"ဘယ်သူလဲ"
ရွှေခြင်္သေ့နှင့် သိမ်းငှက်နက်ကြီးတို့ အံ့အားသင့်သွားကြပြီး သူတို့၏ ခေါင်းပေါ်သို့ ရုတ်တရက် မော့ကြည့်လိုက်ကြသည်။
ရှေးဟောင်း အနက်ရောင်ရထားလုံးတစ်စီးက လေထဲတွင် တိတ်ဆိတ်စွာ ရပ်တန့်နေသည်ကို မြင်တွေ့လိုက်ရ၏။
မြင်းဖြူကြီးတစ်ကောင်က ညင်သာစွာ ခြေလှမ်းလှမ်းကာ သူ၏အနောက်ရှိ ရထားလုံးကို အေးအေးလူလူ ဆွဲငင်နေခဲ့သည်။
ရထားလုံး၏ရှေ့ပိုင်းတွင် လူနှစ်ယောက် တင်ပျဉ်ခွေ ထိုင်နေပြီး တစ်ယောက်က ရထားလုံးကို မောင်းနှင်နေသော ဝတ်ရုံဖြူနှင့် လူငယ်တစ်ယောက်ဖြစ်၏။
အခြားတစ်ယောက်မှာ ဦးချိုနှစ်ချောင်းပါရှိသော သက်ကြီးရွယ်အိုတစ်ယောက်ဖြစ်ပြီး မျက်လုံးများကို မှိတ်ကာ အနားယူနေခဲ့သည်။
"လူသားတွေလား"
သိမ်းငှက်နက်ကြီးအပါအဝင် နတ်ဆိုးနှစ်ကောင်စလုံးက ရထားလုံးကို မောင်းနှင်နေသော ဝတ်ရုံဖြူနှင့် လူငယ်ကို အရင်ဆုံး သတိပြုမိသွားကြသည်။
ဤနေရာသည် နတ်ဆိုးပြည်နယ်၏ အတွင်းပိုင်းဒေသ ဖြစ်ပြီး လူသားမျိုးနွယ်စုများအတွက် တားမြစ်နယ်မြေဖြစ်သော နတ်ဆိုးတစ်သောင်းမင်းဆက်၏ ပိုင်နက်နယ်မြေဖြစ်သည်။
သာမန်လူသားကျင့်ကြံများအနေဖြင့် ဤနေရာသို့ ခြေချရန် မဖြစ်နိုင်သလို လာရောက် ခြေချရဲမည်လည်း မဟုတ်ချေ။
"လူသား... ဒီနေရာက နတ်ဆိုးတစ်သောင်းမင်းဆက်ရဲ့ ပိုင်နက်ပဲ၊ အသိတရားရှိရင် အခုချက်ချင်းထွက်သွားစမ်း"
သိမ်းငှက်နက်ကြီး၏မျက်လုံးများက စူးရှသွားပြီး ဝတ်ရုံဖြူနှင့် လူငယ်တို့ကို အော်ဟစ်လိုက်၏။
ပုံမှန်အချိန်များတွင်ဆိုလျှင် နတ်ဆိုးတစ်သောင်း မင်းဆက်၏ပိုင်နက်ထဲ၌ လူသားကျင့်ကြံသူတစ်ယောက်ကို မြင်တွေ့ရပါက ရှေ့သို့တိုးကာ တစ်ကိုက်တည်းနှင့် မျိုချပစ်လိုက်ပြီဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် ရွှေခြင်္သေ့နှင့် တိုက်ခိုက်နေရသည်ဖြစ်ရာ ဤလူသားကျင့်ကြံသူနှင့် တိုက်ခိုက်ရန် အဆင်မပြေလှချေ။
"အို"
ထိုစကားကို ကြားသောအခါ ဝတ်ရုံဖြူနှင့်လူငယ်က မျက်လွှာချကာ အောက်သို့ ခပ်ပေါ့ပေါ့ပင် ငုံ့ကြည့်လိုက်သည်။
ဝတ်ရုံဖြူနှင့် လူငယ်က အေးစက်စွာကြည့်လိုက်သောအခါ သိမ်းငှက်နက်ကြီးမှာ ရှင်းပြ၍မရနိုင်အောင် အေးစက်သွားသလို ခံစားလိုက်ရပြီး စိုးရိမ်ပူပန်မှု တစ်ခုက မြင့်တက်လာခဲ့သည်။
"ဟမ့်... ဘာကြည့်တာလဲလူသား"
သို့သော်လည်း သတိပြန်ဝင်လာသော သိမ်းငှက်နက်ကြီးမှာ သူ့အလိုလိုပင် ဒေါသများ ထွက်လာခဲ့ရသည်။
၎င်းသည် နတ်ဆိုးတစ်သောင်းမင်းဆက်တွင် ထိပ်တန်းအဆင့်ရှိ သက်ရှိတစ်ခုဖြစ်ပြီး မျိုးနွယ်စုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ဦးဖြစ်ပါလျက် မည်သည့်အချိန်ကများ အခြားသူများ၏ ဤကဲ့သို့ ကြည့်ရှုခြင်းကို ခံခဲ့ရဖူးပါသနည်း။
