အေးစက်သော လေပြင်းများက တိုက်ခတ်နေခဲ့ပေမဲ့ ရွှေခြင်္သေ့နတ်ဆိုးမှာ ချွေးစေးများပြန်နေပြီး သူ၏မျက်နှာက ဖြူရော်နေ၏။
နဖူးပြင်မှ ချွေးသီးချွေးပေါက်ကြီးများကလည်း အဆက်မပြတ် ကျဆင်းနေလေသည်။
ဤအချိန်တွင် သွားရမည်လား၊ မသွားရဘူးလား ဆိုသည်ကိုပင် မဝေခွဲတတ်တော့ဘဲ တစ်ဖက်လူ စကားမပြောမချင်း မည်သည့်အရာကိုမျှ မလုပ်ရဲတော့ချေ။
ဝတ်ရုံဖြူနှင့်လူငယ်က လှုပ်ရှားပြီး သူ့ကိုသတ်ပစ်မည်လားဆိုသည်ကို မည်သူက အာမခံနိုင်မည်နည်း။
သူနှင့်ကျင့်ကြံခြင်းအဆင့် တူညီသော ယင်းကျိုးပင်လျှင် တစ်ဖက်လူ၏တိုက်ကွက်ကို မဟန့်တားနိုင်ခဲ့ရာ သူလည်း သဘာဝကျကျပင် တစ်ဖက်လူ၏ တိုက်ကွက်ကို ဟန့်တားနိုင်မည် မဟုတ်ပေ။
"သခင်ကြီးနဲ့ ရထားလုံးထဲက သခင်ကြီးတို့... ဒါက သခင်ကြီးတို့အတွက် ဆက်သတဲ့ရတနာတစ်ခုပါ။ နတ်ဆိုးတစ်သောင်းမင်းဆက်ရဲ့ ဝိညာဉ်မီးလျှံ ဆေးလုံးဖြစ်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ၊ ကျွန်တော့်ကို သွားခွင့်ပြုပါ"
ရုတ်တရက် ရွှေခြင်္သေ့နတ်ဆိုစက တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် သူ၏ရင်ဘတ်ထဲမှ ကြွေပုလင်းတစ်လုံးကို ချက်ချင်းထုတ်ယူကာ ရိုသေလေးစားစွာဖြင့် ဆက်သလိုက်၏။
ဤကြွေပုလင်းထဲတွင် သူအသက်စွန့်ကာ နတ်ဆိုးတစ်သောင်းမင်းဆက် အိမ်ရှေ့မင်းသား၏အိမ်တော်မှ ခိုးယူလာခဲ့သော ဝိညာဉ်မီးလျှံဆေးလုံးပါရှိလေသည်။
ထိုဆေးလုံးက သူတော်စင်အဆင့်သို့ ချိုးဖောက်နိုင်ရန် သူ့အတွက် မျှော်လင့်ချက်ပေးထားသော ဆေးလုံးဖြစ်သည်။
ယခုအခါ ထိုဆေးလုံးကို ရွှေခြင်္သေ့နတ်ဆိုးက ဝတ်ရုံဖြူနှင့်လူငယ်ထံမှ အသက်လွတ်မြောက်ခွင့် ရရှိရန်အတွက် ထုတ်ယူလိုက်ရခြင်းဖြစ်၏။
ဝတ်ရုံဖြူနှင့်လူငယ်၏ ဂရုမစိုက်သော မျက်လုံးများက သူ့ကိုတိတ်ဆိတ်စွာ ကြည့်နေပြီး ဘာမှပြန်မဖြေခဲ့ချေ။
"ဂလု..."
