တိုက်သစ်ကြီးပေါ်တွင် ကျန်းယွင်ထျန်းသည် သူ၏အဖွဲ့ကို ဦးဆောင်ကာ ရှစ်နာရီကြာအောင် ရှာဖွေခဲ့ပြီး လမ်းတစ်လျှောက်တွင် ဒေသခံအစုအဖွဲ့အချို့နှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။
“ဒီလောက်ဆို တော်လောက်ပြီ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ငါတို့ ပြန်ဆုတ်ကြမယ်။ ကျန်တဲ့လူတွေကတော့ သူတို့ ပြန်လည်ကူးပြောင်း လာတာနဲ့ ငါတို့ထောင်ချောက်ထဲကို တည့်တည့်ကြီး တိုးဝင်သွားကြမှာပဲ။”
ချာလီ၏ ကျွန်းများအားလုံးသည် ယခုအခါ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် အကယ်၍ ချာလီ၏အဖွဲ့သားများ ပြန်လည်ကူးပြောင်းလာပါက ၎င်းတို့သည် ထောင်ချောက်ထဲသို့ အမှန်တကယ်ပင် သက်ဆင်းသွားမည်ဖြစ်သည်။
လူတိုင်းက ခေါင်းငြိမ့်လိုက်ကြပြီး ၎င်းတို့၏ယာဉ်များကို အသစ်တည်ဆောက်ထားသော တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ မောင်းနှင်သွားကြသည်။
“ဒီနေ့က ကျုပ်ကြုံဖူးသမျှထဲမှာ အလွယ်ကူဆုံး မစ်ရှင်ပဲ။”
“ကျွန်တော်လည်း အတူတူပဲ။ အရင်တုန်းကဆို မစ်ရှင်တစ်ခုသွားရင် ခြေထောက်ပြတ်မတတ် ပြေးလွှားနေရတာ။ ဒီနေ့ကျတော့ ဘာမှတောင်မခံစားရဘူး။”
“ဟုတ်တယ်။ ပြန်ရောက်ရင် ဘားကိုသွားပြီး ကောင်မလေးတစ်ယောက်နှစ်ယောက်လောက်တောင် ရှာလို့ရသေးတယ်။”
“ဒီတပ်ဖွဲ့သယ်ယူပို့ဆောင်ရေးယာဉ်တွေက တကယ် အစွမ်းထက်တာပဲ။ ငါတို့ရဲ့ ခြေကျင်ခရီးထက် အများကြီး ပိုမြန်သလို အထဲမှာလည်း အနားယူလို့ရတယ်။ သိပ်ကောင်းတာပဲ။ ကျွန်းပိုင်ရှင်က ဒီလိုပစ္စည်းကောင်းတွေကို ဘယ်လိုများ ရခဲ့တာပါလိမ့်။”
“ကျုပ်တော့ ကျွန်းပိုင်ရှင်ကို ပိုပိုပြီး ကြည်ညိုမိလာပြီ။”
ကျန်းယွင်ထျန်းသည် စစ်သည်များ၏ စကားသံများကို နားထောင်နေသော်လည်း သူ၏စိတ်ထဲတွင်မူ မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ပေးပို့ခဲ့သော သတိပေးချက်ကိုသာ တွေးနေမိ၏။
“ကမ္ဘာ့စစ်မြေပြင်က ပြိုင်ဘက်တွေက ဘယ်လောက်တောင် သန်မာမလဲဆိုတာ သိချင်မိတယ်။”
ကျန်းယွင်ထျန်း တစ်ကိုယ်တည်း တွေးတောလိုက်မိသည်။
“သူတို့တွေ ရန်သူနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်း အခုလိုမျိုး ရယ်ရယ်မောမော ပြောနိုင်ကြသေးရင် ကောင်းမှာပဲ။”
