"ဒီလိုဆိုမှတော့ ဒီဘုန်းကြီး ပြန်လည် ထွက်ခွာခွင့် ပြုပါဦး"
ဝူကူတာအိုဆရာက ဦးညွှတ်ကာ ချင်ယိထံမှ ခွင့်ပန်လိုက်သည်။
ချင်ယိကို သူလုပ်ဆောင်စေချင်သော ရည်ရွယ်ချက်က အောင်မြင်သွားပြီဖြစ်ရာ သဘာဝကျကျပင် သူ ပြန်လည်ထွက်ခွာရန် ပြင်ဆင်လိုက်ခြင်းဖြစ်၏။
"ဝူကူအရှင်သခင်... ဖြည်းဖြည်း ကြွပါ"
ချင်ယိက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်၏။
ချက်ချင်းပင် ဝူကူတာအိုဆရာက ထပ်မံ ဦးညွှတ်လိုက်ပြီး လှည့်ထွက်သွားလေတော့သည်။
ချင်ယိအတွက် အခကြေးငွေနှင့် ပတ်သက်၍မူ ဝူကူတာအိုဆရာနှင့် ချင်ယိတို့နှစ်ဦးစလုံးက စကားတစ်ခွန်းမျှပင် မဟခဲ့ကြချေ။
ဝူကူတာအိုဆရာသည် ချင်ယိအပေါ် ယခင်က ပြုဖူးသော ကျေးဇူးများကို အသုံးပြုကာ ချင်ယိကို လှုပ်ရှားစေရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သူတို့နှစ်ဦးစလုံး နားလည်ထားကြလေသည်။
ဤတစ်ကြိမ် ချင်ယိ၏လှုပ်ရှားမှုသည် သူနှင့် ယင်ယန်ဂိုဏ်းကြားရှိ အကြောင်းအကျိုး ဆက်စပ်မှုများကို ရှင်းလင်းပစ်ရန်ပင် ဖြစ်သည်။
'ဒီယင်ယန်ဂိုဏ်းကို ပုလော့မင်းဆက်ရဲ့ လက်အောက်ကို သွတ်သွင်းလို့ ရနိုင်လောက်တယ်'
ထွက်ခွာသွားသော ဝူကူတာအိုဆရာ၏ ကျောပြင်ကို ကြည့်ကာ ချင်ယိက တွေးတောနေမိလေသည်။
ယခင်က ချင်ယိသည် တွက်ချက်ဟောကိန်းထုတ်ခြင်းလမ်းစဉ်ကို သိပ်ပြီး အလေးမထားခဲ့ဟု ဆိုရမည်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ယင်ယန် ရှေးဟောင်းသူတော်စင်၏စကားများက သူ့ကို တုန်လှုပ်သွားစေခဲ့ပြီ ဖြစ်သည်။
နှစ်သောင်းချီကြာမြင့်ပြီးနောက်တွင်ပင် နောက်ထပ် နှစ်ပေါင်းသောင်းချီအကြာ၌ ဖြစ်ပျက်လာမည့် အရာအချို့ကို တွက်ချက်သိရှိနိုင်ခြင်းက တွက်ချက်ဟောကိန်းထုတ်ခြင်း၏စွမ်းအားက မည်မျှကြီးမားကြောင်းကို ထင်ရှားစွာ ပြသနေပေသည်။
လောကကြီး၏အရေးကြီးသော ကိစ္စရပ်များကို တွက်ချက်ဟောကိန်းထုတ်ခြင်းဖြင့် အကောင်းနှင့် အဆိုးကို ကြိုတင်သိရှိနိုင်လေသည်။
ဤကဲ့သို့သော တွက်ချက်နိုင်စွမ်းသည် ပုလော့မင်းဆက်အတွက်လည်း များစွာအကျိုးရှိစေပေသည်။
ပုလော့မင်းဆက်တွင် တွက်ချက်နိုင်စွမ်းရှိသူ အများအပြား ရှိနေပေသည်။ ဥပမာအားဖြင့် ချင်းလိန်ဇီ၊ ကျူးကော့လျန်နှင့် အခြားသူများပင်ဖြစ်၏။
အနာဂတ်အရှင်သခင်ကို အပါအဝင် ထိုသူများအားလုံးကို ဤစာရင်းထဲတွင် ထည့်သွင်းရေတွက်နိုင်ပေသည်။
သို့သော်လည်း ထိုလူများထဲမှ မည်သူပင်ဖြစ်စေကာမူ သူတို့၏တွက်ချက်နိုင်စွမ်းသည် ယင်ယန်ရှေးဟောင်းသူတော်စင်လောက် မကောင်းမွန်ကြချေ။
ခေတ်အဆက်ဆက်၏ နံပါတ်တစ် စစ်မဟာဗျူဟာမှူးဟု လူသိများသော ကျူးကော့လျန်ပင်လျှင် ထိုနည်းတူပင် ဖြစ်သည်။