ဤကဲ့သို့သော အကြည့်မျိုးက ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အလား လုံးဝအလေးမထားသော အကြည့်မျိုး ဖြစ်နေ၏။
ဤအရာက သိမ်းငှက်နက်ကြီးကို ဘယ်လိုလုပ် သည်းခံနိုင်စေမည်နည်း။ ရွှေခြင်္သေ့ကိုပင် လျစ်လျူရှုလိုက်ပြီး ဝတ်ရုံဖြူနှင့် လူငယ်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။
ဘေးဘက်ရှိ ရွှေခြင်္သေ့မှာ အံ့အားသင့်သွားပြီး ရထားလုံးထဲသို့ လှမ်းကြည့်လိုက်၏။ သိမ်းငှက်နက်ကြီးက လှုပ်ရှားရန်ပြင်ဆင်နေသည်ကို မြင်သောအခါ သူက ဘာမှ ဝင်မပြောတော့ချေ။
"ဝုန်း"
သိမ်းငှက်နက်ကြီးက အတောင်ပံများကို ခတ်လိုက်ရာ နက်ရှိုင်းသောအလင်းတန်းများက ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
နောက်တစ်ကြိမ် ထပ်မံခတ်လိုက်သောအခါ မရေမတွက်နိုင်သောအလင်းရောင်များက နက်မှောင်သော အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ချွန်ထက်သော ဓားတစ်လက်အလား ထွက်ပေါ်လာခဲ့သည်။ ထောင်သောင်းချီသော အလင်းတန်းများသည် လှိုင်းလုံးကြီးတစ်ခုအလား လောကကြီးကို တံမြက်လှည်းပစ်ကာ ရထားလုံးရှိရာဆီသို့ လွှမ်းမိုးသွားတော့သည်။
နတ်ဆိုးစွမ်းအားများက ကြောက်မက်ဖွယ်ကောင်းပြီး တောင်တန်းများနှင့် မြစ်များကိုပင် ဆွဲဖြဲပစ်တော့မည့်အလားပငမ။
ရွှေခြင်္သေ့ပင်လျှင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ မျက်နှာပေါ်တွင် မနာလိုကြောက်ရွံ့သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။
'ဒီယင်းကျိုးက အမွေးအတောင်ဓားနက်သိုင်းကို တကယ်ကြီး ကျင့်ကြံအောင်မြင်သွားတာပဲ'
စွမ်းအားပိုင်းအရဆိုရလျှင် ဤတိုက်ကွက်ကို သူတော်စင်တစ်ပိုင်းအဆင့်ရှိသော ရွှေခြင်္သေ့ပင်လျှင် အပြည့်အဝခုခံနိုင်မည်ဟု မသေချာလှချေ။
သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် အပြင်းအထန် ရိုက်ခတ်ခံလိုက်ရပါက ပြင်းထန်သော ဒဏ်ရာရရှိသွားမည့် အဆုံးသတ်မျိုးသာ ဖြစ်သွားနိုင်ပေသည်။
"ဟက်"
ဤတိုက်ကွက်ကို ရင်ဆိုင်ရချိန်တွင် ဝတ်ရုံဖြူနှင့် လူငယ်က ခပ်ဟဟရယ်မောလိုက်ရုံသာ ပြုလုပ်ပြီး လက်ချောင်းများကို ခေါက်ကာ ပြင်းထန်သော အားတစ်ခုကို ပစ်လွှတ်လိုက်သည်။
နောက်ခဏ၌ တုံးတိတိမြည်သံတစ်သံနှင့်အတူ ကြီးမားလှသော အမွေးအတောင်ဓားနက်လှိုင်းလုံးကြီးသည် အလယ်မှနေ၍ နှစ်ပိုင်းကွဲထွက်သွားလေတော့သည်။
ထို အားအဟုန်က သိမ်းငှက်နက်ကြီးအပေါ်သို့ ကျရောက်သွားပြီး လွင့်စင်သွားစေကာ ကောင်းကင်ယံတွင် မရေမတွက်နိုင်သော သွေးများ ပန်းထွက်သွားပြီး တောင်တန်းကြီးထဲသို့ ဝင်တိုက်မိသွားသည်။
ခန္ဓာကိုယ်မှ အက်ကွဲသံများ ထွက်ပေါ်လာပြီး အရိုးမည်မျှပင် ကျိုးကြေသွားသည်ကို မသိနိုင်တော့ချေ။