မကြာမီ ၎င်းတို့သည် တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့ကြလေသည်။ လူသားမျိုးနွယ်၊ နတ်သူငယ်မျိုးနွယ်နှင့် သမန်းဝံပုလွေမျိုးနွယ် စစ်သည်များအားလုံး မဟာမိတ်အဖွဲ့ဆီသို့ ပြန်လည်၍ တည်နေရာကူးပြောင်းကြခဲ့၏။
ခဏမျှ စဉ်းစားပြီးနောက် ကျန်းယွင်ထျန်းသည် တပ်ဖွဲ့သယ်ယူပို့ဆောင်ရေးယာဉ် ဆယ်စီးကို တိုက်သစ်ကြီးတွင် ချန်ထားခဲ့ပြီး ကျန်ရှိသောယာဉ်များကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ပြန်လည်လဲလှယ်ပေးလိုက်သည်။
အရာအားလုံးကို စီစဉ်ပြီးနောက် ကျန်းယွင်ထျန်းသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်ရောက်လာခဲ့သည်။
“ဆုဝမ် ကျွန်းပိုင်ရှင် ရှိလား။”
ကျန်းယွင်ထျန်းက ဧည့်ခန်းထဲသို့ လှမ်းဝင်ရင်း မေးလိုက်သည်။ ဆုဝမ်က ခေါင်းငြိမ့်ပြလိုက်သည်။
“အပေါ်ထပ်မှာ လှုပ်ရှားသံကြားတယ်။ သူ ရှိတယ်ထင်တယ်။”
ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ အခန်းရှိရာ အပေါ်ထပ်သို့ ချက်ချင်းတက်သွားပြီး တံခါးခေါက်လိုက်၏။
“ဝင်ခဲ့ပါ။”
ရှောင်းယီက ပြောလိုက်သည်။
ကျန်းယွင်ထျန်းက တံခါးကို တွန်းဖွင့်လိုက်သည်။ ခုတင်ပေါ်ရှိ ချီလင်နှင့် ပိုင်ဟူတို့က ခေါင်းထောင်ကြည့်လိုက်ကြသော်လည်း သူဖြစ်နေသည်ကို မြင်သောအခါ ပြန်လှဲအိပ်သွားခဲ့ကြသည်။
“ပြန်လာပြီလား။ တိုက်သစ်ကြီးက ကိစ္စတွေ အားလုံး ပြီးသွားပြီပေါ့။”
ရှောင်းယီက မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်သည်။
“တိုက်သစ်ကြီးက နစ်မြုပ်သွားတယ်ဆိုပေမဲ့ ကျန်နေတဲ့ ဧရိယာကတော့ အကျယ်ကြီးရှိသေးတယ်။ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ရှိရင်တောင် တစ်ရက်တည်းနဲ့ အကုန်ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျန်တဲ့အဖွဲ့တွေတော့ သိပ်မရှိလောက်တော့ပါဘူး။ သူတို့ ထောင်ချောက်ထဲ တိုးဝင်လာမှာကိုပဲ စောင့်ရတော့မယ်။”
ထိုစကားစုကို ကြားသောအခါ ရှောင်းယီ အနည်းငယ် မှင်တက်သွားသော်လည်း ကျန်းယွင်ထျန်း၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားခဲ့သည်။
“အင်း အဲဒါလည်း အဆင်ပြေပါတယ်။”
“ဒါနဲ့ ငါ တိုက်သစ်ကြီးမှာ သယ်ယူပို့ဆောင်ရေးယာဉ် ဆယ်စီး ချန်ထားခဲ့တယ်။ အဲဒါတွေကို ငါတို့ရဲ့ စူးစမ်းရှာဖွေရေးသမားတွေကို အသုံးပြုခိုင်းရင် ရတနာသေတ္တာတွေကို ပိုပြီးမြန်မြန် ရှာနိုင်လိမ့်မယ်လို့ ငါထင်တယ်။”