ကျူးကော့လျန်သည် တွက်ချက်ဟောကိန်းထုတ်ရာတွင် အလွန်ပါရမီပါသော်လည်း သူက စစ်ရေး၊ ပြည်တွင်းရေးနှင့် ဝင်္ကပါအစီအရင်များအပေါ်တွင် စွမ်းအင်များစွာ အသုံးပြုခဲ့ပြီး များစွာလည်း သင်ယူတတ်မြောက်ထားခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ဟောကိန်းထုတ်ခြင်း လမ်းစဉ်တွင်မူ အောင်မြင်မှုများ ရရှိခဲ့သော်လည်း တကယ်တမ်းတွင် ထိုမျှလောက် အဆင့်မမြင့်မားလှချေ။
ကျူးကော့လျန်သည် သုံးပြည်ထောင်ကမ္ဘာမှ မွေးဖွားလာသူဖြစ်သည်။ သိထားရမည်မှာ သုံးပြည်ထောင် ကမ္ဘာတွင် တွက်ချက်ဟောကိန်းထုတ်ခြင်း တာအို၏ အမွေအနှစ်မှာ အလွန်တရာရှားပါးလွန်းလှခြင်းပင်။
မြက်ခြောက်မပါဘဲ အုတ်ခဲဖုတ်ရသကဲ့သို့ပင် အရင်းအမြစ်မရှိဘဲ ကြိုးစားနေရခြင်း ဖြစ်သည်။
ကျူးကော့လျန်သည် မည်မျှပင် ပါရမီပါစေကာမူ ဤနယ်ပယ်တွင် တစ်စုံတစ်ရာ အောင်မြင်မှုရရှိရန် သူ့အတွက် ခက်ခဲလှသည်။
အကယ်၍ ယင်ယန်ဂိုဏ်း၏အမွေအနှစ်များကိုသာ ရရှိမည်ဆိုပါက ကွဲပြားသွားမည်ဖြစ်သည်။ ယင်ယန်ဂိုဏ်း၏အမွေအနှစ်များနှင့်ဆိုလျှင် ကျူးကော့လျန်သာမက အနာဂတ်အရှင်သခင်အတွက်ပါ တွက်ချက်ဟောကိန်းထုတ်ရာတွင် များစွာအကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်။
'တွေးကြည့်ရမယ်ဆိုရင် ဝူကူတာအိုဆရာက ငါ့ရဲ့ အကြံပြုချက်ကို ငြင်းဆန်မှာ မဟုတ်ဘူးမလား'
ချင်ယိ၏ အတွေးထဲတွင် ယုံကြည်မှုများ အပြည့်အဝ ရှိနေလေသည်။
ယင်ယန်ရှေးဟောင်းသူတော်စင်က လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက သူ၏ဟောကိန်းကို ချန်ရစ်ခဲ့ပြီး ပုလော့မင်းဆက်၏ ကြီးပွားလာမှုကို ကြိုတင် ဟောကိန်းထုတ်ခဲ့သည်ဖြစ်ရာ အနာဂတ်တွင် ပုလော့မင်းဆက်ဖြစ်လာမည့် မြင်ကွင်းကိုလည်း သဘာဝကျကျပင် ကြိုတင်ဟောကိန်းထုတ်ထားနိုင်ခဲ့ပေလိမ့်မည်။
အနာဂတ်တွင် ပုလော့မင်းဆက်သည် ထျန်းယောင်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို မိမိ၏ ပိုင်နက်အဖြစ် သေချာပေါက် သိမ်းပိုက်သွားမည် ဖြစ်သည်။
ထျန်းယောင်ကုန်းမြေတိုက်ကြီးပေါ်တွင် ဆက်လက် ရပ်တည်နိုင်ရန်အတွက် ယင်ယန်ဂိုဏ်း၌ ရွေးချယ်စရာတစ်ခုတည်းသာ ကျန်ရှိတော့ပြီး ၎င်းမှာ ပုလော့မင်းဆက်နှင့် ပူးပေါင်းရန်ပင် ဖြစ်လေသည်။
ယင်ယန်ဂိုဏ်းတွင် ယင်ယန်ရှေးဟောင်းသူတော်စင်၏ ဟောကိန်းများရှိနေသော်လည်း ပုလော့မင်းဆက်၏ ကြီးပွားလာမှုကို မဟန့်တားခဲ့ချေ။ ထင်ရှားစွာပင် သူတို့က ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ထားပြီး ဖြစ်သည်။
ချင်းကျိုး ယင်ယန်ဂိုဏ်းခွဲ၏ ပူးပေါင်းဝင်ရောက်လာမှုသည်လည်း ယင်ယန်ဂိုဏ်းက ချင်ယိထံသို့ ပေးပို့လိုက်သော သတင်းစကားတစ်ခုပင်ဖြစ်သည်။ ၎င်းမှာ ယင်ယန်ဂိုဏ်းသည် ပုလော့မင်းဆက်နှင့် ပူးပေါင်းရန် ဆန္ဒရှိနေကြောင်းပင်။