ရွှေခြင်္သေ့နတ်ဆိုး၏ နဖူးပေါ်တွင် ချွေးစေးများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
'အကယ်၍ ဒီသခင်ကြီးသာ သဘောမကျဘူးဆိုရင် ငါ ဒီနေ့ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး'
'ငါ ဒီနေရာမှာပဲ အဖြစ်ဆိုးနဲ့ သေဆုံးရတော့မှာလား'
ရွှေခြင်္သေ့နတ်ဆိုးက မျှော်လင့်ချက်မဲ့စွာ တွေးတောနေမိခဲ့သည်။
"ကျီလုံ... မင်းကို ကြည့်ရတာ ဒီခြင်္သေ့ပေါက်စလေးကို လန့်သွားအောင် လုပ်လိုက်သလိုပဲ"
ရွှေခြင်္သေ့မျှော်လင့်ချက်မဲ့နေချိန်မှာပင် ရထားလုံးထဲမှ ပျင်းရိနေဟန်ရှိသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
"သခင်လေး... လက်အောက်ငယ်သား အမှားလုပ်မိမှန်း သိပါပြီ"
ထိုအသံကိုကြားသည်နှင့် တစ်ပြိုင်နက် ရွှေခြင်္သေ့ နတ်ဆိုး၏ အမြင်တွင် ကြောက်မက်ဖွယ်ကောင်းသော ထိုဝတ်ရုံဖြူနှင့်လူငယ်က သူ၏ အကြည့်များကို ချက်ချင်းပြန်လည်ရုပ်သိမ်းလိုက်ပြီး ထိတ်လန့်သွားသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။
"အင်း... ငါက မင်းကို အပြစ်တင်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး"
ပျင်းရိနေသောအသံက ဂရုမစိုက်သည့်ဟန်ဖြင့် ပြန်ပြောလိုက်၏။
"ခြင်္သေ့ပေါက်စလေး... ငါက မင်းကို အဲဒီလို ခေါ်ရင် ရတယ်မလား"
ပျင်းရိနေသော အသံက ဆက်ပြောလိုက်သည်။
"ရပါတယ်၊ ရပါတယ်ခင်ဗျာ"
ရွှေခြင်္သေ့နတ်ဆိုးက မည်သို့များ သဘောထားကွဲလွဲရဲပါမည်နည်း။ ဤအမည်က အလွန်တရာ အရှက်ရစရာကောင်းနေလျှင်တောင်မှ သူက လက်ခံရမည်သာ ဖြစ်သည်။
"မင်းရဲ့ ဝိညာဉ်မီးလျှံဆေးလုံးကို ငါ လက်ခံလိုက်ပါ့မယ်။ ဒါပေမဲ့ မင်းရဲ့ အကူအညီလိုအပ်တဲ့ ကိစ္စတစ်ခုတော့ ရှိတယ်"
ရထားလုံးထဲရှိ လူငယ်က ညင်သာစွာ ပြောလိုက်၏။
"သခင်လေး... ဘာပဲဖြစ်ဖြစ် အမိန့်ပေးပါ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး လုပ်ဆောင်ပေးပါ့မယ်"
ရွှေခြင်္သေ့၏နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားသော်လည်း မကြာမီမှာပင် ပျောက်ကွယ်သွားပြီး အလွန်ရိုသေလေးစားနေဆဲ ဖြစ်သည်။
"ဒါက သိပ်ပြီး ဒုက္ခများတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ငါ့ကို ချီယန်မြို့တော်ဆီ ခေါ်သွားပေးရုံပါပဲ"
ရထားလုံးထဲရှိ လူငယ်၏ လေသံက တည်ငြိမ်နေခဲ့သည်။
"သခင်လေးအတွက် ကျွန်တော် သေချာပေါက် လမ်းပြပေးပါ့မယ်"
ဤအချိန်တွင် ရွှေခြင်္သေ့အနေဖြင့် သဘာဝကျကျပင် ငြင်းဆန်မည် မဟုတ်ချေ။
"ချီယန်မြို့တော်ကို ရောက်တဲ့အခါ မင်းအတွက် အကျိုးကျေးဇူးတွေ ပေးမှာပါ"