ကျန်းယွင်ထျန်းက ဆက်လက်တင်ပြလိုက်သည်။
“အကြံကောင်းပဲ။ မင်းစီစဉ်ထားတဲ့အတိုင်းသာ လုပ်ပါ။ ရတနာသေတ္တာရှာဖွေမှု ပိုမိုထိရောက်စေဖို့ တခြားတိုက်ကြီးတွေက စူးစမ်းရေးအဖွဲ့တွေကိုလည်း ယာဉ်တွေ ထောက်ပံ့ပေးလိုက်။”
ရှောင်းယီက သဘောတူလိုက်သည်။
“ကောင်းပါပြီ။ ဦးလေးအန်းနဲ့လည်း ငါ ညှိနှိုင်းလိုက်ပါ့မယ်။ အရင်ဆုံး သူတို့ကို ကားမောင်းသင်ပေးဖို့ နည်းပြအချို့ ရှာရလိမ့်မယ်။”
“အင်း။”
တိုက်သစ်ကြီးအစီရင်ခံစာကို အဆုံးသတ်ပြီးနောက် ကျန်းယွင်ထျန်းက မေးလိုက်သည်။
“ဒီနေ့ ရန်သူတွေရဲ့ အရိပ်အယောင် မတွေ့ဘူးလား။”
ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“ငါတို့က အခု အကာအကွယ်တားမြစ်စည်းတစ်ခုနဲ့ ဝန်းရံခံထားရတယ်။ အဲ့ဒါကြောင့် အနည်းဆုံးတော့ ဒီနေ့အတွက် ဘေးကင်းတယ်။”
“တားမြစ်စည်းလား။”
ကျန်းယွင်ထျန်း အံ့အားသင့်သွားခဲ့သည်။
“စွန်းကုထောင် ဖောက်ထွက်ခဲ့တဲ့ အမျိုးအစားလား။”
“ဟုတ်တယ်။ ငါပြန်ရောက်တာနဲ့ စမ်းသပ်ကြည့်ပြီးပြီ။ အဲဒါက တကယ်ရှိနေတယ်။ ပြီးတော့ အထဲကနေ ဖောက်ထွက်ဖို့က သိပ်လွယ်တယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဟမ် အဲဒါကို ဖျက်စီးလိုက်ပြီလား။”
ကျန်းယွင်ထျန်းက အလန့်တကြား မေးလိုက်သည်။
“မစိုးရိမ်ပါနဲ့။ မဖျက်စီးရသေးပါဘူး။ ဒါပေမဲ့ သန်းခေါင်ကျော်တာနဲ့ လူတိုင်း သတိကြီးကြီးထားဖို့ လိုလိမ့်မယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြကာ မတ်တတ်ထရပ်လိုက်သည်။
“ဒါဆိုရင် ငါ စစ်စခန်းကို အရင်ပြန်လိုက်ဦးမယ်။”
သူက ထို့သို့ပြောကာ ထွက်သွားခဲ့သည်။
ကျန်းယွင်ထျန်း ထွက်သွားပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုချတ်ကို ပြန်ကြည့်ကာ မေးလိုက်သည်။
“အရင် လူတစ်ယောက်က အရိုးစုတစ်ခုကို တွေ့ခဲ့ဖူးတယ်လို့ ပြောတာ ငါ မှတ်မိတယ်။ အဲ့ဒါ ဘယ်သူလဲ။ ထွက်လာပြီး ပြောပြပေးပါဦး။”
ရှောင်းယီ စကားပြောလိုက်သည်နှင့် ဂရုချတ်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အားလုံးက စတင်ဆွေးနွေးကြတော့သည်။
“ဘာ... တစ်ယောက်ယောက်က အရိုးစုလှုပ်ရှားနေတာကို တွေ့ခဲ့တာလား။ ငါ ဘာလို့ သတိမထားမိပါလိမ့်။”