သေချာသည်ကတော့ ယခုလက်ရှိ ပုလော့မင်းဆက်သည် အင်အားကြီးမားနေသော်လည်း ယင်ယန်ဂိုဏ်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပူးပေါင်းအောင် လုပ်နိုင်စွမ်းလောက်သည်အထိတော့ အင်အား မကြီးမားသေးချေ။
မည်သို့ပင်ဆိုစေ ယင်ယန်ဂိုဏ်းသည် အစွမ်းထက် စွမ်းအားရှင်များစွာရှိသော အမြင့်မြတ်ဆုံးဂိုဏ်းကြီးတစ်ခုဖြစ်ပြီး လူတိုင်းက အမြင့်ဆုံးအာဏာကို စွန့်လွှတ်ကာ ပုလော့မင်းဆက်သို့ ဝင်ရောက်ရန် ဆန္ဒရှိကြမည် မဟုတ်ချေ။
ယခုလက်ရှိ ပုလော့မင်းဆက်၏ အင်အားတစ်ခုတည်းဖြင့် ယင်ယန်ဂိုဏ်းမှ လူတိုင်းကို ပုလော့မင်းဆက်ထဲသို့ ဆန္ဒအလျောက် ဝင်ရောက်လာအောင် လုပ်နိုင်ရန် မလုံလောက်သေးပေ။
ဤကိစ္စနှင့် ပတ်သက်၍ ချင်ယိက သိပ်ပြီး ဂရုမစိုက်လှချေ။ ပုလော့မင်းဆက်က ဆက်လက် အင်အားကြီးမားနေသရွေ့ ဝူကူတာအိုဆရာက ယင်ယန်ဂိုဏ်းကို ဦးဆောင်ပြီး သဘာဝကျကျပင် လာရောက် ခိုလှုံလိမ့်မည်ဟု သူ ယုံကြည်ထားပေသည်။
ဝူကူ တာအိုဆရာ ထွက်ခွာသွားပြီးနောက် ချင်ယိက ချန်လုံနန်းဆောင်မှ ထွက်မသွားသေးချေ။
'စနစ်... တခြားသူတွေ ငါ့ရဲ့တည်ရှိမှုကို တွက်ချက်လို့မရအောင် ငါ့ရဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားလို့ရမယ့် နည်းလမ်းရှိလား'
ချင်ယိက မျက်လွှာချကာ စိတ်ထဲမှနေ၍ စနစ်ကို မေးလိုက်သည်။
ယင်ယန်ဂိုဏ်း၏ကိစ္စက ချင်ယိအတွက် သတိပေးခေါင်းလောင်းသံတစ်ခု ဖြစ်ခဲ့ပေသည်။
တွက်ချက်ဟောကိန်းထုတ်ခြင်းလမ်းစဉ်ဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ကာ ခေတ်အဆက်ဆက်ကိုပင် ကြိုတင် တွက်ဆနိုင်စွမ်း ရှိလေသည်။
နှစ်သောင်းချီကွာဝေးနေသည့်တိုင်အောင် ယင်ယန် ရှေးဟောင်းသူတော်စင်က သူ၏တည်ရှိမှုကို တွက်ချက်နိုင်ခဲ့ရာ နောင်တစ်ချိန်တွင် အခြားသူများက သူ၏တည်ရှိမှုကို ထပ်မံတွက်ချက်ခြင်း မပြုနိုင်ဟု အာမခံရန် ခက်ခဲလှပေသည်။
ကောင်းကင်ယံနှင့် မရေမတွက်နိုင်သော ကမ္ဘာကြီးများက မည်မျှကျယ်ပြောလှပြီး မည်မျှအစွမ်းထက်ကြကာ မျိုးစုံသော နည်းလမ်းများက လူတို့၏ စိတ်ကူးထက်ပင် ကျော်လွန်နေကြောင်းကို သိထားရမည် ဖြစ်၏။
အချို့သော အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကြီးများဆိုလျှင် ကမ္ဘာကြီးတစ်ခုလုံးကိုပင် စစ်တုရင်ခုံအဖြစ် အသုံးပြု၍ ကစားနိုင်စွမ်းရှိကြပြီး သူတို့၏ စွမ်းအားက အဆုံးအစမဲ့လှသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးများနှင့် ရင်ဆိုင်ရမည်ဆိုပါက ယခုလက်ရှိ ချင်ယိသည် ပုရွက်ဆိတ်တစ်ကောင်ထက် ပို၍ မစွမ်းသာလှချေ။