ရထားလုံးထဲရှိ လူငယ်က ပျင်းရိသော လေသံဖြင့် ဆက်ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး"
ရွှေခြင်္သေ့နတ်ဆိုးက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သို့သော် သူ၏စိတ်ထဲတွင် ဤလူငယ်ပြောသော ဆုလာဘ်ဆိုသည်ကို သိပ်ပြီး အလေးမထားခဲ့ချေ။
ဤကြောက်မက်ဖွယ်ကောင်းသော လူသားများအနားမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားချင်ရုံသာ ဖြစ်ပြီး သို့မှသာ သူ ဤမျှလောက် စိုးရိမ်ပူပန်နေရန် မလိုအပ်တော့မည်ဖြစ်သည်။
သို့သော်လည်း အခြေအနေများက ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ ထင်ရှားလှပြီး သူဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအစွမ်းထက်လူသားစုအတွက် လမ်းပြပေးရတော့မည်ဖြစ်သည်။
ကိစ္စများပြီးဆုံးသွားပြီးနောက် ဤအစွမ်းထက် လူသားများက သူ့ကို ပြန်လည်မတိုက်ခိုက်ရန်သာ သူ မျှော်လင့်နိုင်တော့လေသည်။
ထို့နောက် ဝတ်ရုံဖြူနှင့်လူငယ်က မြင်းဇက်ကြိုးကို ဆွဲလိုက်ရာ ရထားလုံးက ရွေ့လျားသွားလေသည်။
ရွှေခြင်္သေ့နတ်ဆိုးကလည်း ထွက်ပြေးရန် မရဲတော့သဖြင့် ဝတ်ရုံဖြူနှင့်လူငယ်ကို ချီယန်မြို့တော်သို့ လမ်းပြပေးရန် ရထားလုံးနောက်မှသာ လိုက်ပါသွားရတော့သည်။
နတ်ဆိုးတစ်သောင်းမင်းဆက်။
ကြမ်းတမ်းလှသော တောင်တန်းကြီးများကြားတွင် ရထားလုံးတစ်စီးက ကောင်းကင်ယံကို ဖြတ်သန်းပျံသန်းနေခဲ့သည်။
ရွှေခြင်္သေ့နတ်ဆိုးကလည်း ရထားလုံးအတွက် လမ်းပြပေးနေရသည်။
ရထားလုံးအတွင်း၌။
ချင်ယိက ဖြူဖွေးနူးညံ့သော စူးတာ့ကျီ၏ပေါင်တံပေါ်တွင် ခေါင်းအုံးကာ သက်တောင့်သက်သာနှင့် ပျင်းရိစွာ အနားယူနေခဲ့သည်။
ယင်းကျိုးကို သတ်ဖြတ်ပြီး ရွှေခြင်္သေ့ကို လမ်းပြခိုင်းခဲ့သူများမှာ ချင်ယိတို့အဖွဲ့ဖြစ်ပြီး ဝတ်ရုံဖြူနှင့် လူငယ်မှာ ကျောက်ယွင်ဖြစ်သည်။
"ယောကျ်ား... စပျစ်သီးစားပါဦး"
စူးတာ့ကျီက နူးညံ့လှပသော လက်ကလေးများဖြင့် စပျစ်သီးကို အခွံနွှာကာ ချင်ယိ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။
ဤတစ်ကြိမ် နတ်ဆိုးတစ်သောင်းမင်းဆက်သို့ သွားရောက်ရာတွင် ချင်ယိနှင့်အတူ စူးတာ့ကျီ တစ်ယောက်တည်းသာ လိုက်ပါလာခဲ့သည်။
လျိုရီရီနှင့် အခြားမိဖုရားများက မလိုက်ချင်၍ မဟုတ်ဘဲ ဤခရီးစဉ်တွင် နယ်မြေပြင်ပမှ နတ်ဆိုးနှင့် ရင်ဆိုင်ရနိုင်ခြေရှိပြီး သူတို့၏ကျင့်ကြံခြင်းအဆင့်က နိမ့်ကျနေသဖြင့် လိုက်ပါလာရန် မသင့်တော်သောကြောင့်ဖြစ်သည်။
မိန်းကလေးများထဲတွင် စူးတာ့ကျီတစ်ယောက်သာလျှင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်ပြီး အသွင်ပြောင်းနဝမအဆင့်၏ အထွတ်အထိပ်နှင့်သူတော်စင်တစ်ပိုင်းအဆင့်တွင် ရှိနေသဖြင့် ချင်ယိနှင့်အတူ လိုက်ပါခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