“တစ်ယောက်ယောက် ပြောခဲ့တာတော့ သေချာတယ်။ လွန်ခဲ့တဲ့ တစ်ခေါက်က ရေသူတွေ၊ သမန်းဝံပုလွေတွေနဲ့ နတ်သူက်ူတွေအကြောင်း ဆွေးနွေးခဲ့တုန်းက ဖြစ်မယ်။ သူက တစ်ခွန်းတည်း ပြောလိုက်တာဆိုတော့ တခြားစာတွေအောက် ရောက်သွားတာ ဖြစ်နိုင်တယ်။”
“ထင်တဲ့အတိုင်းပဲ။ ငါ လွတ်သွားပြန်ပြီ။”
“အဲဒါကြောင့် အားလုံးပဲ ဖြစ်နိုင်ရင် စာတွေအများကြီး မပို့ကြပါနဲ့။ အဲ့လိုဆို အရေးကြီးတဲ့ သတင်းအချက်အလက်တွေက ပျောက်ကုန်လိမ့်မယ်။”
“အဲဒါ ဘယ်သူလဲ။ ထွက်လာပြီး ပြောပါဦး။ သူဌေးက မင်းကို ရှာနေတယ်။ ဒါက မင်း လူစွမ်းကောင်း လုပ်လို့ရမယ့် အခွင့်အရေးကြီးနော်။”
သို့သော် မည်သူမျှ ထွက်မလာခဲ့ပေ။
“သူဌေး ဒါကို မေးရတဲ့ အဓိပ္ပာယ်က ဘာလဲ။ တခြားတစ်ယောက်ယောက်က အဲ့ဒီအရိုးစုတွေကို မြင်ခဲ့လို့လား။”
“ဟုတ်တယ် သူဌေး တခြားသတင်းအချက်အလက်တွေ ရှိရင်လည်း ပြောပြပါဦး။”
ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ ဒီကမ္ဘာ့စစ်မြေပြင်အကြောင်း သတင်းအချက်အလက်အချို့ကို ရင်းမြစ်အမျိုးမျိုးကနေ ငါ စုဆောင်းမိထားတယ်။”
ဤတစ်ကြိမ်တွင်မူ မည်သူမျှ စကားဝင်မပြောတော့ဘဲ ရှောင်းယီ ပြောသည်ကိုသာ ငြိမ်၍ နားထောင်နေကြသည်။
“လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက....ဖြစ်နိုင်တာကတော့ အရင်အသုတ် အသက်ရှင်ကျန်ရစ်သူတွေလည်း ဒီကမ္ဘာ့စစ်မြေပြင်ကို ကြုံတွေ့ခဲ့ရဖူးတယ်။ အခုဆိုရင် ဒေသခံအများစုက ဒီလိုတိုက်ပွဲတွေအကြောင်းကိုတောင် မသိကြတော့ဘူး။”
“ဒါပေမဲ့ ကျုပ် သဲလွန်စအချို့ တွေ့ခဲ့တယ်။ သူတို့ ပြောပုံအရဆိုရင် ကျုပ်တို့ ရင်ဆိုင်ရမယ့် ရန်သူတွေဟာ မသေမျိုးမျိုးနွယ်...အဲဒီ အရိုးစုတွေ ဖြစ်ဖို့ အရမ်းများနေတယ်။”
“ဘာလံ...။ တကယ် ဂိမ်းဆော့နေရသလိုကြီး ငါခံစားနေရတယ်ဟ။”
“မသေမျိုးမျိုးနွယ်လား။ ဇွန်ဘီတွေ၊ အရိုးစုတွေလိုမျိုးလား။”
“ဒါတွေအားလုံးရဲ့ နောက်ကွယ်ကလူက ဂိမ်းဆော့ရတာ ဝါသနာပါတဲ့ အင်တာနက်စွဲလမ်းနေတဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်ရမယ်။”
“အတိအကျပဲ။ နာမ်ဝိညာဉ်မဲ့မျိုးနွယ်တွေတောင် ထွက်လာပြီဆိုတော့ နက်ခရိုမန်ဆာတွေကော ပါဦးမှာလား။”
“ဒါဆိုရင် ငါတို့ ဒုက္ခရောက်ပြီပေါ့။ ပြိုင်ဘက်တွေက မှော်ဆရာတွေ။ ငါတို့ကကျတော့ စစ်သည်တွေပဲလား။”