"သူတော်စင်လား"
ရွှေခြင်္သေ့၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး အံ့သြတကြီး အော်ဟစ်လိုက်၏။
ဝတ်ရုံဖြူနှင့်လူငယ်က လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းသည် သူတော်စင်စွမ်းအားရှင်ကြီး တစ်ပါးနှင့် မျက်နှာချင်းဆိုင်နေရကြောင်း သူ နားလည်သွားခဲ့ပြီး ရွှေခြင်္သေ့၏မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
သူက ယင်းကျိုး၏အချိန်ဆွဲခြင်းကို ခံလိုက်ရပြီး နတ်ဆိုးတစ်သောင်းမင်းဆက်မှ စွမ်းအားရှင်များ ရောက်လာကာ သူတော်စင်တစ်ပိုင်းအများအပြား၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုသာ ခံချင်ပြီး သူတော်စင်တစ်ပါးနှင့်တော့ လုံးဝ မရင်ဆိုင်ချင်ချေ။
သူတော်စင်တစ်ပိုင်း အများအပြား၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရသည်မှာ အန္တရာယ်များသော်လည်း အသက်ရှင်နိုင်မည့် လမ်းစ လုံးဝမရှိတော့သည်မျိုး မဟုတ်ချေ။ သို့သော် သူတော်စင်တစ်ပါးနှင့် ရင်ဆိုင်ရပါက အနိုင်ရနိုင်မည့် အခွင့်အရေး လုံးဝကို မရှိတော့ပေ။
ဤသည်မှာ သူတော်စင်တစ်ပါး ဖြစ်သည်။ ထျန်းယောင်ကုန်းမြေတိုက်ကြီး၏ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားစုဖြစ်ပြီး သူတော်စင်တစ်ပိုင်းများကိုပင် ပုရွက်ဆိတ်များအလား သဘောထားနိုင်သူများဖြစ်ကြသည်။
ကောင်းကင်ကိုးထပ်ထက်တွင် စံမြန်းပြီး လောကကြီး တစ်ခုလုံးကို ငုံ့ကြည့်နိုင်သူများပင်။
ထို့နောက် ရွှေခြင်္သေ့၏ပုံရိပ်က တဖြည်းဖြည်း သေးငယ်သွားပြီး ပေသုံးဆယ်ခန့် မြင့်မားသော အသွင်အပြင်သို့ တစ်ဖန် ပြန်လည်ပြောင်းလဲသွားခဲ့သည်။
သူက ဝတ်ရုံဖြူနှင့် လူငယ်ဘက်သို့ ကိုင်းညွှတ်ကာ အရိုအသေပေးလိုက်၏။ "နတ်ဆိုးတစ်သောင်းမင်းဆက်က ရွှေခြင်္သေ့နတ်ဆိုးက လူသားသူတော်စင်ကို ဂါရဝပြုပါတယ်"
ရွှေခြင်္သေ့၏အမူအရာက အလွန်တရာ ရိုသေလေးစားမှုရှိနေပြီး အနည်းငယ်မျှပင် မလွန်ကျူးရဲချေ။
သူနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးဦးသာ မြင်တွေ့သွားပါက ဤသူသည် နတ်ဆိုးတစ်သောင်းမင်းဆက်တွင် မာနကြီးလှသည်ဟု နာမည်ကြီးသော ရွှေခြင်္သေ့ နတ်ဆိုးမှန်း ယုံကြည်နိုင်မည်မဟုတ်ချေ။
သို့သော်လည်း ရွှေခြင်္သေ့က သူ၏အခြေအနေကို ခါးသီးစွာ သိရှိထားခဲ့သည်။ သူတော်စင်စွမ်းအားရှင် တစ်ပါး၏အရှေ့တွင် မည်မျှပင် မာနကြီးပါစေ ဖိနှိပ်ခံရမည်သာဖြစ်သည်။
သူတော်စင်စွမ်းအားရှင်၏ အရှေ့တွင် မာနထောင်လွှားနေခြင်းက သေလမ်းရှာနေခြင်းပင် မဟုတ်ပါလော။
ချင်ယိက အင်ပါယာမင်းဆက်ကို တစ်ကိုယ်တော် သိမ်းပိုက်ခဲ့ပြီး ချင်ယိ၏လက်ထဲတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သေဆုံးခဲ့ရသော သူတော်စင် စွမ်းအားရှင် အရေအတွက်မှာ လက်တစ်ဖက်စာ မကတော့သည်ကို ကြည့်စရာပင် မလိုချေ။
