"ဝူကူအရှင်သခင်... ကျွန်တော့်ကို သင့်တော်တဲ့ ရှင်းပြချက်လေးတစ်ခု ပေးလို့ရမလား"
ခန့်ညားထည်ဝါသောအသံက ကနဦးစွမ်းအင်များထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ရိုးရိုးသားသားပြောရလျှင် ဝူကူတာအိုဆရာ၏ ရည်ရွယ်ချက်ကို ချင်ယိ တွေးတောနေခဲ့မိသည်။
ချင်းကျိုးရှိ ယင်ယန်ဂိုဏ်းခွဲအတွက် ရောက်လာခြင်းလား၊ ချင်ယိထံမှ အကျိုးအမြတ်တစ်ခုခု တောင်းဆိုရန်လား သို့မဟုတ် အခြားသော အရေးကြီးကိစ္စရပ်များအတွက်လား ဆိုသည်ကိုပေါ့။
သို့သော်လည်း ဝူကူတာအိုဆရာက စကားစပြောချိန်တွင် ဤသို့ပြောလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ချေ။
ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကိစ္စအတွက် ရောက်လာခဲ့သည်တဲ့လား။
"အင်ပါယာအရှင်သခင်က နယ်ချဲ့နတ်ဆိုးတွေအကြောင်းကို နတ်မိမယ်ကျိုးလင်ဆီကနေ ကြားသိပြီးလောက်ပြီလို့ ထင်ပါတယ်"
ချင်ယိ၏အရှိန်အဝါအောက်တွင် ဝူကူတာအိုဆရာက နွေဦးလေပြေအလား ပြုံးလျက် ပြောလိုက်သည်။
"ဟုတ်တယ်"
ချင်ယိက ခေါင်းညိတ်ပြလိုက်၏။
ဝူကူတာအိုဆရာ၏ အသိပညာဗဟုသုတများကြောင့် ချင်ယိအနေဖြင့် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်ချေ။
"ဒါဆိုရင် အဲဒီ နယ်ချဲနတ်ဆိုးတွေရဲ့ အင်အားကိုရော အင်ပါယာအရှင်သခင် သိပါသလား"
ဝူကူတာအိုဆရာက ချက်ချင်းပင် မျက်နှာကို တည်တင်းလိုက်ပြီး လေးနက်စွာ မေးလိုက်သည်။
"ဂိုဏ်းချုပ်က ရွှမ်ယဲ့အင်ပါယာအရှင်သခင်ကို ဆိုလိုချင်တာလား"
ချင်ယိက ညည်းတွားလိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်လေသည်။
"ဟုတ်ပါတယ်။ ကျုပ်ဆိုလိုတာက ရွှမ်ယဲ့အင်ပါယာအရှင်သခင်ပါပဲ"
ဝူကူတာအိုဆရာက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ ပြောလိုက်လေသည်။
"အို"
ချင်ယိက မျက်ခုံးပင့်လိုက်သည်။ ဝူကူတာအိုဆရာက နတ်မိမယ်ကျိုးလင်ထက်ပင် ရှေးဟောင်းခေတ်၏ လျှို့ဝှက်ချက်များကို ပို၍သိရှိထားကြောင်း ထင်ရှားနေပေသည်။
"ရှေးဟောင်းခေတ်တိုက်ပွဲမှာ ရွှမ်ယဲ့အင်ပါယာအရှင်သခင်ဟာ ထိုက်ရွှီရှေးဟောင်းသူတော်စင် ဦးဆောင်တဲ့ စွမ်းအားရှင်ကြီးတွေရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားခဲ့ပြီး နယ်မြေပြင်ပက ကနဦးစွမ်းအင်တွေကြားထဲမှာ ချိတ်ပိတ်ခံလိုက်ရပါတယ်။ ထိုက်ရွှီရှေးဟောင်းသူတော်စင်နဲ့ အခြားစွမ်းအားရှင်ကြီးတွေ ချန်ရစ်ခဲ့တဲ့ စကားတွေအရ ရွှမ်ယဲ့အင်ပါယာအရှင်သခင်က သူကိုယ်တိုင် ချိတ်ပိတ်မှုကို ချိုးဖောက်ဖို့ဆိုရင် အနည်းဆုံး နှစ်သန်းပေါင်းသောင်းချီ အချိန်ယူရလိမ့်မယ်လို့ ဆိုပါတယ်"
