ကျန်းယွင်ထျန်း၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ စိတ်ထဲတွင် ခုနကမှ တောက်လောင်လာခါစ တိုက်ပွဲဝင်စိတ်ဓာတ်များ ငြိမ်းသတ်ခြင်း ခံလိုက်ကြရသည်။
“အဆင်ပြေပါတယ်။ ငါတို့ဆီကို အသတ်မှတ်ခံခဲ့ရတဲ့ ပြိုင်ဘက်တွေကို အကုန်ရှင်းပစ်နိုင်ခဲ့တာပဲ မဟုတ်လား။ အဲ့ဒါကြောင့် မကြောက်ကြပါနဲ့။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ညစာစားပြီးရင် လူတိုင်း အပန်းဖြေစခန်းကို သွားပြီး ပျော်ပျော်ပါးပါး ကစားကြပါ။ တချို့အရာတွေကို ကျုပ်တို့ ထိန်းချုပ်လို့မရဘူး။ အဲဒါတွေကို တွေးနေရင် စိုးရိမ်စိတ်တွေပဲ ပိုများလာလိမ့်မယ်။”
“ဟုတ်တယ်။ ကျွန်းပိုင်ရှင် ပြောတာမှန်တယ်။ အားလုံးပဲ ညစာစားပြီးရင် လမ်းလျှောက်ထွက်ကြရအောင်။”
ယွမ်နွန်ကလည်း ပြုံးကာ ထောက်ခံပြောဆိုလိုက်သည်။ ထိုအခါမှသာ လူတိုင်း စိတ်အေးသွားပြီး စတင်စားသောက်ကြတော့သည်။ ညစာစားပြီးနောက် ရှောင်းယီနှင့် အခြားသူများအားလုံး အပန်းဖြေစခန်းသို့ ကူးပြောင်းသွားခဲ့ကြလေသည်။
ယခုအချိန်တွင် အပန်းဖြေစခန်း၌ အလံနီများ တလူလူလွင့်နေပြီး လူများဖြင့် စည်ကားလျက်ရှိနေခဲ့သည်။ ရှောင်းယီက မဟာမိတ်အဖွဲ့တွင် လက်ရှိ၌ တားမြစ်စည်းရှိနေကြောင်း အသိပေးလိုက်ကတည်းက လူတိုင်းသည် စိတ်လွတ်ကိုယ်လွတ်ဖြင့် အပန်းဖြေစခန်းသို့ လာရောက်ကစားရန် ရွေးချယ်ခဲ့ကြ၏။
ယခုအခါ အပန်းဖြေစခန်းသည် လူဦးရေကန့်သတ်ထားခြင်း မရှိတော့ဘဲ မည်သည့်အချိန်မဆို လာရောက်နိုင်ပြီဖြစ်သည်။ သို့သော် ယီရန်ပင်း မဟာမိတ်အဖွဲ့က လူဦးရေစာရင်းကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသဖြင့် လူများလွန်းသည်ဟု ထင်ပါက ခေတ္တစောင့်ပြီးမှ လာနိုင်ပေသည်။ သို့သော် ယနေ့တွင်မူ မည်သူမျှ မစောင့်ကြချေ။ ဤသည်မှာ စစ်ပွဲမတိုင်မီ နောက်ဆုံးပျော်ပါးခွင့် မဟုတ်ပါလော။
အပန်းဖြေစခန်းသို့ ရောက်လာကြသောအခါ သူတို့သည် မိမိတို့နှစ်သက်ရာ အလုပ်များကို လုပ်ကြတော့လေသည်။ ရှောင်းယီက ဘားသို့သွားကာ ဒုတိယထပ်ရှိ ပြတင်းပေါက်နားမှ ခုံတစ်ခုတွင် ဝင်ထိုင်လိုက်၏။ မကြာမီပင် လူပုဘုရင်က လမ်းလျှောက်လာပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။
“မင်း ညစာစားပြီး ဒီကိုလာတာ မြင်ရခဲတယ်နော်။”
ရှောင်းယီက ပြန်ပြုံးပြလိုက်သည်။
“ဒီနေ့ အားနေလို့ပါ။ ခင်ဗျားကော ဘာလို့ ဒီမှာပဲ ရှိနေသေးတာလဲ။ ပြန်စရာ မလိုဘူးလား။”
“ဒီရက်ပိုင်း ဝမ်ရှင်းဖုန်းဆီမှာ စက်မှုပညာတွေ သင်နေတာနဲ့ မပြန်ဖြစ်ဘူးလေ။ ပြီးတော့ အရင်က ပြောဖူးသလိုပဲ ငါပြန်ဖို့ မလိုပါဘူး။”
လူပုဘုရင်က ပြုံးကာ ပြန်ဖြေသည်။ ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် လူပုဘုရင်က ရှောင်းယီကိုကြည့်ပြီး မေးလာခဲ့၏။