သေချာသည်ကတော့ လျိုရီရီနှင့် အခြားမိဖုရားများ၏ တမင်ရည်ရွယ် စီစဉ်ပေးမှုများလည်း ပါဝင်နေခဲ့သည်။
အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် လျိုရီရီအနေဖြင့် အကြောင်းရင်းကို သေချာမသိရသော်လည်း ချင်ယိက စူးတာ့ကျီကို သိပ်ပြီး သဘောမကျကြောင်း ရိပ်မိခဲ့သည်။
သို့သော် ညီအစ်မတွေဖြစ်နေကြပြီဖြစ်ရာ လျိုရီရီက စူးတာ့ကျီကို မတရားအပယ်ခံဖြစ်နေစေရန် မလိုလားချေ။
ထို့ကြောင့် ဤခရီးစဉ်တွင် ချင်ယိနှင့်အတူ စူးတာ့ကျီကို လိုက်ပါသွားရန် တိုက်တွန်းစီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
ဤအရာက ချင်ယိကို သက်ပြင်းချသွားစေခဲ့သည်။ ဤမျှ နားလည်မှုရှိသော ဇနီးမျိုးရှိနေခြင်းက သူ့ကို ကျေနပ်ပျော်ရွှင်စေခဲ့သည်။
"ယောကျ်ား... ဒီခြင်္သေ့ပေါက်စလေးက တော်တော် ရိုးသားတာပဲနော်"
စူးတာ့ကျီက အင်ပါယာအရှင်သခင်ကို ဂရုတစိုက် ပြုစုယုယရင်း ကောက်ကျစ်သော မျက်လုံးလေးများ တောက်ပကာ ပြုံးလျက် ပြောလိုက်၏။
"အင်း... နတ်ဆိုးသားရဲတွေနဲ့ ပတ်သက်လာရင်တော့ အများစုက ကျေးဇူးတရားထက် အင်အားကို ပိုကြောက်ကြတာပဲ"
"ဒီခြင်္သေ့ပေါက်စလေးက ကျီလုံရဲ့အစွမ်းကို ကြောက်နေလို့ တခြားဘာအကြံအစည်မှ မတွေးရဲတော့တာပါ"
ချင်ယိက မျက်လုံးများကို မှိတ်ကာ ပျင်းရိစွာ အနားယူရင်း ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။
"မှန်ပါတယ်"
စူးတာ့ကျီက ခေါင်းကို ညင်သာစွာ ညိတ်ပြပြီး သဘောတူကြောင်း ပြသလိုက်သည်။
စူးတာ့ကျီသည် နတ်ဘုရားဒဏ္ဍာရီကမ္ဘာမှ မွေးဖွားလာသူဖြစ်ပြီး မရေမတွက်နိုင်သော နတ်ဆိုးသားရဲများကို မြင်တွေ့ခဲ့ဖူးရာ နတ်ဆိုးသားရဲများသည် အင်အားကိုသာ နာခံတတ်ကြောင်းကို ကောင်းစွာနားလည်ထားလေသည်။
ကြီးမားသည့်အင်အားရှိမှသာ ဤထိန်းသိမ်းရခက်သော နတ်ဆိုးသားရဲများကို အညံ့ခံအောင် လုပ်နိုင်မည်ဖြစ်သည်။
"အို"
တွေးတောနေဆဲမှာပင် စူးတာ့ကျီက ရုတ်တရက် အာမေဍိတ်သံပြုလိုက်သည်။
"ဘာဖြစ်လို့လဲ"
ချင်ယိက နားမလည်နိုင်စွာဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ မေးလိုက်လေသည်။
မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏အရှေ့ရှိ အခြေအနေကို မြင်တွေ့လိုက်ရသောအခါ သူ မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
ဖြစ်ပုံမှာ သူက မျက်လုံးမှိတ်ကာ အနားယူနေစဉ် စူးတာ့ကျီ၏လက်ချောင်းလေးများကို မတော်တဆ ကိုက်မိသွားသောကြောင့် စူးတာ့ကျီက လန့်အော်လိုက်ခြင်းဖြစ်သည်။
"ယောကျ်ား..."