ထာ့ထျန်းဂိုဏ်းမှ သူတော်စင်များကို သတ်ဖြတ်ရန် ဟာဂိုရိုမိုကို အမိန့်ပေးခဲ့သူမှာလည်း ချင်ယိတစ်ဦးတည်းသာ ဖြစ်သည်။
ထျန်းယောင်ကုန်းမြေတိုက်ကြီးပေါ်ရှိ နေရာအများစုတွင် သူတော်စင်များသည် အလွန်မြင့်မြတ်ကြပြီး ဘိုးဘေးစွမ်းအားရှင်ကြီးများဟုပင် ခေါ်ဆိုနိုင်ပေသည်။
ယခု ဤသူတော်စင်က အခြားသူတစ်ယောက်အတွက် ရထားလုံး မောင်းနှင်ပေးနေသော မြင်းထိန်းတစ်ယောက်သာဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ရွှေခြင်္သေ့မှာ မည်မျှ ထိတ်လန့်သွားသည်ကို မသိနိုင်တော့ချေ။
ရထားလုံးထဲရှိ ပုဂ္ဂိုလ်မှာ မည်ကဲ့သို့သော ကြောက်မက်ဖွယ် သက်ရှိမျိုး ဖြစ်နေမည်နည်း။
တွေးတောနေဆဲမှာပင် မြေပြင်က ထပ်မံ တုန်လှုပ်သွားပြီး အမည်းရောင်အရိပ်တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်လာခဲ့သည်။
"လူသား... မင်းက နတ်ဆိုးတစ်သောင်းမင်းဆက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားနေတာပဲ"
တစ်ချိန်တည်းမှာပင် စူးရှသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။
အံ့သြဖွယ်ကောင်းစွာပင် ထိုသိမ်းငှက်နက်ကြီးက တောင်တန်းများကြားမှ ရုန်းကန်ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် သိမ်းငှက်နက်ကြီး၏ တစ်ကိုယ်လုံး၌ သွေးများစီးကျနေပြီး အကြေးခွံများနှင့် အမွေးအတောင်များက အဆက်မပြတ် ကျွတ်ကျနေကာ အတောင်ပံတစ်ဖက်မှာလည်း ပြုတ်ထွက်လုနီးပါး ဖြစ်နေလေသည်။
သိမ်းငှက်နက်ကြီးသည် ဒေါသများ အပြည့်အဝ ထွက်ပေါ်နေပြီး ဝတ်ရုံဖြူနှင့် လူငယ်ကို အရှင်လတ်လတ် မျိုချပစ်ချင်နေခဲ့သည်။
သို့သော် ဤဝတ်ရုံဖြူနှင့် လူငယ်သည် သူတော်စင်တစ်ပါးဖြစ်ပြီး သူကိုယ်တိုင်မှာ ပြိုင်ဘက်မဟုတ်ကြောင်းကို နားလည်ထားသောကြောင့် ထပ်မံ လှုပ်ရှားရန် မရဲတော့ချေ။
"လူသားမျိုးနွယ်စု... ငါတို့ နတ်ဆိုးတစ်သောင်း မင်းဆက်ရဲ့ ပိုင်နက်ထဲကို လာပြီး မင်းတို့ သဘောကျသလို လုပ်လို့ရမယ်လို့ မထင်နဲ့"
သိမ်းငှက်နက်ကြီးက ဝတ်ရုံဖြူနှင့် လူငယ်ကို စူးရဲစွာ စိုက်ကြည့်ကာ နတ်ဆိုးတစ်သောင်း မင်းဆက်၏ အမည်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။
"လူသား... မင်းက ဘယ်သူပဲဖြစ်နေပါစေ၊ နတ်ဆိုးတစ်သောင်းမင်းဆက်မှာ ရိုင်းစိုင်းရဲရင် မင်း ပေးဆပ်ရလိမ့်မယ်"
သိမ်းငှက်နက်ကြီးက အော်ဟစ် ဟိန်းဟောက်လိုက်၏။
ဘေးဘက်ရှိ ရွှေခြင်္သေ့က အေးစက်စွာ လှောင်ပြောင်လိုက်ပြီး သိမ်းငှက်နက်ကြီးကို နောက်ပြောင်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