ဝူကူတာအိုဆရာက လွတ်လပ်စွာ ပြောဆိုလိုက်ပြီး ချင်ယိအတွက် ရှေးဟောင်းလျှို့ဝှက်ချက်များကို ရှင်းပြလိုက်သည်။
ဤနေရာတွင် ဝူကူတာအိုဆရာသည် ချင်ယိ စိတ်ကူးထားသည်ထက်ပင် ပိုမိုများပြားသော အရာများကို နားလည်သဘောပေါက်ထားကြောင်း မြင်တွေ့နိုင်ပေသည်။
"သူကိုယ်တိုင်ချိတ်ပိတ်မှုကို ချိုးဖောက်ဖို့ဆိုတော့... ရွှမ်ယဲ့အင်ပါယာအရှင်သခင်ကို ဖိနှိပ်ထားတဲ့ ဝင်္ကပါ အစီအရင်ကို ကြိုတင်ဖျက်ဆီးဖို့ နည်းလမ်းရှိလို့လား"
ထိုစကားကို ကြားသောအခါ ချင်ယိက ဝူကူတာအိုဆရာ၏ စကားထဲမှ အဓိကအချက်ကို ဖမ်းဆုပ်လိုက်သည်။
"မှန်ပါတယ်"
ဝူကူတာအိုဆရာက သက်ပြင်းရှည်ကြီး ချလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်၏။
"ရှေးဟောင်းတိုက်ပွဲမှာ ရွှမ်ယဲ့အင်ပါယာအရှင်သခင်ကို ချိတ်ပိတ်နိုင်ခဲ့တဲ့ အကြောင်းရင်းကတော့ နတ်ဆိုးမျိုးနွယ်စုက ပုဂ္ဂိုလ်ကြီးတစ်ပါးက သူ့ကိုယ်သူ စတေးပြီး ဧရာမ ဝင်္ကပါအစီအရင်ကြီးတစ်ခုအဖြစ် ပြောင်းလဲပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရနေတဲ့ ရွှမ်ယဲ့ အင်ပါယာအရှင်သခင်ကို ဖိနှိပ်ထားခဲ့လို့ပါပဲ"
"အကယ်၍ အဲဒီ ဝင်္ကပါအစီအရင်ကို ဖျက်ဆီးချင်တယ်ဆိုရင် အဲဒီနတ်ဆိုးမျိုးနွယ်စု ပုဂ္ဂိုလ်ကြီးရဲ့သွေးကို အသုံးပြုပြီး ချိတ်ပိတ်မှုကို ချိုးဖောက်နိုင်ပါတယ်"
"နယ်မြေပြင်ပက နတ်ဆိုးတွေထဲက ရှေးဟောင်းသူတော်စင် ပုဂ္ဂိုလ်ကြီးတစ်ပါးက ရှေးဟောင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဖြစ်တဲ့ မြောက်ပိုင်းရေခဲကန္တာရမှာရှိတဲ့ ထျန်းမန်ကြယ်ခုနစ်ပွင့်ဝင်္ကပါရဲ့ အားနည်းချက်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီ နတ်ဆိုးမျိုးနွယ်စုက ပုဂ္ဂိုလ်ကြီးရဲ့သွေးကို ရယူဖို့အတွက် နတ်ဆိုးသူတော်စင်တစ်ပါးကို ထျန်းယောင်ကုန်းမြေတိုက်ကြီးဆီ စေလွှတ်ခဲ့ပါတယ်"
ဝူကူတာအိုဆရာက နယ်မြေပြင်ပ နတ်ဆိုးများ၏ အကြံအစည်များကို တစ်ခုပြီးတစ်ခု ရှင်းပြလိုက်သည်။
"အဲဒီ နတ်ဆိုးကြီးက ဘယ်မျိုးနွယ်စုရဲ့ သွေးကို ပိုင်ဆိုင်ထားတာလဲ"