လက်ချောင်းထိပ်လေးများမှ နွေးထွေးသော အထိအတွေ့ကြောင့် စူးတာ့ကျီ၏မျက်နှာလေးမှာ နီရဲသွားပြီး တိုးတိုးလေး ခေါ်လိုက်သည်။
နူးညံ့ချိုသာသော အသံလေးက အလွန်အမင်း ဆွဲဆောင်မှုရှိနေပြီး လူအများကို ရင်ခုန်သွားစေနိုင်သည်။
ရှက်သွေးဖြာနေသော မိန်းမလှလေး၏ အသွင်အပြင်သည် ပန်းရာပေါင်းများစွာ ပွင့်လန်းနေသည်ထက်ပင် သာလွန်လှပနေပြီး ရထားလုံးအတွင်း၌ သင်းပျံ့သော ရနံ့များ ရုတ်တရက် ပြည့်နှက်သွားလေသည်။
"ဟားဟားဟား... ကိုယ့်ရဲ့တာ့ကျီလေးက အရမ်းဆွဲဆောင်မှု ရှိလွန်းနေတော့ ကိုယ့်ပါးစပ်ကတောင် မနေနိုင်ဘဲ ဆော့မိသွားတာပဲ"
ချင်ယိက သတိပြန်ဝင်လာပြီး သူ၏ ပါးစပ်ကို မလွှတ်ပေးလိုက်သည့်အပြင် တာ့ကျီ၏လက်ချောင်းထိပ်လေးများကို လျှာဖျားလေးဖြင့်ပင် လျက်လိုက်သေးသည်။
"အာ"
လျှပ်စစ်ရှော့ခ် မိသွားသည့်အလား ခံစားချက်ကြောင့် စူးတာ့ကျီ၏ခန္ဓာကိုယ်လေး တုန်ရီသွားပြီး သူမ၏ မျက်လုံးများထဲတွင် ချစ်မေတ္တာ အရိပ်အယောင်များ ပြည့်နှက်လာခဲ့သည်။
"ယောကျ်ားနော်... ကျွန်မကို အနိုင်ကျင့်တယ်"
စူးတာ့ကျီက ရှက်သွေးဖြာကာ နှာသံလေးဖြင့် ချွဲနွဲ့ပြီး ပြောလိုက်သည်။
လှပသော မျက်လုံးအစုံက ရေပြင်အလား ကြည်လင်နေပြီး မကျေနပ်သည့် ဟန်ပန်လေး အပြည့်အဝ ရှိနေသည်။
ချင်ယိက ကြားလိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်ပင် အရည်ပျော်ကျသွားမတတ်ဖြစ်သွားရသည်။ စူးတာ့ကျီ၏ ဤမျှ ဆွဲဆောင်မှုရှိပြီး ရင်ခုန်စရာကောင်းသော အသွင်အပြင်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ရာ ရုတ်တရက် သူ၏ ရင်ထဲတွင် ပူနွေးလာမှုကို ခံစားလိုက်ရသည်။
စူးတာ့ကျီသည် ခေတ်တစ်ခေတ်၏ သူရဲကောင်းများကိုပင် စွဲလမ်းသွားအောင် ဆွဲဆောင်နိုင်စွမ်း ရှိခဲ့ရာ သူမသည် အလွန်အမင်း ဆွဲဆောင်မှု ရှိလွန်းလှသည်။
ယခုအခါ စူးတာ့ကျီက ချင်ယိတစ်ယောက်တည်း အပေါ်မှာသာ တွယ်တာနေခဲ့သည်။ ချင်ယိက ဤမိန်းမလှလေး၏ ဆွဲဆောင်မှုရှိပြီး ရင်ခုန်စရာကောင်းသော အမူအရာလေးများကို မြင်တွေ့လိုက်ရသောအခါ သူလည်း စွဲလမ်းသွားမိသည်။
ရှက်ရွံ့စွာ မျက်တောင်ခတ်လိုက်ပြီး ချယ်ရီရောင် နှုတ်ခမ်းလေးများကနေ အပြုံးလေးတွေ ပွင့်အာလာသည်။
ရင့်ကျက်မှု မရှိသေးပုံရသော စူးတာ့ကျီ၏ အံ့မခန်း ဆွဲဆောင်မှုများကို သတိမထားမိဘဲ ဖော်ပြနေမှုက ချင်ယိကိုပင် မနေနိုင်ဘဲ ရင်ခုန်သွားစေခဲ့သည်။
ထို့အပြင် ချင်ယိက စူးတာ့ကျီနှင့် အတူနေထိုင်ရချိန်တွင် သူမသည် ကောလာဟလများ ပြောသကဲ့သို့ ရက်စက်ကြမ်းကြုတ်သူတစ်ယောက် မဟုတ်ကြောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် လူအများကို ကောင်းစွာ နားမလည်သေးသော ချစ်စရာမိန်းမပျိုလေးတစ်ယောက်နှင့်ပင် တူနေသေးလေသည်။
ဤကဲ့သို့သော မိန်းမလှလေးကို ချင်ယိက ဘယ်လိုလုပ် မသနားဘဲ နေနိုင်မည်နည်း၊ ဘယ်လိုလုပ် မချစ်ဘဲ နေနိုင်ပါမည်နည်း။
ရုတ်တရက် ရထားလုံးအတွင်း၌ အလှတရားများ ပြည့်နှက်နေပြီး မိန်းမလှလေးက ရှက်သွေးဖြာကာ ကြိုဆိုရန် အသင့်ဖြစ်နေသည်။
ထိုမြင်ကွင်းကိုမူ အင်ပါယာအရှင်သခင် တစ်ဦးတည်းသာလျှင် ခံစားခွင့်ရှိပေသည်........
***