ရှောင်းယီသည် စွန်းကုထောင်ကို ဂရုမစိုက်တော့ဘဲ အနီးရှိ စစ်သည်တစ်ဦးကို ချက်ချင်းအမိန့်ပေးလိုက်သည်။
“သံချပ်ကာစစ်သင်္ဘောကို အခုချက်ချင်းစက်နှိုးပြီး ပင်လယ်ထဲကို ဘယ်လောက်အထိ သွားလို့ရမလဲဆိုတာ သွားစမ်းကြည့်လိုက်စမ်း။”
“ဟုတ်ကဲ့။”
စစ်သည်က ပြန်ဖြေပြီးနောက် သူ၏လူများကို ဦးဆောင်ကာ သံချပ်ကာသင်္ဘောပေါ်သို့ ချက်ချင်းတက်သွားတော့သည်။
မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ သတိပေးချက်ကြောင့် ယီရန်ပင်းမဟာမိတ်အဖွဲ့ရှိ လူတိုင်းသည် ပင်လယ်ခရီးစဉ်အားလုံးကို ရပ်တန့်ပြီး ကျွန်းပေါ်တွင်သာ နေထိုင်ရန် အမိန့်ပေးခံထားခဲ့ရသည်။ သို့သော် စွန်းကုထောင်၏ မတော်တဆပြောလိုက်သော စကားက ရှောင်းယီကို ရုတ်တရက် ဉာဏ်အလင်းပွင့်သွားစေခဲ့သည်။
အကယ်၍ သူတို့သည် အမှန်တကယ်ပင် နယ်မြေအသစ်သို့ ပြောင်းရွှေ့လာပြီး အကာအကွယ်ပေးခံထားရသည်ဆိုပါက တားမြစ်စည်းတစ်ခု ရှိနေခြင်းက အကောင်းဆုံးနည်းလမ်းပင် ဖြစ်လိမ့်မည်။
စွန်းကုထောင်က ရှောင်းယီကို နားမလည်နိုင်စွာ ကြည့်ပြီး မေးလိုက်သည်။
“ကျွန်းပိုင်ရှင် အမည်မသိရန်သူတွေ ပေါ်လာလိမ့်မယ်လို့ ပြောထားတယ်မဟုတ်လား။ ကျုပ်တို့က အရင်ဦးအောင် သွားတိုက်မလို့လား။”
“မဟုတ်ဘူး။ မင်းပြောသလို တားမြစ်စည်းတစ်ခု တကယ်ရှိနေလားဆိုတာ ငါစမ်းကြည့်ချင်ရုံပဲ။”
ရှောင်းယီက တည်ငြိမ်သောလေသံဖြင့် ပြန်ဖြေရင်း ရွက်လွှင့်သွားပြီဖြစ်သော သံချပ်ကာသင်္ဘောကို စိုက်ကြည့်နေလိုက်သည်။
ကမ်းခြေမှ ဆယ်ကီလိုမီတာခန့် အကွာသို့ ရောက်သောအခါ သံချပ်ကာသင်္ဘောသည် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်သွားခဲ့၏။
သင်္ဘောပေါ်ရှိ အဖွဲ့ခေါင်းဆောင်က ရှောင်းယီထံ ချက်ချင်းဖုန်းဆက်အကြောင်းကြားလာခဲ့သည်။
“အစီရင်ခံပါတယ် ကျွန်းပိုင်ရှင်။ ကျုပ်တို့ ကမ်းခြေကနေ ဆယ်ကီလိုမီတာအကွာကို ရောက်နေပါပြီ။ ရှေ့ဆက်သွားလို့ မရတော့ပါဘူး။ တစ်ခုခုက ပိတ်ဆို့ထားသလို ခံစားနေရပါတယ်။”
“ငါထင်တဲ့အတိုင်းပဲ။”
ရှောင်းယီက သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်သည်။