“ငါတို့ ကမ္ဘာ့စစ်မြေပြင်ထဲ ဆွဲသွင်းခံလိုက်ရတယ်လို့ ကြားတယ်။ ဟုတ်လား။”
“ဟင်...ခင်ဗျား ကမ္ဘာ့စစ်မြေပြင်အကြောင်း သိတာလား။”
ရှောင်းယီက အံ့ဩတကြီး မေးလိုက်သည်။ လူပုဘုရင်က ခေါင်းခါပြလိုက်သည်။
“အတိအကျတော့ မသိဘူး။ ဒါပေမဲ့ ကြားဖူးတယ်။”
“အို... ပြောပြပါဦး။”
ရှောင်းယီက ဝိုင်ခွက်ကို ချလိုက်ပြီး လူပုဘုရင်၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေလိုက်သည်။
“ကမ္ဘာ့စစ်မြေပြင်ဆိုတာ ဒီကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် တိုက်ခိုက်ရတာပဲ။ ငါတို့ရဲ့ တစ်ဦးတည်းသော ရန်သူက အသက်မရှိဘဲ လှုပ်ရှားနေတဲ့ အဲဒီမျိုးနွယ်တွေပဲ။”
“တကယ်ပဲ မသေမျိုးတွေလား “
ရှောင်းယီက မျက်မှောင်ကျုံ့၍ မေးလိုက်သည်။
“မသေမျိုးလား။ နာမည်ကောင်းပဲ။ တော်တော်လေး လိုက်ဖက်တယ်။”
လူပုဘုရင်က ပြုံးကာ ဆက်ပြောလိုက်သည်။
“သူတို့က တော်တော်လေး ဒုက္ခပေးနိုင်တယ်လို့ ပြောကြတယ်။ ဒီတစ်ခါတော့ သူတို့ကို တွေ့ခွင့်ရဖို့ မျှော်လင့်တယ်။”
“ဒါပဲလား။”
ရှောင်းယီက ကြောင်အသွားပြီး မေးလိုက်သည်။
“ဒါပဲပေါ့။ ငါလည်း အရင်က မတွေ့ဖူးဘူးလေ။ ဒီလောက်သိတာတောင် တော်တော်များနေပြီ။”
လူပုဘုရင်က ပုခုံးတွန့်ပြလိုက်၏။
“ကျစ်... ဘာမှမပြောတာနဲ့ အတူတူပဲ။”
ရှောင်းယီ မျက်လုံးသာလှန်ပြလိုက်မိသည်။
လူပုဘုရင်က ပြတင်းပေါက်အပြင်ဘက်၌ ပျော်ပါးနေသူများကို ညွှန်ပြကာ ပြောလိုက်သည်။
“အနည်းဆုံးတော့ ရန်သူက ဘယ်သူလဲဆိုတာ သိရတာပေါ့။ အခု ဒီလူတွေ စိတ်မအေးဖြစ်နေတာ သူတို့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ မသိလို့ မဟုတ်လား။”
ရှောင်းယှ ခေါင်းငြိမ့်ပြရင်း ဝိုင်ခွက်ကို မြှောက်လိုက်သည်။ အပြင်ဘက်တွင် ပျော်ပါးနေသူ အများအပြား ရှိသော်လည်း ၎င်းတို့၏ မျက်လုံးများထဲတွင် စိုးရိမ်စိတ် အရိပ်အယောင်များ ဖုံးကွယ်နေသည်မှာ အမှန်ပင်။ လူပုဘုရင်က ဤအချက်ကို ကောင်းကောင်း မြင်နိုင်ခဲ့သည်။
“မသိနားမလည်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အမြဲတမ်း ကြောက်စိတ်တော့ ရှိတတ်ကြတာပဲ။”
ရှောင်းယီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါက သဘာဝပါပဲ။ ခင်ဗျားကော ရင်ဆိုင်ရတော့မယ့် ရန်သူတွေအတွက် မစိုးရိမ်ဘူးလား။”
“စိုးရိမ်တာတော့ နည်းနည်းရှိမှာပေါ့။ ဒါပေမဲ့ ငါစဉ်းစားတာက... တကယ်လို့ မင်းတောင် မဖြေရှင်းနိုင်ဘူးဆိုရင် ဘယ်သူမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒီလိုတွေးလိုက်တော့လည်း မစိုးရိမ်တော့ဘူးလေ။”
လူပုဘုရင်က ရယ်မောရင်း ပြန်ပြောလိုက်သည်။
“ခင်ဗျားက တကယ့်ကို အကောင်းမြင်တတ်တာပဲ။”