အကယ်၍ ဤအမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ကြီးများကသာ ချင်ယိ၏တည်ရှိမှုကို တွက်ချက်သိရှိသွားပါက ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန်ပင် မလိုအပ်ဘဲ သူတို့၏ လက်အောက်ခံတပ်ဖွဲ့များကို စေလွှတ်လိုက်ရုံဖြင့် ပုလော့အင်ပါယာမင်းဆက်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီး သူ၏အသက်ကိုပါ နှုတ်ယူသွားနိုင်ပေသည်။
ချင်ယိက ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာမည်ကို မလိုလားချေ။ ထိုကဲ့သို့ သေဆုံးရခြင်းက အရမ်းကို မချိတင်ကဲ ဖြစ်စရာကောင်းလွန်းလှသည်။
ထို့ကြောင့် ချင်ယိက သူ၏လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်မည့် နတ်ဘုရားစွမ်းအားများ သို့မဟုတ် ရတနာများကို စနစ်ထံမှ လဲလှယ်ယူလိုခြင်းဖြစ်သည်။ သို့မှသာ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ကြီးများစွာ၏ မျက်စိအောက်တွင် သူ ပေါ်လွင်ထင်ရှားမနေမည်ကို သေချာစေနိုင်မည် ဖြစ်လေသည်။
"ဒင်... ပိုင်ရှင်အနေနဲ့ ဒီကိစ္စအတွက် စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။ စနစ်ရဲ့ ပေါင်းထည့်ပေးမှုကြောင့် ပိုင်ရှင်ဟာ ကံကြမ္မာမြစ်ရေစီးကြောင်းထဲကနေ လွတ်မြောက်သွားခဲ့ပါပြီ။"
"ကံကြမ္မာမြစ်ကြီးရဲ့အပြင်ဘက်မှာ ဘယ်သူကမှ ပိုင်ရှင်ရဲ့ တည်ရှိမှုကို တွက်ချက်လို့ မရနိုင်ပါဘူး။ ကောင်းကင်ကိုးထပ်က နတ်ဘုရားတွေ လူ့လောကကို ဆင်းသက်လာရင်တောင်မှ မဖြစ်နိုင်ပါဘူး"
စနစ်က အေးစက်သော အသံဖြင့် ချင်ယိကို ရှင်းပြလိုက်သည်။
'ဒါဆို ဘာလို့ ယင်ယန်ရှေးဟောင်းသူတော်စင်က ငါ့ရဲ့ တည်ရှိမှုကို တွက်ချက်နိုင်ခဲ့တာလဲ'
ချင်ယိက မျက်မှောင်ကြုတ်လိုက်၏။
"ဒင်... စနစ်အနေနဲ့ ပိုင်ရှင်ကို နည်းနည်းလေး ပြင်ဆင်ပေးချင်ပါတယ်။ ယင်ယန်ရှေးဟောင်းသူတော်စင်က အိမ်ရှင်ရဲ့ တည်ရှိမှုကို တွက်ချက်နိုင်ခဲ့တာ မဟုတ်ပါဘူး။"
"သူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်က စနစ်ရဲ့ ဖုံးကွယ်ထားမှုကို ဘယ်လိုလုပ် ချိုးဖောက်နိုင်မှာလဲ"
စနစ်၏စကားသံထဲတွင် ယင်ယန်ရှေးဟောင်းသူတော်စင်အပေါ် အထင်သေးလှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့သည်။
စနစ်နှင့် ချင်ယိ၏ဝိညာဉ်မှာ အမြွှာများကဲ့သို့ ဖြစ်နေပြီဖြစ်ရာ စနစ်သည် ချင်ယိဖြစ်ပြီး၊ ချင်ယိသည်လည်း စနစ်ပင်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ထို့ပြင် စနစ်၏စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်လှပြီး ယင်ယန်ရှေးဟောင်းသူတော်စင်က တွက်ချက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
'ဒါဆို ဘာလို့လဲ...'