“ဒါဆိုရင် ဒီတားမြစ်စည်း မပွင့်မချင်း ငါတို့မဟာမိတ်အဖွဲ့ဟာ အပြင်လောကနဲ့ ခဏလောက်တော့ အဆက်အသွယ် ပြတ်နေဦးမှာပဲ။”
သံချပ်ကာသင်္ဘောက တားမြစ်စည်းကို ထိတွေ့မိသောအခါ စနစ်ဆီမှ သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
[တားမြစ်စည်း : ကျန်ရှိချိန် ၁၄ နာရီ ၂၆ မိနစ် ၅၂ စက္ကန့်။ ဤတားမြစ်စည်းကို အတွင်းဘက်မှ အလွယ်တကူ ဖျက်ဆီးနိုင်သော်လည်း အပြင်ဘက်မှမူ မည်သို့မျှ ဖျက်ဆီး၍မရနိုင်ပါ။]
“ဒါဆို တစ်ရက်တာ ပြန်လည်နာလန်ထူဖို့ အချိန်ပေးထားတာပေါ့။”
ရှောင်းယီ နောက်ဆုံးတွင် နားလည်သွားခဲ့၏။ ဘေးတွင်ရပ်နေသော စွန်းကုထောက်မှာလည်း နောက်ဆုံး၌ သဘောပေါက်သွားပြီဖြစ်သည်။
“ချီး... အတားအဆီး တကယ်ရှိနေတာပဲ။ ကျုပ်တို့ အဲ့ဒါကို ဖွင့်လိုက်သင့်လား။”
“လစ်စမ်း။ ဒါကိုဖွင့်လိုက်ရင် အပြင်ကရန်သူတွေကို ရင်ဆိုင်ရတော့မှာပေါ့ကွ။ ခဏလောက်တော့ အေးအေးဆေးဆေး နေပါရစေဦး။”
ရှောင်းယီက စွန်းကုထောင်ကို ရိုက်နှက်ကျီစယ်ရင်း ပြောလိုက်သည်။
“မင်း အဲဒီတည်းမြစ်စည်းနားကို မသွားနဲ့ဦး။”
“ဟုတ်ကဲ့ စိတ်ချပါ ကျွန်းပိုင်ရှင်။ ကျုပ် အဲဒီနားကို လုံးဝမသွားပါဘူး။”
စွန်းကုထောင်က ရယ်ပြုံးကာ အလေးပြုပြီး ပြန်ဖြေလိုက်သည်။
ရှောင်းယ သူ့ကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဖုန်းထုတ်ကာ ကျန့်ရွှဲ့ထံသို့ ဖုန်းဆက်လိုက်သည်။
“ဒီနေ့ လူတိုင်းကို အနားယူခိုင်းလိုက်ပါ။ အခု ငါတို့က တားမြစ်စည်းတစ်ခုရဲ့ အကာအကွယ်အောက်မှာ ရှိနေတယ်။ အတွင်းထဲကနေ ဖျက်ဆီးမပစ်သရွေ့ ဒီတားမြစ်စည်းက ဒီနေ့ ညသန်းခေါင်ယံအထိ ငါတို့ကို ကာကွယ်ပေးထားလိမ့်မယ်။ အဲ့ဒါကြောင့် လူတိုင်းကို သိပ်ပြီး စိတ်မလှုပ်ရှားကြဖို့ ပြောလိုက်ပါ။”
ကျန်းရွှဲ့က ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းမှာမူ တိုက်သစ်ကြီးပေါ်တွင် ချာလီ၏ လက်ကျန်အင်အားစုများကို လိုက်လံရှင်းလင်းနေဆဲဖြစ်သည်။ သူသည် ချာလီ၏ မဟာမိတ်အဖွဲ့များကို ရှာဖွေရင်း ဒေသခံလူမျိုးစု အဖွဲ့အချို့နှင့်လည်း တိုးခဲ့ရသည်။