ချင်ယိက တည်ငြိမ်စွာ မေးလိုက်လေသည်။
"အနီရောင်နေမင်း နတ်မျောက်ဝံပါ"
ဝူကူတာအိုဆရာက တိတ်ဆိတ်စွာ ပြန်ဖြေလိုက်လေသည်။
"ရှောင်ကျင်း"
ချင်ယိက မျက်လုံးများကို အောက်သို့ချလိုက်ရာ သူ၏မျက်လုံးများထဲတွင် ထက်မြက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထိုအချိန်ကျမှသာ ချင်ယိက နားလည်သွားခဲ့သည်။ ဝူကူတာအိုဆရာ ပြောသောစကားများသာ မှန်ကန်ပါက ထိုနေ့က ရှောင်ကျင်း ခံစားမိခဲ့သော ခေါ်ဆောင်မှုသည် သွေးကြောထဲမှလာခြင်းဖြစ်ပေသည်။
ထိုနယ်မြေပြင်ပ နတ်ဆိုးကြီး၏ အစွမ်းထက်သော နည်းလမ်းများ မဟုတ်လျှင်တောင်မှ ၎င်းနှင့် သေချာပေါက် ပတ်သက်နေမည်ဟု သူ စိုးရိမ်မိသည်။
ထိုသို့ဆိုလျှင် ယခုအချိန်တွင် ရှောင်ကျင်းသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်လေသည်။
"ကောင်းပြီလေ... ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးကိုတောင် ထိခိုက်ဖို့ ကြံရွယ်ရဲတယ်ပေါ့"
ချင်ယိ၏ မျက်လုံးများက တောက်ပသွားပြီး လူသတ်လိုစိတ်များ ဖြတ်ပြေးသွားသည့်အလား ရှိလေသည်။
ချင်ယိက လွှမ်းမိုးနိုင်စွမ်းရှိပြီး သူ၏ပတ်ဝန်းကျင်ရှိ လူများကို အမြဲ ကာကွယ်ပေးလေ့ရှိသည်။
ရှောင်ကျင်းက သူ၏အိမ်မွေးတိရစ္ဆာန် ဖြစ်သည်။ သူ၏ ပထမဆုံးအိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး ချင်ယာယာ ကလေးဘဝက ကစားဖော်လည်းဖြစ်ရာ ရှောင်ကျင်း အန္တရာယ်ကြုံတွေ့နေရသည်ကို သူ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မည်နည်း။
နယ်မြေပြင်ပ နတ်ဆိုးများက ရှောင်ကျင်းကို ပစ်မှတ်ထားခြင်းက ချင်ယိ၏ ပြောင်းပြန်ကြေးခွံကို ထိလိုက်သလိုပင် ဖြစ်သည်။
နယ်မြေပြင်ပနတ်ဆိုးများက ရှောင်ကျင်းကို တိုက်ခိုက်လာခြင်းကို သူ မည်သို့ သည်းခံနိုင်ပါမည်နည်း။
ထို့အပြင် ဤကိစ္စသည် ရွှမ်ယဲ့အင်ပါယာအရှင်သခင်နှင့်ပါ ပတ်သက်နေသေးသည် မဟုတ်ပါလော။
အကယ်၍ ရွှမ်ယဲ့အင်ပါယာအရှင်သခင်သာ ချိတ်ပိတ်မှုမှ လွတ်မြောက်သွားပါက ယခုလက်ရှိ အင်ပါယာမင်းဆက်နှင့် ထျန်းယောင်ကုန်းမြေတိုက်ကြီးတို့သည် ဤအင်ပါယာအရှင်သခင်ကို တားဆီးနိုင်မည် မဟုတ်ချေ။
ခံစားချက်အရဖြစ်စေ၊ အကြောင်းပြချက်အရဖြစ်စေ ချင်ယိအနေဖြင့် လှုပ်ရှားရန် အကြောင်းပြချက် လုံလောက်နေပြီ ဖြစ်သည်။