ချင်ယိ၏ သံသယများက ပိုမို နက်ရှိုင်းသွားရသည်။
စနစ်၏အဆိုအရ ယင်ယန်ရှေးဟောင်းသူတော်စင်သည် ချင်ယိ၏တည်ရှိမှုကို တွက်ချက်၍ မရနိုင်ပါက ဝူကူတာအိုဆရာ၏ လုပ်ရပ်များနှင့် ယင်ယန်ဂိုဏ်း၏ အကြံအစည်များကို မည်သို့ ရှင်းပြမည်နည်း။
"ဒင်... စနစ်ရဲ့ခန့်မှန်းချက်အရ ယင်ယန်ရှေးဟောင်းသူတော်စင်ဟာ ပိုင်ရှင်ရဲ့ တည်ရှိမှုကို တွက်ချက်နိုင်ခဲ့တာ မဟုတ်ပါဘူး"
"ဒါပေမဲ့ နှစ်သောင်းချီကြာမြင့်ပြီးနောက်မှာ ချင်းကျိုးကနေ နယ်မြေပြင်ပ နတ်ဆိုးတွေကို ဖြေရှင်းနိုင်မယ့် ဇာတ်ကောင်တစ်ယောက်နဲ့ မင်းဆက်တစ်ခု ပေါ်ထွက်လာလိမ့်မယ်ဆိုတာကိုပဲ တွက်ချက်နိုင်ခဲ့တာပါ"
"မည်သို့ပင်ဆိုစေ ယင်ယန်ရှေးဟောင်းသူတော်စင်နဲ့ ထျန်းယောင်ကုန်းမြေတိုက်ကြီးတို့ကြားမှာ အကြောင်းအကျိုးဆက်စပ်မှုတွေရှိနေတာမို့ ဒီလောက်အထိ တွက်ချက်နိုင်တာက ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်"
စနစ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
'ဒီလိုကိုး'
ထိုစကားကိုကြားသောအခါ ချင်ယိက ရုတ်တရက် သဘောပေါက်သွားသည်။
ယင်ယန်ရှေးဟောင်းသူတော်စင်၏ ကျင့်ကြံခြင်းအဆင့်နှင့် ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ အကြောင်းအကျိုးဆက်စပ်မှုတို့ ပေါင်းစပ်သွားပါက ဤအဆင့်အထိ တွက်ချက်နိုင်ခြင်းမှာ မဖြစ်နိုင်စရာ အကြောင်းမရှိချေ။
ချက်ချင်းပင် ချင်ယိက ဤအကြောင်းကို ဆက်လက် မတွေးတောတော့ချေ။
သူ၏ တည်ရှိမှုကို ယင်ယန်ရှေးဟောင်းသူတော်စင်က တွက်ချက်သိရှိခဲ့ခြင်းမဟုတ်သည့်အပြင် စနစ်၏ အကာအကွယ်လည်းရှိနေသည်ဖြစ်ရာ ကောင်းကင်ယံနှင့် မရေမတွက်နိုင်သော ကမ္ဘာကြီးများမှ စွမ်းအားရှင်များကို စိုးရိမ်စရာ မလိုအပ်တော့ချေ။
သဘာဝကျကျပင် ချင်ယိအနေဖြင့် ဤကိစ္စအတွက် စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ချေ။
'ကောင်းပြီလေ... ငါ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး နတ်ဆိုးပြည်နယ်ကို သွားရမယ်။ ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးကို လာထိရဲတဲ့ နယ်မြေပြင်ပ နတ်ဆိုးကို သွားရှင်းရမယ်'
တွေးတောနေရင်း ချင်ယိက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ထက်မြက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သူက အလွန်လွှမ်းမိုးနိုင်စွမ်းရှိပြီး သူ၏ပတ်ဝန်းကျင်ရှိ မည်သူ့ကိုမျှ အနိုင်ကျင့်ခံရမည်ကို ခွင့်ပြုမည် မဟုတ်ချေ။
နယ်မြေပြင်ပ နတ်ဆိုးက ရှောင်ကျင်း၏ အသက်ကိုပါ ရန်ရှာချင်နေသည်ကို ပြောနေစရာပင် မလိုတော့ချေ။
'ငါ့ရဲ့ ဒေါသကို ဆွပေးရဲတဲ့ ကောင်တွေအားလုံး သေစေရမယ်'
***