ထိုအဖွဲ့များထဲတွင် အမြဲတမ်း အသက်ရှင်ကျန်ရစ်သူတစ်ဦးစီ ပါဝင်လေ့ရှိပေသည်။ အသက်ရှင်ကျန်ရစ်သူ အများစုမှာ ရှောင်ယီ၏အဖွဲ့ကို မြင်သောအခါ သူတို့ကို ကယ်တင်ပေးရန် မျှော်လင့်နေခဲ့ကြ၏။
သို့သော် လူနည်းစုမှာမူ ဒေသခံလူမျိုးစုများ၏ လက်အောက်တွင်သာ ဆက်လက်နေထိုင်လိုသဖြင့် ချက်ချင်းပင် နောက်ကြောင်းပြန်လှည့်သွားကြပေသည်။
တစ်ဖက်တွင်လည်း ဆာရာနှင့် ဘင်နီတို့သည် သူတို့ဘက်မှ ခုခံမှုအားလုံးကို အခြေခံအားဖြင့် နှိမ်နင်းပြီးသွားပြီ ဖြစ်သည်။
ဆာရာက ဖုန်းထုတ်ပြီး ရှောင်းယီ၏ နံပါတ်ကို ခေါ်လိုက်၏။ ကျွန်းသည် နေရာရွှေ့ပြောင်းခံထားရသော်လည်း ဖုန်းလိုင်းက မိနေဆဲပင်။ ဆိုလိုသည်မှာ ကျွန်းများကြား အကွာအဝေးသည် အခြေစိုက်စခန်း၏ လွှမ်းခြုံမှုအတွင်း၌ ရှိနေသေးခြင်းပင်။
“ကျွန်းပိုင်ရှင် ဒီဘက်က ခုခံမှုတွေကို အားလုံး ရှင်းလင်းပြီးပါပြီ။ နောက်ဆက်တွဲကိစ္စတွေ ရှင်းလင်းဖို့ လူလွှတ်ပေး။”
ဆာရာက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ကောင်းပြီ...။ ကျွန်းတွေကို တိုက်ရိုက်ပေါင်းစည်းဖို့ ငါပြောလိုက်မယ်။”
ရှောင်းယီက ခေါင်းငြိမ့်ရင်း ပြန်ဖြေသည်။
ရှောင်းးယီ၏ ကျွန်းသည် ယခုအခါ အလွန်ကျယ်ဝန်းနေပြီဖြစ်ရာ အခြားကျွန်းအချို့ကို ထပ်မံပေါင်းစည်းလိုက်သော်လည်း ကမ်းရိုးတန်းအရှည်မှာ လုံလောက်မှု ရှိနေဆဲပင်။ ဆာရာနှင့် ဘင်နီတို့၏ ဖိအားပေးမှုအောက်တွင် ချာလီထိန်းချုပ်ထားသော မဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့စလုံး၏ ကျွန်းများသည် ရှောင်းးယီ၏ ကျွန်းနှင့် ပေါင်းစည်းသွားခဲ့၏။
ပေါင်းစည်းပြီးနောက် ကျန်းရွှဲ့သည် သူမ၏အဖွဲ့ကို ဦးဆောင်ကာ လူတိုင်းကို အရင်ဆုံး ထိန်းချုပ်လိုက်လေသည်။ ထို့နောက် အန်းယွဲ့က စီမံခန့်ခွဲရေးဝန်ထမ်းများကို စေလွှတ်ကာ အုပ်ချုပ်ရေးကိစ္စရပ်များကို လွှဲပြောင်းရယူစေခဲ့သည်။
ရှောင်းယီကမူ မြို့ပြန်ကျောက်ကို အသုံးပြု၍ သူ၏ ကျွန်းအထိမ်းအမှတ်ကျောင်တိုင်ရှိရာသို့ ပြန်သွားခဲ့လေသည်။