"နယ်မြေပြင်ပ နတ်ဆိုးတွေက အဲဒီ နတ်ဆိုးကြီးရဲ့ သွေးကို ရသွားတာနဲ့ ရွှမ်ယဲ့အင်ပါယာအရှင်သခင်ရဲ့ ချိတ်ပိတ်မှုကို ချိုးဖောက်ပေးနိုင်လိမ့်မယ်"
"ထျန်းယောင်ကုန်းမြေတိုက်ကြီး အပြင်ဘက်က ထျန်းမန်ကြယ်ခုနစ်ပွင့် ဝင်္ကပါကလည်း ကျန်နေသေးတဲ့ နှစ်တစ်ထောင်အချိန်အတွင်းမှာ ထျန်းယောင်ကုန်းမြေတိုက်ကြီးကို ဆက်လက်ပြီး ကာကွယ်မပေးနိုင်တော့မှာကို ကျုပ် စိုးရိမ်မိတယ်။"
"ဒါ့အပြင် ထျန်းယောင်ကုန်းမြေတိုက်ကြီး အတွက်လည်း အနိုင်ရဖို့ အခွင့်အရေး မရှိတော့ဘူး"
ဝူကူတာအိုဆရာက မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
မူလက ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ လက်ရှိ အခြေအနေအရ နယ်မြေပြင်ပ နတ်ဆိုးများနှင့် ရင်ဆိုင်ရလျှင် မည်သူ နိုင်မည်၊ ရှုံးမည်ဆိုတာကို မသေချာသေးချေ။
အကယ်၍ ရွှမ်ယဲ့အင်ပါယာအရှင်သခင်သာ ချိတ်ပိတ်မှုမှ ထွက်ပေါ်လာပါက ထျန်းယောင်ကုန်းမြေတိုက်ကြီးသည် နယ်မြေပြင်ပ နတ်ဆိုးများ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်တော့ချေ။
ယခုလက်ရှိ အချိန်တွင် ထျန်းယောင်ကုန်းမြေတိုက်ကြီး၌ ရှေးဟောင်းသူတော်စင် ပုဂ္ဂိုလ်ကြီးတစ်ပါးမျှ မရှိတော့ရာ ရှေးဟောင်းခေတ်တိုက်ပွဲအခြေအနေမျိုးကို ပြန်လည်ဖန်တီးနိုင်ရန်ဆိုသည်မှာ အချည်းနှီးသော စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ပေသည်။
ထိုအချိန်ကျလျှင် ထျန်းယောင်ကုန်းမြေတိုက်ကြီးတွင် ခုခံနိုင်မည့် အရင်းအနှီး လုံးဝမရှိတော့ဘဲ နယ်မြေပြင်ပ နတ်ဆိုးများ၏ ကျူးကျော်မှုကို ခုခံရန် သွားရောက်ပါက သေချာပေါက် လွှမ်းမိုးချေမှုန်းခံရမည်သာ ဖြစ်သည်။
ထျန်းယောင်ကုန်းမြေတိုက်ကြီးရှိ သက်ရှိအားလုံးသည် နယ်မြေပြင်ပ နတ်ဆိုးများ၏ အကျဉ်းသားများ ဖြစ်လာကြရပေလိမ့်မည်။
"ထျန်းယောင်ကုန်းမြေတိုက်ကြီးက ပြည်သူတွေအတွက် အင်ပါယာအရှင်သခင်က ဝင်ရောက်လှုပ်ရှားပေးပြီး နယ်မြေပြင်ပ နတ်ဆိုးတွေရဲ့ အကြံအစည်ကို ဖျက်ဆီးပေးဖို့ ကျုပ် မျှော်လင့်ပါတယ်"
ဝူကူတာအိုဆရာက ဦးညွှတ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ဘာဖြစ်လို့လဲ"
ချင်ယိက ချက်ချင်းမဖြေဘဲ ဝူကူတာအိုဆရာကို စိုက်ကြည့်ကာ မေးလိုက်လေသည်။
ချင်ယိအနေဖြင့် ဝင်ရောက်လှုပ်ရှားရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ဤဝူကူတာအိုဆရာက သူ့ကို အဘယ်ကြောင့် လာရောက်ရှာဖွေရသနည်း ဆိုသည်ကို သူ သိချင်နေမိပေသည်။