ရှောင်းယီ ပြုံးလိုက်မိ၏။
“တွေးလို့မပေါက်ရင် ငါတို့လူပုတွေမှာ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ အဲဒါက သောက်ဖို့ပဲ။ ဝအောင်သောက်ပြီးရင် အားလုံး ရှင်းသွားလိမ့်မယ်။”
ရှောင်းယီက သူ့ကို လက်မထောင်ပြလိုက်သည်။ ည ၁၀ နာရီအထိ ဘားတွင် နေခဲ့ပြီးနောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ သူ့အခန်းသို့ ပြန်လာခဲ့လိုက်၏။
အခြားသူများကတော့ ကစားနေကြတုန်းပင်။ ရှောင်းယီသည် ပြန်လာပြီး တာအိုကျမ်းစာထဲက နယ်ပယ်အဆင့်ဆင့်ကို လေ့လာရန် ရွေးချယ်လိုက်သည်။ ရှောင်းယီသည် ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ စိတ်အာရုံကို လျင်မြန်စွာ စုစည်းလိုက်၏။
အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ တံခါးခေါက်သံကြောင့် ရှောင်းယီ နိုးလာခဲ့သည်။
“ကျွန်းပိုင်ရှင်...။”
အန်းယွဲ့၏ အသံဖြစ်သည်။ ရှောင်းယီ ချက်ချင်းထ၍ အချိန်ကိုကြည့်လိုက်ရာ သန်းခေါင်ကျော်နေပြီဖြစ်သည်။ ထို့နောက် တံခါးဖွင့်ပြီး မေးလိုက်သည်။
“ဦးလေးအန်း ဘာဖြစ်လို့လဲ။”
“မဟာမိတ်ကျွန်းခွဲမှာ အခြေအနေတစ်ခု ဖြစ်နေတယ်။”
အန်းယွဲ့က အလျင်အမြန် ပြောလိုက်သည်။
“ကျန်းယွင်ထျန်းက အဲဒီကို သွားနှင့်ပြီ။”
ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်ပြီး ကျန်းယွင်ထျန်းဆီ ဖုန်းဆက်ကာ မေးလိုက်သည်။
“အခြေအနေ ဘယ်လိုလဲ။”
“တားမြစ်စည်း ပျောက်သွားပြီးနောက်မှာ ပတ်ပတ်လည်မှာ ကျွန်းတွေ အများကြီး ပေါ်လာတယ်။ ကျွန်းတစ်ကျွန်းက မဟာမိတ်အနောက်ဘင်ကျွန်းနဲ့ တော်တော်နီးနေပြီး တဖြည်းဖြည်း တိုးကပ်လာနေတယ်။”
ကျန်းယွင်ထျန်းက အလိင်အမြန် ပြန်ဖြေလာခဲ့သည်။
“လက်ရှိ အရှိန်အရဆိုရင် နာရီဝက်အတွင်းမှာ ငါတို့ကျွန်းနဲ့ လာတိုက်မိလိမ့်မယ်။”
“ရွေ့လျားနေတဲ့ ကျွန်းလား။”
ရှောင်းယီ အံ့ဩသွား၏။
“ငါ အခုချက်ချင်း လာခဲ့မယ်။”
ထို့နောက် သူသည် မြို့ပြန်ကျောက်ကိုသုံးပြီး မဟာမိတ်အနောက်ဘက်ကျွန်း၏ အစွန်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ကျန်းယွင်ထျန်းနှင့် ပိုင်ချီတို့သည် ကမ်းခြေတွင် ရပ်ကာ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ချဉ်းကပ်လာနေသော ကျွန်းကို စောင့်ကြည့်နေကြသည်။
“ကျွန်းပိုင်ရှင်။”
ရှောင်းယီ လျှောက်လာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက နှုတ်ဆက်လိုက်သည်။
ရှောင်းယီက လက်ဝှေ့ယမ်းပြပြီး ဘေးမှကမ်းပေးလာသော မှန်ပြောင်းကိုယူကာ အဝေးသို့ လှမ်းကြည့်လိုက်၏။
