သီးသန့်ခန်း။
"ယောကျ်ား... စားပါဦး"
လူသားမျိုးနွယ်စုမှ မြင့်မြတ်သောသခင်လေးသည် သူ၏ဘေးရှိ မိန်းမလှလေး၏ ပြုစုယုယမှုကို ခံယူကာ ဝိုင်တစ်ခွက်ကို သောက်သုံးရင်း အရသာရှိသော ဟင်းလျာများကို စားသုံးနေခဲ့သည်။
ဤလူသားမျိုးနွယ်စုမှ မြင့်မြတ်သောသခင်လေးဆိုသည်မှာ သဘာဝကျကျပင် ချီယန်မြို့တော်သို့ ရောက်ရှိလာသော ချင်ယိဖြစ်သည်။
ရွှေဝါရောင်ဆံပင်နှင့်လူကြီးဖြစ်သော ရွှေခြင်္သေ့ နတ်ဆိုးကျု ချီယန်မြို့တော်သို့ ရောက်ရှိလာပြီးနောက် ချင်ယိက သဘောတူညီချက်အတိုင်း သူ့ကို ထွက်သွားခွင့်ပြုရန် မူလက စီစဉ်ထားခဲ့သည်။
သို့သော်လည်း ဤရွှေခြင်္သေ့နတ်ဆိုးက ထွက်သွားရန် ဆန္ဒမရှိဘဲ ချင်ယိနှင့်အခြားသူများအတွက် ဆက်လက်အလုပ်အကျွေးပြုရန် သူ့သဘောဆန္ဒအလျောက် တောင်းဆိုခဲ့လေသည်။
ရွှေခြင်္သေ့နတ်ဆိုး၏ ရည်ရွယ်ချက်ကို ချင်ယိ အကြမ်းဖျင်း နားလည်ထားပေသည်။ ၎င်းက သူတို့၏အင်အားကို အသုံးပြုပြီး မိမိကိုယ်ကို ကာကွယ်ရန်သာဖြစ်သည်။
ချင်ယိက ဤကိစ္စကို သိပ်ပြီးဂရုမစိုက်လှသဖြင့် ရွှေခြင်္သေ့နတ်ဆိုးကို သူ၏အနားတွင် ဆက်နေခွင့် ပြုလိုက်သည်။
သူတော်စင်တစ်ပိုင်းနတ်ဆိုးတစ်ကောင်မျှသာ ဖြစ်သဖြင့် ကျောက်ယွင်နှင့် ဟာဂိုရိုမိုတို့ ရှိနေချိန်တွင် ဂရုစိုက်နေစရာ မလိုချေ။
"နတ်ဆိုးတစ်သောင်းမင်းဆက်၊ နတ်ဆိုးမျိုးနွယ်စု တိုင်းပြည်၊ ချီယန်မြို့တော်"
ချင်ယိက ဖြူဖွေးသော ကျောက်စိမ်းဝိုင်ခွက်ကို ညင်သာစွာလှုပ်ယမ်းလိုက်ပြီး သီးသန့်ခန်း၏ ပြတင်းပေါက်မှတစ်ဆင့် ချီယန်မြို့တော်ကို လှမ်းကြည့်လိုက်၏။
ရှေးဟောင်းခေတ်တွင် ထျန်းယောင်ကုန်းမြေတိုက်ကြီးပေါ်ရှိ နတ်ဆိုးမျိုးနွယ်စုအများစုသည် အုပ်စုဖွဲ့၍ နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။ သို့မဟုတ်ပါက ဧရာမနတ်ဆိုးကြီးတစ်ကောင်က မရေမတွက်နိုင်သော နတ်ဆိုးငယ်များကို ဦးဆောင်ကာ တောင်တန်းများကို သိမ်းပိုက်၍ ဘုရင်လုပ်ကြသည်။
ယေဘုယျအားဖြင့် နတ်ဆိုးမျိုးနွယ်စုများတွင် မင်းဆက်နှင့် ဂိုဏ်းဖွဲ့စည်းမှုပုံစံများမှာ အလွန်ရှားပါးသည်။ နတ်ဆိုးမျိုးနွယ်စု၏အယူအဆတွင် မင်းဆက်နှင့် ဂိုဏ်းဟူသော သဘောတရား လုံးဝမရှိဟုပင် ဆိုနိုင်သည်။
