် ရစ်သိုင်းနေပြီး အင်ပါယာအရှင်သခင်၏ အမြင့်မြတ်ဆုံးသော ခန့်ညားမှုကို ပေါ်လွင်စေနေခဲ့သည်။
နန်းဆောင်ထဲတွင် ချင်ယိအပြင် အခြားပုံရိပ်တစ်ခုလည်း ရှိနေခဲ့သည်။
ငွေရောင်တိမ်တိုက်ပုံစံများ ထိုးထွင်းထားသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံထိုးဖြင့် ဆံပင်ကို ထုံးဖွဲ့ထားကာ ခြေထောက်တွင် ချည်ဖိနပ်တစ်ရန်ကို စွပ်ထားရာ သာမန်တာအိုကိုယ်တော် တစ်ပါးအလား ဖြစ်နေပေသည်။
သို့သော်လည်း သေချာစွာ ကြည့်မည်ဆိုပါက ဤတာအိုကိုယ်တော်၏ ကြောက်မက်ဖွယ် ကောင်းပုံကို မြင်တွေ့နိုင်သည်။
မျက်လုံးများက နံနက်ခင်းကြယ်ပွင့်များအလား တောက်ပနေပြီး သူ၏အရှိန်အဝါက တောင်တန်းကြီးတစ်ခုအလား ထွက်ပေါ်နေခဲ့သည်။
လက်နောက်ပစ်လျက် ရပ်နေပြီး လက်ကိုမြှောက်ကာ ခြေကိုလှမ်းလိုက်တိုင်း ကောင်းကင်နှင့် မြေကြီး ပေါင်းစပ်သွားသည့်အလား သဘာဝကျပြီး ကြယ်တာရာများကိုပင် ထိန်းချုပ်ထားနိုင်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေပေသည်။
"ယင်ယန်ဂိုဏ်းချုပ်ဝူကူက အင်ပါယာအရှင်သခင်ကို ဂါရဝပြုပါတယ်"
တာအိုကိုယ်တော်က အနည်းငယ်ဦးညွှတ်လိုက်ပြီး သူ၏အသံက လေပြေသွေးသလို ညင်သာသော်လည်း ချင်ယိ၏ နားထဲတွင်တော့ ရှင်းလင်းစွာ ကြားနေရလေသည်။
"ပုလော့အင်ပါယာမင်းဆက်က ချင်ယိပါ၊ ဝူကူ အရှင်သခင်ကို တွေ့ရတာ ဝမ်းသာပါတယ်"
ချင်ယိက နက်ရှိုင်းသော မျက်လုံးအစုံဖြင့် ခပ်အေးအေးပင် ပြောလိုက်သည်။
ဝူကူတာအိုဆရာရောက်လာသည့် ရည်ရွယ်ချက်ကို သူ အံ့သြမိသော်လည်း ချင်ယိက သူ၏မျက်နှာပေါ်တွင် အနည်းငယ်မျှပင် အရိပ်အယောင် မပြခဲ့ချေ။
ပြောရမည်ဆိုလျှင် ဤ ဝူကူတာအိုဆရာနှင့် ချင်ယိတို့မှာ အချိန်အတော်ကြာကတည်းက ပတ်သက်မှု ရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။
ချင်းကျိုးရှိ ယင်ယန်ဂိုဏ်းခွဲသည် ပုလော့မင်းဆက်၏ လက်အောက်သို့ ဝင်ရောက်ခိုလှုံခဲ့ပြီး ယင်ယန်ဂိုဏ်းခွဲက ရွှမ်ယွမ်ပိုင်သစ်သားကိုပင် ဆက်သခဲ့ကာ ဘုရင့်နဂါးဓားကို အင်ပါယာနဂါးဓားအဖြစ်သို့ အဆင့်မြှင့်တင်ပေးခဲ့သည် မဟုတ်ပါလော။
ထိုကိစ္စများ၏နောက်ကွယ်တွင် ဝူကူ တာအိုဆရာ၏ လက်ချက်ပါဝင်နေမည်ဟု ချင်ယိက တွက်ဆထားခဲ့သည်။
ချင်းကျိုးရှိ ယင်ယန်ဂိုဏ်းခွဲက ပုလော့အင်ပါယာမင်းဆက်၏ လက်အောက်သို့ ခိုလှုံလာခြင်းသည် ဤပုဂ္ဂိုလ်၏ တိတ်တဆိတ် သဘောတူခွင့်ပြုချက် သို့မဟုတ် ညွှန်ကြားချက်မပါဘဲ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
ချင်းကျိုး ယင်ယန်ဂိုဏ်းမှ လူများက ဒီလိုလုပ်ဖို့ ဘယ်လိုလုပ် ရဲတင်းပါမည်နည်း။