[မသေမျိုး တိုက်ကြီး၏ အစိတ်အပိုင်း: ကမ္ဘာ့စည်းမျဉ်းများကြောင့် အရှိန်မြှင့်ထားသော မြေထုအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သင်တွေ့ကြုံရမည့်အရာများကို ကိုယ်တိုင် ရှာဖွေရမည်။ သင်သည် သင်္ဘောများကို သုံး၍ ကြိုတင်ဆင်းသက်နိုင်သလို၊ တစ်ဖက်ကျွန်းနှင့် လာရောက်တိုက်မိပြီး ချိတ်ဆက်သွားသည်အထိ စောင့်ဆိုင်း၍လည်း ရှာဖွေနိုင်သည်။ တိုက်မိမှုကြောင့် မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုများ ရှိနိုင်သော်လည်း အပြောင်းအလဲမှာ အလွန်နှေးကွေးသည်။]
စနစ်၏ အသိပေးချက်ကို မြင်မှသာ ရှောင်ရီ နားလည်သွားတော့သည်။ ဤကမ္ဘာ့စစ်မြေပြင်ဆိုသည်မှာ မသေမျိုးများ၏ ကျွန်းများကို ရွှေ့လာပြီး အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းများနှင့် တိုက်မိချိတ်ဆက်စေကာ တိုက်ခိုက်ခိုင်းခြင်းပင် ဖြစ်သည်။
“တကယ့်ကို ကြီးမားတဲ့လုပ်ရပ်ပဲ။”
ရှောင်းယီက ရေရွတ်လိုက်သည်။
“ကျွန်းပိုင်ရှင် အခု ဘာလုပ်ကြမလဲ။ အဲဒီကျွန်း ရောက်လာတဲ့အထိ စောင့်မှာလား။”
ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။
“အင်း၊ အရင်ဆုံး ရောက်လာတဲ့အထိ စောင့်ကြတာပေါ့။ အားလုံး တိုက်ပွဲအတွက် ပြင်ထားကြ။ တစ်ဖက်ကျွန်းမှာ ဘာတွေရှိနေမလဲဆိုတာ ငါတို့ မသိသေးဘူး။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ပြီးနောက် ခေတ္တတုံ့ဆိုင်းကာ မေးလိုက်သည်။
“ဒါပေမဲ့ တိုက်မိတဲ့အခါ ငါတို့ကျွန်း ပျက်စီးသွားတာမျိုး ဖြစ်နိုင်မလား။ ဥပမာ ငလျင်လှုပ်တာ ဒါမှမဟုတ် မြေမျက်နှာသွင်ပြင် ပြောင်းသွားတာမျိုးပေါ့။”
“ငလျင်တော့ မလှုပ်ပါဘူး။ ဒါပေမဲ့ မြေမျက်နှာသွင်ပြင်တော့ နည်းနည်း ပြောင်းနိုင်တယ်။ မစိုးရိမ်ပါနဲ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ရှောင်းယီ ထိုသို့ပြောသည်ကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်း စိတ်အေးသွားခဲ့သည်။ သူသည် ရှောင်းယီကို အကြွင်းမဲ့ ယုံကြည်သလို ရှောင်းယီသည် မသေချာသော အရာကို မည်သည့်အခါမျှ ပြောလေ့မရှိမှန်းလည်း သိထားသည်။
“အားလုံး တိုက်ပွဲအတွက် ပြင်ဆင်ကြ။ ဒါက ပထမဆုံး ကာကွယ်ရေးစည်းပဲ။ တစ်ဖက်ကျွန်းမှာ ဘာပဲရှိနေနေ ငါတို့ကျွန်းပေါ်ကို လုံးဝ အတက်ခံလို့မရရဘူး။ နားလည်လား။”
“နားလည်ပါပြီ။”
ဘေးပတ်ပတ်လည်ရှိ စစ်သည်များက ကျယ်လောင်စွာ တုံ့ပြန်လိုက်ကြသည်။
စစ်သည်များသည် သူတို့၏ ရိုင်ဖယ်သေနတ်များကို အသင့်အနေအထား ပြင်ဆင်လိုက်ကြပြီး ချဉ်းကပ်လာနေသော ကျွန်းကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။ ယခုမှာ ညသန်းခေါင်ယံဖြစ်သဖြင့် လရောင်ဖြင့်သာ တစ်ဖက်အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် ကမ်းခြေတွင် မီးသီးအများအပြားကို ထွန်းညှိ၍ အလင်းပေးထားကြလေသည်။
***