ရှေးဟောင်းခေတ်ကုန်ဆုံးသွားချိန်တွင် ထျန်းယောင်ကုန်းမြေတိုက်ကြီးပေါ်ရှိ ကျင့်ကြံခြင်းလောကသည် ကျဆင်းသွားပြီး လူသားနှင့်နတ်ဆိုးမျိုးနွယ်စုများ အားနည်းသွားခဲ့သည်။ ထိုအချိန်တွင် လူသားမျိုးနွယ်စုများက မင်းဆက်များနှင့်ဂိုဏ်းများကို တည်ထောင်ခြင်းဖြင့် လျင်မြန်စွာ ကြီးပွားတိုးတက်လာခဲ့သည်။
လူသားမျိုးနွယ်စုကို အမီလိုက်နိုင်ရန်အတွက် နတ်ဆိုးမျိုးနွယ်စုကလည်း မင်းဆက်များနှင့် ဂိုဏ်းများကို တည်ထောင်ခဲ့ကြသည်။
ဤနတ်ဆိုးတစ်သောင်းမင်းဆက်သည် ရှေးဟောင်းခေတ်အပြီးတွင် နတ်ဆိုးမျိုးနွယ်စုများ တည်ဆောက်ခဲ့သော နတ်ဆိုးမင်းဆက်ဖြစ်ပြီး နတ်ဆိုးပြည်နယ် တစ်ခုလုံးကို လွှမ်းမိုးထားလေသည်။
နတ်ဆိုးတစ်သောင်းမင်းဆက်နှင့် အမှောင်မင်းဆက်တို့သည် တစ်ချိန်က နတ်ဆိုးမျိုးနွယ်စု၏ အဓိက မင်းဆက်ကြီးနှစ်ခု ဖြစ်ခဲ့ကြသည်။ အမှောင်မင်းဆက် ပျက်စီးသွားပြီးနောက်တွင်မူ ၎င်းသည် နတ်ဆိုးမျိုးနွယ်စု၏တစ်ခုတည်းသော မင်းဆက် ဖြစ်လာခဲ့သည်။
ယခု ချင်ယိ၏ ခြေအောက်ရှိ ချီယန်မြို့တော်သည် နတ်ဆိုးတစ်သောင်းမင်းဆက်၏ အင်အားအကြီးဆုံး မျိုးနွယ်စုဆယ်ခုထဲမှ တစ်ခုဖြစ်သော အနီရောင်နေမင်း နတ်မျောက်ဝံမျိုးနွယ်စု၏ ဌာနေမြို့တော် ဖြစ်သည်။
ချီယန်မြို့တော်၏မြို့စားသည် အနီရောင်နေမင်း နတ်မျောက်ဝံ မျိုးနွယ်စု၏ခေါင်းဆောင်ဖြစ်သည်။ ဤနေရာသည် ရှောင်ကျင်း၏မျိုးနွယ်စုများ နေထိုင်ရာ မြို့တော်ပင်ဖြစ်လေသည်။
'ဒါပေမဲ့ ဘာလို့ ငါရှောင်ကျင်းရဲ့ တည်ရှိနေမှုကို မခံစားမိတာလဲ'
ချင်ယိက မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် သံသယများ ရှိနေခဲ့သည်။
အကြောင်းပြချက်အရ ရှောင်ကျင်းသည် ချင်ယိ၏ အိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး စနစ်က ချိတ်ဆက်ပေးထားသော စာချုပ်လည်း ရှိနေသည်။ ထို့ကြောင့် ရှောင်ကျင်း၏တည်ရှိမှုကို ခံစားသိရှိနိုင်ရန် သူ့အတွက် ပြဿနာ မဖြစ်သင့်ချေ။
သို့သော် ချီယန်မြို့တော်သို့ ရောက်ရှိလာပြီးနောက် ရှောင်ကျင်း၏ တိကျသောတည်နေရာကို ချင်ယိ ရှာမတွေ့နိုင်ခဲ့ချေ။
ရှောင်ကျင်းသည် ချီယန်မြို့တော်ထဲတွင် ရှိနေကြောင်းကိုသာ ဝေဝါးစွာ ခံစားသိရှိနေခဲ့သည်။
'နယ်မြေပြင်ပ နတ်ဆိုးက အခုထိလှုပ်ရှားလောက်မှာ မဟုတ်သေးဘူး'
ချင်ယိ၏စိတ်ထဲတွင် ထိုသို့သော အတွေးမျိုးဝင်လာခဲ့သည်။ စာချုပ်မှတစ်ဆင့် ရှောင်ကျင်းသည် အသက်အန္တရာယ်မရှိသေးကြောင်းကိုလည်း သူအတည်ပြုနိုင်ခဲ့သည်။