မည်သို့ပင်ဆိုစေ အင်အားစုများစွာ၊ အထူးသဖြင့် အမြင့်မြတ်ဆုံးဂိုဏ်းကြီးများအကြားတွင် ပုလော့မင်းဆက်၏အင်အားသည် ရီကျန့်နန်းတော်ကဲ့သို့သော ထိပ်တန်း အမြင့်မြတ်ဆုံး ဂိုဏ်းကြီးများနှင့် မယှဉ်နိုင်သေးချေ။
ရီကျန့်နန်းတော်မှ ဓားသခင်သည် ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ် ပုဂ္ဂိုလ်ပင် ဖြစ်လေသည်။ အကယ်၍ ဝူကူတာအိုဆရာအနေဖြင့် ဤကိစ္စကို ဖြေရှင်းချင်ပါက ရီကျန့်နန်းတော်မှ ဓားသခင်ကို သွားရောက် ရှာဖွေသင့်သည် မဟုတ်ပါလော။
"ကျုပ်တို့ ယင်ယန်ဂိုဏ်းက ယင်ယန်ရှေးဟောင်းသူတော်စင်ဆီကနေ ဆင်းသက်လာခဲ့တာပါ။ နက္ခတ်ဗေဒင်နဲ့ ဟောကိန်းထုတ်တာတွေမှာ ကျွမ်းကျင်ပါတယ်။ တခြားကိစ္စတွေမှာ မတော်ပေမယ့် တွက်ချက်ဟောကိန်းထုတ်တဲ့ နေရာမှာတော့ အရမ်းကို ကျွမ်းကျင်ပါတယ်"
ဝူကူတာအိုဆရာက လက်နောက်ပစ်လျက် ယုံကြည်မှု အပြည့်ဖြင့် ရပ်နေခဲ့သည်။
ဝူကူတာအိုဆရာ ပြောသကဲ့သို့ပင် ယင်ယန်ဂိုဏ်းသည် တွက်ချက်ဟောကိန်းထုတ်ခြင်းတွင် နာမည်ကြီးလေသည်။ တွက်ချက်ခြင်းလမ်းစဉ်နှင့် ပတ်သက်လာလျှင် သူတို့က ဒုတိယဟုဆိုပါက မည်သူကမျှ ပထမဟု မခံယူရဲကြချေ။
"လူတိုင်းက ထာ့ထျန်းဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ သက်ကြီးရွယ်အိုက ရီကျန့်နန်းတော်ရဲ့ ဓားသခင်ကို မယှဉ်နိုင်ဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ ရီကျန့်နန်းတော်ရဲ့ ဓားသခင်က အဲဒီ သက်ကြီးရွယ်အိုလောက် မစွမ်းသာဘူးဆိုတာကို ဒီဘုန်းကြီးက သိနေပါတယ်"
"ဘာဖြစ်လို့လဲဆိုတော့ အင်ပါယာအရှင်သခင်ရဲ့ လက်အောက်ခံဖြစ်တဲ့ အဲဒီသက်ကြီးရွယ်အိုဟာ ရှေးဟောင်းသူတော်စင်ပုဂ္ဂိုလ်ကြီး တစ်ပါးနဲ့ နှိုင်းယှဉ်နိုင်တဲ့ စွမ်းအားရှင်ကြီးဖြစ်နေလို့ပါပဲ"
ဝူကူတာအိုဆရာ၏ မျက်လုံးများက စူးရှနေပြီး အလွန် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါ့အပြင် ရှေးဟောင်းခေတ်တုန်းကတည်းက ကျုပ်တို့ဂိုဏ်းရဲ့ ဘိုးဘေးဖြစ်တဲ့ ယင်ယန်ရှေးဟောင်းသူတော်စင်က သူ မကျဆုံးခင်မှာ ဟောကိန်းတစ်ခု ချန်ရစ်ထားခဲ့ပါတယ်"
"နယ်မြေပြင်ပ နတ်ဆိုးတွေကို ချေမှုန်းနိုင်ဖို့ ထျန်းယောင်ကုန်းမြေတိုက်ကြီးရဲ့ မျှော်လင့်ချက် ရှင်သန်မှုက လူတစ်ယောက်တည်း အပေါ်မှာပဲ တည်မှီနေတယ်တဲ့"