ယီထျန်းဂရုချတ်ထဲတွင်မူ အလွန်စည်ကားနေပြီဖြစ်သည်။ လူတိုင်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတိပေးထားသော ရန်သူကို စောင့်ဆိုင်းရင်း ကျွန်းပေါ်တွင်သာ ရှိနေကြသောကြောင့် အလုပ်မရှိဘဲ စကားပြောနေကြခြင်း ဖြစ်သည်။
“ဒီလို စောင့်နေရတာ တကယ် ရင်တုန်ဖို့ကောင်းတယ်။ လာမှာဖြင့်လည်း မြန်မြန်လာလိုက်ပါတော့လား။”
“ဟုတ်တယ်။ မသိရတဲ့ အန္တရာယ်ကို စောင့်ရတာက အဆိုးဆုံးပဲ။”
“တောက်...နေ့တစ်ဝက်ကျိုးနေပြီ။ ရန်သူရဲ့အရိပ်အယောင်တောင် မမြင်ရသေးဘူး။”
“နေဦး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ငါတို့ကို လာနောက်နေတာလား။ ရန်သူဆိုတာ တကယ်ကော ရှိရဲ့လား။”
“ဒီပြက်လုံးက လုံးဝမရယ်ရဘူးနော်။ ကျွန်းအထိမ်းအမှတ်ကျောက်က မင်းကို ဘယ်တုန်းက နောက်ပြောင်ဖူးလို့လဲ။”
“ဟုတ်တယ်။ ရန်သူကတော့ သေချာပေါက်ရှိမှာပဲ။ ငါတို့ကို အဖွဲ့တွေပြင်ဆင်ဖို့ အချိန်ပေးထားတာ ဖြစ်လိမ့်မယ်။”
“ပြင်ဆင်နေတာက နေ့တစ်ဝက်ကျိုးနေပြီလေ။ တော်လောက်ပြီပေါ့။”
“ဟူး...ဒီလိုထိုင်စောင့်နေလို့တော့ မဖြစ်ဘူး။ ငါတို့ အပြင်ထွက်ပြီး ဘာဖြစ်နေလဲ သွားကြည့်ကြမလား။”
“ကောင်းပြီ...မင်းအရင်သွားကြည့်လိုက်။ ပြီးရင် ပြန်လာပြောဖို့ မမေ့နဲ့ဦး။”
“အဲ့လိုတော့ မလုပ်နဲ့လေဗျာ။ အားလုံး အတူတူထွက်ကြည့်ရအောင်လို့ ပြောတာပါ။”
“အိုကေလေ။ အတူတူသွားကြတာပေါ့။”
ခဏအကြာတွင် -
“ခင်ဗျားတို့ အပြင်ထွက်ခဲ့ကြသေးလား။”
“ငါ ထွက်ခဲ့တယ်။ ရန်သူ့လက္ခဏာ တစ်ခုမှမတွေ့ရဘူး။”
“ကျုပ်တို့လည်း ထွက်ကြည့်ပြီးပြီ။ ဘာမှမရှိဘူး။”
“ရန်သူ မရှိလောက်ပါဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ငါတို့ကို လိမ်လိုက်တာနေမယ်။”
“ဟုတ်တယ်။ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြရအောင်။ ရန်သူလည်း မရှိဘူး။ စစ်မြေပြင်လည်း မရှိဘူး။”
“မင်းတို့ သရုပ်ဆောင်လောကထဲ မဝင်တာ နှမြောစရာပဲ။”
ရှောင်းယီသည် ထို “သရုပ်ဆောင်” အုပ်စုကို ကြည့်ပြီး စိတ်ပျက်စွာဖြင့် ပြောလိုက်မိလေသည်။
“ဟဲ... သူဌေးကြီး စကားပြောလာပြီဟေ့။ ဒါနဲ့ အဲဒါက ဘာအဓိပ္ပာယ်လဲ။”