အကယ်၍ နယ်မြေပြင်ပ နတ်ဆိုးကသာ လှုပ်ရှားပြီးသွားပါက ဤချီယန်မြို့တော်သည် ဤမျှငြိမ်းချမ်းနေမည် မဟုတ်ကြောင်း ချင်ယိ သေချာပေါက် သိရှိလေသည်။
နယ်မြေပြင်ပ နတ်ဆိုးက မည်သည့်အကြောင်းကြောင့်ပဲ မလှုပ်ရှားသေးသည်ဖြစ်စေ ချင်ယိအတွက်မူ ပို၍ ကောင်းမွန်သည့် အခြေအနေပင်ဖြစ်သည်။
'အရေးအကြီးဆုံးက ရှောင်ကျင်းကို ရှာတွေ့ဖို့ပဲ'
ချင်ယိက ခဏတာစဉ်းစားပြီးနောက် အစီအစဉ်တစ်ခု ရရှိသွားသည်။
ထိုအချိန်တွင် ချင်ယိက ရွှေခြင်္သေ့နတ်ဆိုးကို မေးမြန်းရန် စကားစလိုက်သည်။
"ဘာ... သီးသန့်ခန်းတွေ အကုန်ပြည့်နေတယ် ဟုတ်လား။ စတိုးဆိုင်ပိုင်ရှင်၊ မင်းက ငါ့ကို ပထမထပ်က အဆင့်နိမ့်မျိုးနွယ်စုတွေနဲ့ သွားထိုင်ခိုင်းချင်နေတာလား"
ဤအချိန်တွင် တံခါးအပြင်ဘက်မှ လွှမ်းမိုးလိုသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် စားသောက်ဆိုင်ပိုင်ရှင်၏အသံက ဆက်ထွက်လာသည်။ "သခင်လေး ချီ... သီးသန့်ခန်းတွေက တကယ်ပဲ ပြည့်နေလို့ပါ။ ခဏလောက် စောင့်ပေးမလား။ အချို့သခင်ကြီးတွေက စားသောက်ပြီးလောက်ပါပြီ။ ကျွန်တော် သွားညှိနှိုင်းပြီး သခင်လေးအတွက် နေရာတစ်ခု ဖန်တီးပေးပါ့မယ်"
"ဟွန့်... မလိုဘူး။ ငါက အရင်က ထိုင်နေကျ ချင်းဖုန်း သီးသန့်ခန်းမှာပဲ ထိုင်မယ်"
လွှမ်းမိုးလိုသောအသံက စားသောက်ဆိုင်ပိုင်ရှင်၏ စကားကို လုံးဝလက်မခံကြောင်း ပြသနေခဲ့သည်။
အဝေးမှနေ၍ နီးကပ်လာသော အလျင်စလို ခြေသံများကို ကြားလိုက်ရသည်။
နောက်တစ်ခဏတွင် ချင်ယိရှိနေသော သီးသန့်ခန်း၏တံခါးမှာ ကြမ်းတမ်းစွာ ကန်ဖွင့်ခံလိုက်ရသည်။
"ဟင်"
ချင်ယိက မျက်မှောင်ကြုတ်သွားပြီး တံခါးပေါက်ဆီသို့ အမူအရာမဲ့စွာ လှမ်းကြည့်လိုက်၏။
သိသာထင်ရှားစွာပင် ယခုအချိန်တွင် ချင်ယိ၏ စိတ်အခြေအနေက အလွန်ဆိုးရွားနေလေသည်။ မည်သူမဆို အစာစားနေချိန်တွင် အနှောင့်အယှက်ပေးခံရပါက စိတ်အခြေအနေကောင်းနေမည်မဟုတ်ချေ။
'ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်ဖြစ်စရာ ယင်ကောင်တွေ ရှိနေတတ်တာပဲ'
ကြွက်သားများ အဖုအထစ်ထနေသော ဝတ်ရုံနီနှင့် လူတစ်ယောက်က မာနထောင်လွှားသော အမူအရာဖြင့် သီးသန့်ခန်းထဲသို့ ဝင်ရောက်လာပြီး သူ၏နောက်တွင်တော့ ဘာလုပ်ရမှန်းမသိဖြစ်နေသော စားသောက်ဆိုင်ပိုင်ရှင်ပါလာသည်ကို မြင်တွေ့လိုက်ရ၏။
"သခင်ကြီးတို့... တကယ်ကို တောင်းပန်ပါတယ်။ ဒီသီးသန့်ခန်းက ကြိုတင်မှာယူထားပြီးသား ဖြစ်နေလို့ ချီယန်မြို့တော်က တခြားစားသောက်ဆိုင်ကိုပဲ သွားပေးကြပါ"