"အဲဒီလူက အရှင်မင်းကြီးပါပဲ"
ထိုစကားကို ကြားသောအခါ ချင်ယိမှာ ချက်ချင်းပင် တုန်လှုပ်သွားရသည်။
'ယင်ယန်ရှေးဟောင်းသူတော်စင်က ရှေးဟောင်းခေတ်ကတည်းက ငါရောက်လာမယ်ဆိုတာကို တွက်ချက်သိရှိခဲ့တာလား'
ဤကဲ့သို့သော နည်းလမ်းများကြောင့် ချင်ယိပင်လျှင် မလွှဲမရှောင်သာ တုန်လှုပ်သွားရပေသည်။
'ဒီ ယင်ယန်ရှေးဟောင်းသူတော်စင်က ငါ့ရဲ့ စနစ်ကိုပါ တွက်ချက်သိရှိထားတာများလား'
ချင်ယိက ရုတ်တရက် တွေးမိလိုက်သော်လည်း မကြာမီမှာပင် ထိုအတွေးကို ပြန်လည် ငြင်းဆန်လိုက်လေသည်။
စနစ်၏လျှို့ဝှက်ဆန်းကြယ်မှုအရ ယခုလက်ရှိ သူပင်လျှင် ၎င်းကို အပြည့်အဝ နားမလည်နိုင်သေးချေ။ ဟာဂိုရိုမိုကဲ့သို့သော ရှေးဟောင်းသူတော်စင်ပုဂ္ဂိုလ်ကြီးများပင်လျှင် စနစ်၏ခြယ်လှယ်ဖန်တီးမှုကို ခံထားရသည် မဟုတ်ပါလော။
ယင်ယန်ရှေးဟောင်းသူတော်စင်တစ်ပါးအနေဖြင့် စနစ်အကြောင်းကို မည်သို့ တွက်ချက်သိရှိနိုင်ပါမည်နည်း၊ ထို့ပြင် နှစ်သန်းပေါင်းများစွာ ကြိုတင်၍ပင်။
အကယ်၍ ယင်ယန်ရှေးဟောင်းသူတော်စင်သာ ဤစွမ်းရည်မျိုး ရှိခဲ့လျှင် ရွှမ်ယဲ့အင်ပါယာအရှင်သခင်ကို သူ ဘာကြောင့် မကိုင်တွယ်နိုင်ခဲ့သနည်း။
ထိုသို့ တွေးကြည့်မည်ဆိုလျှင် ယင်ယန်ရှေးဟောင်းသူတော်စင်သည် ချင်ယိ၏ ထွက်ပေါ်လာမှု၊ ပုလော့မင်းဆက်၏ ကြီးပွားလာမှုနှင့် ချင်ယိယူဆောင်လာမည့် လွှမ်းမိုးမှုများကိုသာ တွက်ချက်မိခြင်း ဖြစ်ပေလိမ့်မည်။
တစ်နည်းဆိုရသော် ချင်ယိထံတွင် ပုန်းကွယ်နေသော အလားအလာများကိုသာ သိရှိခဲ့ခြင်း ဖြစ်သည်။
ချင်ယိသည် အရင်ဘဝက စိတ်ကူးယဉ်ကမ္ဘာများမှ မရေမတွက်နိုင်သော စွမ်းအားရှင်များကို ခေါ်ယူနိုင်စွမ်းရှိသည့် စနစ်တစ်ခုကို ပိုင်ဆိုင်ထားပေသည်။
အကယ်၍ ထျန်းယောင်ကုန်းမြေတိုက်ကြီးတွင် နယ်မြေပြင်ပ နတ်ဆိုးများ၏ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်မည့် အလားအလာအများဆုံးလူဟု ဆိုမည်ဆိုပါက ချင်ယိမှလွဲ၍ မည်သူ ရှိနိုင်မည်နည်း။
ဤသို့ဆိုလျှင် ဝူကူတာအိုဆရာ၏ လုပ်ရပ်များနှင့် ယင်ယန်ဂိုဏ်း၏ ထူးခြားမှုများအတွက် သင့်လျော်သော ရှင်းပြချက်တစ်ခု ရရှိသွားပြီ ဖြစ်သည်။
'လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ယင်ယန်ဂိုဏ်းက ချင်းကျိုးမှာ စစ်တုရင်ရုပ်တွေကို ချထားခဲ့တာပဲ ဖြစ်ရမယ်'
***