“ဘယ်သူက ငါတို့အားလုံးက စစ်သည်တွေလို့ ပြောလဲ။ ငါတို့ဆီမှာလည်း မှော်ဆရာတွေ ရှိတာပဲ။”
“အပေါ်ကလူ ဘာကို ဆိုလိုတာလဲ။ မင်းက မှော်ဆရာလား။ ဘာအစွမ်းကို သုံးတာလဲ။”
“ငါကတော့ ကျိကုံးလို့ တတ်တယ်။”
“လခွမ်း နောက်ထပ် လူလိမ်တစ်ယောက်ပဲ။ ဟူး... ဘာလို့ ငါ နောက်ထပ်လို့ ပြောမိပါလိမ့်။”
“ယုံချင်ယုံ မယုံချင်နေလေ။”
လူတိုင်းက အပြင်းအထန် ဆွေးနွေးလာကြသည်။
ရှောင်းယီသည် ခေါင်းကိုသာ သက်ပြင်းချရင်း ခါယမ်းလိုက်မိသည်။ ဂရုချတ်ထဲက အဖွဲ့ဝင်များသည် အမှန်တကယ် အရည်အချင်းရှိပြီး စိတ်ကူးယဉ်ဆန်ကြသော်လည်း အများစုကတော့ အားကိုး၍မရပေ။
“တစ်ဖက်က မှော်ဆရာတွေ ဘာတွေ မပါလာဖို့ပဲ မျှော်လင့်ရမယ်။ မဟုတ်ရင်တော့ အသက်ရှင်ကျန်ရစ်သူတွေအနေနဲ့ အခွင့်အရေး ရှိမှာမဟုတ်ဘူး။”
ရှောင်းယီက သက်ပြင်းချရင်း မတ်တတ်ရပ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
ညစာစားချိန်တွင် လူတိုင်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်လာခဲ့ကြ၏။ ကမ္ဘာ့စစ်မြေပြင် မပွင့်မီ တည်ငြိမ်နေသော ဤအချိန်လေးတွင် လူတိုင်း နောက်ဆုံးအကြိမ်အဖြစ် အတူတူ ညစာစားလိုကြခြင်းဖြစ်ပေသည်။
တားမြစ်စည်း ပွင့်သွားသည်နှင့် လူတိုင်း အလွန်အလုပ်ရှုပ်သွားကြပေလိမ့်မည်။
လူတိုင်း၏ လေးလံနေသော မျက်နှာများကို မြင်သောအခါ ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဘာလို့ အဲဒီလို မျက်နှာပေးတွေ ဖြစ်နေကြတာလဲ။ ကျုပ်တို့ မဟာမိတ်အဖွဲ့က သန်မာပါတယ်။ မစိုးရိမ်ကြပါနဲ့။ ဒီစမ်းသပ်မှုကို ကျုပ်တို့ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်မှာပါ။”
“ဒါပေါ့...။ ကျုပ်တို့တောင် မကျော်ဖြတ်နိုင်ရင် ဘယ်မဟာမိတ်အဖွဲ့မှလည်း ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။”
ဒူခန်းက ချက်ချင်း ဝင်ပြောလိုက်သည်။ လူတိုင်းလည်း ခေါင်းငြိမ့်လိုက်ကြသည်။
သို့သော် ကျန်းယွင်ထျန်းက မနေနိုင်ဘဲ ပြောလိုက်သည်။
“ငါ စိုးရိမ်တာက ဒီကမ္ဘာ့စည်းမျဉ်းတွေက အရင်တုန်းက ဒေသခံရန်သူတွေကို မဟာမိတ်အဖွဲ့ရဲ့ အင်အားပေါ် မူတည်ပြီး စီစဉ်ပေးခဲ့သလိုမျိုး အခုလည်း ပစ်မှတ်ရဲ့ အင်အားအလိုက် ခက်ခဲမှုကို တိုးမြှင့်လိုက်မှာကိုပဲ။”
***