စားသောက်ဆိုင်ပိုင်ရှင်က မျက်နှာပေါ်တွင် အပြုံးတစ်ခု တပ်ဆင်ကာ ချင်ယိနှင့် အခြားသူများကို တောင်းပန်သည့်ဟန်ဖြင့် ပြောလိုက်သည်။
စကားသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရွှေခြင်္သေ့နတ်ဆိုးက ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။
"ဆိုင်ရှင်... မင်းက ဘာသဘောလဲ"
ရွှေခြင်္သေ့နတ်ဆိုးက မျက်နှာကို ခက်ထန်သွားစေပြီး စားသောက်ဆိုင်ပိုင်ရှင်ကို အေးစက်စွာ အော်ဟစ်လိုက်၏။
'ဆိုင်ရှင်က ဒီသီးသန့်ခန်းထဲမှာ ဘယ်သူတွေ ရှိနေလဲဆိုတာကို သေချာမကြည့်ဘူးလား'
'လူသားမျိုးနွယ်စုရဲ့ ပုဂ္ဂိုလ်ကြီးတစ်ပါး ဖြစ်ဖို့များတဲ့ လူငယ်တစ်ယောက်၊ အစွမ်းထက် သူတော်စင်တစ်ပါး၊ သူ့ထက် မနိမ့်ကျတဲ့ ကိုယ်လုပ်တော်တစ်ယောက်နဲ့ အတိမ်အနက်ကို ခန့်မှန်းလို့မရတဲ့ သက်ကြီးရွယ်အိုတစ်ယောက်လေ'
'ဘယ်သူကများ ဒီလူတွေကို စော်ကားရဲမှာလဲ'
"ဒါက... သခင်ကြီးတို့၊ ဒီအခန်းက သခင်လေးချီ အမြဲလာထိုင်နေကျ သီးသန့်ခန်းပါ။ သခင်လေးချီက ကြိုတင်မှာထားတာ ကြာပါပြီ"
"ကျွန်တော့်ရဲ့တပည့်က နေရာချထားပေးတဲ့ အချိန်မှာ သတိမထားမိလိုက်လို့ အမှားလုပ်မိသွားတာပါ"
"သခင်ကြီးတို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဒီတစ်နပ်စာအတွက် ဒီအဘိုးကြီးကပဲ ဒဏ်ကြေးဆောင်ပါ့မယ်။ သခင်ကြီးတို့ကို တခြားနေရာ ပြောင်းပေးဖို့ တောင်းဆိုချင်ပါတယ်"
စားသောက်ဆိုင်ပိုင်ရှင်က သွားကိုကြိတ်ကာ အတင်းအကျပ် ပြောလိုက်ရသည်။
"ငါတို့က မထွက်သွားဘူးဆိုရင်ကော ဘာဖြစ်မလဲ"
ရွှေခြင်္သေ့၏မျက်လုံးများက စူးရှတောက်ပသွားရာ စားသောက်ဆိုင်ပိုင်ရှင်မှာ ကြောက်လန့်တကြားဖြင့် မျက်နှာဖြူရော်သွားရသည်။
"မင်းတို့က မထွက်သွားဘူးဆိုရင်လည်း မထွက်သွားနဲ့ပေါ့။ ငါ့အတွက် အကုန်လုံး ဒီမှာပဲ နေခဲ့ကြစမ်း"
ဤအချိန်တွင် ပြဇာတ်ကြည့်နေသကဲ့သို့ ရပ်ကြည့်နေသော ဝတ်ရုံနီနှင့်အမျိုးသားက ရုတ်တရက် ဝင်ပြောလိုက်၏။
ရွှေခြင်္သေ့နတ်ဆိုးက ဒေါသထွက်သွားပြီး သူ၏ မျက်လုံးများက ပို၍ စူးရဲလာခဲ့သည်။
'သူက နတ်ဆိုးတစ်သောင်းမင်းဆက်ရဲ့ သူတော်စင် တစ်ပိုင်းနတ်ဆိုးတစ်ပါးလေ။ ဘယ်အချိန်တုန်းကများ ဒီလို ဒေါသထွက်စရာမျိုး ကြုံဖူးလို့လဲ'