'ဒီယင်းကျိုးက နတ်ဆိုးတစ်သောင်းမင်းဆက်မှာ သက်တောင့်သက်သာနေလာတာ အရမ်းကြာသွားလို့ သူတော်စင်စွမ်းအားရှင်တစ်ပါးကိုတောင် သွားစွစရာ အကြောင်းလို့ ထင်နေတာလား။ တကယ်ပဲ သူ့ကိုယ်သူ သူတော်စင်စွမ်းအားရှင်လို့ ထင်နေတာလား'
'ဒါမှမဟုတ် ဒီသူတော်စင်က အရှုပ်အထွေးတွေကို ကြောက်မယ်လို့ သူ ထင်နေတာလား'
ဤနေရာသည် နတ်ဆိုးတစ်သောင်းမင်းဆက်၏ ပိုင်နက်ဖြစ်နေလျှင်တောင်မှ ဤစွမ်းအားရှင်က သူ့ကို ပုရွက်ဆိတ်တစ်ကောင်ကို ညှစ်သတ်သလို လွယ်လွယ်ကူကူ ညှစ်သတ်ပစ်နိုင်သည်ကို သူ သိထားသည်။
နတ်ဆိုးတစ်သောင်းမင်းဆက်ပင်လျှင် သူတော်စင်တစ်ပိုင်းတစ်ပါးအတွက်နှင့် သူတော်စင်စွမ်းအားရှင်ကြီးတစ်ပါးကို ရန်သူအဖြစ် သတ်မှတ်မည် မဟုတ်ချေ။ ထိုအချိန်ကျလျှင် ယင်းကျိုးသေသွားရင်တောင် အလကားသေရုံသာ ဖြစ်သွားဆပမည်။
ယင်းကျိုး၏စကားအပေါ် တုံ့ပြန်သည့်အနေဖြင့် ဝတ်ရုံဖြူနှင့်လူငယ်က သူ၏လက်ချောင်းများကို ထပ်မံခေါက်လိုက်ရုံသာ ပြုလုပ်လိုက်သည်။
ငွေရောင်အလင်းတန်းတစ်ခုက ဝတ်ရုံဖြူနှင့် လူငယ်ထံမှ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ငွေရောင်မိုးကြိုးတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့သည်။
ငွေရောင်အလင်းတန်းက အလွန်မြန်ဆန်လှသဖြင့် သိမ်းငှက်နက်ကြီးမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။
ငွေရောင်အလင်းတန်းက သိမ်းငှက်နက်ကြီး၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး ချက်ချင်းပင် ပေါက်ကွဲထွက်သွားစေသည်ကို မြင်တွေ့လိုက်ရသည်။
"မဟုတ်ဘူး"
ယင်းကျိုးက မယုံကြည်နိုင်သောမျက်နှာဖြင့် ဒေါသတကြီး စိုက်ကြည့်နေသည်။
သေဆုံးသွားသည့်အချိန်အထိ ဝတ်ရုံဖြူနှင့်လူငယ်က သူ့ကိုသတ်ရဲလိမ့်မည်ဟု မယုံကြည်ခဲ့သလို သူ့နောက်ကွယ်ရှိ နတ်ဆိုးတစ်သောင်းမင်းဆက်ကိုလည်း ဂရုမစိုက်ဟု သူမထင်မှတ်ထားခဲ့ချေ။
သက်စောင့်စွမ်းအင်များက ယင်းကျိုး၏ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ဧရာမနတ်ဆိုးခန္ဓာကိုယ်ကြီးသည်လည်း အသက်ရှူရပ်တန့်ကာ အောက်သို့ ကျဆင်းသွားတော့သည်။
တိုက်ကွက်တစ်ချက်တည်းဖြင့် သူတော်စင်တစ်ပိုင်းနတ်ဆိုး ကျဆုံးသွားရလေပြီ။
ဤမြင်ကွင်းကြောင့် ရွှေခြင်္သေ့မှာ ချွေးစေးများ ပြန်လာပြီး ခေါင်းကိုငုံ့ထားကာ ဝတ်ရုံဖြူနှင့် လူငယ်ကို ကြည့်ရန်ပင် မရဲတော့ချေ။
ယင်းကျိုးကိုပင် ဝတ်ရုံဖြူနှင့်လူငယ်က တစ်ချက်ကလေးမျှ တွေဝေခြင်းမရှိဘဲ သတ်ပစ်ခဲ့သည် မဟုတ်ပါလော။
တစ်ဖက်လူ၏မျက်လုံးထဲတွင် သူသည်လည်း အလွယ်တကူ ချေမွခံနိုင်သော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ကြောင်းကို ပြောနေစရာပင် မလိုတော့ချေ။
***