“မင်းတို့ တကယ်အပြင်ထွက်ခဲ့ရင် ငါတို့အားလုံး တားမြစ်စည်းတစ်ခုနဲ့ ပတ်ပတ်လည် ဝိုင်းထားတာကို သိမှာပေါ့။ ဒါပေမဲ့ အားလုံးသတိထားကြပါ။ အဲဒီတားမြစ်စည်းကို သွားမတိုက်ကြနဲ့။ အဲဒါက အတွင်းထဲကနေ ဖျက်ရတာ သိပ်လွယ်တယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“တားမြစ်စည်းလား။ ဟိုတစ်ခါ စတုတ္ထပတ်တုန်းက ငတုံးတစ်ယောက် အပေါက်ဖြစ်အောင်လုပ်ခဲ့တဲ့ အမျိုးအစားလား။”
၎င်းမှာ စွန်းကုထောင်၏ နာမည်ကြီး အရှုပ်အထွေးဖြစ်ရပ်ကို ရည်ညွှန်းခြင်း ပင်။
“ဟုတ်တယ်။”
ရှောင်းယီက ပြုံးစစဖြင့် ပြန်ဖြေလိုက်သည်။
“ဒီတားမြစ်စည်းက ငါတို့ကို တစ်ရက်တိတိ ကာကွယ်ပေးထားလိမ့်မယ်။ ဒါကြောင့် ဒီနေ့တော့ မစိုးရိမ်ကြနဲ့ဦး။ ဒါပေမဲ့ သန်းခေါင်ကျော်တာနဲ့ သတိထားကြတော့။”
“သူဌေးက အမြဲတမ်း အားကိုးရဆုံးပဲ။ စောစောက သရုပ်ဆောင်တွေ ထွက်ခဲ့ကြစမ်း။ အဆဲခံဖို့ ပြင်ထား မင်းတို့။”
“ငလူးမ လူလိမ်တွေ။ ငါတောင် ယုံမိတော့မလို့။”
“မင်းတို့ အဘိုးကြီးတွေ တော်တော်ဆိုးတာပဲ...”
“သူဌေး အဲ့ဒီတားမြစ်စည်းကို အပြင်ကနေ ဖျက်စီးလို့ရလား။”
တစ်စုံတစ်ယောက်က ရုတ်တရက် မေးလိုက်သည်။
“မရဘူး။ ဒီတားမြစ်စည်းက ထူးဆန်းတယ်။ အပြင်ဘက်ကနေဆိုရင် အရမ်းခိုင်မာပေမယ့် အတွင်းဘက်ကနေဆိုရင်တော့ အရမ်းပျော့တယ်။”
“ဒါဆိုရင်တော့ တော်သေးတာပေါ့။ အခုမှပဲ စိတ်အေးလက်အေး နေရတော့မယ်။ စောစောက စိတ်လှုပ်ရှားနေတာ တစ်နေကုန်ပဲ။”
“ဟုတ်တယ်။ အခုမှပဲ အိပ်ချင်တာ အိပ်လို့ရတော့မယ်။ ပြီးရင် သူဌေးရဲ့ အပန်းဖြေစခန်းကို သွားပြီး ပျော်ပါးလိုက်ဦးမယ်။”
“အကြံကောင်းပဲ။ တိုက်ပွဲမစခင် အနားယူကြတာပေါ့။ သန်းခေါင်ကျော်ရင်တော့ ငါတို့ရဲ့ ကောင်းသောနေ့ရက်တွေ ကုန်ဆုံးပြီ ထင်တယ်။”
“အတူတူသွားကြမယ်...အတူတူ!”
“သေစမ်း...မင်းက စောစောက ‘အတူတူ အပြင်ထွက်ရအောင်’ လို့ လိမ်ပြောတဲ့ အကယ်ဒမီကြီး မဟုတ်လား။ မင်းက မျက်နှာပြရဲသေးတယ်ပေါ့။ ငါ မင်းကို ဆဲလိုက်ရ။”
“မလုပ်ပါနဲ့ ညီအစ်ကိုရာ။ ကျုပ်က ‘အတူတူ’ ဆိုတဲ့ စကားလုံးကို ကြိုက်လို့ပါ။ အတူတူ ဘာလုပ်မယ်ဆိုတာမှ မပြောတာ။”
“သွားသေလိုက်စမ်း မင်း။”
***