အိမ်ရှေ့မင်းသား၏အိမ်တော်မှ ဆေးလုံးကို မခိုးယူခင်ကဆိုလျှင် နတ်ဆိုးတစ်သောင်း အိမ်ရှေ့မင်းသားနှင့် နတ်ဆိုးတစ်သောင်း အင်ပါယာအရှင်သခင်တို့ပင် သူ့ကို မျက်နှာသာ ပေးခဲ့ရသည် မဟုတ်ပါလော။
'နတ်ဆိုးမျိုးနွယ်စုက လူရမ်းကားလေး တစ်ယောက်က သူ့ရှေ့မှာ လာပြီး မာနထောင်လွှားရဲတယ်ပေါ့'
"ဘာလဲ... ငါ့ကို မကျေမနပ် ဖြစ်ရဲသေးတာလား"
"မင်းတို့ ကံကောင်းတယ်လို့ပဲ မှတ်လိုက်တော့။ ဒီနေ့ ငါ့ရဲ့ စိတ်အခြေအနေ ကောင်းနေတယ်။ ဒီ မြေခွေးမလေးကို ချန်ထားခဲ့မယ်ဆိုရင် မင်းတို့ကို ထွက်သွားခွင့်ပြုမယ်"
ဝတ်ရုံနီနှင့်အမျိုးသားက အထင်သေးစွာ ပြုံးလိုက်ပြီး သူ၏အမူအရာတွင် မထီမဲ့မြင်ပြုမှုနှင့် လောဘများ ပြည့်နှက်နေကာ လက်ကို မြှောက်လိုက်၏။
သူညွှန်ပြလိုက်သော လက်ချောင်း၏ ဦးတည်ရာအရ အားလုံး၏အကြည့်များက စူးတာ့ကျီဆီသို့ ရောက်သွားသည်။ ဤဝတ်ရုံနီနှင့် အမျိုးသားက စူးတာ့ကျီကို မျက်စိကျသွားခြင်းဖြစ်သည်။
ဤလက်ညှိုးထိုးမှုက ရွှေခြင်္သေ့နတ်ဆိုးကို သေမလောက် ထိတ်လန့်သွားစေလေသည်။
'ဒါက လူသားမျိုးနွယ်စု သခင်လေးရဲ့ကိုယ်လုပ်တော်လေ'
"မင်းတို့က အခြေအနေကို နားလည်တယ်ဆိုရင် ဒီမြေခွေးမလေးကို ငါ့ဆီ ဆက်သလိုက်။ မင်းတို့ ငါ့ရဲ့ သီးသန့်ခန်းကို ယူထားတာကို ငါဂရုမစိုက်တော့ဘူး"
ဝတ်ရုံနီနှင့် အမျိုးသားက စူးတာ့ကျီကို ပူလောင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူ၏မျက်လုံးများထဲတွင် လောဘများ ပြည့်နှက်နေဆလသည်။
သူက ယခုချက်ချင်းပင် ထိုမိန်းမလှလေးကို ခေါ်ဆောင်သွားပြီး အလှတရား၏အရသာကို မြည်းစမ်းချင်နေပြီဖြစ်သည်။
ထို့နောက် သူက စူးတာ့ကျီကို ယုတ်မာစွာ ပြုံးပြလိုက်ပြီး ဖမ်းဆွဲရန် လက်ကိုဆန့်ထုတ်လိုက်သည်။
"မင်း ရဲတင်းလှချည်လား"
ရွှေခြင်္သေ့နတ်ဆိုးက ဆက်လက်ငြိမ်မနေရဲတော့ဘဲ ဝတ်ရုံနီနှင့် အမျိုးသား၏ အရှေ့မှ ဝင်တားလိုက်သည်။
သူ၏အနောက်တွင် လူသားမျိုးနွယ်စုသခင်လေးသာ မရှိလျှင် ဤအသက်မရှင်ချင်တော့သော ကောင်ကို တစ်ချက်တည်း ရိုက်သတ်လိုက်ပြီဖြစ်သည်။
"ဟက်... ဒီချီယန်မြို့တော်မှာ ငါမလုပ်ရဲတာ တကယ်ကို ဘာတစ်ခုမှ မရှိဘူး"
"ချီယန်မြို့တော်ထဲမှာ ရှိနေသရွေ့ ငါ့ကို မျက်နှာမလိုက်ရဲတဲ့သူဆိုတာ မရှိဘူး"
"ဘာဖြစ်လို့လဲဆိုတော့ ငါက ချီယန်မြို့စားရဲ့ သားဖြစ်နေလို့ပဲ"
ဝတ်ရုံနီနှင့် အမျိုးသားက နောက်ပြောင်သည့်ဟန်ဖြင့် ပြုံးလိုက်ပြီး ရွှေခြင်္သေ့နတ်ဆိုးကို လှောင်ပြောင်စွာ ကြည့်လိုက်သည်။
***