"ဝူကူအရှင်သခင်က ဘာကိစ္စများ ရှိလို့ ပုလော့မင်းဆက်ကို ရောက်လာရတာလဲဆိုတာ မသိရဘူးလား"
ချင်ယိက စိတ်ထဲတွင် တွေးတောနေသော်လည်း အပြင်ဘက်တွင်မူ တည်ငြိမ်စွာ မေးလိုက်သည်။
"ကျုပ်က ထျန်းယောင်ကုန်းမြေတိုက်ကြီးရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကိစ္စအတွက် ရောက်လာခဲ့တာပါ"
ဝူကူတာအိုဆရာ၏ စကားများက အလွန်အမင်း အံ့သြတုန်လှုပ်ဖွယ် ကောင်းလှပေသည်။
"ဟင်"
ထိုစကားကိုကြားသောအခါ ချင်ယိက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
"ဝူကူ အရှင်သခင်... ဘာကိုဆိုလိုချင်တာလဲ"
နဂါးပလ္လင်ပေါ်တွင် ချင်ယိက ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး ဝူကူတာအိုဆရာကို စိုက်ကြည့်လိုက်သည်။
၎င်းက အလွန်သေးငယ်သော လှုပ်ရှားမှုလေးတစ်ခုသာဖြစ်သော်လည်း ချန်လုံနန်းဆောင်ထဲရှိ လေဟာနယ်က ချေမွခံလိုက်ရတော့မည့်အလား ချက်ချင်း ဖိနှိပ်ခံလိုက်ရလေသည်။
နန်းဆောင်ထဲရှိ ကနဦးစွမ်းအင်များပင်လျှင် ချေမွခံလိုက်ရသည်။
ချင်ယိက လှေကားထစ်အောက်ရှိ ဝူကူတာအိုဆရာကို ငုံ့ကြည့်လိုက်ရာ လောကကြီးကို စိုးမိုးထားသူက ပုရွက်ဆိတ်များကို အေးစက်စွာ စိုက်ကြည့်နေသည့်အလား ဖြစ်နေပေသည်။
ထိုက်ရွှီတောင်တန်း တိုက်ပွဲအပြီးတွင် တောင်တန်း မြစ်ချောင်းသင်္ကေတရှစ်ခုအစီရင်ကိုလည်း ချင်ယိက အင်ပါယာမြို့တော်သို့ ပြောင်းရွှေ့လာခဲ့သည်။ ၎င်း၏ အလယ်ဗဟိုအစီအရင်သည် ဤနဂါးပလ္လင်အောက်တွင် ရှိနေလေသည်။
ချင်ယိက နဂါးပလ္လင်ပေါ်တွင် ထိုင်နေပါက သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် သူတော်စင်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်ပေသည်။
တောင်တန်းမြစ်ချောင်းသင်္ကေတရှစ်ခုအစီရင်၏ တိုးတက်ပြောင်းလဲလာမှုနှင့် ချင်ယိ၏ကျင့်ကြံခြင်းအဆင့်တိုးတက်လာမှုတို့ ပေါင်းစပ်လိုက်မည်ဆိုပါက သူတော်စင်စတုတ္ထအဆင့်အောက်ရှိ မည်သည့် သူတော်စင်စွမ်းအားရှင်ကိုမဆို သူ ကြောက်ရွံ့စရာ မလိုတော့ချေ။
ထို့ကြောင့် ချင်ယိက သူ၏အတွေးတစ်ချက်ဖြင့်ပင် မရေမတွက်နိုင်သော မုန်တိုင်းများကို ဖန်တီးနိုင်စွမ်း ရှိလေသည်။
အတွေးတစ်ချက်ဖြင့် ပင်လယ်ကို ရွေ့လျားစေနိုင်ပြီး အတွေးတစ်ချက်ဖြင့် နတ်ဘုရားများနှင့် သရဲတစ္ဆေများကိုပင် ငိုကြွေးစေနိုင်သည်။
ဤအခိုက်အတန့်တွင် ချင်ယိ၏တိုက်ခိုက်ရေးစွမ်းအားသည် သူ၏ရှေ့ရှိ ဝူကူတာအိုဆရာထက် အားနည်းခြင်းမရှိသည့်အပြင် ပို၍ပင် အစွမ်းထက်နေသေးသည်။
မည်သို့ပင်ဆိုစေ ဤနေရာက ချင်ယိ၏ ကိုယ်ပိုင်ပိုင်နက် ဖြစ်သည် မဟုတ်ပါလော။
***